Showing posts with label For Girls (အမျိုးသမီးကဏ္ဍ). Show all posts
Showing posts with label For Girls (အမျိုးသမီးကဏ္ဍ). Show all posts
Sunday, December 30, 2018
မျက်နှာအဇားဗ်ကျခြင်း
လူရုပ်ကနေ ကြောင်ရုပ် ခွေးရုပ် ပြောင်းနေကြသူများ ....
ယခင်က အဇားဗ်ကျ၊ ပြစ်ဒဏ်ခတ်ခံရမှ လူတွေက ခွေးရုပ် ၀က်ရုပ် မျောက်ရုပ် စသဖြင့် ရုပ်ပြောင်းခံရတယ်။
ယခုတော့ အဇားဗ်မကျဘဲ ကိုယ့်ဘာသာကိုယ် ဒဏ်ခတ်ပြီး ကိုယ့်ရုပ်ကို ကိုယ်တိုင် ခွေးရုပ် ကြောင်ရုပ်ဖြစ်အောင် လုပ်ကြတယ်။ (ကိုယ့်အဇားဗ် ကိုယ်ချနေကြတာ)
အဖန်ဆင်းခံ အားလုံးထဲမှာ လူက အမြတ်ဆုံးလို့ အလ္လာဟ်က သတ်မှတ်ပေးထားတယ်။
ဒါပေမယ့် အဲဒီ အမြတ်ဆုံး အဆင့်အတန်းကို ရထားတဲ့ လူက နိမ့်တဲ့အဆင့်အတန်းက တိရိစ္ဆာန်တွေနဲ့ သွားတူချင်နေကြတယ်။ ကိုယ့်ကိုယ်ကိုယ် ကြောင်နားရွက်တွေ၊ ခွေးနားရွက်တွေ၊ ခွေးနှာခေါင်းတွေတပ်ပြီး တိရိစ္ဆာန်သဏ္ဍာန်တွေနဲ့ တူအောင် လုပ်ပစ်လိုက်တယ်။
ဘ၀ပေးအခြေအနေ အကြောင်းပြောရင် အမြင့်ဆုံး အကောင်းဆုံး အရာတွေနဲ့ တူလိုတယ်၊ အဲ့ဒီလို ဖြစ်လိုတယ်၊ ပိုက်ဆံဆို အချမ်းသာဆုံး၊ ဥာဏ်ဆို အကောင်းဆုံး၊ ကျန်းမာရေး အကောင်းဆုံး စသဖြင့် ဖြစ်လိုပေမယ့် အလ္လာဟ်ကိုယ်တိုင် သတ်မှတ်ပေးထားတဲ့ အကောင်းဆုံး၊ အမြတ်ဆုံး အဖန်ဆင်းခံဆိုတဲ့ ဆုကိုတော့ ခွေးရုပ် ကြောင်ရုပ်တွေနဲ့ ပြောင်းပြစ်ကြတယ်၊ တိရိစ္ဆာန်ရုပ်တွေနဲ့ တူလိုကြတယ်။
လူကို အလှဆုံး ရုပ်သဏ္ဍာန်အဖြစ် ဖန်ဆင်းထားတယ်ဆိုပြီး ကမ္ဘာ့ဖန်ဆင်းရှင် အလ္လာဟ်က ပြောထားတယ်။ လူ့ရဲ့ ရုပ်ဆင်းသဏ္ဍာန်၊ ပုံစံဟာ ကမ္ဘာပေါ်မှာရှိရှိသမျှ အရာအားလုံးထက် အလှဆုံးဖြစ်တယ်။ လူထက် လှတာ ဘာမှမရှိဘူး။ လူမှအပ ကျန်တဲ့ အလှအပတွေက အလှဆုံးလူတွေ အရသာခံဖို့ ဇိမ်ခံဖို့ ကြည်နူးဖို့ ဖန်ဆင်းပေးထားတာ။ အလှဆုံးလူက အလှဆုံးမဟုတ်တဲ့ အကောင်ပလောင်တွေ တိရိစ္ဆာန်တွေနဲ့ မတူချင်ကြပါနဲ့။ တိရိစ္ဆာန်စိတ်လို့ ပြောရင် မကောင်းတဲ့ ဘက်ကို ရည်ညွှန်းကြောင်း လူစိတ်ရှိသူတိုင်း သိတယ်၊ တိရိစ္ဆာန်ရုပ်ထွက်နေတယ် ပြောရင်လည်း မကြိုက်ကြပါဘူး။ မျက်နှာ၊ ခန္ဓာကိုယ်၊ ခြေ၊ လက် စတာတွေကို တိရိစ္ဆာန်နဲ့ တူအောင်လည်း မလုပ်ကြပါနဲ့။ တဖြေးဖြေးနဲ့ တိရိစ္ဆာန်စိတ်တွေ တိရိစ္ဆာန် စရိုက်၊ တိရိစ္ဆာန်အကျင့်တွေ ရှိလို့ ရှိမှန်းမသိအောင် နှလုံးသားထဲမှာ ၀င်အောင်းလာပါလိမ့်မယ်။ ရုပ်သဏ္ဍာန်ပြောင်းခြင်း အဇားဗ်ကို အချိန်အကုန်ခံပြီး ကိုယ့်မျက်နှာကို ကိုယ်တိုင် ပြစ်ဒဏ်မခတ်ကြပါနဲ့။
နည်းပညာတိုင်းကို အသုံးပြုဖို့ တာဝန်မရှိဘူး။ အပလီကေးရှင်းတိုင်းကို စမ်းသပ်နေဖို့ မလိုအပ်ဘူး။ နည်းပညာအသစ်တိုင်း ရှရီအသ်နဲ့ စမ်းစစ်ပြီးမှ၊ ကိုယ့်အာခိရသ်အတွက် အကျိုးရှိ၊ မရှိ စဉ်းစား ဆင်ခြင်ပြီးမှ အသုံးပြုကြပါ။ အပလီကေးရှင်းသုံးပြီး တိရိစ္ဆာန်ရုပ်ပြောင်းကာ ကိုယ့်ကိုယ်ကိုယ် ဒဏ်ခတ်နေခြင်းကို မလုပ်ပါနဲ့။
လူရုပ်ကနေ ကြောင်ရုပ် ခွေးရုပ် ပြောင်းနေကြသူများဟာ ကိုယ့်မျက်နှာကိုယ် အဇားဗ်ချနေသူတွေနဲ့ တူပါတယ် .... အဇားဗ်ကနေ ရှောင်ကြပါ။
Credit >> အလ်မုဖီးဒ်
Saturday, May 6, 2017
ရာသီမလာရန် ဆေးသုံးပြီး ရိုဇဟ်ထားခြင်းဆိုင်ရာ ပညတ်ချက်
ယနေ့အခါတွင် မွတ်စ်လင်မ်အမျိုးသမီးအများစုတို့အတွင်း၌ ရာသီမလာရန် ဆေးများသုံးပြီး ရမဿွာန်လ၏ ရိုဇဟ်ထားခြင်း၊ ညထူးညမြတ်များရောက်လျှင် ရာသီရပ်သွားရန် လုပ်ဆောင်ခြင်းများကို ကြားသိနေရသည်။ ယင်းသို့ လုပ်ဆောင်ခွင့် ရှိမရှိကိုလည်း မေးမြန်းနေသည်များအား တွေ့နေရသည်။ ထိုကိစ္စနှင့်ပတ်သက်၍ အမျိုးသမီးအားလုံး အသိတရားအမှန်ရစေရန် အလ်မုဖီးဒ်ကနေ တင်ဆက်လိုက်ခြင်း ဖြစ်သည်။
ကုသိုလ်(စဝါးဗ်)ဟူသည် ရှရီအသ်က သတ်မှတ်ထားသည့်အတိုင်း လိုက်နာခြင်းတွင်သာ ရှိကြောင်း မွတ်စ်လင်မ်အမျိုးသမီးတို့ အဓိက သိထားရပါမည်။ ရာသီလာခြင်းဟူသည် အလ္လာဟ်အရှင်မြတ်က အမျိုးသမီးတိုင်းအတွက် သတ်မှတ်ထားသည့် သဘာဝဖြစ်စဉ်တခုမျှသာဖြစ်၏။ အစ္စလာမ်တွင် ရာသီလာနေသည့် အမျိုးသမီးအား သန့်နေသည့် အမျိုးသမီးနည်းတူ အခွင့်အရေးများ ပေးထားသည်။ ထို့အတူ အချို့အချို့သော တာဝန်များအား ပလပ်ပေးထားသည်။ ဤသည်မှာ အလ္လာဟ်အရှင်မြတ်က လူသားများထဲမှ မွတ်စ်လင်မ် အမျိုးသမီးတို့ကိုသာ အထူးပေးထားသည့် အခွင့်အရေးဖြစ်သည်။ အကယ်၍သာ ရာသီလာခြင်းကို တားပြီး ရိုဇဟ်ထားဖို့ရန် လိုအပ်ခဲ့မည်ဆိုပါက ရမဿွာန်ဟူသည် တစ်နှစ်တွင် တလသာ တာဝန်ရှိသည့် ဖရ်ဇ်ဖြစ်သည်။ နေ့တိုင်း တနေ့ကို ငါးကြိမ် နမားဇ်ဖတ်ရန် ဖရ်ဇ်ကို လတိုင်း ကြုံတွေ့နေရသည်။ နမားဇ်သည် ရိုဇဟ်ထက်ပို၍ ကြုံနေရသည့် ဖရ်ဇ်တာဝန်ဖြစ်၏။ ထိုတာဝန်ကို မလစ်ဟင်းစေဘဲ ဆောက်တည်ဖို့ရာ တစ်နှစ်တခါထက် လတိုင်း လတိုင်းက ပို၍ အရေးကြီးပါမည်။ ထို့ကြောင့် လတိုင်းတွင် အနည်းဆုံး ငါးရက် ခုနှစ်ရက် နမားဇ်မဖတ်ရခြင်းအတွက် ဆေးသောက်ပြီး ရာသီမလာအောင်လုပ်ပြီး နမားဇ်ဖတ်ရန် သတ်မှတ်ရပါလိမ့်မည်။ ရှရီအသ်တွင် ထိုသို့မသတ်မှတ်ထားပါ။ ရှရီအသ် စတင်ရာ တမန်တော်မြတ်ရှိစဉ်မှစ၍ မည်သည့် ဆွဟာဗီအမျိုးသမီးကမျှ ရာသီလာခြင်းကို တားဆီးပြီး ရိုဇဟ်စောင့်ခဲ့သည်ဟူ၍ မရှိပါ။ (ဤစကားပြောလို့ အရင်က အဲ့ဒီလို ဆေးမှမရှိတာဟု စောဒကမတတ်ပါနှင့်။ ယနေ့ခေတ်၏ ခေတ်သစ်ပစ္စည်းအားလုံးသည် ယခင်ကာလကတည်းက ရှိပြီးသားများသာ ဖြစ်သည်။) တစ်နှစ်တခါ ကြုံရသည့် ဖရ်ဇ်အတွက်လည်း ဆေးများသုံးပြီး ရိုဇဟ်ထားဖို့ တာဝန်မရှိသလို နဖိလ်အိဗာဒသ်အတွက်လည်း ရာသီလာနေခြင်းအား တားဆီးခြင်း၊ ရပ်တန့်စေခြင်း လုံးဝမပြုရပါ။ ရာသီလာခြင်းကို တားပြီး အိဗာဒသ်လုပ်မည်၊ ရိုဇဟ်ထားမည် စသည့် ခံယူချက်များရှိပါက ဖျက်ပါ။ အိဗာဒသ်သည် နမားဇ်တခုတည်း ရှိသည်မဟုတ်ပါ။ ထို့အတူ ဆေးသောက်ပြီး ရိုဇဟ်ထားဖို့ အစ္စလာမ်က မစေခိုင်းထားပါ။ ရှရီအသ်၏ လွယ်ကူမှုကို လွယ်ကူမှုအတိုင်းထားပါ။ မခက်ခဲစေပါနှင့်။ ယင်းသို့ ဆေးသောက်၍ ရာသီရပ်ဆိုင်းစေခြင်းနှင့်ပတ်သက်သည့် ပညတ်ချက်ကို ပြန်လည် ဖော်ပြလိုက်ပါသည်။ မသိသူများလည်း သိသွားအောင်၊ သိပြီးသားများလည်း ပိုမှတ်မိအောင်၊ မိမိ၏ မိတ်ဆွေများတွင် ထိုသို့ ခံယူချက်များ ရှိနေပါက အမှန်ကို ပြောပြနိုင်အောင် ရည်ရွယ်ပါသည်။ (အလ်မုဖီးဒ်)
ဓမ္မတာဆိုင်းငံ့ခြင်း
ရမ်ဇာန်လနှင့် အခြားသောထွတ်မြတ်သည့် နေ့များအတွက် ဆေးသောက်၍ ဓမ္မတာဆိုင်းငံ့ခြင်း
မေး - အမျိုးသမီးများအနေဖြင့် ရမ်ဇာန်လ၏ ရိုဇာဟ်အတွက်ဖြစ်စေ၊ အခြားသော နေ့ထူးနေ့မြတ်တို့တွင် နမားဇ်၊ သိလာဝသ်များ ပြုနိုင်ရန်အတွက် လစဉ်ဓမ္မတာဆင်းခြင်းကို ဆိုင်းငံ့ရန်အတွက် ဆေးများသုံးစွဲခွင့်ရှိပါသလား။ အစ္စလာမ့်လမ်းညွှန်မှုကို သိရှိလိုပါသည်။
ဖြေ - အထက်ပါပုံစံ ဆေးသုံးစွဲ၍ရိုဇာဟ်ထားခြင်းဖြင့် ရိုဇာဟ်ပိုင်သွားမည်။ သို့သော် အစ္စလာမ့်က တောင်းဆိုထားခြင်းမရှိပါ။ ဆေးပညာအရ အချို့ဆိုးကျိုးများရှိသည်ဟု ဆရာဝန်များက ဆိုကြသည်။ ထို့ကြောင့် ရှောင်ကြဉ်ခြင်းက ပိုကောင်း၏။
မှတ်ချက်။ နားလည်မှုမှားနေကြသော အကြောင်းအရာတစ်ခုမှာ "ဆေးသုံးစွဲ၍ ရိုဇာထားလိုက်ခြင်းက (ရိုဇာကို ခဏရပ်ဆိုင်းလိုက်ပြီး) ကဇွာဖြည့်ရခြင်းထက် ပိုမွန်မြတ်သည်" ဟူသည့် နားလည်ယူဆမှု ဖြစ်သည်။ ထိုနားလည်ယူဆထားမှုသည် လုံးဝမှား၏။ အမှန်မှာ ......ဆေးသုံးပြီး ရိုဇာထားလိုက်ခြင်းဖြင့် စဝါးဗ် အကျိုးကုသိုလ်တွင် တစက်ကလေးမှ ပိုမရသွားသလို ဆေးမသုံးဘဲ ကဇွာလုပ်လိုက်လျှင်လည်း အကျိုးစဝါးဗ်တွင် လုံးဝလျော့နည်းမည် မဟုတ်ပေ။
{ ကြည့် ကေသာဗွလ် ဖသာဝါကျမ်း}
ကုရ်အာန်ကျမ်းတော်မြတ် (နှစ်ပါရဟ်မှ အာယသ်တော် (ယိုရီးဒွတ်လ်လားဟို့ ဗေ့ကိုမွလ် ယွတ်စ်ရ ဝလာယိုရီးဒို့ ဗေ့ကိုမွတ်လ် အွတ်စ်ရ) အဓိပ္ပါယ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထံမှ လွယ်ကူမှုကိုလိုလားပြီး ခက်ခဲမှုကို မလိုလားပေ။ ဟု မိန့်ဆိုထားတော်မူပါသည်။
ရေးသားသူ >> Abu onaiyeis
~ အလ်မုဖီးဒ် ~
ဟစ်ဂ်ျရီ ၁၄၃၆/ ရှအ်ဗာန်/ ၁၅/ ယောင်မုလ်အရ်ဗာအ်
ရာသီမလာစေရန် ဆေးသောက်တားခြင်း၏ အကျိုးဆက်ကို ဆေးပညာရှုထောင့်မှ ဖော်ပြထားခြင်း
ရာသီမလာရန် ဆေးသောက် တားခြင်း
ယခုခေတ် အမျိုးသမီးအများစုတို့သည် ရမဿွာန်လတွင် ရိုဇာကဇွာမဖြစ်ရန်နှင့် ကဒရ်ညမြတ် (အခြားသော နေ့ထူးနေ့မြတ်များ)တွင် အိဗာဒသ်များပြုလုပ်နိုင်ရန်ဟု ရည်ရွယ်၍ ဓမ္မတာမဆင်းစေရန် တားဆေးများ သုံးစွဲကြသည်။ ထိုလုပ်ရပ်သည် လုံးဝမှားယွင်းပြီး ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်သည်။ ဦးစွာပထမကျန်းမာရေးထိခိုက်စေသော အကြောင်းရာများအား တင်ပြပါမည်။ ထိုးဆေးများသုံးစွဲပါက ကိုယ်အလေးချိန် တက်လာမည်။ နောက်ပိုင်းတွင် ရာသီပုံမမှန်ခြင်း ဖြစ်လာနိုင်သည်။ ခေါင်းကိုက်ဝေဒနာရှင်များ သုံးစွဲပါက ရောဂါအခြေနေ ပိုဆိုးရွားသွားနိုင်သည်။ခန္ဓာကိုယ်တွင် ရေဓါတ်များလာမည်။ စိတ်ဝေဒနာရှင်များ လုံးဝမသုံးစွဲသင့်ပါ။ သောက်ဆေးကိုလည်း မလိုအပ်ပါက မသုံးစွဲသင့်ပါ။ (ဤအချက်အား D.R Aishah Rayaan(Dubai) က ပြောပြခြင်း ဖြစ်သည်။)
ယခု အစ္စလာမ့်အမိန့်ကို တင်ပြပါမည်။
အစ္စလာမ်သည် လူသား၏ ကျန်းမာရေးကို ဦးစားပေး ထောက်ထားမှုရှိသော ဘာသာတစ်ခု ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် လူသားများအား မနိုင်ဝန် မထမ်းခိုင်းပါ။ လူသားများ လုပ်နိုင်သော အီဗာဒသ်များကိုသာ လုပ်ရန် ဖရဇ်တာဝန် အဖြစ် ပြဋ္ဌာန်းပေးထားသည်။ ကုရ်အာန်ကျမ်းမြတ်တွင် အလ္လာဟ်အရှင်မြတ်က "လာ ယုကလ် လိဖုလ်လာဟု နဖ်ဆန်၊ အိလ်လာ ဝုဆ်အဟာ" အလ္လာဟ်အရှင်မြတ်သည် လူသားအား ၄င်းတတ်နိုင်သည်ခန့်သာ တာဝန်ပေးတော်မူ၏ ဟု မိန့်တော်မူထားသည်။ မိမိကိုယ်ခန္ဓာအား အဓမ္မစေခိုင်း၍ ဒုက္ခရောက်အောင် ပြုလုပ်ခြင်းကို တမန်တော်မြတ် ကိုယ်တိုင် တားထားတော်မူ၏။ ဆွဟာဗီအမျိုးသမီးတစ်ဦးသည် သဟဂ်ျဂျွဒ်အချိန် အိပ်မငိုက်စေရန် မိမိ၏ဆံပင်အား တိုင်ဖြင့်ချည်ထားကြောင်း တမန်တော်မြတ် သိသောအခါ ထိုသို့မလုပ်ရန် တားမြစ်လိုက်၏။ ထိုနည်းတူ ဆွဟာဗဟ်တစ်ပါးသည် နေ့စဉ်ရက်ဆက် ရိုဇာထား၍ ညစဉ်ညတိုင်း နမားဇ်ဝတ်ပြု၍နေသည်။ တမန်တော်မြတ်သည် ထိုဆွဟာဗဟ်အားလည်း တားမြစ်ခဲ့သည်။ ဖေါ်ပြခဲ့သော ကုရ်အာန်အာယသ်နှင့် ဟဒီးစ်တော်များအရ အမျိုးသမီးတို့သည် ရမဿွာန်ရိုဇာ မပျက်စေရန်နှင့် ညထူးညမြတ်များတွင် အိဗာဒသ်လုပ်ရန်ရည်ရွယ်၍ တားဆေးများ သုံးစွဲခြင်းသည်လည်း မပြုလုပ်ရမည့်အရာဖြစ်ကြောင်း သုံးသပ်ရပါသည်။ လုံးဝမပိုင်၊ ဟရာမ်ဟု ဆိုလိုခြင်းမဟုတ်။
ယင်းကဲ့သို့ ပြုလုပ်ခြင်းတွင် ပုံစံနှစ်မျိုးရှိသည်။
(၁) ရာသီသွေး မပေါ်ခင်ကတည်းကပင် ကြိုတင် ဆေးသုံးစွဲကာ သွေးမပေါ်အောင် တားဆီးခြင်း။
(၂) ရာသီသွေးပေါ်ပြီးကာမှ ဆေးသုံးစွဲ၍ ရပ်တန့်စေခြင်း။ ပထမပုံစံမှာ သွေး လုံးဝပေါ်ခြင်းမရှိသည့်အတွက် ပိုင် သွားမည်။ ဒုတိယပုံစံမှာ သွေးပေါ်ပြီးကာမှ ရပ်တန့်စေသည့်အတွက် အမြဲသွေးပေါ်လေ့ရှိသော ရက်များ၏ နမားဇ်၊ ရိုဇာဟ်များ မပိုင်ပါ။ ထိုနေ့များ၏ ရိုဇာဟ်တို့အား ပြန်လည်ဖြည့်စွက်ရန် ဝါဂျိဗ်ဖြစ်သည်။ သဘာဝအား လွန်ဆန်ပြီး မိမိကျန်းမာရေးအား ထိခိုက်စေနိုင်သော နည်းလမ်းများအား သုံးစွဲ၍ တာဝန်ထမ်းဆောင်ခြင်းသည် မည်သို့မှအကျိုးမရှိပါ။ (ထိုသို့ပြုလုပ်ရန်လည်း အမိန့်မပေးထားပါ။ ထို့အတူ ယင်းသို့ ဖြစ်ပေါ်နေကြအရာအား တားဆီးပြီး အိဗာဒသ်ပြုလုပ်လျှင် ပိုမြတ်၏ဟုလည်း မိန့်ထားခြင်းမျိုးမရှိပါ။ အရှိအတိုင်းသာ အမိန့်နာခံရန် ခိုင်းထားခြင်း ဖြစ်၏။) ထို့ကြောင့် သဘာဝအတိုင်းပင် ဖြစ်လေ့ရှိတတ်သော ရာသီလာခြင်းအား မတားဆီးဘဲ အမလ်အိဗာဒသ်များ ပြုလုပ်ပါရန် တိုက်တွန်းအပ်ပါသည်။
အမျိုးသမီးတို့အတွက် ရိုဇဟ်ဆိုင်ရာ အသိပညာများအား ဤလင့်တွင် ဖတ်နိုင်ပါသည်။
http://aaitee.blogspot.com/2016/06/blog-post_12.html
အလ်မုဖီးဒ်
ရှအ်ဗာန်လ/၉/ ဟိဂ်ျရီ 1438 (ယောင်မုစ်စဗ်သိ)
6/5/2017(စနေနေ့)
Saturday, October 29, 2016
အဖြူဆင်းခြင်းဆိုင်ရာ ပညတ်ချက်များ
မွတ်စ်လင်မ်သည် တစ်နေ့တွင် ငါးကြိမ်နမားဇ်ကို မပြုမနေရတာဝန်အဖြစ် ထမ်းဆောင်ရသလို ယင်းနမားဇ်ကိုလည်း သန့်ပြန့်သည့် ခန္ဓာကိုယ်၊ သန့်ရှင်းသည့် အဝတ်အထည်နှင့် စင်ကြယ်သည့် နေရာတို့တွင် ဆောက်တည်ရသည်။ နေ့စဉ်တာဝန်တွင်ပါရှိသည့် နမားဇ်ကိုထမ်းဆောင်ရန် သန့်ရှင်းမှုသည့် အရေးကြီးပေသည်။ အစ္စလာမ်တွင် သန့်ရှင်းမှုပြုလုပ်ရသည့်နည်းကို အဆင့်ဆင့် ပြဌာန်းပေးထားသည်။ ကမ္ဘာ့လူသားထုတစ်ခုလုံးတွင် နှစ်မျိုးသာ ကွဲပြားသည့် ယောက်ျားနှင့် မိန်းမတို့အတွက် မတူညီသည့် ပြဌာန်းချက်များ ချမှတ်ပေးထားသည်။ ထိုထဲမှ ယခုဖော်ပြမည့် အကြောင်းအရာသည် အမျိုးသမီးများ ကြုံတွေ့ရသည့် အခြေအနေနှင့် သက်ဆိုင်ပါသည်။ အမျိုးသမီးဆိုင်ရာ ပညတ်ချက်များကို အမျိုးသားများလည်း လေ့လာထားရမည်။ အမျိုးသားတစ်ဦးသည် အမျိုးသမီးများစွာနှင့် ဆွေမျိုးတော်စပ်သူဖြစ်သည်။ အမျိုးသား၏ မွေးဖွားပေးသူမှာ အမျိုးသမီးဖြစ်သည်။ အဒေါ်များမှာ အမျိုးသမီးဖြစ်သည်။ အမ၊ ညီမများ၊ တပည့်မများ၊ လက်အောက်ဝန်ထမ်းမှ အမျိုးသမီးများ၊ တူမများ၊ ဇနီး၊ သမီး စသည်ဖြင့် အမျိုးသမီးများစွာနှင့် ပတ်သက်ဆက်နွယ်နေရသည်။ ထို့ကြောင့် အမျိုးသမီးနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို အမျိုးသားများပါ ဖတ်ရှုထားမည်ဆိုပါက မိမိနှင့် ပတ်သက်ဆက်နွယ်နေသူတို့အား ပြန်လည် သင်ပြ ပြောပြပေးနိုင်မည်။ ပညာရပ်ပိုင်းဆိုင်ရာကို ပညာသင်ဦးနှောက်ဖြင့် တွေးမြင် သင်ယူပါက ပညာတိုးမည်ဖြစ်ပါသည်။ ထို့ကြောင့် ယခုဖော်ပြမည့် အကြောင်းအရာကို အမျိုးသား၊ အမျိုးသမီးတိုင်း လေ့လာဖတ်ရှုပါ။ ပြန်လည် သင်ပြ၊ ဖြန့်ဝေပါဟု တိုက်တွန်းပါသည်။
