Thursday, July 10, 2014

ဆရာသခင်များ၏ ရမဇာန်ကုန်ဆုံးပုံ (၂)

ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ အသနားတော်ဖြင့် နှစ်စဉ်နှစ်တိုင်း ရမဇာန်လမြတ်ကို ပိုင်ဆိုင်ခွင့်ရရှိခဲ့ကြပေသည်။ ရမဇာန်လမြတ်သည် အလ္လာဟ်အရှင်မြတ်က မိမိ၏ ဗန္ဒာဟ်ကျေးကျွန်များအား ဆုချီးမြှင့်သော လတစ်လလည်းဖြစ်ပေသည်။ နဗီတမန်တော်မြတ်ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်သည် လမြတ်ရမဇာန်တွင် အိဗာဒသ်ကို ယခင်လတို့ထက်ပိုမို၍ အထူးတလည် ပြုလုပ်တော်မူခဲ့သလို အွမ္မသ်ကိုလည်း လမ်းညွှန်တော်မူခဲ့ပါသည်။ တမန်တော်မြတ်ခေတ်နဲ့ အလွန်ပဲ နီးကပ်တဲ့ သာဗီအီးန်များရဲ့ ခေတ်နဲ့ သူ့နောက်ခေတ်တွေမှာ တမန်တော့်လမ်းစဉ်အတိုင်း ဖဝါးခြေထပ် လျှောက်လှမ်းခဲ့တဲ့ သူမွန်သူမြတ်တို့ဟာ မိမိတို့ရရှိတဲ့ ရမဇာန်လကို တန်ဖိုးရှိအောင် ဘယ်လိုအမလ်တွေနဲ့ ကုန်လွန်စေခဲ့သလဲဆိုတာကို တင်ပြပါ့မယ်။ မိတ်ဆွေတို့လည်း ကျန်ရှိတဲ့ သက်တမ်းတလျှောက်မှာ သူမွန်သူမြတ်တို့ နည်းတူ ရမဇာန်လမြတ်ရဲ့ အချိန်များကို တန်ဖိုးရှိအောင် ပြုလုပ်ဖို့ နီယသ်ဆန္ဒထားကြပါ။


ဟဇ်ရသ်ဟာဂျီအင်မ်ဒါဒုလ္လာဟ်(ရဟ) ၏ ရမဇာန်လမြတ်နှင့်ပတ်သက်၍ ဟကီမုလ်အုမ္မသ် ဟဇ်ရသ်ထာနဝီသခင်က အင်မ်ဒါဒုလ်မုရှ်သာက်ကျမ်းတွင် ရေးသားထားသည်မှာ တစ်နေ့ ဟဇရသ်ဟာဂျီဆွာဟဗ်က ဟဇ်ရသ်ထာနဝီအား ဤသို့ပြောပြလေ၏။ အသင့်ကို ပညာပေးရန်အနေနှင့် ပြောပြရလျှင်...
ကျွန်ုပ်သည် မိမိနုပျိုသည့်လူလတ်ပိုင်းအရွယ်က ညလုံးပေါက်မအိပ်စက်ခဲ့ပါ။ အထူးသဖြင့် ရမဇာန်လမြတ်တွင် မဂ်ရိဗ်နမားဇ်ပြီးလျှင် ဟာဖိဇ်ယူစွတ်ဖ်ဗလဒ်၊ ဟာဖိဇ်ဇာမင်န်၊ ဟာဖိဇ်အဟ်မဒ် (ကျွန်ုပ်၏တူ) တို့က ကုရ်အာန် တစ်ပါရဟ်နှင့်လေးပုံတစ်ပုံထိ အိရှာအ်နမားဇ်အချိန်တိုင် ဖတ်ပြကြရသည်။
အိရှာအပြီး၌ နောက်ထပ်ဟာဖိဇ်နှစ်ပါးတို့က ဖတ်ပြကြရသည်။ ထို့နောက် နောက်ထပ်ဟာဖိဇ်တစ်ပါးက ညသန်းကောင်ယံအထိလည်းကောင်း၊ တစ်ဖန်သဟဂ်ျဂျုဒ်နမားဇ်အချိန်တွင် ဟာဖိဇ်နှစ်ပါးတို့က ဖတ်ရွတ်ရပြန်သည်။ ဤသို့ဖြင့် ကုရ်အာန်တွင်မွေ့လျော်ရင်း လမြတ်ရမဇာန်ကုန်ဆုံးခဲ့ရတော့သည်။