Monday, May 4, 2015

မှားနေသည့် အသုံးအနှုန်း


ယနေ့ကာလ၏ ရေးသားခေါ်ဆို၊ ပြောဆိုမှုများတွင် အသုံးအနှုန်းအချို့သည် မှားနေသည်။ ထိုအသုံးအနှုန်း အမှားများကို မုစလ်မာန်များ ကိုယ်တိုင်ကလည်း တွင်ကျယ်စွာ သုံးစွဲနေကြသည်။ ထို့ကြောင့် အသုံးအနှုန်းအမှန်ကို သိရှိသုံးစွဲနိုင်ရန် တင်ဆက်လိုက်ပါသည်။

မုစလ်မာန်အမျိုးသမီးတို့အတွက် သတ်မှတ်ပြဌာန်းထားသည့် ဦးခေါင်းမှစ၍ ခြေအဆုံး ပြည့်စုံလုံခြုံစွာ ဝတ်ဆင်ရမည့် အဝတ်အစား၊ ထိုသို့လုံခြုံစွာနေရမည့် အမိန့်တို့ကို အရဗီဘာသာစကားဖြင့် ပြဆိုမိန့်ထား၏။ ယခုအခါတွင် ယင်းအရဗီ၏ ဆိုလိုရင်းအဓိပ္ပါယ်ပါ ပျောက်ကွယ်သွားသည်သာမက စာလုံးများကိုပါ အမှားများဖြင့် ပြောဆိုသုံးစွဲနေကြသည်။ စာလုံးလည်း ဆိုလိုရင်းကိုလည်း အမှားအတိုင်းမှတ်ယူထားသဖြင့် အဓိကတောင်းဆိုထားသည့် အကြောင်းအရာများလည်း ပျောက်သွားပေသည်။ ထို့ကြောင့် ယင်းအမှားများကို အမှန်ဖြင့် ပြန်လည်ပြင်ဆင်ရမည်။

  " ဟိဂျာဗ် "  

ဟိဂျာဗ်သည် ဦးခေါင်းတွင်ခြုံသော ပုဝါအသေးလေးများကို ခေါ်ဆိုခြင်း လုံးဝမဟုတ်ပါ။ ဟိဂျာဗ်ဟူသည် အမျိုးသမီးအနေဖြင့် သူမ၏ဟန်ပန်သဏ္ဍာန်၊ အကောက်အကွေး၊ အဖုအဖာင်း၊ အရောင်အသွေး၊ မျက်လုံးမျက်ဖန် ကော့လန် ပြူးကျယ် စသည့်အလှတရားအားလုံးကို မည်သည့်ယောက်ျားသားမျှ မမြင်အောင် ဖုံးကွယ်နေထိုင်ခြင်း/ ဝတ်ဆင်ခြင်းကို ခေါ်ဆိုသည်။ အဝတ်အစားတွင်လည်း လူတို့က ကြည့်လိုစိတ်ဖြစ်လာအောင် ပြင်ဆင်ချယ်သမှု လုံးဝမပါရပေ။ ထိုသို့သော အရာကို ဟိဂျာဗ်ဟု ခေါ်သည်။

ထို့ကြောင့် ပုဝါတစ်ပိုင်း၊ အင်္ကျီလက်ရှည်ကိုယ်ကျပ်၊ ဂျင်းဘောင်းဘီ၊ စကတ်စသည်တို့နှင့် တွဲစပ်ဝတ်ဆင်ထားခြင်းကို ဟိဂျာဗ်ဟု မခေါ်ပါ။ မင်္ဂလာဆောင်ဂါဝင်နှင့် ပုဝါတစ်ထည်တွဲဆောင်းထားခြင်းကိုလည်း ဟိဂျာဗ်ဝတ်ထားသည်ဟု မခေါ်ပါ။

ပုဝါအတိုများကို ခိမားရ် ဟုခေါ်သည်။ ဟိဂျားဗ်ဟု မသုံးနှုန်းပါ။

ထိုဝတ်ဆင်မှုများတွင် ဟိဂျာဗ်မှတောင်းဆိုထားသည့် ပြည့်စုံသည့်လုံခြုံမှု လုံးဝမရှိသဖြင့် ဟိဂျာဗ်ဝတ်ထားသူ၊ ဟိဂျာဗ်ကို ဆောင်ရွက်သူဟု မသတ်မှတ်ပါ။ ၎င်းကဲ့သို့သူအား ခေါင်းပေါ်တွင် ပုဝါဆောင်းထားသူဟုသာ ခေါ်ဆိုနိုင်မည်။

  " ဘုရ်ကအ် "  