အဖြူဆင်းခြင်း
အမျိုးသမီးတို့၏ သားအိမ်အတွင်းတွင်ရှိသော မျိုးဥ၊ ဆဲလ်စသည်တို့သည် သဘာဝအလျောက် ကြွေခြင်း၊ ပျက်စီးသွားခြင်းများ ဖြစ်သည်။ ယင်းသို့ဖြစ်သည့်အခါ သားအိမ်လမ်းကြောင်းမှနေ၍ ပြင်ပသို့ သွေး၊ အရည်ကြည်၊ အချွဲ စသည်များ ဆင်းသက်လာသည်။ အပျိုအရွယ်တွင် အများဆုံး ကြုံတွေ့ရသည်မှာ ရာသီသွေးဆင်းခြင်းဖြစ်သည်။ ရာသီနှင့်အတူ အဖြူဆင်းခြင်းသည်လည်း အမျိုးသမီး (အပျို၊ အိမ်ထောင်ရှင်)တို့တွင် အများအားဖြင့် ဖြစ်လေ့ရှိကြသည်။ အိမ်ထောင်ရှင်ဖြစ်ပြီးနောက် သားသမီးမွေးဖွားလျှင် မီးတွင်းသွေးဆင်းခြင်း ဖြစ်ပေါ်သည်။ ယင်းဖြစ်စဉ်အားလုံးသည် သားအိမ်မှ ဖြစ်ခြင်းဖြစ်၏။ ထိုသို့ဖြစ်လာသည့်အခါ ခဝပ်ဆည်းကပ်မှုဆိုင်ရာများတွင် လျှော့ပေါ့ပေးမှုများ၊ အချို့တာဝန်များကို ရပ်ဆိုင်းပေးခြင်းများရှိသည်။ ရာသီသွေး၊ မီးတွင်းသွေး၊ ယင်းသွေးနှစ်မျိုးတွင် သတ်မှတ်ကာလ ကျော်လွန်မှုတို့ကြောင့် ရောဂါသွေးဟု ပြောင်းလဲခေါ်ရသည့် အခြေအနေ စသည့်အကြောင်းအရာများကို အလ်မုဖီးဒ်မှ ရေးသားပြီးဖြစ်သည်။ ယခု အဖြူဆင်းခြင်းသည်လည်း ယင်းသားအိမ်မှပင် ဖြစ်ပေါ်ခြင်းဖြစ်ရာ ထိုအကြောင်းအရာနှင့် သက်ဆိုင်သည့် ပညတ်ချက်များကို ဖော်ပြမည်။
ဆေးပညာ၏ သတ်မှတ်မှုတွင် အဖြူဆင်းခြင်းသည် ရောဂါကြောင့် ဆင်းခြင်းရှိသလို၊ ကျန်းမာရေး ကောင်းခြင်းကြောင့် ဆင်းရသည်လည်း ရှိသည်ဟု မှတ်သားရသည်။ ကျန်းမာရေးကောင်းခြင်း ကြောင့်ဆိုသည်မှာ အဖြူဆင်းခြင်းကို အမျိုးသမီးတို့၏ သားအိမ်မှ သဘာဝအရ သန့်စင်ပေးသည့်အရည်ဟု ဖော်ပြထားသည်များရှိသည်။ အပျိုတွင်လည်း ဆင်းသလို အိမ်ထောင်ရှင်မများတွင်လည်း ဖြစ်ပေါ် တတ်သည်။
ကျန်းမာရေးချို့ယွင်းမှုကြောင့် အဖြူဆင်းသည်ဖြစ်စေ၊ သားအိမ်သန့်စင်ခြင်းကြောင့် အဖြူဆင်းသည်ဖြစ်စေ အခြေအနေနှစ်မျိုးလုံးကို ရှရီအသ်က မသန့်ဟုသတ်မှတ်သည်။ သားအိမ်အတွင်း ရှိနေစဉ်ကာလသည် ခန္ဓာကိုယ်အတွင်း ရှိသည် ဖြစ်သောကြောင့် ထိုအခြေအနေသည် သန့်နေသည်။ မွေးလမ်းကြောင်းအတွင်း ရှိနေသရွေ့ သန့်၏။ သို့သာမက သားအိမ်အပေါက်ဝတွင် (သားအိမ်ပေါက် အဝိုင်းလေးတည့်တည့်တွင်) ရှိနေသည်အထိ ပြင်ပသို့ရောက်သည်ဟု မသတ်မှတ်သေးပါ။ ခန္ဓာကိုယ်အပြင်ဘက်ထွက်လာလျှင် မသန့်ဟု သတ်မှတ်သည်။ အဖြူဆင်းခြင်းဟု ဆိုရာတွင် အရည်၊ အပျစ်၊ အခဲ၊ အချွဲ အားလုံးကို ဆိုလိုပါသည်။
(၁) အဖြူဆင်းသူနှစ်မျိုး
အဖြူဆင်းသူတို့တွင် ပုံစံနှစ်မျိုးရှိသည်။
(က) ပထမအမျိုးအစားမှာ တစ်ခါတရံမှ ဆင်းသူဖြစ်သည်။ တစ်နေ့လုံးတွင် တစ်ကြိမ်၊ နှစ်ကြိမ်ဆင်းမည်။ သို့မဟုတ် တစ်နာရီအတွင်းမှာပင် သုံးကြိမ်၊ လေးကြိမ်ဆင်းမည်။ နမားဇ်ကို သန့်ရှင်းမှုဖြင့် ဖတ်နိုင်သည့် အချိန်မျှ ရပ်တန့်မှုရှိသည်။ အဖြူဆင်းရာတွင် ပမာဏ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ထိုသို့သောသူမျိုးကို တစ်ခါတစ်ရံမှ အဖြူဆင်းသူဟု သတ်မှတ်သည်။
(ခ) ဒုတိယအမျိုးအစားမှာ အချိန်တိုင်း ဆက်တိုက် အဖြူဆင်းနေသူဖြစ်သည်။ ရာသီလာသကဲ့သို့ ဆင်းနေသည်။ ရပ်တန့်ချိန်နည်းပါးသည်။ နမားဇ်ကို သန့်ရှင်းမှုဖြင့် ဖတ်နိုင်သည့် အချိန်ခန့်မျှပင် ရပ်တန့်ခြင်းမရှိ။ ဆင်းသည့် ပမာဏ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ဆင်းသည့် အချိန်သည် ဆက်တိုက်ဖြစ်နေလျှင် ထိုသို့သောသူမျိုးကို ဆက်တိုက်ဆင်းသူဟု သတ်မှတ်သည်။
(၂) တူညီသည့် ပညတ်ချက်
နှစ်မျိုးလုံးအတွက် တူညီသည့် ပညတ်ချက်များကို ဦးစွာ ဖော်ပြမည်။ အဖြူဆင်းခြင်းကို မသန့်ဟု သတ်မှတ်သည့်အတွက် အဖြူဆင်းလျှင် ဝုဇူပျက်သည်။ ဝုဇူပျက်ခြင်းသာ ဖြစ်မည်။ ရေချိုးရန် ဝါဂျိဗ်မထိုက်ပါ။ ရိုဇဟ်ထားခွင့်ရှိသည်။ ရိုဇဟ်စောင့်ထိန်းနေစဉ် အဖြူဆင်းလျှင် ရိုဇဟ် မပျက်ပါ။ ဇနီးမောင်နှံ နေထိုင်ခွင့်ရှိသည်။ ကုရ်အာန် သိလာဝသ် လုပ်ခွင့်ရှိသည်။ ကုရ်အာန်ကျမ်းကို ထိတွေ့ကိုင်တွယ်လိုလျှင် ဝုဇူပြုရမည်။ ရေးသားလိုလျှင်လည်း ဝုဇူပြုရမည်။
(၃) ပထမအမျိုးအစားအတွက် ပညတ်ချက် (တစ်ခါတရံမှဆင်းသူ)
ပထမ အမျိုးအစားသည် တစ်ခါတရံမှ အဖြူဆင်းသူဖြစ်သဖြင့် အဖြူဆင်းသည်နှင့် ဝုဇူပျက်သွားမည်။ ခန္ဓာကိုယ်တွင် ပေကျံလျှင် ဆေးကြောရမည်။ အဝတ်အစားတွင် ပေကျံလျှင် ယင်းအဝတ်အစားသည် မသန့်ဖြစ်၏။ ဆေးကြော သန့်စင်ရမည်။
(မသန့်ပေကျံရာတွင် လက်ဖဝါးအချိုင့်လေး၏ အပြန့်အတိုင်းအတာထက် နည်းလျှင် မသန့်စင်ဘဲ နမားဇ်ဖတ်ခွင့် ပြုထားသည်။ သို့သော် ယင်းခွင့်ပြုချက်သည် သန့်စင်ရန် ရေအခက်အခဲ၊ လဲလှယ်ရန် အဝတ်အစား အခက်အခဲ ရှိသည့်ကာလအတွက် ဖြစ်၏။ ယနေ့အခါတွင်မူ အလ္လာဟ်အရှင်မြတ် အသနားတော်ဖြင့် အားလုံးသည် အသင့်အတင့် ချောင်လည်နေပြီ ဖြစ်သည်။ ထိုသို့ချောင်လည်ပါလျှက် ခန္ဓာကိုယ်ကို မဆေးကြော၊ အဝတ်အစား မလဲလှယ်ဘဲ နေခြင်းသည် မက္ကရူဟ်ဖြစ်ပါသည်။ လက်ဖဝါးအချိုင့်လေး၏ အပြန့်အတိုင်းအတာမျှ သို့မဟုတ် ထို့ထက်များလျှင် မဆေးကြောဘဲ နမားဇ်မပိုင်ပါ။)
နမားဇ်အတွင်း ရှိနေစဉ် ဆင်းလျှင် (အဖြူဆင်းသည်နှင့် ဝုဇူပျက်သွားပြီ ဖြစ်သောကြောင့်) ယင်းနမားဇ်ပျက်သည်။ နမားဇ်အစပြုချိန်က အသန့်ဖြစ်သည်။ (အဖြူဆင်းခြင်း မရှိ) နမားဇ်တဝက်တွင် အဖြူဆင်းလျှင် ခန္ဓာကိုယ်နှင့် အဝတ်အစားကို သန့်ရှင်းအောင်ပြုပြီးနောက် အစမှ ပြန်ဖတ်ရမည်။ နမားဇ်ဟု ဆိုရာတွင် ဖရ်ဇ်၊ ဝါဂျိဗ်၊ စွန္နသ်၊ နဖိလ်၊ ကဇွာ အားလုံးပါဝင်ပါသည်။
(၄) ဒုတိယအမျိုးအစားအတွက် ပညတ်ချက် (ဆက်တိုက်ဆင်းသူ)
ဒုတိယအမျိုးအစားသည် အချိန်တိုင်း အဖြူဆင်းနေသူဖြစ်သည်။ နမားဇ်ကို သန့်ရှင်းမှုဖြင့် ဖတ်နိုင်သည့် အချိန်ခန့်မျှပင် အဖြူဆင်းခြင်းသည် ရပ်တန့်မှု မရှိပေ။ ထိုသို့သော အခြေအနေရှိသူကို ရှရီအသ်တွင် مَعْذُوْرٌ အခွင့်ရှိသူဟု သတ်မှတ်သည်။ သဘောမှာ နမားဇ်ကို သန့်ပြန့်မှုနှင့်တကွ ဖတ်နိုင်စွမ်းမရှိသူ ဖြစ်သည်။ ထိုသို့ဖြစ်သူအတွက် သီးသန့်သတ်မှတ်မှုများ ရှိပါသည်။
(၅) အခွင့်ရှိသူ ( مَعْذُوْرٌ ) အတွက် စည်းကမ်းချက်နှင့် ပညတ်ချက်
အခွင့်ရှိသူနှင့် သက်ဆိုင်သည့် ရှရီအသ်၏ စည်းမျဉ်းကို ဖော်ပြမည်။ အခွင့်ရှိသူဖြစ်ရန်အတွက် စည်းကမ်းချက် နှစ်ခုရှိသည်။ စည်းကမ်းချက် တစ်ခုမှ အခွင့်ရှိသူဖြစ်ရန်အတွက် ဖြစ်သည်။ ဒုတိယစည်းကမ်းချက်မှာ အခွင့်ရှိသူအဖြစ် ရှိနေရန်အတွက် ဖြစ်၏။
(က) ပထမစည်းကမ်းချက် (အခွင့်ရှိသူဖြစ်ရန်)
အခွင့်ရှိသူဖြစ်ရန်အတွက် ၎င်းသည် နမားဇ်အချိန်ပြည့်တစ်ခုလုံး၌ သန့်ပြန့်မှုနှင့်တကွ နမားဇ်ဖတ်ရန် အခွင့်အရေးမရပေ။ (ပမာ ဇုဟုရ်အချိန်သည် မွန်းတိမ်း ၁၂နာရီက စပြီး အဆွရ်အချိန် ညနေ ၄နာရီအထိ ဖြစ်သည်။ ထိုအတောအတွင်း ဆက်တိုက် အဖြူဆင်းနေသည်။ အနည်းငယ်မျှ ရပ်တန့်ခြင်းမရှိ။) သို့ဆိုလျှင် ၎င်းသူသည် مَعْذُوْرٌ အခွင့်ရှိသူ ဖြစ်၏။
အခွင့်ရှိသူ၏ ပညတ်ချက်မှာ နမားဇ်အချိန်တိုင်းတွင် တစ်ကြိမ် ဝုဇူပြုလုပ်ပါ။ ထိုနမားဇ်အချိန် မကုန်မချင်း (အခွင့်ရသည့် အကြောင်းအရာမှအပ အခြားသော ဝုဇူပျက်စေသည့် အခြား အကြောင်းအရာမဖြစ်ပေါ်လျှင်) ဝုဇူရှိနေသူ ဖြစ်မည်။ ထိုသို့ဝုဇူပြုပြီးနောက် အဖြူဆင်းလျှင်လည်း ဝုဇူမပျက်ပါ။ ထိုနမားဇ်အချိန် ကုန်သွားလျှင် ဝုဇူပျက်သွားမည်။ နောက်ထပ်နမားဇ်အချိန်အတွက် နောက်ထပ်ဝုဇူတစ်ခု ပြုလုပ်ရမည်။
မှတ်ချက်။ အခွင့်ရသည့် အကြောင်းအရာမှအပ အခြားသော ဝုဇူပျက်စေသည့် အခြား အကြောင်းအရာမဖြစ်ပေါ်လျှင် ... ဟူသည်မှာ အဖြူဆင်းခြင်းသည် ဝုဇူပျက်စေသည့် အကြောင်းအရာဖြစ်သည်။ သို့သော် ယခု ဆက်တိုက်အဖြူဆင်းနေသဖြင့် အခွင့်ရှိသူ ဖြစ်သွားသည်။ ထို့ကြောင့် အဖြူဆင်းခြင်းသည် အခွင့်ရသည့် အကြောင်းအရာဖြစ်သည်။ နမားဇ်အချိန် တစ်ခုတွင် ဝုဇူပြုပြီးနောက် အဖြူဆင်းလျှင် ဝုဇူမပျက်ပါ။ အကြိမ်မည်မျှပင် ဆင်းသည်ဖြစ်စေ ဝုဇူမပျက်ပါ။ လေလည်ခြင်း၊ အန်ခြင်း၊ ကျင်ကြီး၊ ကျင်ငယ်စွန့်ခြင်း။ ခန္ဓာကိုယ်တစ်နေရာရာမှ သွေး၊ ပြည်ထွက်၍ စီးကျသွားခြင်းတို့သည် ဝုဇူပျက်စေသည့် အခြားအကြောင်းအရာ ဖြစ်သည်။ ထိုအကြောင်းအရာများ ဖြစ်ပေါ်လျှင် ဝုဇူပျက်မည်။
နမားဇ်အချိန်တစ်ခုအတွက် ပြုလုပ်ထားသော ဝုဇူဖြင့် ယင်းနမားဇ်အချိန်အတွင်း စွန္နသ်၊ နဖိလ်၊ ကဇွာ အကုန်ဖတ်နိုင်သည်။ သိလာဝသ်လည်း ပြုနိုင်ပါသည်။ နမားဇ်အချိန်ကုန်လျှင် အခွင့်ရှိသူ၏ ဝုဇူ ပျက်သွားမည်။ နောက်နမားဇ်အချိန်တစ်ခုအတွက် ဝုဇူအသစ်ပြုလုပ်ရမည်။
ဖဂျရ်ချိန်တွင် ဝုဇူပြုထားလျှင် နေထွက်ပြီးနောက် ယင်းဝုဇူပျက်သွားသည်။ နေထွက်ပြီးနောက် ဝုဇူပြုထားလျှင် ထိုဝုဇူဖြင့် ဇုဟုရ်နမားဇ် ဖတ်ခွင့်ရှိသည်။ (အခြားအကြောင်းတစ်ခုခုကြောင့် ဝုဇူမပျက်သေးပါက) ဇုဟုရ်အချိန်တွင် ဝုဇူအသစ် ထပ်လုပ်ရန် မလိုအပ်ပါ။ အဆွရ်အချိန်ဝင်လျှင် ဇုဟုရ်၏ ဝုဇူပျက်သည်။ အဆွရ်အတွက် ဝုဇူအသစ်ထပ်လုပ်ရမည်။ ထိုပုံစံအတိုင်း အခြားနမားဇ်အချိန်များကိုလည်း မှတ်ယူပါ။ (ဗဟစ်ရှ်သီး ဇေဝရ်ကျမ်း၊ တွဲ ၁၊ စာ ၅၄၊ မအ်ဇူးရ်ကေးအဟ်ကားမ် မတ်စ်အလဟ်အမှတ် ၂)
(ခ) ဒုတိယစည်းကမ်းချက် (အခွင့်ရှိသူအဖြစ် ရှိနေရန်)
အခွင့်ရှိသူအဖြစ် ရှိနေရန်အတွက် အခွင့်ရသည့်အကြောင်းအရာသည် နမားဇ်အချိန်တစ်ခုတွင် အနည်းဆုံးတစ်ကြိမ် ဖြစ်ရမည်။ ထိုသို့ဖြစ်မှသာ အခွင့်ရှိသူအဖြစ် ရှိနေမည်။ လက်ရှိနမားဇ်အချိန်အတွက် အခွင့်ရှိသူ ဖြစ်နေမည်။ ထို့အတူ ရှေ့လာမည့် နမားဇ်အချိန်အတွက်လည်း အခွင့်ရှိသူ ဖြစ်နေမည်။
(၆) အခွင့်ရှိသူ မဖြစ်တော့ခြင်း
နမားဇ်အချိန်တစ်ခုတွင် အခွင့်ရသည့် အကြောင်းအရာသည် တစ်ကြိမ်မျှပင် ဖြစ်ပေါ်ခြင်း မရှိတော့လျှင် ၎င်းသည် အခွင့်ရှိသူ မဖြစ်တော့ပါ။ လက်ရှိနမားဇ်အချိန်အတွက်လည်း အခွင့်ရှိသူမဟုတ်တော့သလို လာမည့်နမားဇ်အချိန်အတွက်လည်း အခွင့်ရှိသူမဟုတ်တော့ပါ။ ထို့ကြောင့် ပထမအမျိုးအစား၏ ပညတ်ချက်များအတိုင်း လိုက်နာရမည်။ နောက်ထပ်နမားဇ်အချိန်များတွင် ပုံမှန်အတိုင်း ဝုဇူပြုလုပ်ပါ။ ထိုအချိန်တွင် အဖြူဆင်းပါက ဝုဇူပျက်မည်။ (အဘယ့်ကြောင့်ဆိုသော် အခွင့်ရှိသူ မဖြစ်တော့သောကြောင့် ဖြစ်၏။)
မှတ်ချက်။ အဖြူဆင်းသူ အမျိုးအစားနှစ်ခုကို သေချာစွာ နားလည်အောင် ဖတ်ပါ။ အမျိုးအစားနှစ်ခုမတူသလို အမိန့်သတ်မှတ်ပုံခြင်းလည်း မတူပါ။
(၇) အဖြူဆင်းခြင်း၏ အရောင်ဆင်း
အဖြူဆင်းခြင်းသည် အရည်၊ အချွဲ၊ အပျစ်အခဲ မည်သို့ပင် ဖြစ်စေ အဖြူရောင်ဖြစ်ရမည်။ အဝါရောင်၊ အညို၊ အမဲရောင်များဖြစ်လျှင် ရှရီအသ်၌ ရာသီသွေးဟုသတ်မှတ်သည်။ ထို့ကြောင့် ရာသီသွေး၏ ရက်အတွင်း ဆင်းခြင်းဖြစ်လျှင် ရာသီဟု သတ်မှတ်သည်။ ရာသီ၏ ရက်မဟုတ်ဘဲ ဆင်းသည့်အရာသည် ထိုအရောင်များဖြစ်လျှင် (اِسْتِحَاضَهْ အိစ်သိဟာဇွဟ်) ရောဂါသွေးဖြစ်သည်။
(က) မွေးလမ်းကြောင်း (သားအိမ်လမ်းကြောင်း) မှ စဆင်းသည့် အချိန်က အရောင်ကို အတည်ယူသည်။ ဂွမ်းစ၊ အတွင်းခံ စသည်များနှင့် ထိပြီးအရောင်းပြောင်းသွားခြင်း၊ ခြောက်သွေ့ပြီး ပြောင်းသွားသောအရောင်ကို အတည်မယူပါ။
(ခ) သားအိမ်အတွင်းမှ ဆင်းသက် အရည်၊ အချွဲ စသည်များကိုသာ မသန့်ဟု သတ်မှတ်သည်။ ခန္ဓာကိုယ်ပြင်ပ အရှက်အင်္ဂါတို့တွင် ချွေးကြောင့် စိုစွတ်ခြင်းကို မသန့်ဟု မသတ်မှတ်ပါ။ ချွေးကို မသန့်ဟု သတ်မှတ်မထားပါ။
အဖြူဆင်းသူများအနေဖြင့် အဝတ်အစားလဲရန် ခက်သည့်နေရာမျိုးနှင့် ကြုံရမည်ဆိုလျှင် အဖြူဆင်းသူများအတွက် ထုတ်လုပ်ထားသည့် တစ်ခါသုံးဂွမ်းကပ်များကို သုံးပါ။ ဂွမ်းကပ်တွင်သာ ပေကျံသဖြင့် အဝတ်အစားကို တိုက်ရိုက်မပေတော့ပါ။ နမားဇ်ဖတ်ခါနီး ဂွမ်းကပ်အဟောင်းကို ထုတ်ပစ်လိုက်ပြီး အသစ်ဝတ်ဆင်၍ နမားဇ်ဆောက်တည်နိုင်သည်။
(ကိုးကားကျမ်းများ၊ بهشتى زيور، آپ کےمسائل اور ان کا حل ،جلد 3 ، ص 581، خواتین اسلامی انسائیکلو پیڈیا ، ص 349 )
Credit ; အလ်မုဖီးဒ်က ရေးသားသည်။
မုဟရ်ရမ်လ၊ ၂၈၊ ဟိဂ်ျရီ ၁၄၃၈
29. 10. 2016 (စနေနေ့)
အမျိုးသမီးများဆိုင်ရာ အသိပညာများကို အောက်ပါလင့်များတွင် ဖတ်နိုင်ပါသည်။
ရာသီသွေးဆိုင်ရာ ပညတ်ချက်
http://aaitee.blogspot.com/2015/10/blog-post_84.html
မီးတွင်းသွေးဆိုင်ရာ ပညတ်ချက်
http://aaitee.blogspot.com/2015/10/blog-post_74.html
သားအိမ်အတွက် ဒုအာ
http://aaitee.blogspot.com/2015/10/blog-post_2.html
အမျိုးသမီးများ နမားဇ်ဆောက်တည်ရာတွင် သတိပြုရမည့် အချက်များ
http://aaitee.blogspot.com/2014/10/blog-post_16.html
Tuesday, August 2, 2016
ကိုယ်ဝန်ဆောင်အမျိုးသမီးများ နမားဇ်ဖတ်ရာ၌ သတိပြုရမည့်အချက်များ
** မွစ်လင်မ်အမျိုးသား၊ အမျိုးသမီးတိုင်း လေ့လာပါ။ မွစ်လင်မ်တို့အနေဖြင့် နောက်မွစ်လင်မ်တစ်ဦးနှင့် တွေ့ဆုံသည့်အခါ အကြောင်းအရာတိုက်ဆိုင်ပါက ပြောပြလမ်းညွှန်ပေးနိုင်ပါသည်။ ကိုယ်နှင့်မဆိုင်ဟူ၍ သီးသန့်မနေပါနှင့်။ ဒီးန်ရေးရာကို မည်သူမဆို လေ့လာဆည်းပူးပါက အကျိုးမယုတ်ပါ။
အစ္စလာမ်၌ နမားဇ်သည် အရေးအကြီးဆုံးတာဝန်တစ်ခုဖြစ်သလို မည်သို့သောအခြေအနေကို ဆိုက်ရောက် ကြုံတွေ့ရသည်ဖြစ်ပါစေ လွှတ်ခွင့်မရှိပေ။ တစ်ဖက်တွင် အခြေအနေအချိန်အခါကို ထောက်ရှု၍ နမားဇ်ဆောက်တည်ရာတွင် လွယ်ကူမှုများနှင့် လျှော့ပေါ့ပေးမှုတို့ကို ပြုပေးထားသည်။ နမားဇ်ဖတ်ရမည်။ သို့သော် ကျန်းမာရေးအခြေအနေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတို့တွင် ချို့ယွင်းမှုဖြစ်လာလျှင် မည်သို့မည်ပုံ နမားဇ်ကို ဆောက်တည်ရမည်ကိုလည်း သေချာစွာပင် ပြသပေးထားသည်။ နမားဇ်ကို မည်သည့်အခြေအနေတွင်မှ လွှတ်ခွင့်မရှိဟူသည့် အမိန့်ကို တစ်ဖက်တွင် ပြဌာန်းထားသလို နောက်တစ်ဖက်တွင်လည်း မည်သို့ဖြစ်လာလျှင် မည်သို့ဖတ်ပါဟူသော လွယ်ကူမှုကိုပါတစ်ပြိုင်တည်း ပြသပေးထားပေသည်။
