Friday, July 25, 2014

အီးဒ်နမားဇ်ဆိုင်ရာသိမှတ်ဖွယ်ရာများ


မဆ်အလဟ်
တစ်ဦးကအီးဒ်နမားဇ်ဖတ်ပြီး အခြားတစ်ဦးက ခုသ်ွဗဟ်ဖတ်ခြင်းသည် ပိုင်၍ နမားဇ်အထမြောက်သော်လည်း အကောင်းဆုံးနှင့်အသင့်တော်ဆုံးမှာ ခုသ်ွဗဟ်နှင့်နမားဇ်အား တစ်ဦးတည်းဖတ်ခြင်းဖြစ်သည်။

မဆ်အလဟ်
အိမာမ်သည် သက္ကဗီးရ်များရွတ်ဆိုရန်မေ့လျော့ပြီး ရုကူအ်ပြုနေစဉ်သတိရသောအခါ ရုကူအ်၌ပင် ယင်းသက္ကဗီးရ် များကိုရွတ်ဆိုနိုင်သည်။ ကိယာမ်ပြန်ရပ်ရန်မလို။ ကိယာမ်ရပ်လိုက်ပါလျှင်လည်း ပိုင်သည်။ နမားဇ်မပျက်ပါ။ သို့ရာတွင် ဝတ်ပြုသူအလွန်များပြားတတ်သောကြောင့် စဂ်ျဒဟ်စဟူ မပြုရတော့ပါ။

မဆ်အလဟ်
အိမာမ်သည်ပထမရကအသ်၌ အပိုသက္ကဗီးရ်များကိုမေ့ကျန်ခဲ့ပြီး စူရာဟ်ဖာသိဟဟ်နှင့် စူရဟ်တွဲပြီးမှ သတိရလာခြင်းဖြစ်လျှင် (သို့မဟုတ်) ဒုတိယရကအသ်၏ သက္ကဗီးရ်အားရုကူအ်ပြုချိန်၌ သတိရလာခြင်းဖြစ်လျှင် သက္ကဗီးရ်ဆိုရန်ကိယာမ်ပြန်မရပ်ဘဲ စဂ်ျဒဟ်စဟူပြု၍ အစားထိုးလိုက်ရမည်။ အကယ်၍ ဂျမာအသ်များပြားလွန်းပါက နမားဇ်၌အနှောက်အယှက်များဖြစ်ပေါ်နိုင်သည်ဟု စိုးရိမ်ရလျှင် စဂ်ျဒဟ်စဟူမပြုရတော့ပါ။ ခွင့်လွှတ်ချက်ရှိသည်။
အကယ်၍ အိမာမ်သည် သက္ကဗီးရ်ဆိုရန်အတွက် ရုကူအ်ကိုလွှတ်၍ ကိယာမ်ပြန်ရပ်လိုက်ပါက အဆိုတစ်ရပ်အရ နမားဇ်ပျက်သွားသည်။ သို့ရာတွင် နမားဇ်မပျက်ဟူသောအဆိုမှာအတည်ဖြစ်သည်။ သို့သော်လည်း ဒုတိယအကြိမ်ရုကူအ်ပြန်မလုပ်ရတော့ပါ။ ရုကူအ်ပြန်လုပ်မိပါက နမားဇ်ပြန်ဖတ်ရန်ဝါဂျစ်ဗ် ဖြစ်သွားမည်။
အကယ်၍ (ပထမရကအသ်၌) စူရဟ်မဆုံးသေးမီ သက္ကဗီးရ်အပိုအားသတိရလာလျှင် သက္ကဗီးရ်ဆို၍ စူရဟ်ဖာသိဟဟ်နှင့်စူရဟ်ပြန်ဖတ်ပြီး ဂျမာအသ်နည်းလျှင် စဂ်ျဒဟ်စဟူ ပြုလိုက်ရမည်။

မဆ်အလဟ်
အကယ်၍ အီးဒ်နမားဇ်များ၌ အိမာမ်သည် မေ့လျော့မှုများဖြစ်ခဲ့လျှင် စဂ်ျဒဟ်စဟူပြုရပါ။ နမားဇ်၌ထင်ယောင် ထင်မှားဖြစ်နိုင်သည်အထိ နမာဇီများပြားခြင်းမရှိလျှင် စဂ်ျဒဟ်စဟူ ပြုရမည်။

