(၃၉) ဓမ္မသတ် အမေး/အဖြေ
မေး။ ရိုဇဟ်ရှိသည့်အချိန်၌ လက်မောင်း(သို့မဟုတ်) ခန္ဓာကိုယ် အစိတ်အပိုင်းတစ်နေရာအား ဆေးထိုးခြင်းဖြင့်ရိုဇဟ် ပျက်ပါ သလား။
ဖြေ။ ဆေးထိုးခြင်းဖြင့် ရိုဇဟ် မပျက်ပါ။ (ဖသာဝါဒါရုလ်အုလူးမ်ကျမ်း၊တွဲ-၆၊စာ-၄၀၇)

" ရိုဇာရှိလျက် ဆေးထိုးခြင်း၊ ဂလူးကို့စ်နှင့် သွေးသွင်းခြင်း"
ဆေးထိုးခြင်း၊ သွေးသွင်းခြင်း၊ (အကြောမှတစ်ဆင့်) ဆေးရောက်ရှိစေခြင်းတို့သည် ရိုဇာပျက်စေသော အရာများမဟုတ်ပါ။ သွေးကြောများမှ တစ်ဆင့်ရောက်စေသော " ဂလူးကို့စ်" စသည့်အမျိုးအစားများ သည်လည်း ဤအတိုင်းသာဖြစ်သည်။ (ဂျဒီးဒ်ဖစ်ကဟီးမစာအစ်လ်-တွဲ-၁၊စာ-၉၆)
ဆေးထိုးခြင်း နှင့်စပ်လျဉ်း၍ အိုလမာအေဒေယိုဗနဒ်၏ "ဖသ်ဝါ" ကိုယ်တော်မြတ်ဆွလ္လာဟုအလိုင်ဟေဝပ်စလာမ် ၏ အခါသမယ၌ ဆေးထိုးခြင်း၊ ဆေးသွင်းခြင်းများ မရှိခဲ့ပါ။ မုဂ်ျသဟစ်ဒ် အိမာမ်ကြီးများ၏ ခေတ်အခါ၌လည်း မရှိခဲ့သေးပါ။ ထို့ကြောင့် ဤကိစ္စနှင့်စပ်လျဉ်းသော ဟဒီးဆ်များ မရရှိသည့်အတွက် သာသနာ့ခေါင်းဆောင်ပညာရှင်ကြီးတို့က ဖိကဟ်၏ဥပဒေနှင့် အရှုအမြင်များအပေါ်သုံးသပ်၍ ဆေးထိုးခြင်းနှင့်စပ်လျဉ်းသော တရားတော်၏အမိန့်ကို (ဤသို့) သိရှိစေခဲ့ကြသည်။
ဥပမာ - လူတစ်ဦးကို မြွေ၊ ကင်းကိုက်လိုက်လျှင် အဆိပ်သည် ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသွားသည်။ မြွေ၏အဆိပ်သည် များသောအားဖြင့် ဦးနှောက်အထိ ရောက်ရှိသွားတတ်သည်။ အချို့သတ္တဝါများ ကိုက်ခြင်းဖြင့် ခန္ဓာကိုယ်မှာ ဖူးယောင်သွားတတ်သည်။ အဆိပ်မှာ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်မှာလည်း မလွဲမသွေပင်ဖြစ်သည်။ သို့ရာတွင် ကမ္ဘာပေါ်ရှိ မည်သည့်ဖိကဟ်ပညာရှင်ကမျှ ဤသို့ဖြစ်လျှင် ရိုဇာပျက်သည်ဟု မသတ်မှတ်ခဲ့ကြပါ။ ဤသည်မှာ ဆေးထိုးခြင်း၏ အရှင်းဆုံးဥပမာပင် ဖြစ်သည်။
မြွေ၊ ကင်းနှင့် အခြားသောအဆိပ်ရှိသတ္တဝါများ အကိုက်ခံရခြင်းအပေါ် မည်သူကမျှ ရိုဇဟ်ပျက်ကြောင်း မသတ်မှတ်ကြပါ။ ဤအတွက်ကြောင့် " ဗဒါအိအ်" ကျမ်းမှစာသားများအရ အချက်နှစ်ချက် အတည်ဖြစ်သည်။
* ပထမအချက်မှာ - ခန္ဓာကိုယ်အတွင်းသို့ အရာဝတ္ထုတစ်ခုခု ဝင်ရောက်ခြင်းဖြင့် ရိုဇဟ်ပျက်သည်ဟု ယတိပြတ်မဆိုနိုင်ယုံမျှမကဘဲ ၎င်းနှင့်စပ်လျဉ်း၍ အချက်နှစ်ချက်မှာ စည်းကမ်းချက်ဖြစ်လာသည်။ ထိုစည်းကမ်းချက်များမှာ -- အကြင်အရာဝတ္ထုသည် (၁) အစာအိမ် (၂) ဦးနှောက်များသို့ တိုင်ရောက်ရှိသွားခြင်း ဖြစ်သည်။