ကိုယ်ဝန်ဆောင်များလည်း နမားဇ်ဖတ်ရမည်ဖြစ်သည်။ သို့သော် ကိုယ်ဝန်ဆောင်တို့အတွက် သီးသန့် နမားဇ်ဖတ်နည်းဟူ၍ မရှိပါ။ အမြဲဖတ်သည့် ပုံစံအတိုင်း ဖတ်ရမည်။ ဤနေရာတွင် တင်ပြမည်မှာ ကိုယ်ဝန်ကာလတွင် ခန္ဓာကိုယ်အနေအထား ပြောင်းလဲမှုကြောင့် ကြုံတွေ့ရသည့် အခက်အခဲများဖြင့် နမားဇ်ကို မည်သို့ဖတ်နိုင်သနည်းဟူသည့် ပုံစံဖြစ်၏။ကိုယ်ဝန်ဆောင်ကာလ၌ နမားဇ်ဖတ်ရာတွင် ရရှိမည့်လွယ်ကူမှုများနှင့် သတိပြုဖွယ်ရာများကို သိမှတ်သလောက် ရေးသားမည် ဖြစ်သည်။
ကိုယ်ဝန်ဆောင်များ နမားဇ်ဖတ်ရာတွင် အဓိကအခက်အခဲဖြစ်ရသည်မှာ ကိယာမ်(မတ်တပ်ရပ်ချိန်) ရူကူနှင့် စဂ်ျဒါပြုချိန်တို့ဖြစ်သည်။ အထက်ပါ သုံးခုသည် နမားဇ်တွင် ဖရဇ်ဖြစ်ကြောင်း သိမှတ်ထားရပါမည်။ ထို့ကြောင့် အတတ်နိုင်ဆုံး အချိန်အထိ ၎င်းတို့ကို ပုံစံတကျပြုရမည်ဖြစ်၏။ ပမာဆိုရလျှင် ကိုယ်ဝန်ကာလ သုံးလ လေးလခန့်မျှအထိ တတ်နိုင်သေးလျှင် အတိအကျသာ ပြုရမည်။ တချို့အမျိုးသမီးတို့သည် ကိုယ်ဝန်ကာလ ကိုးလအထိရောက်သော်လည်း ကိုယ်ဝန်ဆိုဒ်သေးသူများရှိကြသည်။ ထို့သို့သောသူများသည် ရုကူ စဂ်ျဒါတို့ကို ပြုနိုင်သည်အထိ ပြုရမည်သာ ဖြစ်၏။ သဘောမှာ ကိုယ်ဝန်ဆောင်ဖြစ်သူတိုင်း ချွင်းချက်ရှိသူမဟုတ်ပါ။ ချွင်းချက်မဖြစ်သူများလည်း ရှိပါသည်။
** ကိယာမ် قِيَامْ (မတ်တပ်ရပ်ခြင်း)
ကိုယ်ဝန်ဆောင်အနေဖြင့် နမားဇ်အတွက် ကိယာမ်ကို နိုင်သည်ဆိုလျှင် ရပ်ကိုရပ်ရမည်။ ကိုယ်ဝန်၏ အလေးချိန်ကြောင့် လုံးဝ မတ်တပ်မရပ်နိုင်တော့လျှင် ထိုင်ဖတ်နိုင်သည်။ ထိုင်ခုံပေါ်ထိုင်ဖတ်နိုင်သလို ကြမ်းပေါ်တွင်ထိုင်၍လည်း ဖတ်နိုင်သည်။ ကြမ်းတွင်ထိုင်ဖတ်ခြင်းက ပိုကောင်း၏။ ကြမ်းပေါ်တွင် ထိုင်ခြင်းဟူသည်မှာ အသ်သဟိယားသ် ( اَلتَّاحِيَّاتْ ) ထိုင်သည့်ပုံစံဖြင့် ထိုင်ခြင်းကို ဆိုလိုသည်။ ထိုပုံစံထိုင်၍ ဖတ်လျှင် ရုကူအ်အတွက် ခန္ဓာကိုယ်ကို ကိုင်းနိုင်သမျှ ကိုင်းရပါမည်။ ထိုင်ခုံပေါ်တွင် ဖတ်လျှင် ရုကူအ်ကို သူ့ပုံစံအတိုင်း ပြုရပါမည်။ စဂ်ျဒါကိုလည်း သေချာစွာ ပြုရပါမည်။
မှတ်ချက်။ ကိုယ်ဝန်ဆောင် မဟုတ်ဘဲ ရိုးရိုး အမျိုးသမီး အချို့တွင် နမားဇ်ကို ထိုင်ဖတ်သည့် အကျင့်ရှိသည်။ အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ နမားဇ်ကို ထိုင်ဖတ်ခွင့် မရှိပါ။ မလိုအပ်ဘဲ ထိုင်ဖတ်ခဲ့ပါက နမားဇ်မပိုင်သည်အထိ ဖြစ်ပါသည်။ ညောင်းခြင်းလောက်ကို အကြောင်းပြချက်အဖြစ် လက်မခံပါ။ အမျိုးသားများအတွက်လည်း ထိုအတိုင်းပင် ဖြစ်ပါသည်။ ချွင်းချက် မရှိဘဲ နမားဇ်ကို ထိုင်ဖတ်ခြင်း၊ ရုကူအ် စဂ်ျဒါကို ထိုင်၍ အရိပ်အမြွက်ဖြင့်ပြုခြင်းတို့ ပြုခွင့်မရှိပါ။
** ရုကူအ် ( رُكُوْعٌ ) နှင့် စဂ်ျဒါ ( سَجْدَهْ )
ရုကူအ်နှင့် စဂ်ျဒါကို တတ်နိုင်သည်အထိ သတ်မှတ်ပုံစံအတိုင်း ပြုရမည်ဖြစ်၏။ သပ်စ်ဗီကို သုံးကြိမ်မျှဆိုနိုင်သည်ခန့် ရုကူအ်နှင့် စဂ်ျဒါတို့ကို ပြုလုပ်နိုင်လျှင် ထိုမျှခန့်ရွတ်ဆိုပြီး ပြုလုပ်ရမည်။ စဂ်ျဒါပြုရာတွင် အမျိုးသမီးတို့ စဂ်ျဒါပြုပုံအတိုင်း မပြုနိုင်။ သဘောမှာ ဗိုက်ထောက်နေသဖြင့် ဝမ်းဗိုက်နှင့် ပေါင်ကို ထိကပ်၍ မပြုနိုင်တော့လျှင် ခွာ၍ စဂ်ျဒါပြုနိုင်သည်။ လက်များကိုမူ ပုံမှန်အတိုင်း ကြမ်းနှင့် ထိကပ်ထားရမည်။
မှတ်ချက်။ ရုကူအ်၊ စဂ်ျဒါတို့တွင် သပ်စ်ဗီမဆိုပါကလည်း ရုကူအ်၊ စဂ်ျဒါ ဖြစ်သွားသည်။ သို့သော် ထိုသို့ မဆိုသူသည် စွန္နသ်ကို လွှတ်သူ ဖြစ်၏။ ဤနေရာတွင် သပ်စ်ဗီမဆိုလည်း ရုကူအ်၊ စဂ်ျဒါဖြစ်ကြောင်း ထည့်ရေးပြရခြင်းမှာ အမိန့် တစ်ဆင့်ခြင်းစီ၏ ပုံစံကို သိမြင်ရန်အတွက်သာ ဖြစ်၏။ မဖတ်လည်း ရတာပဲ၊ မဖတ်ဘူးဟူသည့် လုပ်ဆောင်ချက်မျိုး ဖြစ်စေရန် မဟုတ်ပါ။ စွန္နသ်များကို လွှတ်ခြင်းသည် ဖရ်ဇ်များပါ လွတ်ရန် လမ်းစဖြစ်ပါသည်။ ရုကူအ်နှင့် စဂ်ျဒါတွင် အနိမ့်ဆုံး သပ်စ်ဗီဟ် သုံးကြိမ်ဆိုရမည်။ ထို့ထက်နည်း၍ ဆိုခြင်းသည် မက္ကရူဟ်သန်ဇီဟီ ( مَكْرُهْ تَنْزِيْهِيْ ) ထိုက်ပါသည်။ သုံးကြိမ်သည် အနည်းဆုံးဖြစ်၍ “မ” ဂဏန်းအရေအတွက် ပိုဖတ်ခြင်းက မြတ်၏။ သုံးကြိမ်၊ ငါးကြိမ်၊ ခုနှစ်ကြိမ် စသည်ဖြင့် ဆိုနိုင်ပါသည်။
- ကိယာမ်နှင့် ရုကူအ်တော့ပြုနိုင်သည် စဂ်ျဒါမပြုနိုင်လျှင် ကြမ်းပေါ်တွင် ထိုင်ဖတ်ခွင့်ရှိသည်။ ထိုင်ခုံပေါ်တွင်လည်း ဖတ်နိုင်သည်။ ကြမ်းပေါ်တွင် ဖတ်ခြင်းက ပိုကောင်း၏။ စဂ်ျဒဟ်ကို ပုံစံတကျ မပြုနိုင်သဖြင့် အရိပ်အမြွက်ဖြင့် ပြုရမည်။ အရိပ်အမြွက်ဟူသည်မှာ ဦးခေါင်းကို ညွှတ်ကိုင်း၍ လုပ်ခြင်း ဖြစ်သည်။ ဤပုံစံတွင် ရုကူအ်ထက် စဂ်ျဒဟ်၏ အရိပ်အမြွက် သဏ္ဍာန်က ပို၍ ကိုင်းညွှတ်မှု ရှိရပါမည်။ ထိုသို့ဖတ်ခြင်းက အကောင်းဆုံးဖြစ်၏။ ဤသို့မဟုတ်ဘဲ ကိယာမ်နှင့် ရုကူအ်ကို ပုံမှန်အတိုင်း ပြုလုပ်ပြီး စဂ်ျပြုခါနီးမှ ထိုင်၍ အရိပ်အမြွက်ဖြင့် စဂ်ျဒဟ်ပြုလိုပါကလည်း ပြုနိုင်ပါသည်။
မှတ်ချက်။ အရိပ်အမြွက်ဟုဆိုရာတွင် နမားဇ်ဖတ်နေသူ၏ လုပ်နိုင်စွမ်း အခြေအနေပေါ်မူတည်ထားပါသည်။ အဓိပ္ပါယ်အရ ဦးခေါင်းကို ညွှတ်ကိုင်း၍ လုပ်ခြင်း ဖြစ်သော်လည်း အခြေအနေတိုင်းတွင် ထိုပုံစံချည်းသာ လုပ်ရမည်ဟု မဆိုလိုပါ။ ရုကူအ်၊ စဂ်ျဒဟ်ကို ခန္ဓာကိုယ်က မည်သည့်အတိုင်းအတာအထိ ဆောင်ရွက်နိုင်သနည်း၊ ထိုမျှအထိ ဆောင်ရွက်ရပါမည်။ အရိပ်အမြွက်ဟု ရေးထားသော နေရာတိုင်းတွင် ဤအလိုသဘောကို ဆိုလိုပါသည်။
- ကိယာမ်၊ ရူကူနှင့် စဂ်ျဒါတို့ကို သတ်မှတ်မှုအတိုင်း မပြုနိုင်သူသည် ထိုင်ဖတ်နိုင်သည်။ ရူကူနှင့် စဂ်ျဒါကို ဦးခေါင်းညွှတ်၍ အရိပ်အမြွက်ဖြင့် ပြုရမည်။ စဂ်ျဒါကို ရူကူ၏ ပုံသဏ္ဍာန်ထက် ပို၍ ကိုင်းညွှတ်ရပါမည်။
- စဂ်ျဒါပြုရာတွင် ကြမ်းအထိ တိုက်ရိုက်မသွားနိုင်။ ရှေ့တွင် ခုံ၊ စားပွဲ ချထား၍ စဂ်ျပြုနိုင်လျှင် ထိုပုံစံ ပြုရန်အရေးကြီးပါသည်။ ထို့အတူ ကြမ်းပေါ်ထိုင်၍ ဖတ်လျှင် စဂ်ျဒဟ်မသွားနိုင်၊ ထိုင်ခုံတွင် ထိုင်၍ ရှေ့၌ စားပွဲချပြီး စဂ်ျဒါပြုလျှင်မူ ရသည်ဆိုလျှင် ထိုသို့ဖတ်ရန်အရေးကြီးသည်။ စဂ်ျဒါအတွက် ချထားသည့် စားပွဲ၊ ခုံတို့သည် ထိုင်ခုံနှင့် တစ်ပြေးညီ ဖြစ်ရမည်။ မြင့်လိုပါက ၉ လက်မခန့်မျှသာ မြင့်ခွင့် ရှိသည်။ ထို့ထက်ပိုမြင့်သော စားပွဲ၊ ခုံတို့တွင် စဂ်ျဒဟ်လုပ်ပါက မှန်ကန်မှုမရှိပါ။
** ခေါင်းအုံးပေါ် စဂ်ျဒါလုပ်ခြင်း
အများအားဖြင့် စဂ်ျဒါပြုလုပ်ရန် ခေါင်းအုံးများကို အသုံးပြုကြသည်။ ခေါင်းအုံးပေါ် စဂ်ျဒါပြုရာ၌ အပျော့ အမာ အခြေအနေအတိုင်း စဂ်ျဒါအမိန့် ကွာခြားပါသည်။ ခေါင်းအုံးသည် ပျော့ပျောင်းနေလျှင် ယင်းခေါင်းအုံးပေါ် စဂ်ျဒါပြုလျှင် စဂ်ျဒါပိုင်မည်မဟုတ်ပါ။ စဂ်ျဒါကို မာကြောသောအရာပေါ်တွင် ပြုလုပ်ရမည်။ မာကြောခြင်းဟူသည်မှာ ထပ်ဖိလျှင် ပိသွားခြင်း မရှိတော့သည့် အခြေအနေမျိုးကို ခေါ်ဆိုသည်။ ထို့ကြောင့် မိမိစဂ်ျဒါပြုရန် အသုံးပြုသည့် ခေါင်းအုံးပေါ်တွင် နဖူးကို ဖိချလိုက်ပါက ပျော့ဝင်သွားသလား၊ တစ်နေရာရာတွင် မာသွားသလားဟူသည်ကို ကြည့်ပါ။ နဖူးဖိချသည့်အခါ အခြေအနေတစ်ခုတွင် မာသွားလျှင် ယင်းခေါင်းအုံးပေါ်တွင် စဂ်ျဒါပြုနိုင်သည်။ ပျော့မြဲပျော့နေလျှင်မူ ပြုခွင့်မရှိပါ။ စားပွဲ စသည့် ပင်ကိုယ် အမာပစ္စည်းဖြစ်လျှင်မူ အကောင်းဆုံးဖြစ်ပါသည်။ ခေါင်းအုံးအမြင့်သည် ၉ လက်မခန့်ထက် မပိုရပါ။ ထို့ထက်နိမ့်လျှင်လည်း ရသည်။ အကယ်၍ ထိုမျှ အမြင့်အထိ စဂ်ျဒါမသွားနိုင်လျှင် ခန္ဓာကိုယ်က လုပ်ဆောင်နိုင်သည့် အခြေအနေထိ စဂ်ျဒါကို ပြုလိုက်ပါ။
ကိုယ်ဝန်ဆောင်ကာလအတွင်း နမားဇ်များကို မပျက်စေဘဲ ဂရုတစိုက်ဖတ်ရပါမည်။ တတ်နိုင်ပါက နဖိလ်များစွာဖတ်ပါ။ သိလာဝသ်များများပြုပါ။ အထက်တွင် ပုံစံတချို့ကို အကျဉ်းချုံဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ မိမိတွေ့ကြုံရသည့် အခြေအနေသည် အထက်ပါပုံစံများနှင့် မကိုက်ညီပါက နီးစပ်ရာ အာလင်မ်များထံမေးမြန်းပါရန် အကြံပြုပါသည်။
အမျိုးသမီးများ ကလေးမွေးပြီးနောက် မီးတွင်းသွေးဆင်းခြင်းနှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများကို ဤလင့်တွင် ဖတ်ရှုနိုင်ပါသည်။
http://aaitee.blogspot.com/2015/10/blog-post_74.html
ဇိလ်ကအ်ဒဟ်/ ၂၈/ ဟိဂ်ျရီ ၁၄၃၇
2/8/2016
Credit, အလ်မုဖီးဒ်က ရေးသားသည်။
Sunday, June 12, 2016
အမျိုးသမီးတို့အတွက် ရိုဇဟ် အသိပညာ
အစ္စလာမ်ဘာသာတွင် အခြေအနေတိုင်းအတွက် ပြဌာန်းသတ်မှတ်ချက်များ သီးခြားစီရှိပါသည်။ အမျိုးသားတို့အတွက် အမျိုးသားအလျောက်၊ အမျိုးသမီးတို့အတွက် အမျိုးသမီးအလျောက် အမိန့်များအား လိုက်နာရာတွင် သူ့နေရာနှင့်သူ ကွဲပြားခြားနားမှုများရှိပါသည်။ အမျိုးသားနှင့် အမျိုးသမီးဟု ကွာခြားသွားကတည်းကပင် ၎င်းတို့၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ခံနိုင်ရည်အင်အား စသည်များလည်း ကွဲပြားသွားပေသည်။ အပေါ်ယံအသွင်သဏ္ဍာန်များ ခြားနားသလို အတွင်းပိုင်းခန္ဓာဖြစ်တည်မှုတွင်လည်း အနည်းငယ်ခြားနားကြသည်။ အစ္စလာမ့်အမိန့်များသည် ယင်းသို့ကွာခြားမှုအား ကွာခြားမှုအတိုင်းရှိစေ၍ ပညတ်ချက်တို့အား အမျိုးသား အမျိုးသမီး သီးခြားစီ သတ်မှတ်ပေးထားသည်။ သို့သော် မွစ်လင်မ်တို့အတွင်းမှပင် အသိဥာဏ်နည်းသူတို့က ယင်းကွာခြားမှုကြီးအား တစ်မျိုးတည်းဖြစ်ရန် ကြိုးပမ်းနေကြသည်။ လွယ်ကူမှုအား ခက်ခဲစေရန် ကြိုးစားနေခြင်းပင် ဖြစ်၏။ အဲဟ်လေစွန္နသ် ၀လ်ဂျမာအသ်တွင် လွယ်ကူမှုအား လွယ်ကူမှုအတိုင်းထား၍ အမျိုးသားတို့အတွက် ပညတ်ချက်အား အမျိုးသားတို့အတွက် အမျိုးသမီးတို့အတွက် ပညတ်ချက်အား အမျိုးသမီးတို့အတွက် သီးခြားစီ ခွဲပြထားသည်။ ခံနိုင်ရည်ရှိသူအား ခံနိုင်ရှိသည်မျှသာ တာဝန်ပေးထားပါသည်။ ယခု အမျိုးသမီးတို့ ရိုဇဟ်စောင့်ထိန်းရတွင် တွေ့ကြုံ့ရမည့် ကျန်းမာရေးပိုင်းဆိုင်ရာ၊ အမျိုးသမီးပိုင်းဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက် ရှရီအသ်၏ သတ်မှတ်ချက်များအား Shareat Ya Shahadat မှ စုစည်းရေးသားထားပြီး ချစ်ပရိတ်သတ်တို့ လေ့လာမှတ်သားနိုင်ရန် ပြန်လည်ဖော်ပြလိုက်ပါသည်။ ပညာရှာဖွေဆည်းပူးသည့် ရည်ရွယ်ချက်ဖြင့် ဖတ်ရှုမှတ်သားပါ၊ ရှရီအသ်နှင့်အညီ ကျင့်သုံးနိုင်ရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် လေ့လာကြပါရန် ပန်ကြားပါသည်။ (အလ်မုဖီးဒ်)
(၁) ရာသီသွေးနှင့် မီးတွင်းသွေးပေါ်နေသူတို့သည် နမားဇ် ဝတ်ပြုခြင်း၊ ရိုဇာ စောင့်ထိန်းခြင်းများ မပိုင်ပါ။ ကွာခြားချက်မှာ နမားဇ်သည် လုံးဝ မုအားဖ် ဖြစ်သွားသည်။ သန့်ပြန့်ပြီးနောက် နမားဇ် ကဇွာဖတ်ရန် တာဝန်မရှိ။ သို့သော် ရိုဇာသည် မုအားဖ် မဖြစ်ပေ။ သန့်ပြန့်ပြီးနောက် ကဇွာထားရမည်။ ရောဂါသွေးပေါ်နေသူ အမျိုးသမီးသည် နမားဇ်လည်း ဝတ်ပြုရမည်။ ရိုဇာလည်း စောင့်ထိန်းရမည်။ မဖတ်ဘဲနေခွင့်၊ ရိုဇာမထားဘဲနေခွင့် မရှိပါ။
မှတ်ချက်။ အကယ်၍ ဖရဇ်နမားဇ် ဝတ်ပြုရင်း ရာသီသွေး ပေါ်လာခဲ့လျှင် ၄င်းနမားဇ်သည် မုအားဖ် ဖြစ်သွားသည်။ သန့်ပြန့်ပြီးနောက် ကဇွာမလိုပေ။ သို့သော် စွန္နသ်၊ နဖိလ် နမားဇ် ဝတ်ပြုနေရင်း ရာသီသွေးပေါ်လာခဲ့လျှင် ကဇွာတာဝန် ထိုက်ပါသည်။
(၂) ဖရ်ဇ်ရိုဇာ စောင့်ထိန်းပြီးနောက် နေ့အချိန်တွင် ရာသီသွေးပေါ်လာခြင်း
ရိုဇာစောင့်ထိန်းနေစဉ် ရာသီသွေး ပေါ်လာလျှင် ရိုဇာ ပျက်ပြယ်သွားသည်။ သန့်ပြန့်ပြီးနောက် ကဇွာတာဝန် ထိုက်သည်။ ထို့အတူ နဖိလ်ရိုဇာ စောင့်ထိန်းနေစဉ် သွေးပေါ်လာလျှင်လည်း ရိုဇာပျက်၍ ကဇွာထိုက်ပါသည်။ (မစာအေလေမုကမ်မေလေ မူဒလ်လလ်ကျမ်း)
(၃) နေ့အချိန်တွင် သန့်ပြန့်သွားခြင်း
ရမဿွာန်လတွင် နေ့အချိန်၌ ရာသီသွေး ပြီးဆုံး၍ သန့်သွားလျှင် စားသောက်ခြင်း မပိုင်တော့ပါ။ အိဖ်သွာန်ချိန်ထိ ရိုဇာထားသူကဲ့သို့ နေရန် ဝါဂျိဗ် ဖြစ်၏။ သို့သော် ဤရက်အား ရိုဇာရသည့်ရက်ဟု မသတ်မှတ်ပါ။ ၎င်းရက်အတွက်ပါ ကဇွာ ပြန်ထားရမည်။
(၄) ညအချိန်တွင် သန့်ပြန့်သွားခြင်း
၁။ ဆယ်ရက်ဆယ်ည ရာသီသွေးပေါ်ပြီးနောက် စဟ်ရီချိန် မကုန်မီ သွေးရပ်သွားသည်။ စဲဟ်ရီကုန်ချိန်နှင့် သွေးရပ်သွားချိန်ကြားတွင် الله أكبر တကြိမ် ရွတ်ဆိုရုံမျှပင် အချိန်မရလိုက်လျှင်လည်း ထိုနေ့၏ရိုဇာကို စောင့်ထိန်းရန် ဝါဂျိဗ် ဖြစ်၏။
၂။ ဆယ်ရက်ဆယ်ညထက် နည်း၍ ရာသီသွေးပေါ်ပြီးနောက် စဟ်ရီချိန် မကုန်မီ သွေးရပ်သွားသည်။ ထိုသို့ သွေးရပ်သွားချိန်နှင့် စဲဟ်ရီကုန်ချိန်ကြားတွင် မြန်ဆန်စွာ ရေချိုးရန်မျှ အချိန်ရှိမည်။ သို့သော် ရေချိုးပြီးနောက် الله أكبر တကြိမ် ရွတ်ဆိုရန်ပင် အချိန်မရှိတော့လျှင်လည်း ထိုနေ့၏ ရိုဇာကို စောင့်ထိန်းရန် ဝါဂျိဗ်ဖြစ်သည်။ ရေချိုးရန် အချိန်မီလျှက်နှင့် ရေမချိုးဖြစ်ပါကလည်း ရိုဇာ နိယသ်ပြုလိုက်ပါ။ မနက်မှ ရေချိုးပါ။ (အထက်ပါအခြေအနေနှစ်ရပ်လုံးတွင် ထိုနေ့၏ရိုဇာကို စောင့်ထိန်းရန် တာဝန်ရှိသည်။)
၃။ သွေးရပ်ချိန်နှင့် စဲဟ်ရီကုန်ချိန်ကြားတွင် ရေချိုးရန်မျှပင် အချိန်မမီလျှင် ထိုနေ့အတွက် ရိုဇာဝါဂျိဗ်မဖြစ်တော့ပါ။ သို့သော် တစ်နေ့တာလုံး စားခြင်း၊ သောက်ခြင်းလည်း မပြုပိုင်ပေ။ ရိုဇာ စောင့်ထိန်းသူကဲ့သို့ပင် နေထိုင်ရမည်။ ကဇွာပြန်ထားရပါမည်။
မှတ်ချက်။ ရေချိုးရန် အချိန်မီသည်ဟု ဆိုရာ၌ ထိုအချိန်၌ပင် ချက်ချင်း ရေချိုးရမည်ဟု ဆိုလိုသည် မဟုတ်ပေ။ အမြန်ဆုံး ရေချိုးနိုင်သည်ခန့် အချိန်ရခြင်းကို ဆိုလိုသည်။ ထို့ကြောင့် နံနက်ချိန်မှ ရေချိုးလျှင်လည်း ပိုင်သည်။ ရိုဇာ တွင် မည်သို့မှ ဆုံးရှုံးမှု မဖြစ်ပေ။ ဝါဖြေချိန်မရောက်ခင် မိနစ်ပိုင်း အလိုတွင်ပင် သွေးပေါ်လာလျှင်လည်း ထိုနေ့၏ ရိုဇာမှာ ပျက်ပြယ်သွားမည်။စွန္နသ် ရိုဇာ ဖြစ်စေ။နဖိလ် ရိုဇာ ဖြစ်စေ။ ကဇွာပြန် ထားရမည်။
(၅) အမျိုးသမီး အဟ်သိလာမ် ဖြစ်ခြင်း
