Monday, July 7, 2014

သက္ကဗီရ်​ တိုင်​ခြင်းဆိုသည်​မှာ

မွတ်စလင်မ်တို့သည် အခက်အခဲ တစုံတရာ ကြုံကြိုက်လာပါက အဘယ့်ကြောင့် သက္ကဗီရ် ခေါ် အလ္လာဟုအပ်က္ကဗရ် (အလ္လာဟ်အရှင်မြတ်သည် အကြီးမားဆုံး အမြင့်မြတ်ဆုံး ဖြစ်သည်) ဟု ဟစ်ကြွေးကြသနည်း။

*****************

လူတွေမှာ ပညာ၊ သတ္တိ၊ လက်ရုံးရည်၊ နှလုံးရည်၊ ပါရမီ တို့အားကိုးနဲ့ အများစုအရာများကို စွမ်းဆောင်နိုင်သော်လည်း အကန့်အသတ်များကိုတော့ ကျော်လွှားနိုင်ခြင်းမရှိပါဘူး။ ဥပမာ ရေဘေးကြုံတဲ့အခါ၊ မီးဘေး ကြုံတဲ့အခါ၊ သဘာဝဘေးကြုံတဲ့အခါ တွေမှာ လူသားရဲ့ စွမ်းဆောင်ရည်ရဲ့ အပြင်ဘက်ကို ရောက်သွားပါတယ်။ မီးအကြီးအကျယ် လောင်ပြီဆိုပါစို့။ ဒီမီးကနေ လွတ်ဖို့ လူတွေဟာ ဦးတည်ရာမဲ့ ပြေးလွှားရတယ်။ ငြိမ်းသတ်မဲ့သူတွေရှိနေရင်လည်း ပြေးကြတာကတော့ ဓမ္မတာပါပဲ။ အဲသည်အခါမှာ လူတို့ဟာ ဆောက်တည်ရာမရ ဖြစ်ကြတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ အသိဥာဏ်နဲ့ မစွမ်းဆောင်နိုင်တော့တဲ့အခါ အားကိုးရှာလာကြတော့တယ်။ အဲဒီမှာ Super Power ရှိတဲ့အရာကို အားကိုးကြတယ်။ Super Power ရှင်ကို ကိုးကွယ်ဆည်းကပ်ကြတယ်။ မစွမ်းဆောင်နိုင်တဲ့အခါမှာ Super Power ရှင်ကို တသကြတယ်။ ဟစ်ခေါ်ကြတယ်။ Super Power ရှင်က ကယ်တင်မယ်လို့ တစ်ထစ်ချ ယုံကြည်ကြတော့တယ်။

အမေကို ချစ်မြတ်နိုးတဲ့သူတွေက ဘေးဒုက္ခဆိုက်တဲ့အချိန်မှာ အမလေး (အမေရေကယ်ပါ) စသည်ဖြင့် မွေးသမိခင် အမေကို တသကြတယ်။ အမေကတော့ ဒီနားမယ်မရှိဘူး။ ဒါပေမယ့် ဒီလိုပဲ တသကြတယ်။ အဖေကို အားကိုးတဲ့သူတွေက အဖေရေ လာပါဦး စသည်ဖြင့်၊ ဗုဒ္ဓရှင်တော် အားကိုးတဲ့ သူတွေက ဗုဒ္ဓကယ်ပါ့ဘုရား စသည်ဖြင့်၊ ယေရှုခရစ်တော်ကို ယုံကြည်သူတွေက Jesus Christ ! စသည်ဖြင့်၊ အလ္လာဟ်အရှင်မြတ်ကို ယုံကြည်မြတ်နိုး အားကိုးသူတွေက အလ္လာဟုအပ်က်ဗရ် စသည်ဖြင့် တသကြပါတယ်။ ဒါကို လူ့အသိုင်းအဝိုင်းက အပြစ်ရယ်လို့ ဘယ်သူမျှ မယူဆကြပါဘူး။ စာဖတ်သူလည်း ကိုယ်မစွမ်းဆောင်နိုင်တဲ့ အကြပ်အတည်းထဲ ရောက်လာရင် ကိုယ်ယုံကြည်ရာကို တသမှာပဲ မဟုတ်လား။