မဆ်အလဟ်
(၁) ဖဂျရ်နမားဇ်ပြီးသည်နှင့် စွန္နသ်နှင့်အညီ လူအများသည် အသင့်ပြုလုပ်၍ အီးဒ်ဂါကွင်းပြင်သို့ ရောက်ရှိနေသင့်သည်။
(၂) အီးဒ်နမားဇ်၌ အချို့လူများနောက်ကျကျန်ရစ်သွားနိုင်သည့်အတွက် အိမာမ်နှင့်အတူအသင့်ရှိနေသူ နမာဇီများအနေဖြင့် အလျင်စလိုမပြုကြဘဲ သတ်မှတ်ချိန်ထက် ငါးမိနစ်၊ ခုနစ်မိနစ်ခန့်စောင့်ဆိုင်းပြီးမှ နမားဇ် စသင့်သည်။
အသင့်ရောက်ရှိနေသူနမာဇီများသည် အနည်းငယ်မျှသည်းခံ၍ ရှေ့ဆောင်ဆရာကိုလည်း ခေတ္တစောင့်ဆိုင်းပေးပါဟု ပန်ကြားနိုင်သည်။ နမားဇ်စတင်ပါဟုအတင်းအကျပ်မပြုရ။ အိမာမ်သည် နောက်ကျကျန်ရစ်သူများ၏ ဒုက္ခအခက်အခဲကို နားလည်ပေးသင့်သည်။ ၎င်းတို့အားစောင့်ဆိုင်း၍ ကြန့်ကြာသွားသည့်အချိန်အတွက် ခုသ်ွဗဟ်နှင့်ကိရာအသ်ကို တိုတောင်းစွာဖတ်ပေးနိုင်သည်။
တစ်နှစ်၌ နှစ်ကြိမ်သာရှိသောနမားဇ်၌ ဘေနမာဇီ (နမားဇ်ဝတ်မပြုသူများ)၊ အင်အားချိနဲ့သူများ၊ ရောဂါသည်များနှင့် ခြွင်းချက်ရှိသူများလည်း ပါဝင်တတ်ကြသည်ဖြစ်ရာ အီးဒ်နမားဇ်လွတ်သွားခြင်းဖြင့် အလွန်ကြီးမားလှသောဗရ်ကသ်မင်္ဂလာတော်များ လက်လွှတ်ဆုံးရှုံးသွားကြလိမ့်မည်။ ထို့ကြောင့် နောက်ကျသူများအား အနည်းငယ်စောင့်ဆိုင်းပေးရမည်။
သို့ရာတွင် နောက်ဆုံးအချိန်မှသာရောက်လေ့ရှိပြီး စောင့်ဆိုင်းသူများ၏ဒုက္ခကိုလည်း ကိုယ်ချင်းစာနားလည်ခြင်းမရှိသူဖြစ်ပြီး မိမိ၏နမားဇ်အတွက်ပင် သောကမထားဘဲစောင့်ခိုင်းသော လူပျင်းလူဖျင်းများအတွက် စောင့်ဆိုင်းပေးခြင်းမှာ ၎င်းတို့အားအကျင့်ဖျက်ခြင်းသာဖြစ်မည်။

မဆ်အလဟ်
အကြောင်းတစ်စုံတစ်ရာကြောင့် အီဒုလ်ဖိသွိရ်နမားဇ်ကို ထိုအီးဒ်နေ့၌ မဖတ်လိုက်ရလျှင် ဥပမာ- မိုးတိမ်များထူထပ်ခြင်းကြောင့်လမမြင်ရသဖြင့် နောက်တစ်နေ့မွန်းလွဲပြီးမှလမြင်ကြောင်းသတင်းရရှိခြင်း၊ (သို့မဟုတ်) နေမွန်းမလွဲမီသတင်းရရှိသော်လည်း လူတို့အားစုရုံးနိုင်သည့် အချိန်မရှိတော့ခြင်း၊ (သို့မဟုတ်) မိုးတိမ်ထူထပ်စဉ် နမားဇ်ဖတ်လိုက်ရာ ပြီးမှမွန်လွဲပြီးဖြစ်ကြောင်းသိရှိခြင်း  စသည့်အကြောင်းများ ဖြစ်ပေါ်လာလျှင် နောက်တစ်နေ့၌ ၎င်းအီးဒ်နမားဇ်ကိုဝတ်ပြုမည်။ နောက်တစ်နေ့ထက်နောက်ကျ၍ ဝတ်ပြုခွင့်မရှိတော့ပါ။
အိမာမ်သည် ဂျမာအသ်နှင့်အတူ အီးဒ်နမားဇ်ဝတ်ပြုလိုက်ရာလူအချို့တို့မမီလိုက်လျှင် ၎င်းတို့သည်အီးဒ်နမားဇ်မဖတ်ရတော့ပါ။ အချိန်ကျန်ရှိနေသည်ဖြစ်စေ(သို့မဟုတ်)အချိန်ကျော်လွန်သွားသည်ဖြစ်စေမဖတ်ရတော့ပါ။ အဘယ်ကြောင့်ဆိုသော် အီးဒ်နမားဇ်အတွက် ကဇွာမရှိသောကြောင့်ဖြစ်သည်။ အခြားတစ်နေရာ၌ အီးဒ်နမားဇ်ဂျမာအသ်ရှိနိုင်သေးလျှင် ထိုနေရာသို့သွားရမည်။