အမျိုးသမီးသည် နေ့အခါ၌ အိပ်ပျော်၍ အိမ်မက်ကြောင့် ရေချိုးရန် တာဝန်ထိုက်သွားလျှင်လည်း ရိုဇာ မပျက်ပါ။
(၆) ဂျနာဗသ်ဖြစ်နေသူသည် ရေမချိုးပဲ ရိုဇာ စောင့်ထိန်းခြင်း အမိန့်
ညအချိန်၌ ရေချိုးရန် တာဝန်ထိုက်သွားသည်။ သို့သော် ညတွင်ရေမချိုးဘဲ နံနက်မှ ရေချိုးလျှင်လည်း ရိုဇာ ပိုင်သွားမည်။ အကယ်၍ တစ်နေကုန် ရေမချိုးဘဲ နေခဲ့လျှင်လည်း ရိုဇာမပျက်ပါ။သို့သော် ဂိုနာဟ် ထိုက်မည်။
မှတ်ချက်။ ရေမချိုးရသေးလျှင်လည်း ရိုဇာ နိယသ်ပြုလုပ်ရမည်။
(၇) ရိုဇာစောင့်ထိန်းလျှက် ခင်ပွန်းနှင့်အတူ လဲလျောင်းခြင်း
ဇနီးမောင်နှံအတူ လဲလျောင်းခြင်း၊ ခန္ဓာကိုယ်ခြင်း ထိတွေ့ခြင်း၊ နမ်းခြင်းများ ပြုပိုင်သည်။ သို့သော် ငယ်ရွယ်နုပျိုသူက ယင်းလုပ်ရပ်များဖြင့် ကိုယ်လက်နှီးနှောမှု ဖြစ်သွားမည်ကို စိုးရိမ်ရလျှင် အထက်ဖော်ပြပါ ကိစ္စများ ပြုလုပ်ခြင်း မက္ကရူဟ် ဖြစ်၏။
(၈) ရိုဇာဟ်​၏အ​ခြေအ​နေ၌ နှုတ်​ခမ်းခြင်းနမ်း​ခြင်းဆိုင်​ရာ ပညတ်​ချက်
သုတ်​ရည်ထွက်​သွားမည်​ သို့မဟုတ် မိမိကိုယ်​ကိုယ် ထိန်းသိမ်းနိုင်​စွမ်းမရှိ​လောက်​​အောင်​ ရသာအာရုံ ပြင်းထန်​သွားမည်​။ ထိုမှတဖန်​ ​ပေါင်းသင်းဆက်​ဆံသည့်​အဆင့်​ထိ ​ရောက်​ရှိသွားမည်​ကို စိုးရိမ်​ရပါက ဇနီး​မောင်​နှံ ​ပွေ့ဖက်​ခြင်းဖြစ်​​စေ နမ်း​ခြင်းဖြစ်​​စေ မက္ကရူးဟ်​ဖြစ်​သည်​။ ထိုသို့​သောအ​ခြေအ​နေများ ဖြစ်​​ပေါ်မည်ကို မစိုးရိမ်​ရလျှင်​ မက္ကရူးဟ်​မဖြစ်​​ပါ။ သို့​သော်​ နှုတ်​ခမ်းအားစုပ်​ယူ နမ်းခြင်းနှင့်​ အရှက်​အင်္ဂါအချင်းချင်း ထိကပ်​ခြင်းတို့ဖြင့် သုတ်ထွက်သွားမည်၊ ပေါင်းသင်းမှု ပြုမိသွားမည်ဟု မစိုးရိမ်ရလျှင်လည်း ရိုဇဟ်​၏ အ​ခြေအ​နေ၌ ယင်းသို့ပြုခြင်း မက္ကရူးဟ်​ဖြစ်​၏။ နှုတ်​ခမ်းစုပ်​ယူနမ်းရှိုက်​ရင်း ဇနီးက ခင်​ပွန်း၏တံ​တွေးကို 
(သို့မဟုတ်​)ခင်​ပွန်းက ဇနီး၏ တံ​တွေးကိုမျိုချလိုက်​ပါက ရိုဇာပျက်​သွားမည်ဖြစ်ပြီး ကဇွာနှင့်​အတူ ကဖ္ဖာရဟ်​ပါ ထိုက်​ပါမည်​။
(၉) ကိုယ်လက် နှီးနှောခြင်း(လင်မယားပေါင်းသင်းဆက်ဆံခြင်း)
အမျိုးသားနှင့် ကိုယ်လက်နှီးနှောချိန် အမျိုးသား၏ အင်္ဂါသည် မိန်းမကိုယ်အတွင်းသို့ ကွမ်းသီးလုံးခန့် ဝင်သွားလျှင် ရိုဇာ ပျက်ပြယ်သွားမည်။ နှစ်ဦးလုံးသည် ကဇွာနှင့်အတူ ကဖ္ဖာရာဟ်ပါ ထိုက်ပါမည်။ သုတ်ထွက်သည် ဖြစ်စေ။ မထွက်သည် ဖြစ်စေ။ ထို့အတူ အမျိုးသားသည် အမျိုးသမီး၏ အနောက်လမ်းကြောင်းတွင် ဆက်ဆံရာ အရှက်အင်္ဂါမှာ အနောက်လမ်းကြောင်းတွင်းသို့ ကွမ်းသီးလုံးခန့်မျှ ဝင်ရောက်သွားလျှင်လည်း ရိုဇာပျက်သွားပြီး နှစ်ဦးလုံးပေါ် ကဇွာနှင့်အတူ ကဖ္ဖာရာဟ်ပါ ထိုက်ပါသည်။
မှတ်ချက် ။ ကဖ္ဖာရာဟ် ဟူသည်မှာ နှစ်လဆက်တိုက်(တစ်ရက်မပျက်) ရိုဇာထားရခြင်းကို ဆိုလိုသည်။ အနောက်လမ်းကြောင်း၌ ဆက်ဆံခြင်းသည် ရွံရှာဖွယ်ရာ လုပ်ရပ် ဖြစ်သည်။
*ကဖ္ဖာရဟ်
ကဖ္ဖာရဟ်​ဟူသည်​မှာ ကျူးလွန်​မိသောအပြစ်​၏ လျော်ကြေးအဖြစ် သတ်​မှတ်​ထား​သော အစ္စလာမ့်ပညတ်​ချက်​ဖြစ်​သည်​။
ယေဘုယျအားဖြင့်​ ရမ်​ဇန်​လ၏ရိုဇဟ်​​စောင့်​ထိန်း​နေရင်း ရိုဇဟ်​ပျက်​​စေ​သောအမှုကိစ္စ တစုံတစ်​ခုအား သိလျက်​ (ရည်​ရွယ်​၍) ကျူးလွန်​ခြင်းဖြင့်​ ကဖ္ဖာရဟ်​ထိုက်​သည်​။
ကဖ္ဖာရဟ်​ အစား​ပေး​လျော်​သည့်​ နည်း( ၃ )နည်းရှိသည်​။ (က) ကျွန်​တစ်​ဦးအားသူ​ကောင်းပြုခြင်း၊ (ခ) နှစ်​လဆက်​တိုက်​ ရိုဇဟ်​​စောင့်​ထိန်းခြင်း၊ (ဂ) သူဆင်းရဲ အယောက် ၆၀အား မနက်​ ည ထမင်း နှစ်နပ်​ ဝမ်းဝ​အောင်​ ​ကျွေး​မွေးခြင်းတို့ဖြစ်​သည်​။ ယခု​ခေတ်​တွင် ကျွန်​ ​ရောင်းဝယ်​သည့်စနစ် မရှိ​သော​ကြောင့်​ ကဖ္ဖာရဟ်​ ထိုက်​သူသည်​ နှစ်လဆက်​တိုက်​ ရိုဇဟ်​​စောင့်​ထိန်းရမည်​။ နှစ်လဆက်​တိုက်​ ရိုဇဟ်​​စောင့်​ထိန်းရန်​ အားအင်မရှိပါက သူဆင်းရဲအယောက် ၆၀အား ထမင်းနှစ်နပ်​​ ကျွေး​မွေးရမည်​။
(၁၀) အဓမ္မ ပေါင်းသင်းဆက်ဆံခြင်း
အမျိုးသမီးတစ်ဦးအား အိပ်မောကျနေချိန်၊ မေ့မျောနေချိန်၊ ရူးသွပ်နေချိန်တို့တွင် ပေါင်းသင်းလိုက်ခြင်း၊ သို့မဟုတ် အတင်းအဓမ္မပေါင်းသင်းခံရခြင်းတို့ဖြစ်ပါက အမျိုးသမီး၏ရိုဇဟ် ပျက်သွားမည်။ သို့သော် ထိုသို့သော အမျိုးသမီးအတွက် ပျက်သွားသော ရိုဇဟ်တစ်လုံး၏ ကဇွာသာ ထားရပါမည်။ ကဖ္ဖါရဟ်တာဝန်မထိုက်ပါ။ ပေါင်းသင်းသူ အမျိုးသားသည် ကဇွာအပါအ၀င် ကဖ္ဖါရဟ်၏တာဝန်ပါ ရှိမည်။
(၁၁) ရိုဇာဟ်စောင့်ထိန်းထားစဉ် မိန်းမကိုယ်အတွင်းသို့ ဆေးထည့်ခြင်း
မေး။ အမျိုးသမီးသည် အိဖ်သွာရ်ပြုပြီးနောက် ရောဂါအခြေအနေကြောင့် မိန်းမကိုယ်အတွင်းသို့ ဆေးထည့်သည်။ သို့မဟုတ် ရိုဇာဟ်ရှိလျှက်ဖြင့် ဆေးထည့်သည်။ ရှရီအသ်အရ မည်သို့ အမိန့်ရှိပါသနည်း။
ဖြေ။ ရိုဇာဟ်မစောင့်ထိန်းမီ မိန်းမကိုယ်အတွင်းသို့ ဆေးထည့်ခြင်းဖြင့် ရိုဇာဟ် မပျက်ပါ။ သို့သော် ရိုဇာဟ်ထားလျက်နှင့် မိန်းမကိုယ်အတွင်းသို့ ဆေးထည့်လျှင် ရိုဇာဟ် ပျက်သွားပါသည်။
သိမှတ်ဖွယ်။ အမျိုးသမီးတို့၏ မိန်းမကိုယ်​အတွင်းပိုင်းသည်​ ဝမ်းဗိုက်​နှင့်​တိုက်ရိုက် ဆက်စပ်လျက်ရှိ​နေ​သော​ကြောင့်​ ရိုဇဟ်​ထားနေစဉ် ခန္ဓာကိုယ်​အတွင်းသို့ ​ရေစက်​များထည့်​လျှင် ရိုဇဟ်​ပျက်​​ကြောင်း ပညာရှင်​များအားလုံးက တညီတညွတ်​တည်း မိန့်​ထားသည်​။ အမျိုးသားများမှာမူ အရှက်​အင်္ဂါနှင့်​ ဝမ်းဗိုက်​သည်​ တိုက်​ရိုက်​ဆက်​နေခြင်းမရှိဘဲ ကြားခံ ကပ်​ပယ်​အိတ်မှတဆင့်​ သွားလာ၊ စီးဆင်း​သော​ကြောင့်​ အမျိုးသားများရိုဇဟ်​​စောင့်​ထိန်း​နေရင်း အရှက်​အင်္ဂါအတွင်းသို့ ရေစက်များ ထည့်​လျှင်​ ဟနဖီ​ဖိကဟ်ပညာရှင်​ကြီးများအနက်​ ​အိမာမ်အဗူနီဖဟ်​နှင့်​ အိမာမ်မုဟမ္မဒ်​တို့၏ အဆိုအရ ရိုဇဟ်မပျက်ပါ။
(၁၂) ရိုဇဟ်​​စောင့်​ထိန်း​ထားစဉ်​ ဆရာဝန်​အား ကိုယ်​၀န်​ပြခြင်းနှင့်​ လက်​​ချောင်းထည့်​သွင်းခြင်း
ကိုယ်​ဝန်​​ဆောင်​ကာလ အစပိုင်းရက်​များ၌ ကိုယ်​ဝန်​အ​ခြေအ​နေကို ကြည့်​ရန်​ ဆရာဝန်​အမျိုးသ္မီး/ သားဖွားဆရာမ/ လက်​သည်​တို့က လက်​အိတ်​စွပ်​၍ဖြစ်​​စေ၊ တခါတရံ လက်​အိတ်​မပါဘဲဖြစ်​​စေ အမျိုးသမီးခန္ဓာကိုယ်အတွင်းသို့ လက်​​ချောင်းထိုးသွင်း၍ စမ်းသပ်​​လေ့ရှိသည်​။ ထိုအခါ၌ ဆရာဝန်​မ၏ လက်​​ချောင်း​ပေါ်၌ ထိုးသွင်းမှု မပြုမီ ​ရေ အစရှိသည့်​ စွတ်​စိုမှုတစုံတရာ မရှိလျှင်​ ရိုဇဟ်မပျက်​​ပါ။ အကယ်​၍ စွတ်စိုသော လက်​​ချောင်းအား ထိုးသွင်းခဲ့ခြင်းဖြစ်​လျှင်​ ရိုဇဟ်​ပျက်​သွား​ပါမည်​။ ထိုနည်းတူ အမျိုးသ္မီးကိုယ်​တိုင်​ဖြစ်​​စေ၊ ခင်​ပွန်း​ယောက်ျားက ထိုးသွင်းလျှင်​ဖြစ်​စေ အမိန့်​ပညတ်​ချက်​မှာ အတူတူပင်​ဖြစ်​၏။ သို့​သော်​ သတိပြုရမည့် အခြေအနေတစ်ခုမှာ ​ခြောက်​​သွေ့​သော လက်​​ချောင်းအား တစ်ကြိမ်​တည်းထိုးသွင်းပြီး ပြန်​ထုတ်​လိုက်​လျှင်​ ရိုဇဟ်​မပျက်​​သော်​လည်း ​လက်​​ချောင်း တစ်ခုလုံး(သို့မဟုတ်​) အစိတ်​အပိုင်း အနည်းငယ်​အား ထုတ်​ပြီး ပြန်​လည်​ထိုးသွင်းလိုက်​လျှင်​မူ ရိုဇဟ်​ပျက်​သွားမည်။ တင်​ပြပါအ​ခြေအ​နေများ၌ ကဇွာသာလျှင်​တာဝန်​ထိုက်​ပြိး ကဖ္ဖာရဟ်​မထိုက်​​ပါ။ အမျိုးသ္မီး၏ရိုဇဟ်​သာလျှင်​ပျက်​ပြီး ခင်​ပွန်းအမျိုးသား၏ ရိုဇဟ်​မပျက်​​ပါ။ (မော်​လာနာရဖ်​အသ်​ကာ​စေမီ၏ မစာ​အေ​လေ့ရိုဇဟ်​ကျမ်း၌ ဒုရ်​​ရေမုခ်​သားရ်​၊ ဗဟရှ်​သီး​ဇေဝရ်​နှင့်​ အဟ်​စနုလ်​ဖသာဝါ ကျမ်းကိုးများဖြင့်​ ဖော်ပြထားသည်​ကို ​ကောက်​နှုတ်​တင်​ပြခြင်းဖြစ်​ပါသည်​။)
(၁၃) ကိုယ်​ဝန်​​ဆောင်​အမျိုးသမီးနှင့်​ ရိုဇဟ်
၁။ ရိုဇဟ်​​စောင့်​ထိန်းခြင်းဖြင့်​ မိမိကိုယ်​တိုင်​ (သို့မဟုတ်​) က​လေးအား တစုံတရာသော ဆိုးကျိုးဖြစ်​​စေမည်​ဟု အခိုင်အမာ ယူဆရသည်။ (ယင်းသို့ ထင်မြင်ယူဆချက်အတိုင်း လက်တွေ့ ကြုံရသည်ဖြစ်စေ၊ မကြုံရသည်ဖြစ်စေ) ရိုဇာမစောင့်ထိန်းဘဲ နေခွင့်ရှိသည်။
၂။ ကိုယ်ဝန်ဆောင်သည် ရိုဇာထားရင်း မိမိ (သို့) ကလေးငယ်၏ အသက်အား စိုးရိမ်ရလျှင် ရိုဇာဖျက်လိုက်ခြင်း ပိုင်သည်။ ထိုပုံစံအားလုံး၌ ကဇွာသာလျှင် တာဝန်ထိုက်သည်။
(၁၄) မီးဖွားခါနီးနာကျင်မူကြောင့် ရိုဇာဖျက်လိုက်ခြင်း
မေး။ ကိုယ်ဝန်ဆောင်သည် မီးဖွားခါနီး အလွန်ကိုက်ခဲနေသောကြောင့် ရိုဇာထားပြီးနောက် ဖျက်လိုက်သည်။ တဖန် ထိုနေ့နေမဝင်မီ ကလေးမွေးလိုက်သည်။ တရားတော်အရ အမိန့် မည်သို့ရှိပါသနည်း။
ဖြေ ။ အကယ်၍ ထိုအခြေနေ၌ ရိုဇာမဖျက်ခဲ့သော် ကလေး (သို့) အမျိုးသမီး၏ အသက်အန္တရာယ် စိုးရိမ်ရသည်ဟု အခိုင်အမာ ယူဆရလျှင် ရိုဇာ ဖျက်ခွင့်ရှိသည်။ ကဇွာသာဝါဂျီဗ်ဖြစ်၍ ကဖ္ဖာရာဟ် မထိုက်ပါ။ ဖော်ပြပါ အခြေအနေမဟုတ်ဘဲ ရိုဇာဖျက်ခဲ့လျှင် ဂိုနာဟ်ထိုက်သည်။ ကဖ္ဖာရာဟ် ဝါဂျီဗ်ထိုက်မည်။ သို့သော်လည်း အန္တရာယ်ရှိသောအခြေနေမဟုတ်ဘဲ ရိုဇာဖျက်ပြီးနောက် ထိုနေ့ နေမဝင်မီပင် ကလေးမွေးဖွားလိုက်လျှင် ကဖ္ဖာရာဟ် တာဝန်မရှိတော့ပါ။
(၁၅) မီးနေသည်နှင့် အားအင်ချိနဲ့နေသောအမျိုးသမီး
မေး။ မီးနေသည်(ကလေးမွေးထားသောအမျိုးသမီး)၊ အားအင်ချိနဲ့နေသော အမျိုးသမီးသည် ရိုဇာမထားနိုင်ခြင်းကြောင့် ဖိဒ်ယာဟ် ပေးလိုက်လျှင် ပိုင်ပါသလား။
ဖြေ။ ဖော်ပြပါ ပုံစံတွင် ဖိဒ်ယာဟ် ပေးခြင်းဖြင့် မလုံလောက်ပါ။ ဖိဒ်ယာဟ်ပေးပြီးနောက်ကျန်းမာရေး ပြန်လည်ကောင်းမွန်ပြီး ရိုဇာထားရန် တက်စွမ်းနိုင်လျှင် ပျက်ခဲ့သော ရိုဇာများအား ကဇွာပြန်ထားရမည်။ (မော်လာနာရဖ်အသ်ကာစေမီ၏ မစာအေလေ့ရိုဇဟ်ကျမ်း၌ အာလမ်ဂီးရ်၊ ဗဟရှ်သီးဇေဝရ်၊ အဟ်စနုလ်ဖသာဝါ၊ ဖသာဝါဒါရုလ်အုလူးမ်ကျမ်းများ၏ အကိုးအကားဖြင့် တင်ပြထားသည်ကို ပြန်လည်တင်ပြခြင်း ဖြစ်သည်။)
(၁၆) နို့တိုက်မိခင်က ရိုဇဟ်မထားခြင်း
မေး။ အဟာရစာ မစားတက်သေးသော နို့စို့ကလေးငယ်၏မိခင်အတွက် ရမဿွာန်လမြတ်တွင် ရိုဇဟ်ထားခြင်းနှင့်ပတ်သက်သည့်အမိန့် မည်သို့ရှိပါသနည်း။ အဘယ်ကြောင့်ဆိုသော် မိခင်က ရိုဇဟ်ထားလိုက်ခြင်းကြောင့် ကလေးငယ်အတွက် နို့မလုံလောက်ပါ။ ကလေးငယ်မှာ ဆာလောင်နေရသည်။
ဖြေ။ မိခင်၏ ရိုဇဟ်ထားခြင်းကြောင့် မိခင်(သို့)နို့စို့ကလေးသည် ဆာလောင်မှုဒဏ် မခံနိုင်ဖြစ်နေလျှင် မိခင်က ရိုဇဟ်မထားဘဲ နေခွင့်ရှိသည်။ နောက်မှ ကဇွာပြန်ထားရမည်။ (အားပ်ကေမစာအိလ် အောင်ရ် အွန်းကာဟလ်)
(၁၇) နို့တိုက်ကျွေးခြင်းဖြင့် မိခင်၏ရိုဇဟ် ပျက်၊ မပျက်
မေး။ နို့တိုက်ကျွေးခြင်းဖြင့် မိခင်၏ ရိုဇဟ်နှင့် ဝူဇူ ပျက်ပါသလား။
ဖြေ။ ရိုဇဟ်နှင့် ဝူဇူ နှစ်ခုလုံး မပျက်ပါ။ (မစာအေလေ့ရိုဇဟ်၊ မော်လာနာရဖ်အသ် ကာစေမီ၊ ဖသာဝါဒါရုလ်အူလူးမ်နှင့် ရဒ်ဒုလ်မုဟ်သားရ်ကျမ်းတို့အား ကိုးကားသည်။)
(၁၈) ရိုဇဟ်ထားလျက် နှုတ်ခမ်းနီဆိုးခြင်း
မေး။ ရိုဇဟ်ထားလျက် နှတ်ခမ်းနီဆိုးခြင်း ပိုင်ပါသလား။
ဖြေ ။ ပိုင်သည်။ သို့သော် ပါးစပ်အတွင်းသို့ ဝင်ရောက်သွားမည်ကို စိုးရိမ်ရလျှင် မက္ကရူဟ်ဖြစ်သည်။
(၁၉) ရိုဇာဟ်ထားလျက် ကလေးငယ်အား အစာ ဝါးကျွေးခြင်း
မိမိပါးစပ်ဖြင့် အစာဝါး၍ ကလေးငယ်အား ကျွေးမွေးခြင်း မက္ကရူဟ် ဖြစ်သည်။ သို့သော် မဖြစ်မနေ ဝါးကျွေးရမည့် အခြေနေကြုံရလျှင် မက္ကရူဟ်မဖြစ်ပါ။ ဝါးကျွေးခြင်းပိုင်ရန်အတွက်အနား၌ ဟိုင်းဇ် (သို့မဟုတ်) နိဖားစ် ဖြစ်နေသူ၊ ရိုဇဟ်မစောင့်ထိန်းသူများ မရှိရပါ။ ဤသို့သော်သူများရှိနေပါလျက် ရိုဇဟ်စောင့်ထိန်းသူမိခင်က ဝါးကျွေးခွင့် မရှိပါ။ထိုနည်းတူစွာ အစာပျော့ပျော့နှင့် နို့ အစရှိသည်တို့ မရနိုင်သော အခြေနေဖြစ်ရမည်။ ရရှိနိုင်ပါက ဝါးကျွေးခွင့်မရှိ။
(၂၀) ဝါးကျွေးရင်း မတော်တဆ အစာလုတ်မျိုမိခြင်း
ရိုဇဟ်ထားလျက် အခြားသူအား အစာကျွေးရန် ဝါးနေရင်း မျိုချမိလျှင် ကဇွာသာ ဝါဂျီဗ်ထိုက်မည်။ ကဖ္ဖာရာဟ်မထိုက်ပါ။
(၂၁) နှုတ်လျှာဖြင့် မြည်းစမ်း၍ ထွေးထုတ်လိုက်ခြင်း
မြည်း၍ ထွေးထုတ်လိုက်လျှင် ရိုဇဟ်မပျက်ပါ။ သို့သော် မလိုအပ်ဘဲ ပြုလုပ်လျှင် မက္ကရူဟ်ထိုက်သည်။ ခင်ပွန်းက အလွန်ဒေါသကြီးသူဖြစ်ခြင်းကြောင့် အစားအသောက်တွင် ဆားအပေါ့၊ အငန် ဖြစ်သွားလျှင် မိမိအား စိတ်ဆိုးမည်ကို စိုးရိမ်ရလျှင် မြည်းစမ်းခွင့် ရှိသည်။ မက္ကရူဟ်မဖြစ်ပါ။
(၂၂) ရာသီသွေးပေါ်နေသူသည် ရမ်ဇာန်လ၌ စားသောက်ခြင်း
မေး။ အမျိုးသမီးသည် ရမ်ဇာန်လမြတ်၌ ရာသီသွေးပေါ်နေသောကြောင့် ရိုဇဟ် မစောင့်ထိန်းဘဲ နေ့အချိန်၌ စားသောက်ခြင်း ပိုင်ပါသလား။
ဖြေ။ ပိုင်သည်။သို့သော် အများသူငှာ ရှေ့မှောက်၌ မစားသောက်ရပါ။
(၂၃) ရာသီမလာရန် ဆေးသောက် တားခြင်း