* ဒုတိယအချက်မှာ - ဤသို့ရောက်ရှိသွားခြင်းသည်လည်း မူလလမ်းကြောင်း (နှာခေါင်း၊ ပါးစပ် စသည့်လမ်းကြောင်းမျိုးမှ) ဖြစ်ခြင်း။ (အရာဝတ္ထုတစ်ခုသည် မူလလမ်းကြောင်းမှမဟုတ်ဘဲ ပြုလုပ်တီထွင်ထားသည့် အခြားလမ်းကြောင်းမှတစ်ဆင့် ဝမ်းဗိုက်အစာအိမ် (သို့မဟုတ်)ဦးနှောက်အတွင်းသို့ ရောက်ရှိသွားခြင်းဖြစ်လျှင်လည်း ထိုသို့ရောက်ရှိခြင်းသည် ရိုဇဟ်ကိုပျက်စေသော အရာမဟုတ်ပါ)
ဆေးထိုးခြင်းဖြင့် ဆေး (သို့မဟုတ်) ယင်းဆေး၏ သက်ရောက်မှုသည် ခန္ဓာကိုယ်တစ်ခုလုံး၏ အစိတ်အပိုင်းတိုင်းသို့ ရောက်ရှိသွားသော်လည်း ယင်းသို့ရောက်ရှိခြင်းသည် မူလလမ်းကြောင်းမှမဟုတ်ပါ။ သွေးကြော၏ လမ်းကြောင်းမှ ရောက်ရှိသွားခြင်းဖြစ်ပြီး ယင်းလမ်းကြောင်းသည် မူလလမ်းကြောင်း မဟုတ်ပါ။
ဤအတွက်ကြောင့် ပူပြင်းသောနွေရာသီတွင် လူတစ်ဦးသည် အေးမြသောရေဖြင့်ရေချိုးပါက ရေဆာလောင်မှု နည်းသွားတတ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ခန္ဓာကိုယ်ရှိ ချွေးထွက်ပေါက်များမှတစ်ဆင့် အတွင်းသို့ ရေများစိမ့်ဝင်သွားသောကြောင့် ဖြစ်သည်။ သို့သော်လည်း မည်သူကမျှ ရိုဇဟ်ပျက်သည်ဟု မသတ်မှတ်ကြပါ။
ထိုအချက်ဖြင့်ပင် ဂလူးကိုစ့်၊ အကြောဆေး၊ အသားဆေး စသည်တို့ ထိုးသွင်းခြင်းဖြင့် ခန္ဓာကိုယ်၌ အားအင်ဖြစ်စေသည့် အဟာရရောက်ရှိစေသော်လည်း ရိုဇဟ်မပျက်ခြင်း၏အမိန့်မှာ အဟာရရောက်လျှင်ပျက်သည့် အမိန့်ကဲ့သို့ပင်ဖြစ်ထိုက်သည်ဟူသော သံသယများ ပျောက်ကွယ်သွားပါသည်။ ရေချိုးရာတွင် အအေးဓာတ်ရရှိပြီး ရိုဇဟ်မပျက်သကဲ့သို့ အဟာရအင်အား ရောက်ရှိစေခြင်းဖြင့်လည်း ရိုဇဟ်ကိုလုံးဝမပျက်စေပါ။ သို့သာမက ဂလူးကို့စ်သည် တီထွင်လမ်းကြောင်းမှ အစာအိမ်(သို့မဟုတ်) ဦးနှောက်သို့ ရောက်ရှိခြင်းဖြင့် ရိုဇဟ်ပျက်စေသော အရာမျိုးမဟုတ်ပါ။ ဂလူးကို့စ်ကြောင့် အဟာရသည် ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသော်လည်း အစာအိမ်နှင့် ဦးနှောက်သို့ တိုက်ရိုက်ရောက်သော အရာမျိုးမဟုတ်ပါ။ " အဖြေမှန်ပါသည်။"
(မော်လာနာအရှ်ရဖ်အလီထာနဝီ /မော်လာနာအဆ်ွဂရ်ဟုစိုင်န် /မော်လာနာ မုဟမ္မဒ်ရှဖီးအ် / မော်လာနာဟုစိုင်န်အဟ်မဒ် / မော်လာနာ မုဟမ္မဒ်အအ်ဇားဇ်အလီ) (ကျောင်းဆရာများ၊ ဒါရုလ်အုလူမ်ဒေယိုဗန်ဒ်) ဟီဂ်ျရီ ၁၃၅ဝ၊ ရဗီအုလ်အောင်ဝလ် - ၁၁ရက်
အရာဝတ္ထုတစ်ခုသည် မူလလမ်းကြောင်း၏အပေါက်မှ အစာအိမ်(သို့မဟုတ်) ဦးနှောက်သို့ ရောက်ရှိသွားသဖြင့် ရိုဇဟ်ပျက်သည်။ ဆေးထိုးခြင်းသည် ထိုအချက်မှမဟုတ်သည့်အပြင် အကြောများ ချွေးပေါက်များမှတစ်ဆင့် အစာအိမ်သို့ရောက်ရှိခြင်းဖြစ်သည့်အတွက် ရိုဇဟ်မပျက်ပါ။ (အဟ်စနုလ်ဖသာဝါကျမ်း၊ တွဲ-၄၊ စာ-၄၂၃)
ဆေးထိုး၍ ခန္ဓာကိုယ်အတွင်းသို့ ဆေး(သို့မဟုတ်) အဟာရများရောက်ရှိစေခြင်းဖြင့် ရိုဇာမပျက်ပါ။ (ဖသာဝါရဟီမီယဟ်ကျမ်း၊ တွဲ-၂၊ စာ-၃၉)