Tuesday, May 26, 2015

စကားနားထောင်ခြင်းဆိုင်ရာ စည်းကမ်းချက်များ


 ၁။ တစ်ဦးတစ်ယောက်၏ စကားကို ကောင်းစွာအာရုံစူးစိုက်၍ နားထောင်သင့်၏။ တစ်စုံတစ်ရာ မရှင်းလင်းသည့် အချက်ရှိပါက ပြောသူအားပြန်၍ ရှင်းလင်းသေချာစွာ မေးပြီးမှ လိုက်နာကျင့်သုံးအပ်၏။ မရှင်းလင်းသည့် အကြောင်းတစ်စုံတစ်ရာ ရှိပါလျက် နှင့် ပြန်လည်မေးမြန်းဆန်းစစ်ခြင်းမပြုဘဲ၊ မိမိသဘောအတိုင်း မလုပ်သင့်။ မိမိထင်ရာလုပ်ခြင်းဖြင့် ရံဖန်ရံခါ စကားပြောသူ၏ ရည်ရွယ်ချက်နှင့် လွဲချော်သောကြောင့် ဒုက္ခဖြစ်စေတတ်သည်။

 ၂။ သင့်အား တစ်ဦးတစ်ယောက် စကားပြောလာသည့်အခါ စိတ်ဝင်စားစွာ နားထောင်ပါ။ စိတ်မဝင်စားသလို နားထောင်ပါက ပြောသူသည် စိတ်အနှောင့်အယှက်ဖြစ်လိမ့်မည်။ အထူးသဖြင့် ပြောသူသည် မိမိအကျိုးအတွက်ပြောသူ၊ မိမိ၏ အမေးကို ဖြေကြားနေသူ၊ မိမိက ရိုသေလေးစား ကြည်ညိုထိုင်သူ ဖြစ်ပါက ပို၍ပင် လေးစားစွာနားထောင်ရမည်။ ယင်းအခြေအနေမျိုးတွင် စိတ်မဝင်စားသလို နားထောင်ခြင်းမှာ ပို၍ပင် ဆိုးဝါးသည်။

 ၃။ တစ်ဦးတစ်ယောက်က အသင့်အား အလုပ်တစ်ခုခုလုပ်ခိုင်းလာပါက ၎င်းအား လုပ်ပေးနိုင်မည် သို့မဟုတ် လုပ်မပေးနိုင်သည်ကို တိတိကျကျအဖြေပေးရမည်။ သို့မှသာ ခိုင်းသောသူ စိတ်အေးရမည်။ အလုပ်ခိုင်းသောသူက အသင်အလုပ်လုပ်လိမ့်မည်ဟု ယူဆကာ စိတ်အေးနေပြီး သင့်အနေနှင့် အဆိုပါအလုပ်ကို လုပ်ရန်လုံးဝမရည်ရွယ်သဖြင့် မလုပ်သောကြောင့် အဆိုပါအလုပ် မပြီးမြောက်သည်ကို နောက်မှသိရပါက အလုပ်ခိုင်းသောသူသည် စိတ်မချမ်းမသာ ဖြစ်ရတတ်သည်။
 ၄။ အီဒုလ်ဖိသ်ရ်၏ ခုသ်ဗဟ်နှင့် အီဒုလ်အဿွဟာ၏ ခုသ်ဗဟ်တို့အား နားထောင်ခြင်းမှာ ဝါဂျိဗ်တာဝန်ဖြစ်၏။ အလားတူပင် ဘာသာရေးဆိုင်ရာ စကားရပ်များကို အထူးဂရုစိုက်၍ နားထောင်ခြင်းများလည်း ဝါဂျိဗ်တာဝန်ဖြစ်၏။ (ရှာမီ)
 ၅။ ပုန်းလျှိုး၍ ဖြစ်စေ၊ အိပ်ချင်ဟန်ဆောင်၍ ဖြစ်စေ၊ တစ်ဦးတစ်ယောက်၏ စကားကို ၎င်းမသိအောင် နားထောင်ခြင်းမှာ ကုရ်အာန်ကျမ်းလာ ပညတ်တော်အရ ဟရာမ် မပြုပိုင်သည့် ကိစ္စရပ်ဖြစ်၏။ သို့ရာတွင် ဒုက္ခပေးသူ တစ်ဦးတစ်ယောက်၏ ရန်မှ မိမိကိုယ်မိမိ ကာကွယ်ရန်လည်းကောင်း၊ အခြားသူတစ်ဦးတစ်ယောက်အား အကာအကွယ်ပေးရန်လည်းကောင်း၊ ပုန်းလျှိုး၍ဖြစ်စေ၊ အိပ်ချင်ဟန်ဆောင်၍ဖြစ်စေ နားထောင်ပါက နားထောင်ပိုင်ခွင့် ရှိ၏။