ယခုခေတ် အမျိုးသမီးအများစုတို့သည် ရမဿွာန်လတွင် ရိုဇာကဇွာမဖြစ်ရန်နှင့် ကဒရ်ညမြတ် (အခြားသော နေ့ထူးနေ့မြတ်များ)တွင် အိဗာဒသ်များပြုလုပ်နိုင်ရန်ဟု ရည်ရွယ်၍ ဓမ္မတာမဆင်းစေရန် တားဆေးများ သုံးစွဲကြသည်။ ထိုလုပ်ရပ်သည် လုံးဝမှားယွင်းပြီး ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်သည်။ ဦးစွာပထမကျန်းမာရေးထိခိုက်စေသော အကြောင်းရာများအားတင်ပြပါမည်။ ထိုးဆေးများသုံးစွဲပါက ကိုယ်အလေးချိန် တက်လာမည်။ နောက်ပိုင်းတွင် ရာသီပုံမမှန်ခြင်း ဖြစ်လာနိုင်သည်။ ခေါင်းကိုက်ဝေဒနာရှင်များ သုံးစွဲပါက ရောဂါအခြေနေ ပိုဆိုးရွားသွားနိုင်သည်။ခန္ဓာကိုယ်တွင် ရေဓါတ်များလာမည်။ စိတ်ဝေဒနာရှင်များ လုံးဝမသုံးစွဲသင့်ပါ။ သောက်ဆေးကိုလည်း မလိုအပ်ပါက မသုံးစွဲသင့်ပါ။ ဤအချက်များအား စာရေးသူ၏ ဘာဘီ D.R Aishah Rayaan(Dubai) ၏ ပြောပြချက် ဖြစ်သည်။ ယခု အစ္စလာမ့်အမိန့်ကို တင်ပြပါမည်။ အစ္စလာမ်သည် လူသား၏ ကျန်းမာရေးကို ဦးစားပေး ထောက်ထားမှုရှိသော ဘာသာတစ်ခု ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် လူသားများအား မနိုင်ဝန် မထမ်းခိုင်းပါ။ လူသားများ လုပ်နိုင်သော အီဗာဒသ်များကိုသာ လုပ်ရန် ဖရဇ်တာဝန် အဖြစ် ပြဋ္ဌာန်းပေးထားသည်။ ကုရ်အာန်ကျမ်းမြတ်တွင် အလ္လာဟ်အရှင်မြတ်ကﻻيكلف الله نفسا اﻻ وسعها အလ္လာဟ်အရှင်မြတ်သည် လူသားအား ၄င်းတတ်နိုင်သည်ခန့်သာ တာဝန်ပေးတော်မူ၏ ဟု မိန့်တော်မူထားသည်။ မိမိကိုယ်ခန္ဓာအား အဓမ္မစေခိုင်း၍ ဒုက္ခရောက်အောင် ပြုလုပ်ခြင်းကို တမန်တော်မြတ်ကိုတိုင် တားထားတော်မူ၏။ ဆွဟာဗီအမျိုးသမီးတစ်ဦးသည် သဟဂ်ျဂျွဒ်အချိန် အိပ်မငိုက်စေရန် မိမိ၏ဆံပင်အား တိုင်ဖြင့်ချည်ထားကြောင်း တမန်တော်မြတ် သိသောအခါ ထိုသို့မလုပ်ရန် တားမြစ်လိုက်၏။ ထိုနည်းတူ ဆွဟာဗဟ်တစ်ပါးသည် နေ့စဉ်ရက်ဆက် ရိုဇာထား၍ ညစဉ်ညတိုင်း နမားဇ်ဝတ်ပြု၍နေသည်။ တမန်တော်မြတ်သည် ထိုဆွဟာဗဟ်အားလည်း တားမြစ်ခဲ့သည်။ ဖေါ်ပြခဲ့သော ကုရ်အာန်အာယသ်နှင့် ဟဒီးစ်တော်များအရ အမျိုးသမီးတို့သည် ရမဿွာန်ရိုဇာမပျက်စေရန်နှင့် ညထူးညမြတ်များတွင် အိဗာဒသ်လုပ်ရန်ရည်ရွယ်၍ တားဆေးများသုံးစွဲခြင်းသည်လည်း မပြုလုပ်ရမည့်အရာဖြစ်ကြောင်း သုံးသပ်ရပါသည်။ လုံးဝမပိုင်၊ ဟရာမ်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ယင်းကဲ့သို့ ပြုလုပ်ခြင်းတွင် ပုံစံနှစ်မျိုးရှိသည်။ (၁) ရာသီသွေး မပေါ်ခင်ကတည်းကပင် ကြိုတင် ဆေးသုံးစွဲကာ သွေးမပေါ်အောင် တားဆီးခြင်း။ (၂) ရာသီသွေးပေါ်ပြီးကာမှ ဆေးသုံးစွဲ၍ ရပ်တန့်စေခြင်း။ ပထမပုံစံမှာ သွေး လုံးဝပေါ်ခြင်းမရှိသည့်အတွက် ပိုင် သွားမည်။ ဒုတိယပုံစံမှာ သွေးပေါ်ပြီးကာမှ ရပ်တန့်စေသည့်အတွက် အမြဲသွေးပေါ်လေ့ရှိသော ရက်များ၏ နမားဇ်၊ ရိုဇာဟ်များ မပိုင်ပါ။ ထိုနေ့များ၏ ရိုဇာဟ်တို့အား ပြန်လည်ဖြည့်စွက်ရန် ဝါဂျီဗ်ဖြစ်သည်။ သဘာဝအား လွန်ဆန်ပြီး မိမိကျန်းမာရေးအား ထိခိုက်စေနိုင်သော နည်းလမ်းများအား သုံးစွဲ၍ တာဝန်ထမ်းဆောင်ခြင်းသည် မည်သို့မှအကျိုးမရှိပါ။ (ထိုသို့ပြုလုပ်ရန်လည်း အမိန့်မပေးထားပါ။ ထို့အတူ ယင်းသို့ ဖြစ်ပေါ်နေကြအရာအား တားဆီးပြီး အိဗာဒသ်ပြုလုပ်လျှင် ပိုမြတ်၏ဟုလည်း မိန့်ထားခြင်းမျိုးမရှိပါ။ အရှိအတိုင်းသာ အမိန့်နာခံရန် ခိုင်းထားခြင်း ဖြစ်၏။) ထို့ကြောင့် သဘာဝအတိုင်းပင် ဖြစ်လေ့ရှိတတ်သော ရာသီလာခြင်းအား မတားဆီးဘဲ အမလ်အီဗာဒသ်များ ပြုလုပ်ပါရန် တိုက်တွန်းအပ်ပါသည်။
(၂၄) ဆေးထိုးခြင်းဆိုင် ပညတ်ချက်
ဆေးထိုး ဆေးသွင်း အစရှိသည်တို့သည် တမန်တော်မြတ်၏ အခါသမယတွင် မရှိခဲ့သလို မုဂ်ျသဟစ်ဒ် ပညတ်ချက်များ ဖော်ထုတ်ပေးခဲ့သည့် အီမာမ်ကြီးများ၏ ခေတ်ကာလတွင်လည်း မရှိခဲ့ပါ။ ထို့ကြောင့် ယင်းအခြေအနေအတွက် ဟဒီးစ်မရရှိသည့်အတွက် ဖိကဟ်၏ အခြေခံဥပဒေသများအား ထောက်ရှု၍ ကိယားစ်ခေါ် ချိန်ထိုးသုံးသပ်မှသာ ရှရ်အီအမိန့် ပြဌာန်းနိုင်မည် ဖြစ်သည်။ယင်းအခြေအနေအတွက် အရှင်းလင်းဆုံးဥပမာမှာ လူတစ်ယောက်ကို ကင်း၊ မြွေကိုက်လိုက်ပါက အဆိပ်သည် ခန္ဓာကိုယ်အတွင်း ပျံနှံ့သွားသည်မှာ အထင်အရှား ဖြစ်သည်။ မြွေဆိပ်မှာ များသောအားဖြင့် ဦးနှောက်အတွင်းသို့ ရောက်ရှိတတ်သည်။ အချို့သောအဆိပ်ရှိ သတ္တဝါများကိုက်ခြင်းဖြင့် အကိုက်ခံရသည့်နေရာမှာ ယောင်ကိုင်းသွားတတ်၏။ သဘောမှာ အဆိပ်သည် အတွင်းသို့ ရောက်သွားခြင်းကြောင့်ပင် ဖြစ်ပါသည်။ သို့သော် မည်သည့် ဖိကာဟ်ပညာရှင်များကမှ ရိုဇာဟ်ပျက်သည်ဟု မသတ်မှတ်ခဲ့ပါ။ ဤသည်မှာ ဆေးထိုးအပ်၏ အထင်ရှား အပေါ်လွင်ဆုံး ပမာဖြစ်သည်။ အထက်တင်ပြပါ အချက်အရဆိုလျှင် ခန္ဓာကိုယ်အတွင်း မည်သည့်အရာ ဝင်ရောက်သည်ဖြစ်ပါစေ ရိုဇာဟ်မပျက်ပေ။ ရိုဇာဟ်ပျက်ရန် အချက် နှစ်ချက် လိုအပ်သည်။ (၁) ထိုးသွင်းလိုက်သောအရာသည် အစာအိမ် သို့မဟုတ် ဦးနှောက်အတွင်းသို့ ရောက်ရှိရမည်။ (၂) ထိုသို့ရောက်ခြင်းမှာလည်း တိုက်ရိုက် လမ်းကြောင်းမှ ဖြစ်ရမည်။ တိုက်ရိုက်လမ်းကြောင်းမှအပ အခြားလမ်းကြောင်းများဖြင့် အစာအိမ်နှင့် ဦးနှောက်တွင်းသို့ ဆေးဝါးရောက်ပါက ရိုဇာဟ်မပျက်ပေ။ ဆေးထိုးသွင်းခြင်းဖြင့် ခန္ဓာကိုယ်တစ်ခုလုံး၏ အစိတ်ပိုင်းများအတွင်းသို့ ဆေးဝါးများ ရောက်သွားသည် မှန်သော်လည်း တိုက်ရိုက်လမ်းကြောင်းများမှ မဟုတ်ဘဲ သွေးကြောများမှတဆင့် ပို့ဆောင်ပေးသည့်အတွက် ရိုဇာဟ်ကို ထိခိုက်မှု မဖြစ်ပါ။ ပမာအားဖြင့် လူတစ်ဦးသည် ပူအိုက်သောရာသီတွင် ရိုဇာဟ်ထားလျက် ရေအေးဖြင့် ရေချိုးလိုက်ပါက ရေငတ်ပြေသွားသည်။ အဘယ့်ကြောင့်ဆိုသော် ချွေးပေါက်လေးများမှတဆင့် အတွင်းသို့ ရေရောက်ရှိသွားသည်။ သို့သော် ရိုဇာဟ်ပျက်သည်ဟု မသတ်မှတ်ထားပါ။ အထက်ဖေါ်ပြပါ ဥပမာအရ ဂလူးကိုးဇ်သွင်းခြင်းဖြင့်လည်း ရိုဇာဟ်မပျက်ပါ။ ဂလူကိုးဇ်သွင်းခြင်းသည် ခန္ဓာကိုယ်အား အစာကဲ့သို့ပင် အင်အားများ ရရှိသည်ဖြစ်ပါသော်လည်း အဘယ့်ကြောင့် ရိုဇာဟ်မပျက်ပါသနည်းဟု မေးလာလျှင် အရှင်းလင်းဆုံးအဖြေမှာ အင်အားပြည့်ဖြိုးသွားခြင်းသည် ယတိပြက် ရိုဇာဟ် ပျက်စေသော အချက်မဟုတ်ပါ။ အအေးဓါတ် ရရှိသွားခြင်းဖြင့် ရိုဇာဟ်မပျက်သကဲ့သို့ပင် ဖြစ်သည်။ တိုက်ရိုက်လမ်းကြောင်းများဖြင့် အစာအိမ်နှင့် ဦးနှောက်တွင်းသို့ ဆေးဝါးရောက်မှသာ ရိုဇာဟ်ပျက်စေသည်။ ဆေးထိုး ဆေးသွင်းခြင်းမှာ ထိုကဲ့သို့ မဟုတ်သည့်အတွက် ရိုဇာဟ်မပျက်ပါ။ အင်အားပြည့်ဖြိုးသွားသော်လည်း ရိုဇာဟ်မထိခိုက်ပေ။ ခွေးကိုက်ခြင်းကြောင့် ဆေးထိုးလျှင်လည်း ရိုဇာဟ် မပျက်ပါ။ 
(၂၅) ရိုဇဟ်ထားလျက် ဆေးထိုးခြင်း၊ အားဆေးသွင်းခြင်း၊ သွေးသွင်းခြင်း
ဆေးထိုးအပ်ဖြင့် ခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်းသောဆေးဝါးများမှာ အများအားဖြင့် အကြောများ၏လမ်းကြောင်းမှသာ ဦးနှောက်နှင့်နှလုံး သို့မဟုတ် အစာအိမ်အတွင်းသို့ ဝင်ရောက်ပါသည်။ထိုကဲ့သို့ လမ်းကြောင်းများသည် ဆေးဝါး၏မူရင်းလမ်းကြောင်းများ မဟုတ်သလို ဖိကာဟ်ပညာရှင်များထံတွင်လည်း ၄င်းလမ်းကြောင်းများအား အစာနှင့်ဆေးဝါးလမ်းကြောင်းဟု မခေါ်ကြပါ။ဖိကဟ်ပညာရှင်တို့က ထိုပုံသဏ္ဍာန်များတွင် ရိုဇာဟ်မပျက်ဟု သတ်မှတ်ထားသည်။ အနာနှစ်မျိုးတွင် ဆေးဝါးထည့်သွင်းခြင်းဖြင့် ရိုဇာဟ်ပျက်စေသည်။ အာမ္မဟ်နှင့် ဂျာအေဖာဟ်တို့ ဖြစ်သည်။ အာမ္မဟ်ဆိုသည်မှာ ဦးနှောက်အတွင်းပိုင်းထိ ထိခိုက်ထားသော ဦးခေါင်းဒဏ်ရာ ဖြစ်သည်။ ဆေးကိုလည်း ၎င်းဒဏ်ရာ လမ်းကြောင်းမှသာ ထိုးသွင်းသည်။ ဂျာအေဖာဟ်ဆိုသည်မှာ အစာအိမ်အတွင်းထဲထိ ရောက်ရှိနေသောဒဏ်ရာ ဖြစ်သည်။ ၎င်းဒဏ်ရာ လမ်းကြောင်းမှပင် ဆေးဝါး ထိုးသွင်းသည်။ ဤဒဏ်ရာ နှစ်မျိုးလုံးသည် အစာအိမ်နှင့် ဦးနှောက် အတွင်းသို့ တိုက်ရိုက် ဆေးဝါးထိုးသွင်းရာ လမ်းကြောင်းများကဲ့သို့ ဖြစ်သွားပေသည်။ ဤပုံစံမှာ ရိုဇာဟ် ပျက်စေသည်။ ထိုပုံသဏ္ဍာန် နှစ်မျိုးမှလွဲ၍ အခြားဒဏ်ရာများတွင် ဆေးဝါး သွင်းခြင်းဖြင့် ရိုဇာဟ်မပျက်ပေ။အချုပ်အားဖြင့် ဆေးထိုးအပ်ကိုအကြောင်းပြု၍ ဆေးဝါးဖြစ်စေ၊ သွေးဖြစ်စေ သွင်းခြင်းဖြင့် ရိုဇာဟ်မပျက်ပါ။ အကြောဆေးသွင်းခြင်းသည်လည်း ထိုနည်းတူစွာပင် ဖြစ်သည်။ အစာအိမ် သို့မဟုတ် ဦးနှောက်သို့ တိုက်ရိုက်ရောက်စေသော လမ်းကြောင်းများမဟုတ်သည့်အတွက် ရိုဇာဟ်မပျက်ပါ။ (မစာအီလေ မူကမ်မီလေမူဒလ်လလ်ကျမ်းမှ ကောက်နှုတ်တင်ပြခြင်းဖြစ်ပါသည်။)
ဤတွင် အမျိုးသမီးတို့အတွက် ရိုဇဟ်ဆိုင်ရာ သိမှတ်ဖွယ်ရာများ ပြီးဆုံးပါပြီ။
ရေးသူ၊ ဟာဖိဇွဟ်၊ အာလိမဟ် Shareat Ya Shahadat
အလ်မုဖီးဒ်က ထပ်ဆင့်ဖော်ပြပါသည်။
စာသားကော်ပီယူသူများ Credit အပြည့်ကူးပါ။ အယောင်မဆောင်ပါနှင့်။ မူရင်းကို လေးစားပါ။ 
အလ်မုဖီးဒ်
Wednesday, October 28, 2015
သားအိမ်ရောဂါကို ကြိုတင် ကာကွယ်ရန်အတွက် နည်းလမ်းတစ်သွယ်
အိမ်ထောင်သည်များ၊ အပျိုများ သားအိမ်ရောဂါကို ကြိုတင် ကာကွယ်ရန်အတွက် နည်းလမ်းတစ်သွယ်
မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/photos/a.518624321591495.1073741829.383183328468929/842730442514213/?type=3&theater
ကျင့်နည်းသတ်မှတ်ချက်
ခင်ပွန်းဖြစ်သူ လင်ယောက်ျားက မိမိဇနီးသည်နှင့် ကိုယ်လက်မနှီးနှောမီ ကြိုတင်လျက် ဗိစ္စမစ်လ္လာဟိရ်ရဟ်မာနိရ်ရဟီးမ် တစ်ကြိမ်ဖတ်ရွတ်ပြီး "အလ်မုဂ်နီးယု" ကို (၇ဝ)ခေါက် ဖတ်လိုက်ပါ။ (၂)မိနစ်ခန့်ပင် ကြာမည်မဟုတ်ပေ။ မည်သည့်အခါမဆို ဇနီးမောင်နှံကိုယ်လက်နှီးနှောသည်ဖြစ်စေ ဤဂုဏ်တော်ကို ဖော်ပြပါရှိသည့်အတိုင်း ဖတ်ရွတ်ရန် လိုအပ်ပေသည်။ ဆက်ဆံလိုသည့်အခါတိုင်း အသစ်တစ်ကြော့ဖတ်ရန် အရေးကြီး၏။ ဤပုံဤနည်းဖြင့် လင်မယားကိုယ်လက်နှီးနှောကြပါမူ သားအိမ်ရောဂါ စွဲကပ်မည်မဟုတ်ပေ။ သားအိမ်နှင့် ပတ်သက်သောရောဂါမျိုးစုံမှ ကင်းရှင်းအံ့။
မှတ်ချက်။
ဤသို့ဖတ်ရွတ်ရန် ပျက်ကွက်ခြင်း မရှိစေရေးအတွက် ဇနီးက လင်ယောက်ျားအား သတိပေးရမည်။ ခင်ပွန်းသည်ကလည်း သတိရှိရှိ ကျင့်ကြံအားထုတ်အပ်ပေသည်။
ရှင်းလင်းချက်။
သာမန်သွေးလေမမှန်၊ ရာသီမမှန်သောရောဂါခံစားနေရသော အိမ်ထောင်သည် မိန်းမများ၏ ရောဂါများ ပပျောက်ကင်းစင်သွားမည်။ မည်သည့်ရောဂါမှ မရှိသောဇနီးများအတွက်လည်း ကြိုတင်ကာကွယ်ထားနှင့်ပြီးဖြစ်မည်။ မျက်မှောက်ကာလတွင် သားအိမ်ရောဂါအမျိုးမျိုးကြောင့် သားလျော၊ သန္ဓေမတည်မမြဲ ဖြစ်ကြရုံမက သားအိမ်ကင်ဆာစသောရောဂါများအပြင်၊ သားအိမ်အားနည်းခြင်း၊ သားအိမ်အနာဖြစ်ခြင်း၊ မီးယပ်ရောဂါအမျိုးမျိုးတို့ကို ကြားသိတွေ့ရှိနေရလေသည်။
အိမ်ထောင်သည်ဘဝမရောက်သေးသော အပျိုများ၊ မုဆိုးမများ၊ တစ်ခုလပ်များ အနေဖြင့် ဤဂုဏ်တော်ကို (၇ဝ)ခုနှစ်ဆယ်ခေါက်ဖတ်ပြီး ရေတွင် မန်းပြီးသောက်ပါက အလားတူအကျိုးကျေးဇူးခံစားရပါမည်။
**ဟဒီးစ်ပါမောက္ခချုပ် အလ်ဟာဂ်ျမော်လာနာ မုဟမ္မဒ်ဗရှီရွလ္လာဟ်၏သား အလ်ဟာဂ်ျမော်လာနာ မုဟမ္မဒ်စလီမွလ္လာဟ် ရေးသားပြုစုသော "ကရှဖွလ် အတ်စ်ရာရိ ဖစ်လ်အတ်စ်မာ အစ်လ်ဟုစ်နာ အလ္လာ့ဟ်ဗိမာန်တော်များ ဂုဏ်တော်များအဖွင့်နှင့် ကျင့်စဉ်များ " ကျမ်းမှ ကူးယူး၍ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။**
ရာသီစက်ဝန်းကာလာ၌ ပြင်းထန်စွာ နာကျင်ကိုက်ခဲခြင်း၊ ထိုကာလ၌ အကိုက်အခဲပျောက်ဆေး သောက်နေရခြင်း၊ သားအိမ်အောင့်ခြင်း၊ ကိုက်ခြင်းဖြစ်သူ အမျိုးသမီးများ အထူးအလေးထားဖတ်ရွတ်သင့်လှပါသည်။
အလ်မုဖီးဒ်
---
အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။
Wednesday, September 9, 2015
မေးခွန်းသုံးခွန်းနှင့် ဇနီးလောင်းရှာပုံတော်
မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ပြန်ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/802257896561468:0
######################
ဉာဏ်ရည်ထက်မြက်သော ဇနီးလောင်း ရှာဖွေခြင်းနှင့် ပတ်သက်၍ ရှေးအရဗ်တို့ထံ ပြောစမှတ်ပြုသော အဖြစ်အပျက်လေးတစ်ခု ဖြစ်ပွားခဲ့သည်။
ရွာတစ်ရွာတွင် "ရှန်" အမည်ရှိ စကားပြောကောင်း၍ ဉာဏ်ရည်ထက်မြက်သော လူငယ်တစ်ဦးရှိခဲ့သည်။ သူသည် အလွန်ဉာဏ်ကောင်း၍ စကားလုံး လှလှများကို ဖန်တီးနိုင်သူဟု လူသိများသည်။ လေးနက်၍ အဓိပ္ပာယ် ကြွယ်ဝသော စကားများ ပြောတတ်သည့်အတွက် အဝေးမှ လူများပင် သူ့အား ချစ်ခင်ကြည်ညိုကြပါသည်။ "ရှန်" အရွယ်ရောက်လာသောအခါ အိမ်ထောင်ပြုရန် စီစဉ်သည်။ အိမ်ထောင်ဖက်ကိုလည်း သူကဲ့သို့ ဉာဏ်ရည်ထက်မြက်၍ အသိကြွယ်သည့် မိန်းကလေးမျိုး ဖြစ်စေလိုသည်။ ဤသို့နှင့် "ရှန်" သည် ဇနီးလောင်းရှာဖွေရန် နေရာအနှံ့ ခရီးထွက်ရန် ဆုံးဖြတ်ခဲ့သည်။
တစ်နေ့တွင် ရှန်သည် ဤရည်ရွယ်ချက်နှင့်ပင် အနီးအနားမှ ရွာတစ်ရွာသို့ ကုလားအုတ်စီး၍ စတင်ခရီးထွက်ခဲ့သည်။ သူသွားမည့်ရွာသားတစ်ဦးနှင့် လမ်းတွင် ဆုံရာ နှစ်ဦးသား အတူတကွ ခရီးဆက်ခဲ့သည်။
ရှန်က "... သင် ကျွန်တော့်ကိုထမ်းမှာလား၊ ကျွန်တော်က သင့်ကို ထမ်းရမှာလား ..." ဟုမေးရာ ခရီးဖော်က "... အို အသိဉာဏ်မဲ့သူ၊ အစီးအနင်းစီးသူက အခြားအစီးအနင်းစီးသူကို ထမ်းရတယ်လို့ ရှိပါသလား ..." ဟုပြောသည်။
ရှန်သည် မည်သို့မျှ အဖြေမပေးဘဲ ရှေ့သို့ ခရီးဆက်ခဲ့သည်။ တနေရာတွင် အသီးများ ဝင်းဝင်းဝါဝါနှင့် ရိတ်သိမ်းချိန်သို့ ရောက်နေသော လယ်ယာစိုက်ခင်းတစ်ခုအနီးမှ ဖြတ်ကျော်မိသောအခါ ရှန်က ခရီးဖော်အား "... ဒီစိုက်ခင်းက အသီးအနှံတွေကို လယ်ရှင်က စားပြီးပြီလား၊ သို့မဟုတ် မစားရသေးဘူးလားဆိုတာ သင်ဘယ်လို ထင်ပါသလဲ ..." ဟုမေးလိုက်သည်။ ခရီးဖော်က ပြောသည်မှာ "... ဟေ့ အသိဉာဏ်မဲ့သူ၊ စိုက်ခင်းမှာ ကောက်နှံတွေ ပကတိအတိုင်း ထိုးထိုးထောင်ထောင်ရှိတာ မင်းမမြင်ဘူးလား ..." ဟုဆိုပြန်သည်။ ရှန်ကမူ ဘာမှမပြောဘဲ ခရီးဆက်ခဲ့သည်။
လမ်းတနေရာ၌ ဂျနာဇဟ် (ကွယ်လွန်သူကို နောက်ဆုံးခရီးပို့ဆောင်နေခြင်း) တစ်ခု ထမ်းလာသည်ကို တွေ့မြင်ရပြီး ရှန်က မေးပြန်သည်မှာ "... ဒီထမ်းစင်ထဲမှာရှိတဲ့ အလောင်းဟာ လူရှင်လား၊ သို့မဟုတ် လူသေလား ဆိုတာ သင်ဘယ်လို မြင်ပါသလဲ ..." ယခုမူ ခရီးဖော်သည် ဒေါသမချုပ်တည်းနိုင်တော့ဘဲ "... လောကမှာ အသိဉာဏ်မရှိတဲ့၊ အတွေးတိမ်တဲ့လူတွေ ငါအများကြီး မြင်ဖူးပါတယ်၊ မင်းလောက် အသိဉာဏ်မဲ့တဲ့၊ နုံအတဲ့လူမျိုးကိုတော့ တစ်ခါမှ မတွေ့ဖူးဘူး။ လူရှင်ကို ထမ်းစင်နဲ့ ထမ်းပြီး ကဗရ်စတာန် (သင်္ချိုင်း) ကိုသယ်သွားတာ မင်းဘယ်နှစ်ခါ မြင်ဖူးသလဲ ..." ဟုပြောလေတော့သည်။
ဤသို့နှင့် ရွာသို့ရောက်လာရာ ခရီးဖော်လည်း မိမိအိမ်သို့ ပြန်သည်။ လမ်းခရီးတွင် သူတွေ့ခဲ့သော လူငယ်အကြောင်းနှင့် သူ၏ စကားများကို (လူငယ်၏ အမည်မဖော်ဘဲ) အိမ်သူအိမ်သားများအား ပြောပြ၍ ရယ်မောကြလေသည်။ ထိုသူ့ထံတွင် သမီးတစ်ဦးရှိသည်။ "သွဗကဟ်" ဟုခေါ်သည်။
သူမသည် အဖေ့စကားကြားပြီး ပြောသည်မှာ
"... အဖေ။ လူငယ်က 'သင် ကျွန်တော့်ကို ထမ်းမှာလား၊ သို့မဟုတ် ကျွန်တော်က သင့်ကို ထမ်းမှာလား' ဆိုတဲ့စကားရဲ့ အလိုသဘောက 'သူကစပြီး အဖေ့ကို စကားပြောရမလား၊ အဖေကသူ့ကို စပြီး စကားပြောမလား ... ဒီလိုနဲ့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် စကားပြောကြရင်း ခရီးကုန်ဆုံးစေလိုခြင်းဖြစ်ပါတယ်။ ..."