မဆ်အလဟ်
အီးဒ်နမားဇ်၌ သက္ကဗီရ်အပိုများ၏အကြား မည်သည့်ဇိကိရ်မျှမဖတ်ရ။ သက္ကဗီရ်နှစ်ခုတိုင်း၏ အကြား၌ စုဗ္ဗဟားနလ္လာဟ် ၃ကြိမ်ရွတ်ဆိုနိုင်သည်ခန့် ငြိမ်သက်စွာနေရမည်။ ဤနေရာ၌ ဂျမာအသ် အနည်းအများနှင့် သက်ဆိုင်သည်။ အကယ်၍ ဂျမာအသ်များပါက သက္ကဗီရ်နှစ်ခု၏အကြားတွင် ကြာမြင့်စွာရပ်ပေးသင့်သည်။ ဂျမာအသ်နည်းလျှင် အချိန်တိုတောင်းစွာ ရပ်ပေးသင့်သည်။ ဒွိဟသံသယများ မပေါ်ပေါက်စေရန် ဖြစ်သည်။ (ဒုရ်ရေမုခ်သားရ်ကျမ်း)

မဆ်အလဟ်
အီးဒ်၏ ပထမခုသ်ွဗဟ်တွင် သက္ကဗီရ် (၉)ကြိမ်ဆက်တိုက်ရွတ်ဆိုပြီး ဒုတိယခုသ်ွဗဟ်၌ သက္ကဗီရ် (၇)ကြိမ်ရွတ်ဆိုခြင်း စွန္နသ်ဖြစ်သည်။ မင်မ်ဗရ်မှမဆင်းမီအလျင် သက္ကဗီရ် (၁၄)ကြိမ်ရွတ်ဆိုခြင်း မုစ်သဟဗ်ဖြစ်သည်။ ခုသ်ွဗဟ်ဖတ်ရန် မင်မ်ဗရ်ပေါ်သို့တတ်ပြီး ခုသ်ွဗဟ်မဖတ်မီ မထိုင်ခြင်းသည် ကျွန်ုပ်တို့ ဟန္နဖီများထံ၌ စွန္နသ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မင်မ်ဗရ်၌ ထိုင်ရခြင်း၏ရည်ရွယ်ချက်မှာ အဇာန်ဆိုသည်ကို ပြီးဆုံးအောင် စောင့်ဆိုင်းခြင်းသာဖြစ်သဖြင့် အီဒ်၏ခုသ်ွဗဟ်၌ အဇာန်မရှိသည့်အတွက် မထိုင်ရခြင်းဖြစ်သည်။ (ဤစွန္နသ်တော်အား အထူးသတိထားသင့်ပါသည်။)

မဆ်အလဟ်
ဂျုမုအဟ်နှင့် အီးဒ်များ၏ ကွာခြားမှုမှာ * ပထမအချက် အီးဒ်တွင် ခုသ်ွဗဟ်မဖတ်မီအလျင် သက္ကဗီရ်ရွတ်ဆိုခြင်း စွန္နသ်ဖြစ်ပြီး ဂျုမုအဟ်တွင် စွန္နသ်မဟုတ်ပါ။ * ဒုတိယအချက် ဂျုမုအဟ်၏ ခုသ်ွဗဟ်တွင် အိမာမ်သည် ခုသ်ွဗအစမပြုမီအလျင် မင်မ်ဗရ်ပေါ်ထိုင်ခြင်းစွန္နသ်ဖြစ်ပြီး အီးဒ်များ၏ခုသ်ွဗာ၌ စွန္နသ်မဟုတ်ပါ။
ဟန္နဖီယာများထံတွင် အီးဒ်များ၏ခုသ်ွဗာမစမီအလျင် ထိုင်ခြင်း မက္ကရူဟ်ဖြစ်သည်။ မင်မ်ဗရ်အပေါ်ရောက်ပြီးသည်နှင့် ခုသ်ွဗာစတင်ဖတ်ရမည်။ မထိုင်ရပါ။