 ၆။ တစ်ဦးတစ်ယောက် ဆုံးမသည့် သဘောအရသော်လည်းကောင်း၊ သင်ပေးသည့် သဘောအရသော်လည်းကောင်း စကားပြောပါက စကားဆုံးသည်အထိ နားထောင်ရမည်။ စကားတစ်ဝက်တစ်ပျက်နှင့် ထလာခြင်းမှာ စကားကို တန်ဖိုးမထားရာလည်းရောက်၊ ပြောဆိုနေသည့် ပုဂ္ဂိုလ်အား စော်ကားရာလည်း ရောက်၏။

 ၇။ တစ်ဦးတစ်ယောက်က လူအများရှိရာ ထိုင်ဝိုင်းတွင် တရားဟောကြားနေပါက ဟောကြားနေသူဘက်သို့သာ အာရုံစူးစိုက်နေသင့်သည်။ အခြားသူတစ်ဦးဦးနှင့် စကားမပြောရ။ စကားပြောနေဆဲတွင် အဆိုပါထိုင်ဝိုင်းထဲမှ အခြားသူတစ်ဦးဦးနှင့် စကားပြောခြင်းမှာ တရားစကားအား အလေးမထားရာလည်း ရောက်၏။ ဤသို့ ပြုမူခြင်းမှာ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းလည်း ဖြစ်၏။

 ၈။ တစ်ဦးတစ်ယောက်က မိမိအား အကွယ်တစ်နေရာရာမှ ခေါ်ဝေါ်အသံပေးခဲ့သော် မိမိအနေဖြင့် ခေါ်သံကြားပြီးဖြစ်သဖြင့် ယခုပင်လာတော့မည်ဖြစ်ကြောင်းကို ၎င်းအား အသိပေးရမည်။ ခေါ်နေသူ ဆက်တိုက် ခေါ်နေသော်လည်း အသံမပေးဘဲ တိတ်ဆိတ်စွာ မနေရချေ။
 ၉။ တစ်ဦးတစ်ယောက်က အလုပ်တစ်ခုခုလုပ်ရန် တောင်းဆိုလာပါက စေ့စပ်သေချာစွာဖြင့် အဆိုပါအလုပ်ကို အကောင်အထည်ဖော်သင့်၏။ ခိုင်းသောသူ စိတ်ဆင်းရဲအောင် မသေချာ၊ မစေ့မစပ် မလုပ်သင့်။ အလုပ်လုပ်ပြီးကလည်း ခိုင်းသောသူအား အလုပ်ပြီးမြောက်သွားကြောင်း အသိပေးရမည်။ သို့မှာသာ အလုပ်ခိုင်းသူလည်း စောင့်ဆိုင်းနေရသည့် ဒုက္ခမှလွတ်ကင်း၍ မိမိ၏တာဝန်လည်း ပေါ့သွားမည် ဖြစ်၏။

 ၁ဝ။ တစ်ဦးတစ်ယောက် ပြောသည့်စကားကို နားမလည်သဘောမပေါက်ဘဲ ဟုတ်ကဲ့ ဟူ၍လည်းကောင်း၊ ကောင်းပါပြီဟူ၍လည်းကောင်း မပြောရ။ သဘောပေါက် နားလည်သည်အထိ ကာယကံရှင်အား ပြန်မေးရမည်။
 ၁၁။ မှောင်နေ၍သော်လည်းကောင်း၊ တစ်စုံတစ်ရာနှင့် ကွယ်နေ၍သော်လည်းကောင်း အသံကို မသိ၍ဖြစ်စေ၊ အခြေအနေကို မသိ၍ ဖြစ်စေ မည်သူနည်း၊ မည်သည့်အသံနည်း စသည်ဖြင့် မေးမြန်းလာပါက ကျွန်တော်ပါ၊ ကျွန်တော့်အသံပါ ဟု မဖြေရပေ။ မိမိ၏အမည်ကို ဖော်ပြရမည်။ ဥပမာ မုဟမ္မဒ်ခလီးလ်ပါ မည်သူမည်ဝါဟူ၍ ကွဲပြားအောင် ဖြေရမည်။

 သူတစ်ပါး၏ ဖြေကို ပြီးပြည့်စုံစွာပေးရမည် 
 ၁၂။ နေထိုင်သွားလာ အကျင့်အမူတိုင်းတွင် မိမိကြောင့် သူတစ်ပါးဒုက္ခမဖြစ်စေရန်၊ အကျပ်အတည်း တစ်စုံတစ်ရာမရှိစေရန် အထူးဂရုပြုရမည်။ ထို့ကြောင့် မကွဲပြားသည့်စကားမျိုးကို မည်သည့်အခါမှ မဆိုသင့်ပေ။ တစ်ဦးတစ်ယောက်၏ မေးမြန်းချက်ကို ကောင်းမွန်စွာ သဘောပေါက်နားလည်ပြီး ရှင်းလင်းတိကျသည့်အဖြေကို ပေးသင့်သည်။ သို့မှာသာလျှင် သူတစ်ပါးအား ထပ်ပြန်တလဲလဲမေးရသည့် ဒုက္ခမှ ချမ်းသာရာ ရစေမည်။

