Tuesday, May 1, 2018

ကိုယ်တိုင်လုပ်မှ ဆုလာဘ်ရမည့် ဗရားသ်ည

ကိုယ်တိုင်လုပ်မှ ဆုလာဘ်ရမယ့်ည

ဗရားသ်ညရောက်ပြီ .... ကုသိုလ်မလုပ်ရန် တားသူများလည်း ရှိသည်။ ရိုဇာမထားဖို့ ခိုင်းသူများလည်း ရှိမည်။ ရှိုက်သွာန်ကတော့ လူနဲ့ အလ္လာဟ်ရဲ့ကြားမှ ပိုပြီး မနီးစပ်သွားအောင် ပုံစံအမျိုးမျိုးနဲ့ စည်းခြားရန် ကိယာမသ်အထိ ကြိုးစားနေမည်သာ ဖြစ်၏။ ကောင်းမှုမလုပ်ဖို့ ရှိုက်သွာန်က လက်ဆွဲပြီး ဘေးဖယ်ပစ်မည်တော့ မဟုတ်ပါ။ တခါတရံ လူရှိုက်သွာန်များကို အသုံးချပြီး၊ တခါတရံ ရှိုက်သွာန်၏ အတွေးအခေါ်များအား စာသားပုံစံများဖြင့် အသုံးချပြီး အလ္လာဟ်နှင့် နီးစပ်အောင် လုပ်နေသည့်၊ ဂုနာကနေရှောင်နေသည့် လူသားကို မှန်သည့်လမ်းမှ လွဲဖယ်သွားရန် အစွမ်းကုန် ကြိုးစားပေမည်။ ကိုယ်နှင့် အလ္လာဟ် နီးစပ်ဖို့ ကြိုးစားနေချိန် ကိုယ့်ရှေ့ရောက်လာတဲ့ အဖျက်သမားရှိုက်သွာန်ကိုတော့ မြင်တတ်ဖို့ လိုပါသည်။ အလ္လာဟ်ပေးသည့် မဂ်ဖိရသ်ကို လူတို့ မရသွားဖို့ ရှိုက်သွာန်က အလွန်လိုလားသည်။ မဂ်ဖိရသ်မရမှာသာ သူနှင့်အတူတူ ဂျဟန္နမ်တွင် အဖော်ရမည် ဖြစ်၏။ ဗရားသ်ညသည် မဂ်ဖိရသ်ပေးသည့် ညဖြစ်၏။

မဂ်ဖိရသ်ဟူသည်မှာ အလ္လာဟ်အရှင်မြတ်တားထားသည်များအား မှောင့်မှားကျူးလွန်ထားမှုများအတွက် ပြစ်ဒဏ်မခတ်ပဲ လွတ်ငြိမ်းခွင့်ပေးခြင်းဖြစ်၏။ (လူလူခြင်းတာဝန်နှင့် ကဇွာတာဝန်များ မပါဝင်ပါ။) ဗရားသ်ညတွင် ထိုမဂ်ဖိရသ်ဟူသည့်ဆုလာဘ်ကို အထူးချီးမြှင့်မည်ဖြစ်သည်။ ထို့ကြောင့် အများမွတ်စ်လင်မ်တို့အနေဖြင့် ကိုယ်ရမည့် မဂ်ဖိရသ်ကို လွဲဖယ်သွားအောင်လုပ်နေသည့် ရှိုက်သွာန်ကို မြင်တတ်ရမည်။ ရှောင်လည်း ရှောင်ရပါမည်။

အစ္စလာမ့် နေ့ထူးနေ့မြတ်များတွင် သူ့ရည်ရွယ်ချက်နှင့်သူ ရှိသည်။ ယခုဗရားသ်ည၏ အဓိကရည်ရွယ်ချက်မှာ မဂ်ဖိရသ်ပေးခြင်းဖြစ်သည်။ ရှေးယခင် သူတော်စင်များ၊ ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်များသည် ဗရားသ်ည၏ အကျိုးကျေးဇူးကို ကောင်းကောင်းအရယူခဲ့ပါသည်။ အထူးဂရုတစိုက်ဖြင့် အလေးအမြတ်ထားသည်။ ထို့ကြောင့် ဗရားသ်ညတွင် မအိပ်ဘဲ ကုသိုလ်ကောင်းမှုများပြုခြင်းဖြင့် အကျိုးမဲ့ လုံးဝမဖြစ်ပါ။ အဓိကမှာ တဦးတိုင်းက မိမိကိုယ်ကိုယ် အကျိုးမဲ့ ကိစ္စများတွင် အချိန်မဖြုန်းနေရန် ဂရုစိုက်ဖို့ လိုအပ်သည်။