အကြမ်းဖက်သမားတွေက ဗလီကို မီးရှို့ဖို့လာပြီ၊ အိမ်တွေဖျက်ဖို့၊ လူသတ်ဖို့ လာပြီလို့ သတင်းကြားတဲ့အချိန်မှာ ရဲနှင့် စစ်တပ်က အယောင်ပြကာကွယ်၊ အုပ်ချုပ်ရေးပိုင်းက မသိချင်ယောင် ဆောင်နေတဲ့အချိန် မွတ်စလင်မ်တွေ ဘယ်သူ့အားကိုးရမလဲ။ အကျဉ်းအကြပ်ထဲရောက်နေပြီ၊ ကိုယ့်ဆီမှာ သေနတ်၊ ဗုံး၊ လောင်ချာတွေလဲမရှိ၊ ကြက်သွန်လှီးတဲ့ဓားနဲ့ ခွေးမောင်းတဲ့ တုတ်လောက်ပဲ ရှိတဲ့အချိန်၊ ဥပုသ်စောင့်ထားတဲ့အချိန်မှာ လက်ရဲဇက်ရဲ တုတ်တကိုင်ကိုင်၊ ဓားတဝင့်ဝင့်၊ မီးကွင်းတချိန်ချိန်၊ ကမ္ဘာမကျေ အော်ဆိုလာတဲ့ ဆိုင်ကယ်စီး၊ လိုက်ထရပ်စီး အကြမ်းဖက်သမားရန်ကို ဘယ်သူ့အားကိုးပြီး ငြိမ်နေရမှာလဲ၊ အဲဒီအချိန် ခင်ဗျားတို့ ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းကို မီးရှို့ဖို့လာရင်ရော ခင်ဗျားဘာလုပ်မလဲ။ ခင်ဗျား အိမ်ကိုဖျက်ပြီး ခင်ဗျားကို သတ်မယ်ဆိုရင်ရော ဘာလုပ်မလဲ။

မွတ်စလင်မ်တွေက အလ္လာဟ်အရှင်မြတ်ကို ယုံကြည်တယ်။ အရာရာကို စွမ်းဆောင်နိုင်တော်မူသောအရှင်လို့ ယုံကြည်တယ်။ ဟစ်ခေါ်ရင် ကြားတော်မူသောအရှင်လို့ ယုံကြည်တယ်။ အဲဒီအတိုင်း အလ္လာဟ်အရှင်မြတ်ကို ဟစ်ခေါ်တယ်။ စည်းလုံးခြင်းသည်အင်အား ဆိုတော့ တယောက်တပေါက် မဖြစ်အောင် အသံကျယ်တဲ့တယောက်က တိုင်ပေးတယ်။ အသံထွက်က နာရာအေသက္ကဗီရ် (သက္ကဗီရ် ရွတ်ကြပါ) ကျန်တဲ့လူတွေက ရွတ်တယ်။ အလ္လာဟုအပ်က်ဗရ် (အလ္လာဟ်အရှင်မြတ်သည် အကြီးဆုံးနှင့် အမြင့်မြတ်ဆုံး ဖြစ်တော်မူသည်) ဒါကိုပဲ ဆက်တိုက်ရွတ်တာပါ။ အသံ အတက်အကျ၊ အဆွဲအငင်တော့ ရှိတာပေါ့ဗျာ။ မယ်လိုဒီပေါ့။ အစ္စလာမ်ဘာသာမှာ အကြွင်းမဲ့ အားကိုးအားထားပြုထိုက်တဲ့ အရှင်က တစ်ပါးတည်းပဲ ရှိတယ်။ တစ်ပါးတည်းသောအရှင်ထံမှပဲ အကူအညီတောင်းတယ်ပေါ့ဗျာ။ ဒါပါပဲ။ တခြားအကြောင်းဘာမှမရှိဘူး။ အလ္လာဟ့်ထံက အကူအညီတောင်းတာ။

Mohammed Bilarl Rangooni

အလ်​မုဖီးဒ်