အားလုံးက ဘုရ်ခါ ဟု ပြောဆို ရေးသား ခေါ်ဆိုကြသည်။ မှားသည်။ စာလုံးအရ " ဗာ၊ ရာ၊ ကားဖ်(ကားဖ်အကြီး)၊ အိုင်န်" ဖြင့်ဖြစ်သည်။ ယခုခေါ်ဆိုနေသလို ဘုရ်ခါ " ခေ" မပါဝင်ပါ။ အခေါ်အဝေါ်ပြောင်းရမည်။

မြန်မာစကားပုံဖြင့် ပြောပါက စကားနောက် တရားပါ ဆိုသလို ဘုရ်ခါ - ခါ ဟု သုံးနှုန်းပြောဆိုနေကြသဖြင့် ဝတ်ဆင်သူ မိန်းကလေးအများစုသည်လည်း ခါ နေကြသည်ဟု ဆိုရမည်။ တလက်လက်တောက်နေသည့် ကျောက်ရောင်စုံဆင်ကာ ခန္ဓာကိုယ်ကောက်ကြောင်းအပြည့်ပေါ်နေသည့် အင်္ကျီအရှည်တစ်ထည်ကို ကိုယ်တွင်ဝတ်၍ ဆံပင်များ၊ ရင်ဘတ်များပေါ်နေသည့် ပုဝါအတိုကိုဆောင်းပြီး သွားလာနေကြ၏။ စာလုံးသုံးစွဲမှု မှားသဖြင့် ဖြစ်ပေါ်လာသည့် လုပ်ရပ်ပါမှားလာကြပေသည်။

ထို့ကြောင့် စာလုံးအမှန်ဖြစ်သည့် ဘုရ်ကအ် ကို ပြောင်းလဲခေါ်ဆိုပါ။ ရေးသားကြပါ။
ဘုရ်ကအ် ဖြစ်သည်။ ဘုရ်ခါ မဟုတ်ပါ။

  " ဟိဂျာဗ် နှင့် ဘုရ်ကအ် "  

အချို့က ခေါင်းတွင် ပုဝါဆောင်းထားခြင်းကို ဟိဂျာဗ်၊ အောက်က အကျီအရှည်ဝတ်ထားခြင်းကို ဘုရ်ကအ်ဟု သုံးစွဲကြသည်။ အမှန်တော့ ယင်းစာလုံးနှစ်ခုလုံးသည် ဆိုလိုရင်းတစ်ခုတည်းဖြစ်သည်။ ခေါင်းခြုံပုဝါကို ဟိဂျာဗ်ဟုမခေါ်ပါ။

ဟိဂျာဗ်စာလုံးတွင် ဘုရ်ကအ်၏ အဓိပ္ပါယ်လည်း ပါဝင်သည်။ ဟိဂျာဗ်၊ ဘုရ်ကအ်ဟူသည် ဝတ်ဆင်ထားသူ အမျိုးသမီး၏ အလှအပဟူသရွေ့တို့ကို ဖုံးအုပ်ပေးမည့် အဝတ်အစားမျိုးဖြစ်ရမည်။ ခေါင်းစ၊ ခြေဆုံး စာရင်းဝင်ပေသည်။ ကြပ်နေခြင်း၊ အရောင်များ တလက်လက် တောက်နေခြင်း၊ ဆံပင်မလုံ၊ ရင်ဘတ်မလုံ ဖြစ်နေခြင်းတို့ မရှိရပေ။

  " နိကားဗ် "  

မျက်နှာ၏ အလှသဏ္ဍာန်အလုံးစုံကို ဖုံးအုပ်၍ ကြည့်ရှုရန် မျက်လုံးပေါက်ဖောက်ထားသည့် အရာကို နိကားဗ်ဟုခေါ်သည်။

နိကားဗ်ဖြစ်သည်။ နိကားဖ် မဟုတ်ပါ။ ဗာ နှင့်အဆုံးသတ်ပါသည်။ ဖာ နှင့်အဆုံးမသတ်ပါ။

ဓါတ်ပုံများတွင် မျက်လုံးကို ရောင်စုံချယ်သကာ စွဲဆောင်မှုပြုထားသည့် မျက်နှာတဝက်တပျက်ကို အဝတ်ဖြင့်ဖုံးအုပ်၍ ညှို့သလို၊ ပြူးပြသလိုနှင့် မိန်းမပုံများကို မုစလ်မာန်တို့က ဂုဏ်ယူစွာဖြင့် နိကားဗ်ဝတ်ထားတာ ဘယ်လောက်နူရ်ရှိသလဲ ဘယ်လောက်လှသလဲ စသဖြင့် ချီးမွမ်းနေကြသည်။ အမှားကို မရှုံချသည့်အပြင် ထောက်ခံမှုပါပြုသည်။ ထိုသို့သော ဓာတ်ပုံများဖြင့် နိကားဗ်ဘက်သို့ ဖိတ်ခေါ်မှုပြုကြသည်။
**ဆူးပင်မှာ အဆူးကိုသာ ရရှိနိုင်သည်။ အမှားကိုအကြောင်းခံပြီး ဖိတ်ခေါ်နေလျှင် အမှားသာ ရမည်။ အမှန်မရနိုင်ပါ။**