"... လူငယ်မေးတဲ့ ' ဒီစိုက်ခင်းက အသီးအနှံတွေကို လယ်ရှင်က စားပြီးပြီလား၊ မစားရသေးဘူးလား ဆိုတာ သင်ဘယ်လိုထင်ပါသလဲ ' ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်က ' လယ်ရှင်က သူ့စိုက်ခင်းမှ အသီးအနှံတွေကို ကြိုတင်ရောင်းပြီး ရထားတဲ့ ငွေကို စားသုံးလိုက်ပြီလား၊ မစားသုံးသေးဘူးလား ' လို့မေးခြင်းဖြစ်ပါတယ်။ ..."
"... အဖေ။ လူငယ်မေးတဲ့ ' ဒီထမ်းစင်ထဲမှာရှိတဲ့ အလောင်းဟာ လူရှင်လား လူသေလား ဆိုတာ သင်ဘယ်လိုမြင်ပါသလဲ' ဆိုတဲ့ မေးခွန်းရဲ့ အလိုသဘောက ' သေသူက သေပြီးနောက် လောကမှာ သားသမီးကောင်း၊ သို့မဟုတ် ကောင်းမှုကုသိုလ်အလုပ် တစ်ခုခု ထားခဲ့ပြီး သူသေသွားသော်လည်း သူ့အား ကုသိုလ်ပို့ပေးနေမယ့်သူ (သို့မဟုတ်) အမြဲတမ်းကုသိုလ်ရနေမယ့် အလှူမျိုး ထားခဲ့ရဲ့လား ' လို့ မေးခြင်းဖြစ်တယ်။ ..."
မိန်းကလေး၏ဖခင်သည် အဖြေသိရပြီးနောက် 'ရှန်' ကို ရွာအတွင်း၌ လိုက်လံရှာဖွေလေတော့သည်။ 'ရှန်'ကို တွေ့သောအခါ ၎င်း၏စကားများကို သမီးက ဖြေပေးခဲ့သည့်အကြောင်း ပြောပြလေသည်။ ထိုအခါ ရှန်က ကျွန်တော် ဤကဲ့သို့ မိန်းကလေးမျိုးကို လိုက်လံရှာဖွေနေကြောင်း ပြော၍ ၎င်း၏သမီးနှင့် ထိမ်းမြားပေးစေလိုပါကြောင်း မင်္ဂလာစကား ကမ်းလှမ်းလေသည်။ ဖခင်ကလည်း သဘောတူ လက်ခံ၍ လူငယ်ကို သမီးနှင့် နေကာဟ်ပြု (ထိမ်းမြား) ပေးလိုက်လေသည်။
ထို့နောက် ရှန်သည် ဇနီးသည် သွဗကဟ်ကို ခေါ်ဆောင်၍ မိမိနေရပ်သို့ ပြန်လာခဲ့သည်။ လူတို့က မိန်းကလေး၏ ဉာဏ်ရည်ထက်မြက်မှုကိုကြားသိကြပြီး အားလုံး၏နှုတ်မှ 'ဉာဏ်ရည်ထက်မြက်တဲ့ ရှန်နဲ့ သွဗကဟ်တို့ လိုက်ဖက်လေစွ' ဟုချီးမွမ်းပြောဆိုကြလေသည်။
မော်လဝီကာရီ ရဟ်မသွလ္လာဟ် (ပြင်ခရိုင်) ဘာသာပြန်သော ရွှေရောင်အလင်းတန်းများ စာအုပ်မှ ကောက်နုတ်တင်ဆက်ပါသည်။
ပရိသတ်ကြီးရော မိမိအိမ်ထောင်ဖက်ရဲ့ အရည်အချင်းကို ဘယ်လို ဆန်းစစ်မလဲ။
အလ်မုဖီးဒ်
၁၂/ရှောင်ဝလ်/၁၄၃၆ ဟိဂ်ျရီ
Monday, May 4, 2015
မှားနေသည့် အသုံးအနှုန်း
ယနေ့ကာလ၏ ရေးသားခေါ်ဆို၊ ပြောဆိုမှုများတွင် အသုံးအနှုန်းအချို့သည် မှားနေသည်။ ထိုအသုံးအနှုန်း အမှားများကို မုစလ်မာန်များ ကိုယ်တိုင်ကလည်း တွင်ကျယ်စွာ သုံးစွဲနေကြသည်။ ထို့ကြောင့် အသုံးအနှုန်းအမှန်ကို သိရှိသုံးစွဲနိုင်ရန် တင်ဆက်လိုက်ပါသည်။
မုစလ်မာန်အမျိုးသမီးတို့အတွက် သတ်မှတ်ပြဌာန်းထားသည့် ဦးခေါင်းမှစ၍ ခြေအဆုံး ပြည့်စုံလုံခြုံစွာ ဝတ်ဆင်ရမည့် အဝတ်အစား၊ ထိုသို့လုံခြုံစွာနေရမည့် အမိန့်တို့ကို အရဗီဘာသာစကားဖြင့် ပြဆိုမိန့်ထား၏။ ယခုအခါတွင် ယင်းအရဗီ၏ ဆိုလိုရင်းအဓိပ္ပါယ်ပါ ပျောက်ကွယ်သွားသည်သာမက စာလုံးများကိုပါ အမှားများဖြင့် ပြောဆိုသုံးစွဲနေကြသည်။ စာလုံးလည်း ဆိုလိုရင်းကိုလည်း အမှားအတိုင်းမှတ်ယူထားသဖြင့် အဓိကတောင်းဆိုထားသည့် အကြောင်းအရာများလည်း ပျောက်သွားပေသည်။ ထို့ကြောင့် ယင်းအမှားများကို အမှန်ဖြင့် ပြန်လည်ပြင်ဆင်ရမည်။
  " ဟိဂျာဗ် "  
ဟိဂျာဗ်သည် ဦးခေါင်းတွင်ခြုံသော ပုဝါအသေးလေးများကို ခေါ်ဆိုခြင်း လုံးဝမဟုတ်ပါ။ ဟိဂျာဗ်ဟူသည် အမျိုးသမီးအနေဖြင့် သူမ၏ဟန်ပန်သဏ္ဍာန်၊ အကောက်အကွေး၊ အဖုအဖာင်း၊ အရောင်အသွေး၊ မျက်လုံးမျက်ဖန် ကော့လန် ပြူးကျယ် စသည့်အလှတရားအားလုံးကို မည်သည့်ယောက်ျားသားမျှ မမြင်အောင် ဖုံးကွယ်နေထိုင်ခြင်း/ ဝတ်ဆင်ခြင်းကို ခေါ်ဆိုသည်။ အဝတ်အစားတွင်လည်း လူတို့က ကြည့်လိုစိတ်ဖြစ်လာအောင် ပြင်ဆင်ချယ်သမှု လုံးဝမပါရပေ။ ထိုသို့သော အရာကို ဟိဂျာဗ်ဟု ခေါ်သည်။
ထို့ကြောင့် ပုဝါတစ်ပိုင်း၊ အင်္ကျီလက်ရှည်ကိုယ်ကျပ်၊ ဂျင်းဘောင်းဘီ၊ စကတ်စသည်တို့နှင့် တွဲစပ်ဝတ်ဆင်ထားခြင်းကို ဟိဂျာဗ်ဟု မခေါ်ပါ။ မင်္ဂလာဆောင်ဂါဝင်နှင့် ပုဝါတစ်ထည်တွဲဆောင်းထားခြင်းကိုလည်း ဟိဂျာဗ်ဝတ်ထားသည်ဟု မခေါ်ပါ။
ပုဝါအတိုများကို ခိမားရ် ဟုခေါ်သည်။ ဟိဂျားဗ်ဟု မသုံးနှုန်းပါ။
ထိုဝတ်ဆင်မှုများတွင် ဟိဂျာဗ်မှတောင်းဆိုထားသည့် ပြည့်စုံသည့်လုံခြုံမှု လုံးဝမရှိသဖြင့် ဟိဂျာဗ်ဝတ်ထားသူ၊ ဟိဂျာဗ်ကို ဆောင်ရွက်သူဟု မသတ်မှတ်ပါ။ ၎င်းကဲ့သို့သူအား ခေါင်းပေါ်တွင် ပုဝါဆောင်းထားသူဟုသာ ခေါ်ဆိုနိုင်မည်။
  " ဘုရ်ကအ် "  
အားလုံးက ဘုရ်ခါ ဟု ပြောဆို ရေးသား ခေါ်ဆိုကြသည်။ မှားသည်။ စာလုံးအရ " ဗာ၊ ရာ၊ ကားဖ်(ကားဖ်အကြီး)၊ အိုင်န်" ဖြင့်ဖြစ်သည်။ ယခုခေါ်ဆိုနေသလို ဘုရ်ခါ " ခေ" မပါဝင်ပါ။ အခေါ်အဝေါ်ပြောင်းရမည်။
မြန်မာစကားပုံဖြင့် ပြောပါက စကားနောက် တရားပါ ဆိုသလို ဘုရ်ခါ - ခါ ဟု သုံးနှုန်းပြောဆိုနေကြသဖြင့် ဝတ်ဆင်သူ မိန်းကလေးအများစုသည်လည်း ခါ နေကြသည်ဟု ဆိုရမည်။ တလက်လက်တောက်နေသည့် ကျောက်ရောင်စုံဆင်ကာ ခန္ဓာကိုယ်ကောက်ကြောင်းအပြည့်ပေါ်နေသည့် အင်္ကျီအရှည်တစ်ထည်ကို ကိုယ်တွင်ဝတ်၍ ဆံပင်များ၊ ရင်ဘတ်များပေါ်နေသည့် ပုဝါအတိုကိုဆောင်းပြီး သွားလာနေကြ၏။ စာလုံးသုံးစွဲမှု မှားသဖြင့် ဖြစ်ပေါ်လာသည့် လုပ်ရပ်ပါမှားလာကြပေသည်။
ထို့ကြောင့် စာလုံးအမှန်ဖြစ်သည့် ဘုရ်ကအ် ကို ပြောင်းလဲခေါ်ဆိုပါ။ ရေးသားကြပါ။
ဘုရ်ကအ် ဖြစ်သည်။ ဘုရ်ခါ မဟုတ်ပါ။
  " ဟိဂျာဗ် နှင့် ဘုရ်ကအ် "  
အချို့က ခေါင်းတွင် ပုဝါဆောင်းထားခြင်းကို ဟိဂျာဗ်၊ အောက်က အကျီအရှည်ဝတ်ထားခြင်းကို ဘုရ်ကအ်ဟု သုံးစွဲကြသည်။ အမှန်တော့ ယင်းစာလုံးနှစ်ခုလုံးသည် ဆိုလိုရင်းတစ်ခုတည်းဖြစ်သည်။ ခေါင်းခြုံပုဝါကို ဟိဂျာဗ်ဟုမခေါ်ပါ။
ဟိဂျာဗ်စာလုံးတွင် ဘုရ်ကအ်၏ အဓိပ္ပါယ်လည်း ပါဝင်သည်။ ဟိဂျာဗ်၊ ဘုရ်ကအ်ဟူသည် ဝတ်ဆင်ထားသူ အမျိုးသမီး၏ အလှအပဟူသရွေ့တို့ကို ဖုံးအုပ်ပေးမည့် အဝတ်အစားမျိုးဖြစ်ရမည်။ ခေါင်းစ၊ ခြေဆုံး စာရင်းဝင်ပေသည်။ ကြပ်နေခြင်း၊ အရောင်များ တလက်လက် တောက်နေခြင်း၊ ဆံပင်မလုံ၊ ရင်ဘတ်မလုံ ဖြစ်နေခြင်းတို့ မရှိရပေ။
  " နိကားဗ် "  
မျက်နှာ၏ အလှသဏ္ဍာန်အလုံးစုံကို ဖုံးအုပ်၍ ကြည့်ရှုရန် မျက်လုံးပေါက်ဖောက်ထားသည့် အရာကို နိကားဗ်ဟုခေါ်သည်။
နိကားဗ်ဖြစ်သည်။ နိကားဖ် မဟုတ်ပါ။ ဗာ နှင့်အဆုံးသတ်ပါသည်။ ဖာ နှင့်အဆုံးမသတ်ပါ။
ဓါတ်ပုံများတွင် မျက်လုံးကို ရောင်စုံချယ်သကာ စွဲဆောင်မှုပြုထားသည့် မျက်နှာတဝက်တပျက်ကို အဝတ်ဖြင့်ဖုံးအုပ်၍ ညှို့သလို၊ ပြူးပြသလိုနှင့် မိန်းမပုံများကို မုစလ်မာန်တို့က ဂုဏ်ယူစွာဖြင့် နိကားဗ်ဝတ်ထားတာ ဘယ်လောက်နူရ်ရှိသလဲ ဘယ်လောက်လှသလဲ စသဖြင့် ချီးမွမ်းနေကြသည်။ အမှားကို မရှုံချသည့်အပြင် ထောက်ခံမှုပါပြုသည်။ ထိုသို့သော ဓာတ်ပုံများဖြင့် နိကားဗ်ဘက်သို့ ဖိတ်ခေါ်မှုပြုကြသည်။
**ဆူးပင်မှာ အဆူးကိုသာ ရရှိနိုင်သည်။ အမှားကိုအကြောင်းခံပြီး ဖိတ်ခေါ်နေလျှင် အမှားသာ ရမည်။ အမှန်မရနိုင်ပါ။**
နိကားဗ်ဟူသည် မျက်နှာ၊ မျက်လုံးတို့၏ အလှတရားကို တစိမ်းတရံစာများမှာ မြင်တွေ့ခြင်းမရှိရန် ဖုံးအုပ်ရခြင်းဖြစ်သည်။ စွဲဆောင်မှု၊ အလှကိုဇိမ်ခံကြည့်ခြင်းတို့ မဖြစ်စေရန် ဖြစ်သည်။ ထို့ကြောင့် အသုံးအနှုန်းနှင့် လုပ်ရမည့်လုပ်ဆောင်ချက်တို့ကို အပြည့်သိရမည်။ အမှား အမှန် ခွဲခြား ကွဲပြားနေရပါမည်။
နိကားဗ် ဖြစ်သည်။ နိကားဖ် မဟုတ်ပါ။
  " ဟိဂျာဗ်ဖက်ရှင် "  
ထိုစကားလုံးသည် အဆိပ်လူးထားသည့် မြှားဖြစ်သည်။ သကာရည်လောင်းထားသည့် အညစ်အကြေးဖြစ်သည်။ သာသနာဖျက်တို့၏ ကျည်ဆံဖြစ်သည်။ အစ္စလာမ့်အမျိုးသမီးတို့၏ ခန္ဓာကိုယ်ပေါ်မှ လုံခြုံသည့်အဝတ်အစားကို တစ်လွှာခြင်းချွတ်ပစ်သည့် လက်တစ်ခုဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မှ ချမှတ်ထားသည့် အမိန့်ကို ပြောင်းပြန်လုပ်ကာ အယောင်ဆောင်ထားသည့် သာသနာသူခိုးဖြစ်ပေသည်။
စစ်မှန်သည့် ဟိဂျာဗ်သည် မည်သည့်အခါမှ ဖက်ရှင်မဖြစ်သလို၊ ဖက်ရှင်ကိုလည်း ဟိဂျာဗ်သဏ္ဍာန် ဘယ်တော့မှ သွတ်သွင်းလို့မရပါ။
ထို့ကြောင့် ဟိဂျာဗ်ဖက်ရှင်သည် အမှားသာဖြစ်၍ အားပေးမှုမပြုရပေ။
 " ပရ်ဒဟ်"  
မုစလ်မာန်အမျိုးသမီးတို့ လုံခြုံစွာဝတ်ဆင်ရန်ခြင်း/ သူစိမ်းအမျိုးသားများ မတွေ့မြင်အောင်နေထိုင်ခြင်းကို ပရ်ဒဟ်ဟုလည်း သုံးနှုန်းခေါ်ဆိုပေသည်။ ပြည့်စုံလုံခြုံစွာ ဝတ်ဆင်ခြင်း၊ နေထိုင်ခြင်းကို ပရ်ဒဟ်ဟုခေါ်သည်။
စာလုံးပေါင်းပုံမှာ ပရ်ဒဟ် ဟုဖြစ်သည်။ ပရ်သာ၊ ပရဒါ တို့ မဟုတ်ပါ။
မုစလ်မာန်တို့အနေဖြင့် စာလုံးအမှန် အသံထွက်အမှန်ကို သိရှိကာ ပြုပြင်ကြရန် ရည်ရွယ်သည်။ စာလုံးမမှန် အသံထွက်မမှန်ရာမှ ရှရီအသ်မှ တောင်းဆိုသည့် ပုံသဏ္ဍာန်အစစ်အမှန်တို့ပါ ပျောက်ကွယ်ပြီး လုပ်ရပ်တို့ပါ မှားလာကြပေသည်။ ထို့ကြောင့် သိရှိသည့်နေ့မှ စတင်၍ ပြုပြင်ကြပါဟု ပြောရင်းဖြင့် အဆုံးသတ်လိုက်ပါသည်။
အလ်မုဖီးဒ်
ရဂျဗ်/ ၁၅/ ယောင်မုလ် စလားစာ့အ်/ ဟစ်ဂ်ျရီ ၁၄၃၆
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။
Sunday, January 25, 2015
အလယ်ခေတ်ဆေးပညာ၏ မီးရှူးတိုင်များ
ဒေါက်တာနေခြည် (အစ္စလာမ်နှင့် ဆေးသိပ္ပံ) ဘာသာပြန်ဆိုတင်ပြသည်။ 
(အပိုင်း ၁ မှ ၆ အထိ တစ်ဆက်တည်း)
(အပိုင်း - ၁)
အစ္စလာမ်တို့ ဘုန်းမီးနေလ တောက်ပစဉ် အလယ်ခေတ် အေဒီ ၁၁၀၀ - ၁၄၀၀ အတွင်းရှိ ဆေးပညာနယ်ပယ်၌ လက်တွေ့စမ်းသပ်လေ့လာခြင်းများနှင့် ပတ်သက်၍ သိရှိသူ အလွန်နည်းပါးလှပါသည်။ ခြွင်းချက်အနည်းငယ်မှလွဲ၍ မျက်မှောက်ခေတ် ဆေးပညာတိုးတက်မှုသည် ထိုခေတ်က တွေ့ရှိချက်များကို အခြေခံထားခြင်းသာ ဖြစ်သည်။ ၁၆ ရာစု - ၁၈ ရာစုနှစ်များအတွင်း၌ အနောက်တိုင်းဆေးပညာဟု အများက လက်ခံထားသော ဥရောပ မှ တစ်ကျော့ပြန်ခေတ်စားလာသော ဆေးပညာ လက်တွေ့စမ်းသပ်ခြင်းသည် အစ္စလာမ့်ဆေးပညာရှင်ကြီးများ၏ တွေ့ရှိမှုများကို အခြေခံထားခြင်းသာ ဖြစ်သည်။ ဤဆောင်းပါးသည် ၉ ရာစုမှ ၁၃ ရာစုအတွင်းရှိ အရဗ်ဒေသမှ အစ္စလာမ့် ဆေးပညာရှင်ကြီး ၁၁ ဦးတို့၏ စမ်းသပ်လေ့လာခြင်းများ တွေ့ရှိမှုများမှ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ ဤလေ့လာချက်တွင် ထိုပညာရှင်ကြီးများ၏ ဆေးပညာ တိုးတက်လာစေရန် သိပ္ပံနည်းကျ ဆောင်ရွက်မှုများ ၊ ဆေးပညာ လေ့လာစမ်းစစ်ချက်များကို သေချာစွာ မှတ်တမ်းတင်ခြင်းပင်ဖြစ်သည်။ ရှေးယခင် တွေ့ရှိချက်များအပေါ် သုံးသပ်ချက်များ ၊ တွေ့ရှိချက်အသစ်များ ၊ မှတ်တမ်းများ ၊ ရောဂါကုထုံးများ ၊ ဆေးအာနိသင် စမ်းသပ်ခြင်းများ ၊ တိရိစ္ဆာန်များနှင့် စမ်းသပ်ခြင်း ၊ ခွဲစိတ်စစ်ဆေးခြင်း နှင့် လက်တွေ့စမ်းသပ်ခြင်းများ ၊ သေဆုံးပြီး ကြွင်းကျန်ရုပ်လောင်းအား ခွဲစိတ်စစ်ဆေးခြင်း စသည်ဖြင့် အလယ်ခေတ်က အစ္စလာမ့်ပညာရှင်ကြီးများ၏ တွေ့ရှိချက်များသည် ကဏ္ဍ စုံလင်လှပါသည်။ အထက်ဖော်ပြပါ နယ်ပယ်အသီးသီးတို့သည် အစ္စလာမ့် ဆေးသိပ္ပံပညာရှင်ကြီးများ၏ ရှာဖွေတွေ့ရှိမှုများပင်ဖြစ်ပါသည်။
(အပိုင်း - ၂)
နိဒါန်း
ဒဏ်ရာ အနာတရ ရရှိသူများနှင့် မကျန်းမာသော လူနာများအတွက် ဆေးကုသရန် နည်းလမ်းများကို ရှာဖွေပေးခဲ့သူများနှင့် ပတ်သက်ပြီး သမိုင်းအစကတည်းက မှတ်တမ်းရှိခဲ့ပါသည်။ သို့သော် အနောက်တိုင်းဆေးပညာဟု ယနေ့လက်ခံထားသော ဆေးပညာ၏ သမိုင်းဦး၌ အုတ်မြစ်ချပေးခဲ့သော အလယ်ခေတ် အေဒီ ၁၁၀၀ - ၁၄၀၀ နှစ်များအတွင်းရှိ အစ္စလာမ့် ဆေးသိပ္ပံ ပညာရှင်ကြီးများနှင့် ၄င်းတို့၏ လက်တွေ့ စမ်းသပ်လေ့လာချက်များကို သိရှိသူ နည်းပါးလှပါသည်။ ၁၆ ရာစု - ၁၈ ရာစုနှစ်များတွင် ဥရောပကဲ့သို့ အနောက်နိုင်ငံများမှ ဆေးပညာနှင့် သိပ္ပံပညာများ တိုးတက်လာခြင်းသည် ဟိုးယခင် ၉ ရာစုနှစ် မှ ၁၃ ရာစုနှစ် များအတွင်းရှိ အရဗ်ပညာရှင်ကြီးများ၏ တွေ့ရှိချက်များကို အခြေခံထားသော ပညာရပ်များ တစ်ကျော့ပြန် ခေတ်စားလာခြင်းပင် ဖြစ်သည်။ လက်တွေ့စမ်းသပ်လေ့လာခြင်းများအပေါ် အခြေခံကာ တည်ဆောက်ထားသော ၊ အရှိန်အဟုန်နှင့် တိုးတက်နေသော ယနေ့ခေတ် သိပ္ပံပညာရပ်သည် ရှေးဦးခေတ် ၊ အလယ်ခေတ် များမှ ပညာရှင်များနှင့် တိုက်ရိုက် သက်ဆိုင်နေလိမ့်မည် မဟုတ်ဟု အများစုက ယုံကြည်နေကြပါသည်။
နည်းလမ်းများ
ယနေ့ခေတ်၏ စူးစမ်းလေ့လာ ရှာဖွေတွေ့ရှိမှုသည် ၉ ရာစု - ၁၃ ရာစု နှစ်များအတွင်းက အစ္စလာမ့် ဆေးသိပ္ပံပညာရှင်ကြီး ၁၁ ဦးတို့၏ ရှာဖွေလေ့လာ တွေ့ရှိမှုများကို ပုံနှိပ်ထုတ်ဝေခဲ့ကြသော ဆေးကျမ်းကြီးများ၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။ ဆေးပညာနှင့် ခွဲစိတ်ကုပညာ တိုးတက်လာမှုများအတွက် အလွန်အရေးကြီးသော အဖိုးမဖြတ်နိုင်သည့် တွေ့ရှိချက်များပင်ဖြစ်သည်။ ထိုဆေးပညာရှင်ကြီး ၁၁ ဦးတို့၏ လေ့လာတွေ့ရှိချက်များသည် ၄င်းတို့အလျင် ပညာရှင်များ၏ ရှာဖွေတွေ့ရှိမှုများနှင့်လည်းကောင်း ၊ ၄င်းတို့နောက်ပိုင်း ပညာရှင်များ၏ ရှာဖွေတွေ့ရှိမှုများနှင့်လည်းကောင်း နှိုင်းယှဉ်ခြင်း ခံခဲ့ရလေသည်။ အလယ်ခေတ်နှင့် အလယ်ခေတ်နှောင်းပိုင်းရှိ ဥရောပ ဆေးပညာရှင်ကြီးများ အပေါ်၌ ထိုအစ္စလာမ့်ဆေးပညာရှင်ကြီး ၁၁ ဦးတို့၏ အရှိန်အဝါ လွမ်းမိုးမှုရှိသည်ကို သေချာစွာ လေ့လာ အကဲဖြတ်ပြီး မှတ်တမ်းတင်ခြင်း ခံခဲ့ရလေသည်။
ဤဆောင်းပါးသည် အစ္စလာမ့် ဆေးပညာရှင်ကြီးများ အုတ်မြစ်ချခဲ့သော အေဒီ ၁၁၀၀ - ၁၄၀၀ နှစ်များအတွင်းရှိ သိပ္ပံနည်းကျသော နည်းလမ်းများ ဆေးပညာ လက်တွေ့စမ်းသပ်ချက်များနှင့် ပတ်သက်သော တွေ့ရှိချက်များထဲမှ အချို့ကို စုစည်း ဖော်ပြထားခြင်းပင်ဖြစ်သည်။
(အပိုင်း ၃)
ဆွေးနွေးခြင်း နှင့် ရလဒ်များ
(၁) ရှေးယခင် တွေ့ရှိချက်များအား သေချာစွာ သုံးသပ်ခြင်း