 အဖြေကို ချက်ခြင်းပေးရမည် 
 ၁၃။ တစ်ဦးတစ်ယောက်၏ မေးမြန်ချက်ကို ကြားပါလျက် အဖြေမပေးခြင်း၊ အချိန်အတန်ကြာမှ အဖြေပေးခြင်းမှာ မပြုအပ်သည့် အချက်ဖြစ်၏။

 နားမထောင်အပ်သည့် အသံများ 
 ၁၄။ တစ်ဦးတစ်ယောက် သီချင်းဆိုနေပါက ၎င်း၏သီချင်းဘက်သို့ နားမစွင့်ရ။ အဘယ့်ကြောင့်ဆိုသော် သဘာဝစိတ်ဓါတ်တွင် ပြစ်မှုဒုစရိုက်များကို ကျူးလွန်လိုစိတ်များ ပြည့်နှက်နေလေရာ သီချင်းသံသည် ယင်းစိတ်များကို အားပေး အားမြှောက် ပြုသောကြောင့်ပင် ဖြစ်၏။ နှလုံးသားကိုလည်း သီချင်းက ဖျက်ဆီးတတ်၏။ ဟရာမ်ကိစ္စရပ် တစ်ခုခုဘက်သို့ ပို့ဆောင်အားပေးသည့် ကိစ္စရပ်သည်လည်း ဟရာမ်ဖြစ်၏။

 ၁၅။ သူစိမ်းအမျိုးသမီးတစ်ဦးဦးနှင့် ယောက်ျားပျိုတစ်ဦးဦး၏အသံကို မရည်ရွယ်ဘဲကြားရလျှင်လည်း ဆက်လက်မကြားစေရန် နားကို ပိတ်ထားလိုက်ရမည်။

 ၁၆။ အမျိုးသမီးသည်လည်း မိမိ၏အသံကို သူစိမ်းအမျိုးသားများ မကြားရစေရန် အထူးဆင်ခြင်ရပေမည်။

 ဆရာနှင့် ပတ်သက်၍ 
 ၁။ တစ်ဦးတစ်ယောက် မိမိ၏ဆရာသခင်အား မကောင်းပြောပါက နှုတ်ဆိတ်မနေဘဲ ဆရာသခင်ဘက်မှ ခုခံကာကွယ်ပြောဆိုသင့်သည်။ အကယ်၍ ဆရာသခင်ဘက်မှ ခုခံကာကွယ်ပြောဆိုခြင်း မပြုနိုင်က အဆိုပါနေရာမှ ချက်ခြင်းထွက်ခွာလာရမည်။

 ၂။ ဆရာသခင်က မိမိအား စကားပြောသည့်အခါ ဆရာဘက်သို့ မျက်နှာမူလျက် အထူးအာရုံစူးစိုက်ကာ နားထောင်ရမည်။ ဆရာစာသင်နေချိန်တွင် ကျောင်းသားများသည် ဆရာ၏ သင်ပြပို့ချမှုကို အာရုံစူးစိုက်၍ နားထောင်ရမည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများအားလုံး တည်တည်ငြိမ်ငြိမ် ထားရမည်။ တိတ်ဆိတ်စွာနားထောင်ရမည်။ မျက်စိအစုံဖြင့် ဆရာ့ထံကြည့်လျက် နားအစုံဖြင့် စွင့်နေရမည်။ စိတ်နှလုံး၊ ဦးနှောက် စသည့်အစိတ်အပိုင်းများကို နိုးကြား နေစေရမည်။ ဖျတ်ဖျတ်လတ်လတ် နေရမည်။

 ၃။ ဆရာ၏စကားကို နားမလည်သဘောမပေါက်ပါက ဆရာ၏အားနည်းချက်ဟု မယူဆသင့်ဘဲ၊ မိမိအသိဉာဏ်အားနည်းမှု၊ အာရုံစူးစိုက်ခြင်း နည်းပါးမှုဟု မှတ်ယူရမည်။
--------။--------။--------
အလ်မုဖီးဒ်
ရှအ်ဗာန်/ ၈/ ယောင်မုလ်အရ်ဗာအ်/ ဟစ်ဂ်ျရီ ၁၄၃၆
(မုဖ်သီနူးရ်မိုဟမ္မဒ် ဆွာဟိဗ် ဘာသာပြန်သော အစ္စလာမ်နှင့် လူမှုဆက်ဆံရေး စာအုပ်မှ ကူးယူတင်ဆက်သည်။ အထက်ပါ အကြောင်းအရာများကို ကူးယူသူများအနေဖြင့် အကြောင်းအရာ အစမှ အဆုံးအထိ ကူးယူပြီး အလ်မုဖီးဒ်မှ ကူးယူကြောင်း ထည့်သွင်း ဖော်ပြပါ။ မူလ စာရေးသူနှင့် ဘာသာပြန်ဆိုသူအပါအဝင် အလ်မုဖီးဒ်၏ စာမျက်နှာလင့်ခ်တို့ကိုပါ ပူးတွဲ ဖော်ပြပါ။)

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။