အငြင်းအခုံလုပ်ခြင်းကို အထူးရှောင်ရန် တိုက်တွန်းအပ်ပါသည်။ ဗရားသ်ကို လက်မခံသူသည် ဆုလာဘ်မရသူဖြစ်သည်။ သူရမည့် မဂ်ဖိရသ်ကို မလိုချင်၍ ရှောင်သည်ဖြစ်ရာ ကိုယ်ကပါသူ့၏ ဖူးစာမဲ့ခြင်းတွင် လက်ဝင်မထည့်ပါနှင့်။ အိပ်ချင်ယောင်ဆောင်သူကို နှိုးရခက်သကဲ့သို့ ကောင်းမှု၊ အမှန်ဆိုတာ သိပါလျှက်နှင့် မဟုတ်ပါဘူးဟု ငြင်းနေသူသည် ကိုယ်တိုင်နှင့် တခြားသူများကိုပါ မဂ်ဖိရသ်မှ လွဲဖယ်သွားစေရန် ကြိုးပမ်းသူပင်ဖြစ်သည်။ ထို့ကြောင့် မရှိဘူး မလုပ်ဘူးဟု ငြင်းနေသူအတွက် မိမိ၏ အင်မတန် အဖိုးတန်သည့် ထူးမြတ်သည့်အချိန်တို့အား လုံးဝမပေးလိုက်ပါနှင့်။ ငြင်းမည့်အစား အိစ်သိဂ်ဖာရ်ဖတ်လျှင် အကျိုးရှိသည်။ မဟုတ်ကြောင်း မလုပ်ကြောင်း ထိုင်ပြောမည့်အစား ဒုအာတောင်းနေခြင်းက နောင်ရေးအတွက် ရိက္ခာဖြစ်မည်။ ထို့ကြောင့် တတ်နိုင်သလောက် အထူးကြိုးစားပြီး အိဗာဒသ်ပြုပါ။

ဗရားသ်ည၌ ဆုတောင်းမှုပြုရာတွင် (၁) မဂ်ဖိရသ်ကို တောင်းရမည်။ (၂) ရိုဇီ တောင်းရမည်။ (၃) အခက်အခဲ ဒုက္ခများ ပြေလည်စေရန် တောင်းရမည်။ (၄) မိမိ၏ လိုအင်ဆန္ဒအားလုံးကို တောင်းခံရမည်။ ဗရားသ်သည် ဆုတောင်းများကို အထူး လက်ခံသည့် ညလည်းဖြစ်သည်။ ယင်းအရာမျာအား ကြိုက်နှစ်သက်ရာ အိဗာဒသ်များဖြင့် တွဲ၍ တောင်းခံနိုင်သည်။ နဖိလ်နမားဇ်များ၊ စူရဟ် ယာစီးန်၊ ဒရူးဒ်၊ အိစ်သိဂ်ဖာ စသည်များ ဖတ်ပြီးနောက် တောင်းခံနိုင်ပါသည်။ တိုက်ရိုက်လည်း တောင်းနိုင်သည်။