အလယ်ခေတ် အေဒီ ၁၁၀၀ - ၁၄၀၀ အတွင်းရှိ အစ္စလာမ့် ပညာရှင်ကြီးများ၏ ဆေးပညာနှင့် အခြားသိပ္ပံပညာရပ်တို့၌ အရေးကြီးသည့် အင်္ဂါရပ်များထဲမှ တစ်ခုမှာ စာပေကျမ်းဂန်များကို သေချာစွာ လေ့လာကာ ကျိုးကြောင်းဆီလျှော်စွာ သိပ္ပံနည်းကျဖြစ်အောင် ဖွဲ့စည်းထားခြင်းပင် ဖြစ်သည်။ အစ္စလာမ့် သိပ္ပံပညာရှင်ကြီး တို့သည် ဘာသာပြန် စာအုပ်စာပေများကို သေချာစွာ လေ့လာကာ သုံးသပ်ခဲ့ကြသည်။ မလိုအပ်သော မမှန်ကန်သော အချက်များကို ပယ်ချခဲ့ကြသည်။ ၄င်းတို့ကိုယ်တိုင် ပြုလုပ်ခဲ့သော တွေ့ရှိချက်များ၊ အတွေ့အကြုံများ၊ စမ်းသပ်လေ့လာခြင်းများ၊ ခွဲခြမ်းစိတ်ဖြာသောနည်းလမ်းများမှ မှန်ကန်သည်ဟု သက်သေပြနိုင်သည် များကိုသာ လက်ခံခဲ့ကြသည်။
ရှေးယခင် တွေ့ရှိချက်များသည် ခိုင်လုံသည် မခိုင်လုံသည် ဟု စစ်ဆေးရုံသာမက အသစ်ထပ်မံတွေ့ရှိချက်များကိုလည်း ထည့်သွင်းဖော်ပြခဲ့သဖြင့် အလယ်ခေတ် အစ္စလာမ့် ဆေးပညာရှင်ကြီးများ၏ သုံးသပ်ချက်များသည် ဆေးပညာ ဖွံ့ဖြိုးတိုးတက်ရာ၌ တစ်ခန်းတစ်ကဏ္ဍ ပါဝင်ခဲ့ပါသည်။ ထိုပညာရှင်ကြီးတို့သည် စာတွေ့အယူအဆများကို လက်တွေ့သက်သေပြနိုင်ရန် အသစ်ထပ်မံတွေ့ရှိချက်များကို စနစ်တကျ ဇယားဆွဲကာ ဖော်ပြခဲ့သည့်အတွက် သူတို့၏ ကြိုးစားလုပ်ဆောင်မှုများမှ အကျိုးသက်ရောက်မှု များစွာ ရရှိခဲ့ပါသည်။
၎င်းတို့သည် ကျော်ကြားသော သြဇာအာဏာရှိသူများ၏ တွေ့ရှိချက်များပင် ဖြစ်လင့်ကစား ပြန်လည် ဝေဖန်သုံးသပ်ခဲ့ပါသည်။ ဥပမာအနေဖြင့် အလ်ရာဇီ (Rhazes) (၈၆၅ - ၉၂၅) သည် သူ၏ အစားအစာကုထုံးကျမ်း ဖြစ်သော "မနာဖိ အွလ် အဂ်ဇိယဟ် ဝဒဖ် အို့မဒွါရိဟာ" တွင် ဤကဲ့သို့ ဖော်ပြထားပါသည်။
"ကျွန်ုပ်သည် အစားအသောက်များ၏ ဘေးထွက်ဆိုးကျိုးများမှ မည်သို့ရှောင်ရှားရမည်နှင့် ပတ်သက်၍ ဆေးကျမ်းတစ်ခု ရေးသားပြုစုရန် ဆုံးဖြတ်ခဲ့ပါသည်။ ဂဲလ်လန်သည် ဂုဏ်ပြုထိုက်သော ဆေးပညာရှင်ကြီးတစ်ပါး ဖြစ်သည်။ ကျွန်ုပ်သည် ဂဲလ်လန် ပြုစုခဲ့သောကျမ်းထက် ပို၍ပြည့်စုံသော ရှင်းလင်းသော ကျမ်းစာအုပ်ကို ပြုစုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဂဲလ်လန်၏ကျမ်းတွင် အချို့မှားယွင်းမှုများ ၊ လိုအပ်ချက်များ ရှိနေသောကြောင့် ဖြစ်သည်" ။
အလ်ရာဇီသည် သူ၏ ကိုယ်ပိုင် စမ်းသပ်ချက်များနှင့် တွေ့ရှိချက်များအပေါ် ယုံကြည်အားထားခြင်းကို သူရေးသားပြုစုခဲ့သော စွယ်စုံကျမ်း "အလ်ဟာဝီ" က ပေါ်လွင်စေပါသည်။ အလ်ရာဇီ ၏ သီးခြား ရေးသားပြုစုခဲ့သော သုတေသနကျမ်းတစ်အုပ်ဖြစ်သည့် "ကိသားဗ် အရှ်ရှုကူးက် အလာဂျာလီနူးဆ်" တွင် ဂဲလ်လန်၏ ဆေးပညာအမြင်နှင့် ပတ်သက်သော ဝိရောဓိများကို ရှုထောင့်မျိုးစုံမှ အသေးစိတ် ဆွေးနွေးထားပါသည်။
အလ်ရာဇီ ၏ "အလ်ဟာဝီ" ကျမ်းတွင် ရှေးယခင် ဆေးပညာရှင်ကြီးများနှင့် ခေတ်ပြိုင် ဆေးပညာရှင်ကြီးတို့၏ ဆေးဝါးနှင့် ပတ်သက်သော ထင်မြင်ချက်များကိုလည်း ဖော်ပြထားပါသည်။ ဆေးဝါး၏ အာနိသင်နှင့် ပတ်သက်၍ ခိုင်လုံမှုရှိစေရန် ထည့်သွင်းဖော်ပြခြင်း ဖြစ်သည်။ ဤသည် ခိုင်လုံသော သက်သေ အထောက်အထားလည်း ဖြစ်သည်။
အလ်ရာဇီ သည် ဆီးကျောက်နှင့် ပတ်သက်၍ ရှေးယခင် ဆေးပညာရှင်များအတွင်း ပျံ့နှံ့နေသော ယုံကြည်ချက်ကို ပထမဦးစွာ သံသယဖြစ်ခဲ့သူ ဖြစ်သည်။ ဆီးအိမ်အတွင်းရှိ ဆီးကျောက်ကို ချေဖျက်ခြင်းသည် လူနာကို အန္တရာယ်ဖြစ်စေနိုင်သည်ဟူသော ယုံကြည်ချက်ပင်ဖြစ်သည်။ ဒုတိယရာစုနှစ် အတွင်းရှိ Antylus ဟုခေါ်သော ဂရိ ဆေးပညာရှင်ကြီးသည် အလ်ရာဇီ ၏ ယုံကြည်ချက်ကို လိုက်နာ ထောက်ခံခဲ့လေသည်။ "သေချာစွာ လေ့လာလိုက်တော့မှ အရာအားလုံးတို့သည် အလ္လာဟ်အရှင်မြတ်၏ အလိုတော် အတိုင်းပင် ဖြစ်သည်" ဟု အလ်ရာဇီ က ဆိုခဲ့လေသည်။
အိဗ်နို့စီနာ ( ၉၈၀ - ၁၀၃၇ ) (Avicena 980 - 1037) သည် အလ်ရာဇီ၏ ကျမ်းများတွင် ဖော်ပြခဲ့သော စမ်းသပ်လေ့လာခြင်း ၊ ခွဲခြမ်းစိတ်ဖြာခြင်း စသည်တို့၌ သေသပ်မှုရှိရမည်ဟူသော အခြေခံကျသည့် အချက်ကို လိုက်နာခဲ့ပါသည်။ ဥပမာအနေဖြင့် အိဗ်နို့စီနာ၏ ကျော်ကြားသော ကျမ်းတစ်စောင်ဖြစ်သည့် "ကိသားဗ် အလ်ကာနူးန် ဖိသွစ်ဗ်" တွင် ဆေးများအကြောင်း ဤသို့ ဖော်ပြထားပါသည်။
" အရက်ကို ဆေးအဖြစ် ဖန်တီးကာ မှီဝဲခြင်းအားဖြင့် ဆီးကျောက်သည် ပျော်ဝင်သွားစေနိုင်သည်ဟု အချို့ပညာရှင်များက ဖော်ပြခဲ့ကြသည်။ သို့သော်လည်း ဤကုထုံးသည် ကျွန်ုပ် လုံးဝလက်မခံသော ကုထုံးပင် ဖြစ်သည်"။
အခြားသော အစ္စလာမ့် ဆေးသိပ္ပံ ပညာရှင်ကြီးများ အားလုံး တို့သည်လည်း ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ခြင်းများ ပြုလုပ်ကာ ရရှိသော တွေ့ရှိချက်များကိုသာ ယုံကြည်အားထားခဲ့ကြလေသည်။ ဥပမာတစ်ခုအနေဖြင့် ၁၃ ရာစု၏ ဆေးပညာရှင်ကြီး အိဗ်နို့အလ်နဖီးဆ် (၁၂၁၀ - ၁၂၈၈) သည် ၄င်းပြုစုရေးသားခဲ့သော ဆေးကျမ်း "ရှရ်ဟို့သရှ်ရီးဟ် အလ်ကာနူးန်" တွင် ဤသို့ဖော်ပြထားပါသည်။
"ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ကျွန်ုပ်တို့သည် တိကျသော သုတေသနလုပ်ခြင်း ၊ သေချာစွာ တိုက်ရိုက်စမ်းသပ်လေ့လာခြင်း စသည်တို့မှ ရရှိသော တွေ့ရှိချက်များကိုသာ အားထားပါသည်။ ကျွန်ုပ်တို့၏ တွေ့ရှိချက်များသည် အခြားသူများ၏ တွေ့ရှိချက်များနှင့် တူညီသည်ဖြစ်စေ ၊ မတူညီသည်ဖြစ်စေ ကျွန်ုပ်တို့ ဂရုမစိုက်ပါ" ။
(အပိုင်း - ၄)
(၂) ဆေးပညာအား လက်တွေ့လေ့လာခြင်း နှင့် မှတ်တမ်းများ
လူနာများအား ပြုစုကုသရာ၌ ကုထုံးများ ၊ တွေ့ရှိမှုများနှင့် ပတ်သက်၍ ကျိုးကြောင်းဆီလျှော်သော လုပ်နည်းလုပ်ဟန်များသည် ၉ ရာစုနှစ်၏ ဆေးပညာရှင် အလ်ရာဇီ က စတင်ခဲ့ခြင်းပင် ဖြစ်သည်။ တွေ့ရှိမှုများအား မှတ်တမ်းတင်ခြင်း ၊ အဓိပ္ပါယ် ဖော်ဆောင်ခြင်း ၊ အမျိုးအစားခွဲခြင်း စသည့် အချက်များအပေါ်၌ အခြေခံထားသော လုပ်နည်းလုပ်ဟန် ဖြစ်သည်။ ဆေးပညာ လေ့လာရန်အတွက် အကောင်းဆုံးသော နည်းလမ်းများနှင့် ကွဲပြားခြားနားသော ရောဂါအမျိုးအစားများအား မှတ်တမ်းတင်ခြင်း စသည်တို့သည် ဆေးပညာ ဖွံ့ဖြိုးတိုးတက်လာစေရာ၌ အရေးကြီးသော အခြေခံအုတ်မြစ်များပင် ဖြစ်သည်။ ၁၀ ရာစုနှစ်၏ မှတ်တမ်းမရှိသော လက်တင် ရိုးရာကုထုံးများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အလ်ရာဇီ၏ ရာပေါင်းများစွာသော ဆေးပညာဆိုင်ရာ မှတ်တမ်းများသည် သမားတော်ကြီးတစ်ပါး ကဲ့သို့ ခိုင်မာသော အထောက်အထား ပေးနိုင်ပါသည်။
အလ်ရာဇီ ၏ နောက်ပိုင်း ဆေးပညာရှင်များ ဖြစ်ကြသော အိဗ်နို့စီနာ ၊ အလ်ဇဟ်ရာဝီ (Al-Zahrawi / Albucasis) (၉၃၆ - ၁၀၁၃) ၊ အိဗ်နို့ဇိုဟ်ရ် (Ibn Zuhr / Avenzoar) (၁၀၉၁ - ၁၁၆၂) ၊ မို့ဟ်ဇဗ် အလ်ဒီးန် အလ်ဘဂ်ဒါဒီ (Muhadhdhab Al-Deen Al-Baghdadi) (၁၁၁၇- ၁၂၁၃) ၊ နှင့် အိဗ်နို့အလ်နဖီးဆ် (Ibn Al-Nafis) စသော ဆေးပညာရှင်ကြီးများ အားလုံးတို့သည် ဆက်လက်လုပ်ဆောင်ခဲ့ကြရုံမက ပိုမို တီထွင်ဆန်းသစ်မှု များကိုလည်း ပြုလုပ်ခဲ့ကြပါသည်။ ၄င်းတို့ အားလုံးတို့သည် ၄င်းတို့၏ အတွေ့အကြုံများနှင့် ရောဂါရာဇဝင်များအား မှတ်တမ်းတင်ခြင်း ၊ အမျိုးအစားခွဲခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြပါသည်။ ဤသို့ဖြင့် အစ္စလာမ့် သမားတော်ကြီးများသည် ရောဂါများနှင့် ၄င်းတို့၏ရေရှည်အကျိုးသက်ရောက်မှုစသည့်အချက်များကို တိုက်ရိုက်လေ့လာခဲ့ကြသော စူးရှထက်မြက်သည့် ရှာဖွေတွေ့ရှိသူများ ဖြစ်သည်ဟု မှတ်တမ်းတင်ခြင်း ခံခဲ့ရပါသည်။
(၃) ရောဂါကုထုံးများနှင့် ပတ်သက်၍ တိုက်ဆိုင်စစ်ဆေးခြင်းများ
ဆေးပညာဖွံ့ဖြိုးတိုးတက်လာရန်အတွက် စမ်းသပ်သော နည်းလမ်းပေါင်းများစွာထဲမှ အရေးကြီးသည့် အချက်တစ်ခုမှာ ဤသို့ဖြစ်သည်။ လူနာများအား အုပ်စု ၂ စုခွဲကာ သီးခြားစီ စမ်းသပ်မှုများပြုလုပ်ပြီး ရလဒ်များကို တိုက်ဆိုင်စစ်ဆေးသည့် နည်းလမ်းဖြစ်သည်။ ဤကဲ့သို့ အမျှော်အမြင်နှင့် ပြည့်စုံလှသည့် စိတ်ဝင်စားဖွယ် စမ်းသပ်ခြင်းနည်းလမ်းကို လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်က အလ်ရာဇီက စတင်ခဲ့ခြင်းပင်ဖြစ်သည်။ အလ်ရာဇီ ၏ "အလ်ဟာဝီ" ဆေးကျမ်းတွင် ဦးနှောက်အမြှေးပါးယောင်သည့် ရောဂါနှင့် ပတ်သက်၍ ဤသို့ဖော်ပြထားပါသည်။
". . . ဦးနှောက်အမြှေးပါးယောင်သည့် ရောဂါ၏ ရှေ့ပြေးလက္ခဏာငယ်များ ပေါ်ပေါက်လာသောအခါ ကျွန်ုပ်သည် ထိုလူနာများကို အုပ်စု ၂ စု ခွဲလိုက်ပါသည်။ ပထမအုပ်စုကို ရောဂါသက်သာစေသည့် နည်းလမ်းတစ်ခုဖြစ်သည့် သွေးပြန်ကြောမှသွေးထုတ်ခြင်းကို ပြုလုပ်ခဲ့ပြီး ရလဒ်ကို စောင့်ကြည့်ခဲ့ပါသည်။ ဒုတိယအုပ်စုကို ရည်ရွယ်ချက်ရှိရှိ မည်သည့်ကုသနည်းမှ မပေးဘဲ စောင့်ကြည့်ခဲ့ပါသည်။ ကျွန်ုပ်၏ ထင်မြင်ယူဆချက်များကို သက်သေပြနိုင်ရန် ဖြစ်သည်။ အမှန်တကယ်ပင် ဒုတိယအုပ်စုတွင် ဦးနှောက်အမြှေးပါးယောင်ယမ်းသည့် အဓိက ရောဂါလက္ခဏာကြီးများ ပေါ်ပေါက်လာပါတော့သည်။ "
၁၈ ရာစု၏ နောက်ပိုင်း နှစ်များတွင် သွေးပြန်ကြောမှသွေးထုတ်ကာ ကုသသည့် ကုထုံးကို အသုံးပြုမှု နည်းပါးခဲ့ပါသည်။
မည်သို့ပင်ဖြစ်စေကာမူ ထိုကဲ့သို့ အလ်ရာဇီ ၏ ရဲဝံ့ပြတ်သားသည့် စမ်းသပ်ခြင်းသည် ယနေ့ခေတ်၏ ဆေးပညာနယ်ပယ်၌ case-control trial ဟူသော လူနာများအား အုပ်စု ၂ စုခွဲကာ သီးခြားစီ စမ်းသပ်ကုသပြီး ရလဒ်များအား စောင့်ကြည့်သည့် သိပ္ပံနည်းကျ စမ်းသပ်နည်းတစ်ခုကို မြေစမ်းခရမ်းပျိုးခဲ့ခြင်းပင် ဖြစ်သည်။
အလ်ရာဇီ ၏ နောက်ပိုင်းခေတ်များမှ အစ္စလာမ့် ဆေးပညာရှင်ကြီးများ အားလုံးတို့သည်လည်း ဤကဲ့သို့ သိပ္ပံနည်းကျ နည်းလမ်းများကို လိုက်နာကာ ပြုလုပ်ခဲ့ကြပါသည်။
အိဗ်နို့ဇိုဟ်ရ် ၏ ဆေးကျမ်း "အသ်သိုင်စီးရ်" (Al-Taisir) တွင် case-control trial အား အသုံးပြုထားခြင်းကို ရှင်းလင်းပြတ်သားစွာ ဥပမာပေးထားပါသည်။
" ကျွန်ုပ်၏ အယူအဆ မှန်သည်/ မှားသည်မှာ ကျွန်ုပ်အတွက် သေချာလှပါသည်။ သို့သော် 'ဝမ်းနှုတ်ဆေးနှင့် သူ၏ ဘေးထွက်ဆိုးကျိုး အာနိသင်ကို မည်သို့တိုက်ဖြတ်ရမည်ဟူသော ကျွန်ုပ်၏ ထင်မြင်ယူဆချက်သည်' မှားယွင်းစွာဖော်ပြခြင်း ဖြစ်နေလိမ့်မည်ဟု စာဖတ်သူ ဆေးပညာရှင်အချို့က မျှော်လင့်နေကြပါသည်။ ထို့ကြောင့် ၄င်းတို့သည် ကျွန်ုပ်အယူအဆကို ပြန်လည်ချေပကာ တင်ပြလာနိုင်ပါသည်။ ထို့နောက်များမှာတော့ ကျွန်ုပ်သည် စိန်ခေါ်မှုတစ်ခုကို ပြုလုပ်ခဲ့ပါသည်။ သူတို့လူစုကို အုပ်စု ၂ စု ခွဲစေပါသည်။ ပထမအုပ်စုကို ကျွန်ုပ်ညွှန်ကြားထားသည့် ဆေးညွှန်းအတိုင်း သောက်သုံးစေပြီး ဒုတိယအုပ်စုကို မတူညီသော ဆေးညွှန်းနှင့် သောက်သုံးစေပါသည်။ ထို့နောက် နည်းလမ်း ၂ ခု၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကို မှတ်တမ်းတင်စေခဲ့ပါသည်။ မုချဧကန် ဤကဲ့သို့ နှိုင်းယှဉ်စမ်းသပ်ခြင်း သည်သာလျှင် ကျွန်ုပ်၏ ထင်မြင်ယူဆချက်သည် မှန်ကန်ကြောင်း အထောက်အထားပြနိုင်လေသည်။ "
(အပိုင်း - ၅)
(၄) ဆေးအာနိသင် စမ်းသပ်ခြင်းများ
အိဗ်နို့စီနာ ၏ ဒုတိယဆေးကျမ်းဖြစ်သော "ကိသားဗ်" (Kitab) တွင် ဆေးအာနိသင် စမ်းသပ်ခြင်းနှင့် ပတ်သက်၍ ဤသို့ဖော်ပြထားပါသည်။
" ဆေးများ၏ သဘောသဘာဝ ၊ အာနိသင်ကို ရှာဖွေဖော်ထုတ်ရန်အတွက် နည်းလမ်းနှစ်သွယ်ရှိပါသည်။ ပထမနည်းလမ်းမှာ ယခင် ရှိပြီးသားဆေးများနှင့် အာနိသင် တိုက်ဆိုင်ကြည့်ခြင်း ဖြစ်ပြီး ဒုတိယတစ်နည်းမှာ ဓါတ်ခွဲစမ်းသပ်ခြင်းပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဓါတ်ခွဲစမ်းသပ် လေ့လာခြင်း နည်းလမ်းဖြင့် အစပြုခဲ့ပါသည်။ ဆေးအာနိသင်များ စမ်းသပ်လေ့လာရာတွင် သေချာစွာ ဆင်ခြင်သုံးသပ်ခြင်း ၊ ဆွေးနွေးတိုင်ပင်ခြင်း စသည့် အဆင့်များကို ဖြတ်ကျော်ပြီးနောက် ဆေးအာနိသင်များနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရသော ဗဟုသုတများကို ရရှိစေပါသည်။ "
အိဗ်နို့စီနာသည် ဆေးအာနိသင် စမ်းသပ်ခြင်းနှင့် ပတ်သက်၍ ဥပဒေသ (၇) ချက်ကို သတ်မှတ်ပေးခဲ့ပါသည်။ ၄င်းက ဆေးများအားလုံးတို့၏ သဘောသဘာဝနှင့် အရေးကြီးပုံတို့ကို သေချာစွာသိရှိရန် လိုအပ်ကြောင်း ၊ အထူးအလေးထားကာ လေ့လာရမည် ဖြစ်ကြောင်း အသေးစိတ် ဆွေးနွေးပေးခဲ့ပါသည်။ ဤအချက်များသည် အလွန်အရေးကြီးသော လမ်းညွှန်မြေပုံတစ်ခုကဲ့သို့ဖြစ်သည်ဟု အခြားသော ဆေးပညာရှင်များကလည်း သဘောတူညီခဲ့ကြပါသည်။
(၅) တိရိစ္ဆာန်များကိုအသုံးပြု၍ စမ်းသပ်ခြင်း
(က) ဆေးဝါးအတွက် စမ်းသပ်ခြင်း
ကမ္ဘာ့သမိုင်းတစ်လျှောက်တွင် ဆေးပညာ နယ်ပယ်၌ ပထမဦးဆုံး မှတ်တမ်းရှိခဲ့သော တိရိစ္ဆာန်များနှင့် စမ်းသပ်ခြင်းသည် ဆေးဝါးများအတွက် စမ်းသပ်ခြင်းဖြစ်သည်။ ဆေးဝါးများ၏ အဆိပ်သင့်စေသော ပမာဏနှင့် ပတ်သက်၍ စမ်းသပ်ခြင်းဖြစ်သည်။ ထိုစမ်းသပ်ချက်ကို ၉ ရာစု နှစ်တွင် ဆေးပညာရှင်ကြီး အလ်ရာဇီ က ပြုလုပ်ခဲ့ပါသည်။ လူသားများအတွက် အန္တရာယ်ဖြစ်နိုင်သော ဆေးပမာဏကို တိရိစ္ဆာန်များနှင့် စမ်းသပ်ရာ၌ ပြဒါးပမာဏကို မျောက်များ၌ စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ ထိုအကြောင်းကို ၁၃ ရာစု၌ အိဗ်နို့အလ်ဗိုင်သွားရ် (Ibn Al-Baytar) က သူ၏ကျမ်း "အလ်ဂျမိဒ်လိ မုဖ်ရဒါးသ် အလ်အဒ်ဝီယဟ် ဝလ်အဇ်ဇိယဟ်" (Al-Jamie Limufradat Al-Aswiya Wal-Aghdiya) တွင် ဖော်ပြခဲ့ပါသည်။
(ခ) ခွဲစိတ်ကုသရန်နည်းလမ်းများအတွက် စမ်းသပ်ခြင်း
အသက်ရှူလမ်းကြောင်းပိတ်သည့် အရေးပေါ်လူနာများအား အသက်ကယ်နိုင်ရန် လေပြွန်ကိုဖောက်၍ ကုသခြင်းသည် ယနေ့ခေတ်၌ အလွန်အသုံးဝင်သော ကုသနည်းတစ်ခုပင် ဖြစ်ပါသည်။ သို့သော် ရှေးရာစုနှစ်ပေါင်းများစွာတုန်းက အငြင်းပွားဖွယ်ကိစ္စတစ်ခုမျှသာ ဖြစ်သည်။ ရှေးအကျဆုံးအနေနှင့် ၉ ရာစုနှစ်မှ ဆေးပညာရှင် အလ်ရာဇီ နှင့် ၁၀ ရာစုနှစ်မှ ဆေးပညာရှင် အိဗ်နို့စီနာတို့သည် ထိုခွဲစိတ်ကုသခြင်းကို သဘောတူ ထောက်ခံကာ ပြန်လည်စမ်းသပ် တည်ထွင်ခဲ့ကြပါသည်။