မဆ်အလဟ်
ကျွန်ုပ်တို့၏ ဆရာသခင်အကြီးအကဲများဖြစ်ကြသော ဟဇရသ်မော်လာနာရရှီးဒ်အဟ်မဒ်ဂန်ဂိုဟီ၊ ဟဇရသ်မော်လာနာကာစင်မ်နာနော်သဝီနှင့် ဟဇရသ်မော်လာနာမဟ်မူဒုလ်ဟစံန်(ဟဇရသ်ရှိုခုလ်ဟင်းန်ဒ်) (ရဟမသုလ္လာဟိအလိုင်ဟိင်မ်) အစရှိသော ပညာ့ထိပ်ခေါင်သူတော်စင်ကြီးများ၏ အလေ့အထမှာ အခြားသောနမားဇ်များအပြီး၌ လက်မြှောက်ဒုအာတောင်းသကဲ့သို့ အီးဒ်နမားဇ်အပြီးတွင်လည်း ဒုအာတောင်းလေ့ရှိကြသည်။ နမားဇ်တိုင်း၏ နောက်တွင် ဒုအာတောင်းခြင်းမှာ ဟဒီးစ်တော်များဖြင့် အတည်ဖြစ်သည်။ ထိုသို့နမားဇ်တိုင်းဟု ဆိုရာ၌ အီးဒ်နမားဇ်လည်း ပါဝင်သည်။ ဤအတွက်ကြောင့်ပင် (အခြားအဆိုရှိလင့်ကစား) ကျွန်ုပ်တို့ထံ၌ ဦးစားပေးအဆိုမှာ အီးဒ်နမားဇ်အပြီး၌ ဒုအာတောင်းခြင်းသည် မုစ်သဟဗ်ဖြစ်သည်။ အခြားသောဟဒီးစ်တော်များဖြင့်လည်း နမားဇ်တိုင်း၏နောက်တွင် ဒုအာတောင်းခြင်းအတည်ဖြစ်သည်။ သို့ရှိရာ အီးဒ်နမားဇ်သည်လည်း ၎င်းနမားဇ်များအတိုင်းပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် နမားဇ်များ၏နောက် ဒုအာတောင်းခြင်း မုစ်သဟဗ်ဟူသောဥပဒေထွက်ပေါ်လာသည့်အတွက် မည်သည့်နမားဇ်အတွက်ဟူ၍ သီးခြားမိန့်ရန်အရေးမကြီးတော့သောကြောင့်ဖြစ်သည်။ အားလုံးကို ခြုံငုံ၍သာ နမားဇ်များ၏နောက်တွင် နမားဇ်များ၏နောက်တွင် ဒုအာတောင်းရန်လာရှိထားသည့်အတွက် အီးဒ်နမားဇ်တွင်လည်း နမားဇ်အပြီးသာ ဒုအာတောင်းရန် မုစ်သဟဗ်နှင့် စွန္နသ်ဖြစ်သည်။

မဆ်အလဟ်
အီးဒ်နမားဇ်ဖတ်ပြီး ဒုအာတောင်းခြင်းသည် အခြားနမားဇ်များကဲ့သို့ စွန္နသ်ဖြစ်သည်။ သို့ရာတွင် ခုသ်ွဗာဖတ်ပြီးနောက် ဒုအာတောင်းခြင်းမှာ အထောက်အထားမရှိသည့်အတွက် မပြုပိုင်ပါ။
ခုသ်ွဗာဖတ်ပြီးမှ ဒုအာတောင်းခြင်းနှင့် စပ်လျဉ်း၍ သီးခြားသော်လည်းကောင်း၊ ခြုံငုံ၍သော်လည်းကောင်း ဆင့်ပြန်ချက်မရှိပါ။ ထို့ကြောင့် ခုသ်ွဗာဖတ်ပြီးနောက် ဒုအာတောင်းခြင်းအားစွန့်လွှတ်လိုက်ရမည်။ နမားဇ်အပြီး၌ ဒုအာတောင်းခြင်းသာ အထောက်အထားရှိသည့်အတွက် အီးဒ်နမားဇ်အပြီး၌သာ ဒုအာတောင်းရမည်။
အီးဒ်နမားဇ်အပြီး၌ ဒုအာတောင်းခြင်းမှာ အထောက်အထားရှိပြီး မုစ်သဟဗ်ဖြစ်သည်။ ခုသ်ွဗာအပြီး၌ ဒုအာတောင်းခြင်း အထောက်အထားမရှိပါ။ အီးဒ်နမားဇ်များ၏နောက်တွင် ဒုအာတောင်းခြင်းသည်သာ တမန်တော်မြတ်ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်၏ စွန္နသ်အား ကျင့်သုံးခြင်းဖြစ်သည်။ ခုသ်ွဗာဖတ်ပြီးနောက် ဒုအာမတောင်းခြင်းသည်လည်း တမန်တော်မြတ်၏ စွန္နသ်ကို လိုက်နာခြင်းမည်၏။
(ကျမ်းကိုးများ - ရဒ်ဒုလ်မုဟ်သားရ်၊ ဗဟစ်ရှ်သီးဇေဝရ်၊ အဟ်စနုလ်ဖသာဝါ၊ သွဟ်သွာဝီ၊ ဖသာဝါရဟီမီယာ၊ ဒုရ်ရေမုခ်သားရ်၊ ကိသာဗုလ်ဖိကာဟ်၊ ဖသာဝါဒါရွလ်အုလူးမ်၊ အဇီဇုလ်ဖသာဝါ)