နိကားဗ်ဟူသည် မျက်နှာ၊ မျက်လုံးတို့၏ အလှတရားကို တစိမ်းတရံစာများမှာ မြင်တွေ့ခြင်းမရှိရန် ဖုံးအုပ်ရခြင်းဖြစ်သည်။ စွဲဆောင်မှု၊ အလှကိုဇိမ်ခံကြည့်ခြင်းတို့ မဖြစ်စေရန် ဖြစ်သည်။ ထို့ကြောင့် အသုံးအနှုန်းနှင့် လုပ်ရမည့်လုပ်ဆောင်ချက်တို့ကို အပြည့်သိရမည်။ အမှား အမှန် ခွဲခြား ကွဲပြားနေရပါမည်။
နိကားဗ် ဖြစ်သည်။ နိကားဖ် မဟုတ်ပါ။

  " ဟိဂျာဗ်ဖက်ရှင် "  

ထိုစကားလုံးသည် အဆိပ်လူးထားသည့် မြှားဖြစ်သည်။ သကာရည်လောင်းထားသည့် အညစ်အကြေးဖြစ်သည်။ သာသနာဖျက်တို့၏ ကျည်ဆံဖြစ်သည်။ အစ္စလာမ့်အမျိုးသမီးတို့၏ ခန္ဓာကိုယ်ပေါ်မှ လုံခြုံသည့်အဝတ်အစားကို တစ်လွှာခြင်းချွတ်ပစ်သည့် လက်တစ်ခုဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မှ ချမှတ်ထားသည့် အမိန့်ကို ပြောင်းပြန်လုပ်ကာ အယောင်ဆောင်ထားသည့် သာသနာသူခိုးဖြစ်ပေသည်။

စစ်မှန်သည့် ဟိဂျာဗ်သည် မည်သည့်အခါမှ ဖက်ရှင်မဖြစ်သလို၊ ဖက်ရှင်ကိုလည်း ဟိဂျာဗ်သဏ္ဍာန် ဘယ်တော့မှ သွတ်သွင်းလို့မရပါ။

ထို့ကြောင့် ဟိဂျာဗ်ဖက်ရှင်သည် အမှားသာဖြစ်၍ အားပေးမှုမပြုရပေ။

 " ပရ်ဒဟ်"  

မုစလ်မာန်အမျိုးသမီးတို့ လုံခြုံစွာဝတ်ဆင်ရန်ခြင်း/ သူစိမ်းအမျိုးသားများ မတွေ့မြင်အောင်နေထိုင်ခြင်းကို ပရ်ဒဟ်ဟုလည်း သုံးနှုန်းခေါ်ဆိုပေသည်။ ပြည့်စုံလုံခြုံစွာ ဝတ်ဆင်ခြင်း၊ နေထိုင်ခြင်းကို ပရ်ဒဟ်ဟုခေါ်သည်။

စာလုံးပေါင်းပုံမှာ ပရ်ဒဟ် ဟုဖြစ်သည်။ ပရ်သာ၊ ပရဒါ တို့ မဟုတ်ပါ။

မုစလ်မာန်တို့အနေဖြင့် စာလုံးအမှန် အသံထွက်အမှန်ကို သိရှိကာ ပြုပြင်ကြရန် ရည်ရွယ်သည်။ စာလုံးမမှန် အသံထွက်မမှန်ရာမှ ရှရီအသ်မှ တောင်းဆိုသည့် ပုံသဏ္ဍာန်အစစ်အမှန်တို့ပါ ပျောက်ကွယ်ပြီး လုပ်ရပ်တို့ပါ မှားလာကြပေသည်။ ထို့ကြောင့် သိရှိသည့်နေ့မှ စတင်၍ ပြုပြင်ကြပါဟု ပြောရင်းဖြင့် အဆုံးသတ်လိုက်ပါသည်။

အလ်မုဖီးဒ်
ရဂျဗ်/ ၁၅/ ယောင်မုလ် စလားစာ့အ်/ ဟစ်ဂ်ျရီ ၁၄၃၆

Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။