အလ်ဇဟ်ရာဝီ (Al-Zahrawi) သည် သူ၏စာအုပ် "အသ်သဆ်ွရီးဖ် လိမန် အဂျဇနင်သ် သအ်လီးဖ်" (Al-Tasrif Liman Ajaz Aan Al-Taalif) တွင် ဖော်ပြခဲ့သည်မှာ လေပြွန်ကို ဓါးဖြင့်လှီးဖြတ်ခြင်းသည် အန္တရာယ်မများသော ခွဲစိတ်မှုဖြစ်ကြောင်းကို သူ၏ ကိုယ်ပိုင်စမ်းသပ်ချက်များကို အခြေခံပြီး ကောက်ချက်ချကာ ထောက်ခံခဲ့ပါသည်။ သို့သော်လည်း အငြင်းပွါးမှုများသည် အိဗ်နို့ဇိုဟ်ရ် (Ibn Zurh) ၏ ခေတ်အထိ ရှိနေဆဲဖြစ်သည်။ အိဗ်နို့ဇိုဟ်ရ် သည် သူ၏စာအုပ် "အသ်သိုင်စီးရ်" တွင် ဤခွဲစိတ်မှုကို သူယခင်က မမြင်ခဲ့ဖူးကြောင်း ၊ ထို့ကြောင့် ထိုခွဲစိတ်မှု၏ အန္တရာယ်ကင်းရှင်းမှုကို သိရှိနိုင်ရန် သူကိုယ်တိုင် လက်တွေ့စမ်းသပ်ခဲ့ကြောင်း ဤသို့ဖော်ပြထားသည်။
" ဤအငြင်းပွားမှုတွေကို သက်သေပြနိုင်ရန် ကျွန်ုပ်သည် ဆိတ်တစ်ကောင်၏ လေပြွန်ဖြင့် စမ်းသပ်ခဲ့ပါသည်။ ဦးစွာ ဆိတ်၏အရေပြားကို လှီးဖြတ်ခဲ့ပါသည်။ ပြီးနောက် လေပြွန်၏အပေါ်ယံလွှာကို လှီးဖြတ်ပြီးသည်နှင့် လေပြွန်ပေါ်လာသည်။ ကျွန်ုပ်သည် လေပြွန်ပေါ်၌ လူပင်စေ့ ထက်သေးသော အရွယ်ခန့် လှီးဖြတ်လိုက်ပါသည်။ ပြီးနောက် ရေနှင့် သေချာဆေးကာ ပျားရေ သုတ်လိမ်းပေးထားပါသည်။ ထိုဆိတ်၏ လေပြွန်ပြတ်ရှဒဏ်ရာသည် အကောင်းပကတိအတိုင်း ပြန်လည် ကောင်းမွန်သွားကာ သက်တမ်းစေ့ နေနိုင်ပါသည်။ "
ထိုအံ့မခန်း စမ်းသပ်တွေ့ရှိမှုသည် အလ်ရာဇီ မှအစပြုခဲ့သော လေပြွန်ဖောက်၍ အရေးပေါ် အသက်ကယ်သည့် tracheostomy ၏ လှေကားထစ်ပင် ဖြစ်သည်။ ဤသို့ အိဗ်နို့ဇိုဟ်ရ် ၏ ဖော်ပြချက်သည် ခွဲစိတ်ကုသခြင်းနှင့် ပတ်သက်၍ ပထမဦးဆုံး မှတ်တမ်းတင်ထားသော တွေ့ရှိချက်ပင်ဖြစ်သည်။ ယနေ့ခေတ် တိုးတက်နေသော ခွဲစိတ်ကုသခြင်းများ၏ အခြေခံရာအုတ်မြစ်ပင် ဖြစ်သည်။
အလ်ဇဟ်ရာဝီ နှင့် အိဗ်နို့ဇိုဟ်ရ်တို့၏ ခေတ်များနောက်တွင် ဆေးပညာရှင် နှစ်ဦးကလည်း ထိုကုသခြင်းကို ထောက်ခံခဲ့သည်။ ထိုသူတို့မှာ မုဝဖ်ဖကွတ်ဒီးန် အဗ်ဒွလ်လသွီးဖ် အလ်ဘဂ်ဒါဒီ (Muwaffaq Al-Deen Abdel-Latif Al-Bagdady) နှင့် အိဗ်နို့အလ်ကဖ် (Ibn Al-Quff) (၁၂၃၂-၁၂၈၆) တို့ပင် ဖြစ်သည်။ ထိုဆေးပညာရှင်ကြီး နှစ်ပါးတို့ကလည်း အသက်ရှူလမ်းကြောင်း ပိတ်ဆို့၍ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် အခြားကုသနည်းများနှင့် မသက်သာနိုင်ကြောင်း ၊ လေပြွန်ကိုဖောက်၍ အသက်ကယ်ခြင်းသည်သာ ရွေးချယ်စရာ ဖြစ်ကြောင်း ပြည့်ပြည့်ဝဝ အကြံပြုထောက်ခံခဲ့ပါသည်။
ထိုမျှသာမက ထိုခွဲစိတ်ကုသခြင်းကို အသေးစိတ်ဖော်ပြကာ ပိုမိုကောင်းမွန်စေရန် ကြိုးစားခဲ့ကြပါသည်။ ၁၅ ရာစုနှစ်၏ ဆေးပညာရှင် ဆာယီလီ (Sayili) ကလည်း ဤကဲ့သို့ပင် ထောက်ခံအကြံပြုခဲ့ပါသည်။
(အပိုင်း - ၆)
(၆) ခွဲစိတ်စစ်ဆေးခြင်းနှင့် လက်တွေ့ စမ်းသပ်ခြင်းများ
အထက် ဖော်ပြချက်များအရ အလ်ရာဇီ၊ အိဗ်နို့စီနာ၊ မို့ဟ်ဇမ် အလ်ဒီးန် အလ်ဘဂ်ဒါဒီ၊ အိဗ်နို့ဇိုဟ်ရ် ၊ အိဗ်နို့ရိုရှ်ဒ် (Ibn Rushd / Averroes) စသော ပညာရှင်ကြီးများသည် ရာစုနှစ်အဆက်ဆက်၌ ဆေးပညာ လက်တွေ့လေ့လာရာ၌ ခန္ဓာဗေဒနှင့် ပတ်သက်၍ ခွဲစိတ်စစ်ဆေးခြင်း လက်တွေ့စမ်းသပ်ခြင်းများကို အလေးထား ဆောင်ရွက်ခဲ့ကြပါသည်။ ၁၃ ရာစုတွင် အစ္စလာမ့် သမားတော်ကြီး တစ်ဦးဖြစ်သော အိဗ်နို့အလ်နဖီးဆ် သည် ခွဲစိတ်စစ်ဆေးစမ်းသပ်ခြင်း အယူအဆကို ဆုတ်ကိုင်ကာ ဆက်လက် လုပ်ဆောင်ခဲ့ပါသည်။ အိဗ်နို့အလ်နဖီးဆ် သည် နှလုံးအားထောက်ပံ့သော သွေးကြောအဖွဲ့ (coronary circulation) နှင့် အဆုတ်အတွင်းရှိ သွေးကြောအဖွဲ့ (pulmonary circulation) တို့ကို ရှာဖွေတွေ့ရှိခဲ့သူ ဖြစ်ပါသည်။ ထို အကြောင်းအရာများကို "ရှရ်ဟို့သရှ်ရီးဟ်အလ်ကာနူးန်" (Sharh Tashrih Al-Qanun) တွင် ဖော်ပြထားပါသည်။
ထိုအပြင် ထိုခေတ်က ခန္ဒာဗေဒပြဋ္ဌာန်းစာအုပ်များတွင် ရုပ်ပုံများ ထည့်သွင်းရေးဆွဲခဲ့ခြင်းများကို ထိုခေတ်က အစ္စလာမ့် ပညာရှင်ကြီးများက စတင်ခဲ့သည်။ ဤသည် ခွဲစိတ်ပညာ တိုးတက်လာခြင်းကို အဓိက ဦးတည် ပေးခဲ့လေသည်။
ဂဲလ်လန် (Galen) သည် ကိုယ်တိုင် ခွဲစိတ်မှုပေါင်းများစွာကို ပြုလုပ်ခဲ့ပြီး တွေ့ရှိမှုများစွာကို မှတ်တမ်းတင်ခဲ့သူ ဖြစ်သည်။ သို့သော် သူ၏တွေ့ရှိချက်များထဲမှ အချို့သည် မှန်ကန်မှုမရှိပါ။ အလယ်ခေတ်၏ အစ္စလာမ့်ပညာရှင်များသည် ဂဲလ်လန်၏ မှားယွင်းသော ခန္ဒာဗေဒ၏ အယူအဆများကို ပြုပြင်ခြင်းအားဖြင့် ဆေးသိပ္ပံပညာ တိုးတက်လာမှု၌ အဓိက ဦးဆောင်လမ်းပြ ထောက်ပံ့ပေးခဲ့ပါသည်။ အိဗ်နို့အလ်နဖီးဆ်၏ "ရှရ်ဟို့သရှ်ရီးဟ် အလ်ကာနူးန်" ၌ ဖော်ပြထားသော အောက်ပါကိုးကားချက်များသည် သူ၏ ကိုယ်ပိုင် စမ်းသပ်တွေ့ရှိမှုများပင်ဖြစ်သည်။ ရာစုနှစ်ပေါင်းများစွာက လက်ခံခဲ့သော ဂဲလ်လန်၏ အယူဝါဒကို မမှန်ကန်ကြောင်း ထင်ရှားစေပါသည်။
" အိဗ်နို့စီနာ က မှန်ကန်သည်ဟု လက်ခံထားသော ဂဲလ်လန်၏ ဖော်ပြချက်တစ်ခုမှာ နှလုံးတွင် သွေးလွှတ်ခန်း ၃ ခန်း ရှိသည်ဟူ၍ ဖြစ်သည်။ ဤသည် မည်သို့မှ မမှန်ကန်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် နှလုံးတွင် သွေးလွှတ်ခန်း ၂ ခန်း သာ ရှိသောကြောင့်ဖြစ်သည်။ အမှန်တစ်ကယ်တော့ ကိုယ်တိုင် ခွဲစိတ်စစ်ဆေးခြင်းအားဖြင့် သူတို့၏ ဖော်ပြချက်များ မမှန်ကန်ကြောင်းကို ထင်ရှားစေခြင်းပင် ဖြစ်သည်။ ထို့အပြင် ဂဲလ်လန်၏ အယူအဆတစ်ခုဖြစ်သော နှလုံးဆီသို့ သွေးနှင့်အာဟာရ ထောက်ပံ့ပေးခြင်းသည် ညာဘက် သွေးလွှတ်ခန်းထဲမှ သွေးများနှင့် သက်ဆိုင်သည်ဟူသော ယူဆချက်သည် လက်ခံနိုင်စရာမရှိပေ။ အဘယ့်ကြောင့်ဆိုသော် နှလုံးဆီသို့ သွေး နှင့် အာဟာရ ထောက်ပံ့ခြင်းသည် နှလုံးအတွင်း၌ရှိသော သီးခြား သွေးကြောအဖွဲ့တစ်ခုနှင့်သာ သက်ဆိုင်သောကြောင့် ဖြစ်သည်။"
မုဝဖ်ဖကွတ်ဒီးန် အဗ်ဒွလ်လသွီးဖ် အလ်ဘဂ်ဒါဒီ (၁၁၆၂ - ၁၂၃၁) ရေးသားခဲ့သော "ကိသားဗ် အလ်အိဖာဒဟ် ဝလ်အိအ်သိဗားရ်" (Kitab Al-Ifadah Wa Al-Itibar) တွင် ပါဝင်သော အောက်ဖော်ပြပါ အလယ်ခေတ် အေဒီ ၁၁၀၀-၁၄၀၀ အတွင်းရှိ အစ္စလာမ့် ပညာရှင်ကြီးများ၏ ကိုယ်တိုင် လက်တွေ့ခွဲစိတ်ခြင်းများအပေါ် ယုံကြည်အားထားခြင်းသည် မှန်ကန်ကြောင်းထင်ရှားစေခဲ့သည်။
". . . လူသား၏ ကိုယ်ခန္ဓာအား ခွဲစိတ်ကာ အရိုးနှင့်အဆစ်တို့၏ ပုံသဏ္ဍာန် အချိုးအစားများကို လေ့လာခြင်းအားဖြင့် ကျွန်ုပ်တို့များစွာ သိရှိခဲ့ရသည်။ ကိုယ်တိုင်ခွဲစိတ်လေ့လာခြင်းက ရှေးယခင်ပညာရှင်ကြီးများ ရေးသားပြုစုခဲ့သော စာတမ်းများကို လေ့လာခြင်းထက် ပို၍သိရှိရသည်။ လူတစ်ဦးနှင့်တစ်ဦး အမြင်မတူသည့်အတွက် ကိုယ်တိုင် ခွဲစိတ်လေ့လာခြင်းသည် ပို၍ကောင်းသည်။ အမှန်တကယ်တော့ ဆေးပညာရှင်တစ်ဦး ရေးသားထားသည်ကို ဖတ်ခြင်းထက် ကိုယ်တိုင် မျက်စိနှင့်လေ့လာခြင်းက ပို၍ ခိုင်မာစွာ သက်သေခံနိုင်ပါသည်။ ဂဲလ်လန်သည် ဆေးပညာနှင့် ပတ်သက်၍ ခွဲစိတ်လေ့လာရာ၌ အမြင့်ဆုံး အရည်အချင်းရှိသည် မှန်သော်လည်း ကျွန်ုပ်တို့ ကိုယ်တိုင် တိုက်ရိုက် ခွဲစိတ်လေ့လာခြင်းသည်သာ ကျွန်ုပ်တို့အတွက် ပို၍တိကျသော အဖြေကို ရရှိပါသည်။ ပြီးနောက် ဂဲလ်လန်၏ ရှင်းလင်းချက်များနှင့် ဖော်ပြချက်များအပေါ်၌ ဝေဖန်သုံးသပ်နိုင်ခဲ့ပါသည်။ ကွဲပြားခြားနားချက်များကိုလည်း ဆွေးနွေးနိုင်ပါသည်။
ထိုထဲမှ ဥပမာတစ်ခုမှာ အောက်မေးရိုးပင်ဖြစ်သည်။ အားလုံးက လက်ခံထားသော အယူအဆတစ်ခုမှာ အောက်မေးရိုးသည် သပ်သပ်စီဖြစ်သော အရိုး ၂ ခုကို မေးရိုးနေရာ၌ သန်မာသော အဆစ်တစ်ခုဖြင့် ဆက်ထားသည်ဟူ၍ ဖြစ်သည်။ ဤအချက်ကို ကျွန်ုပ်တို့ ယခင်က လက်ခံခဲ့ကြသည်။ လက်ခံသည်ဆိုသည်မှာ ဂဲလ်လန် တစ်ဦးတည်းကိုသာ လက်ခံခြင်းဖြစ်သည်။ သူသည်သာလျှင် ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ခွဲစိတ်ခြင်းများကို သစ္စာရှိစွာ ပြုလုပ်ခဲ့ပြီး စာအုပ်စာပေများစွာကို ပြုစုခဲ့သူဖြစ်သည်။ ထိုစာအုပ်စာပေများစွာကို အာရဗီဘာသာဖြင့် ရရှိနိုင်ပြီး အချို့ကို မရရှိနိုင်ပေ။
သို့သော်လည်း ကျွန်ုပ်တို့၏ ကိုယ်ပိုင်တွေ့ရှိချက်များကို အခြေခံပြီး ပြောရမည်ဆိုလျှင် အောက်မေးရိုးသည် ပထမဆုံးသော အဆစ်မရှိသော အရိုးတစ်ခုပင်ဖြစ်သည်။ နည်းလမ်းပေါင်းများစွာကို စမ်းသပ်အသုံးပြုခဲ့ပြီး ကြိမ်ဖန်များစွာ ခွဲစိတ်လေ့လာခဲ့ကြသည်။ ဦးခေါင်းခွံရိုးပေါင်း ၂၀၀၀ ကျော်ကို ရှုထောင့်မျိုးစုံမှ ခွဲစိတ်စမ်းသပ် လေ့လာခဲ့ကြသော်လည်း အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် အောက်မေးရိုးသည် သီးခြားဖြစ်သော အရိုးတစ်ခုဖြစ်ကြောင်းကို ကျွန်ုပ်တို့ တွေ့ရှိရသည်။ ကျွန်ုပ်တို့သည် သီးခြားအုပ်စုများဖွဲ့၍ လေ့လာခဲ့ကြသည်။ ကျွန်ုပ်ကိုယ်တိုင် ထိုအုပ်စုများတွင် ပါဝင်၍လည်းကောင်း ၊ ကျွန်ုပ်မပါဘဲ သီးခြားအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း ပုံစံမျိုးစုံဖြင့် လေ့လာခဲ့ကြပါသည်။ သို့သော် မည်သူတစ်ဦးတစ်ယောက်ကမှ ကျွန်ုပ်တို့၏ တွေ့ရှိချက်ဖြစ်သော အောက်မေးရိုးသည် သီးခြားအရိုးတစ်ခုဖြစ်သည်ဟူသော အချက်ကို ထပ်မံဖြည့်စွက်နိုင်ခြင်း မရှိကြချေ။ ကျွန်ုပ်တို့ တွေ့ရှိချက်သည်သာ အခိုင်မာဆုံးဖြစ်သည်။"
ဤပြိုင်ဘက်ကင်းသော အံ့မခန်းတွေ့ရှိမှုသည် အစ္စလာမ့်ခေတ်က ပညာရှင်ကြီးများ၏ သိပ္ပံရှုထောင့်မှ တောက်ပသော သက်သေခံခြင်းများပင် ဖြစ်သည်။ ထိုကဲ့သို့ နမူနာပေါင်းများစွာကို စမ်းသပ်လေ့လာခြင်းဖြင့် စာရင်းဇယားများကိုလည်း နားလည်သဘောပေါက်လာပါသည်။ ထိုပြင် သံသယနှင့် ဇဝေဇဝါဖြစ်ခြင်း ဘက်လိုက်ခြင်းများကို ရှောင်ကြဉ်နိုင်ပါသည်။ မို့ဟ်ဇဗ် အလ်ဒီးန် အလ်ဘဂ်ဒါဒီ သည် သူ၏စမ်းသပ်ချက်ကို သုံးကြိမ်တိုင်တိုင် ထပ်ခါထပ်ခါ ပြုလုပ်၍ သက်သေပြခဲ့ပါသည်။ ပထမဆုံးအနေနှင့် ကိုယ်တိုင်စမ်းသပ်ခြင်း ၊ ဒုတိယအနေနှင့် ပညာရှင်တစ်စုတို့နှင့် ပူးပေါင်း၍ စမ်းသပ်ခြင်း ၊ တတိယအနေဖြင့် အခြားပညာရှင်တစ်စုတို့ သီးခြားစမ်းသပ်ခြင်း စသည်ဖြင့် ပြုလုပ်ခဲ့ပါသည်။ တိကျမှန်ကန်သော ရလဒ်များကို ရယူနိုင်ရန်အတွက် ဤကဲ့သို့ တစ်နည်းထက်ပိုသော စမ်းသပ်ချက်များကို ပြုလုပ်ခဲ့ပါသည်။
(၇) သေဆုံးပြီး ကြွင်းကျန် ရုပ်လောင်းများအား ခွဲစိတ်စစ်ဆေးခြင်း
(က) တိရိစ္ဆာန်များအား ခွဲစိတ်စစ်ဆေးခြင်း
အောက်တွင်ဖော်ပြထားသော အိဗ်နို့ဇိုဟ်ရ် ၏ "အသ်သိုင်စီးရ်" တွင် သူသည် တိရစ္ဆာန်များကို အသုံးပြုပြီး စမ်းသပ်ချက်တစ်ခု ပြုလုပ်ခဲ့ပါသည်။ အဆုတ်တွင်ဖြစ်တတ်သော အနာကို ကုသနိုင်ရန်အတွက် နည်းလမ်းရှာဖွေရာ၌ တိရိစ္ဆာန်များ၌ လက်တွေ့စမ်းသပ်ခဲ့ကြခြင်း ဖြစ်သည်။
" . . . အဆုတ်တွင်ဖြစ်ပေါ်သော အနာအတွက် ကုသရန် ကုထုံးပေါင်းများစွာ ရှိနေသော်လည်း တိကျစွာ မည်သူမှမသိပါ။ ထိုကုထုံးနည်းနှင့် ပတ်သက်၍ ဖော်ပြလိုပါသည်။ သိုးများတွင်ဖြစ်သည်။ အဆုတ်တွင် အနာဖြစ်နေသောသိုးများကို သိုးအုပ်နှင့်မရောစေဘဲ သပ်သပ်ခွဲထားလိုက်သည်။ ၄င်းတို့ကို သီးသန့်သွားလာ ကျက်စားစေသည်။ သိုးများကို ထိန်းသိမ်းသောသူက အပင်တစ်ပင်ကိုကျွေးရန် အကြံပြုသည်။ ထိုအပင်ကိုစားပြီးနောက် ထိုသိုးများ၏ အဆုတ်အနာသည် သက်သာပျောက်ကင်းသွားကာ ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိခဲ့ပါသည်။ ကျွန်ုပ်ကိုယ်တိုင် သိုးများ၏အဆုတ်ကို ခွဲစိတ်စစ်ဆေးခဲ့သည်။ ထင်ရှားသော သက်သေအဖြစ် အဆုတ်တွင် အနာကျက်ခြင်းနှင့် အနာပြန်ဆက်သွားခြင်းကို တွေ့ရပါသည်။ ယခုအချိန်အထိ ကျွန်ုပ်သည် ထိုဆေးပင်ကို မသိခဲ့ပါ။ ကျွန်ုပ်အလျင် မည်သူတစ်ဦးတစ်ယောက်မှလည်း သိခဲ့မည်မဟုတ်ဟု ထင်ပါသည် . . . "
(ခ) သေဆုံးပြီးလူသားများအား ခွဲစိတ်စစ်ဆေးခြင်း
ထို့ပြင် အိဗ်နို့ဇိုဟ်ရ် သည် နှလုံး၏ အပြင်ဆုံးသောအလွှာ (နှလုံးအကာ) ယောင်ယမ်းသည့် ရောဂါ၌ နှလုံးအကာနံရံအတွင်း ရေစုခြင်းနှင့်ပတ်သက်၍ ဖော်ပြခဲ့ပါသည်။ ထိုအရည်ကို ကြည့်ရသည်မှာ 'ဆီး' နှင့် ဆင်တူသော သဏ္ဌာန်ရှိသည်။ အရောင်သည် ပိတ်နေအောင် နောက်ကျိနေသည်လည်းမဟုတ် ၊ ကြည်လင်နေသည်လည်းမဟုတ် ၊ သူတို့နှစ်ခုကြား ခပ်နောက်နောက်အရောင် (straw colour) ဖြစ်နေသည်။ ဤကဲ့သို့ ရှာဖွေတွေ့ရှိခြင်းသည် နှလုံးကို အပ်နှင့်ထိုးစိုက်ကာ အရည်စုပ်ယူခြင်းမှလည်းကောင်း၊ သေဆုံးပြီး သူထံမှလည်းကောင်း ခွဲစိတ်ထုတ်ယူမှသာ ရရှိနိုင်ပေသည်။ ဤသည် ယခင်က မတွေ့ရှိခဲ့ရဖူးသေးသော တွေ့ရှိမှုအသစ်ဖြစ်ပါသည်။တစ်နည်းအားဖြင့် အိဗ်နို့ဇိုဟ်ရ် ၏ ဖော်ပြချက်ဖြစ်သော
" နှလုံး၏ အပြင်ဆုံးအလွှာထဲ၌ အစိုင်အခဲများ စုနေသည်နှင့် ဆင်တူသည်" ဟူသော အချက်အလက်များကို သေဆုံးပြီးအလောင်းအား ခွဲစိတ်စစ်ဆေးလေ့လာမှသာလျှင် သိရှိနိုင်ပေသည်။
ထိုကြောင့် ဆေးပညာ စတင်တိုးတက်လာသည့် အဦးအစတွင် ခန္ဓာဗေဒနှင့် ပတ်သက်သော ဗဟုသုတဖြစ်ဖွယ် အချက်အလက်များသည် အလွန်တရာ အရေးပါလှပါသည်။ ဆေးပညာသမားတော်ကြီးများနှင့် ခွဲစိတ်ကုဆရာဝန်များအတွက် ခန္ဓာဗေဒနှင့် ပတ်သက်သော တွေ့ရှိချက်များကို စတင်လေ့လာရှာဖွေခဲ့သူ အစ္စလာမ့်ခေတ်က ရှေးပညာရှင်ကြီးများ၏ တွေ့ရှိမှုများသည် အံ့မခန်းဖြစ်သည်။
အနှစ်ချုပ်
အထက်တွင်ဖော်ပြခဲ့သော တွေ့ရှိချက်များအရ ဤကဲ့သို့ ကောက်ချက်ချနိုင်ပါသည်။ ယနေ့တိုးတက်နေသော လက်တွေ့ဆေးပညာ၏ ခေတ်မှီသော အယူအဆများ ၊ ဆေးဝါးစမ်းသပ်ချက်များ ၊ လူ၏ ခန္ဓာကိုယ်တည်ဆောက်ပုံ နှင့် လုပ်ဆောင်ပုံတို့၏ ဖော်ပြချက်များ စသည့်အချက်အလက်များ အားလုံးတို့သည် အစ္စလာမ့်တို့ ဘုန်းမီးနေလ တောက်ပနေသော ၉ ရာစုနှစ်မှ အစပြုကာ အလယ်ခေတ် အေဒီ ၁၁၀၀ - ၁၄၀၀ အတောအတွင်းရှိ အစ္စလာမ့် ဆေးသိပ္ပံပညာရှင်ကြီးများ၏ ကြိုးပမ်းမှုများမှသာ အစပြုခဲ့ခြင်း ဖြစ်ပေသည်။
Rabie E. Abdel-Halim ၏ ဆောင်းပါးအား ဘာသာပြန်ဆိုသည်။ 
(Nay Chi)
((အလ်မုဖီးဒ်))
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Installလုပ်ထားပါ။