ဗရားသ်တွင် အငြင်းအခုံကိုရှောင်ရန်လည်း လိုအပ်သလို ကိုယ်ကတော့ ဘယ်အိဗာဒသ်ကို လုပ်ပြီးသွားပါပြီစသဖြင့် အိဗာဒသ်ကြွားသည့်စာသားများကိုလည်း ရှောင်ကြပါရန် တိုက်တွန်းပါသည်။ အလ္လာဟ်အရှင်မြတ် လိုလားသည့် အိဗာဒသ်မျိုးမှာ အလ္လာဟ်နှင့် လူသားအကြားက နှစ်ကိုယ်တည်း တွေ့ဆုံမှုဖြစ်သည်။ ဗရားသ်ည၏ အိဗာဒသ်မှာ လူသိရှင်ကြား လုပ်ရမည့် အိဗာဒသ်မျိုးမဟုတ်ပါ။ စိတ်တည်ငြိမ်စွာဖြင့် အလ္လာဟ်ရှေ့တွင် ကိုယ့်အခက်အခဲများကို ပြောပြီး ရှေ့တနှစ်စာအတွက် ကိုယ်ဆန္ဒများအား ပြောပြတောင်းခံရမည့် အချိန်ဖြစ်ပါသည်။ အဖက်ဖက်က ဖိသ်နာပေါင်းစုံ ၀ိုင်းရံခံနေရသည့် ကာလသို့ရောက်နေပြီဖြစ်လို့ ကိုယ့်ရှေ့လျှောက်ကို အလ္လာဟ်အရှင်ကူညီဖို့ တညတာ ရင်းနှီးရမည့် ညဖြစ်ပါသည်။ တညတာ ရင်းနှီးခြင်းသည် တနှစ်တာအတွက် အကောင်းဆုံးသော အကျိုးကျေးဇူးများလည်း ရနိုင်သလို မိမိတဘ၀စာအတွက် ပြောင်းလဲသွားပေးနိုင်မည့် ညတညဖြစ်ပါသည်။ သုံးတတ်ပါက ဆေးဖြစ်မည်။ မသုံးဘဲ ဖြုန်းပစ်ပါက ဘာမှမရသလို အခန့်မသင့်လျှင် ဘေးအန္တရာယ် (အကုသိုလ်)လည်း ဖြစ်နိုင်ပါသည်။

ကုသိုလ်များစွာပေးသည့် အချိန်ကာလများတွင် မကောင်းမှု၏ ပြစ်ဒဏ်သည်လည်း သာမန်ရက်များထက် ပိုတိုးသွားသည်ကို သတိပြုပါ။
မည်သည့်နဖိလ်အိဗာဒသ်ကိုမဆို ဤညတွင် ဖတ်၍ ဒုအာလုပ်ပါ။ ညပေါင်းများစွာ တညလုံး အိပ်ဖူးသည်။ လောကီရဲ့ အကျိုးအမြတ်ရဖို့အတွက်လည်း တညလုံး အိပ်ရေးအပျက်ခံပြီး အလုပ်လုပ်ဖူးပါလိမ့်မည်။ ယခုညသည် လောကီ၊ လောကုတ္တရာ နှစ်ခုလုံး၏ အကျိုးအမြတ်ကို တညတည်းနှင့် ရနိုင်မည့် ညဖြစ်ပါသည်။ ထို့ကြောင့် အတတ်နိုင်ဆုံး ကောင်းမှုများကို များစွာကျင့်ဆောင်ပြီး လိုရာဆန္ဒများကို တောင်းခံကြပါ၊ စုပေါင်းဒုအာများ တောင်းပြီးပါကလည်း တဦးချင်းလည်း ဒုအာထပ်တောင်းပါ၊ တဦးချင်း အမလ်လုပ်ပြီး တဦးချင်း ထပ်မံတောင်းခံ၍ ဗရားသ်၏ ဆုလာဘ်များအား အရယူကြပါရန် တိုက်တွန်းအပ်ပါသည်။
 အလ်မုဖီးဒ်
ဟစ်ဂျရီ 1439/ ရှအ်ဗာန်လ/ 14 ရက်။
2018/ 5လ/ 1 (အင်္ဂါနေ့)
မည်သူမဆို ရှဲနိုင်သည်။ စာသာကော်ပီယူသူများ အမည်အပြည့်အစုံ ကူးပါ။



ဗရားသ်ဆိုင်ရာ တခြားသော မှတ်သားဖွယ်ရာများအား ဖော်ပြပြီးသားများ ရှိသဖြင့် လင့်ကိုသာ ဖော်ပြပေးလိုက်ပါသည်။

https://www.facebook.com/almufeed.mm/photos/a.384419661678629.1073741825.383183328468929/977926825661240/?type=3

https://www.facebook.com/almufeed.mm/photos/a.384419661678629.1073741825.383183328468929/1303545746432678/?type=3&permPage=1