Saturday, May 16, 2015

အစ္စလာမ်သာသနာ၏ ဝုဇူအကြောင်း


အစ္စလာမ်သာသနာ၏ အထင်ကရ အမှတ်အသားများတွင် ဝုဇူသည်လည်း တစ်ခုအပါအဝင်ဖြစ်သလို ဝုဇူသည် အစ္စလာမ်၏ ထူးခြားမှုတစ်ခုလည်း ဖြစ်ပေသည်။ အစ္စလာမ်တွင် တစ်နေ့ငါးကြိမ် အလ္လာဟ်အရှင်မြတ်အား ဆည်းကပ်ကိုးကွယ်မှုပြုရန် သတ်မှတ်မှုပြုထားသည်။ ထိုသို့ ငါးကြိမ်ဆည်းကပ်ခြင်းကို သန့်ရှင်းမှုနှင့်တကွ ပြုလုပ်ရန်လည်း ပညတ်ထားပေသည်။ အစ္စလာမ့်၏ သန့်ရှင်းမှုဟူသည် လှပစွာ ဝတ်စားဆင်ယဉ်ခြင်း၊ အမွှေးအကြိုင်များသုတ်လိမ်းကာ ချယ်သခြင်းကို ဆိုလိုသည်မဟုတ်။ ခန္ဓာကိုယ်အား သတ်မှတ်ထားသည့် စံညွှန်းနှင့်အညီ ကိုယ်လက် ဆေးကြောသန့်စင်မှုပြုခြင်းကို ဆိုလိုပေသည်။ အလ္လာဟ်အရှင်မြတ်အား ဆည်းကပ်မှုမပြုမှီ ကိုယ်လက် ဆေးကြောသန့်စင်မှုပြုရန် အလ္လာဟ်အရှင်မြတ် ကိုယ်တော်တိုင် မိမိ၏ ကျမ်းတော်ဖြစ်သော ကုရ်အာန်တွင် မိန့်ထားပေသည်။ ထိုသို့ ခန္ဓာကိုယ်အား သတ်မှတ်စံညွှန်းနှင့်အညီ ဆေးကြောသန့်စင်ခြင်းကို " ဝုဇူ" ဟု ခေါ်ပေသည်။

ဝုဇူ၏ လိုအပ်ချက်သည် တစ်နေ့ငါးကြိမ် ဆည်းကပ်ခြင်းအပြင် အခြားသော အစ္စလာမ့်လုပ်ဆောင်မှုများတွင်လည်း ဝုဇူနှင့်တကွပြုလုပ်ရန် မိန့်ထားသည်။ အစ္စလာမ့်၏ ထူးခြားမှုတစ်ခုမှာ သန့်ရှင်းစင်ကြယ်မှုကို အထူးဦးစားပေးထားခြင်းပင် ဖြစ်ပေသည်။ ကြည့်ပါ !!! အစ္စလာမ်သာသနာဝင် မုစ်လင်မ်တစ်ဦးတွင် တစ်နေ့ငါးကြိမ် မပြုမနေရဆောက်တည်မှု ရှိသည်။ ယင်းငါးကြိမ်သည်လည်း နေ့ပိုင်းတစ်ခုတည်းတွင် စုထားခြင်းမဟုတ်သလို ည၏အချိန်တစ်ခုတည်းတွင် စုထားခြင်းလည်း မဟုတ်ပေ။ တစ်နေ့တာ၏ အချိန်များ အပိုင်းလိုက်တွင် ငါးကြိမ်ဆောက်တည်ဆည်းကပ်မှုကို ပြုလုပ်ရန် အမိန့်ပေးထားပေသည်။ တစ်နေ့တာ၏ နေ့ဦးယံ၊ နေ့လည်၊ ညနေ၊ နေဝင်၊ မိုးချုပ် တို့တွင် မပြုမနေရဆောက်တည်မှု(ဆွလားသ်) ကို ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုသို့ဆည်းကပ် ဆောက်တည်ရန်အတွက် မုစ်လင်မ်သည် တစ်နေ့တွင် အနည်းဆုံးငါးကြိမ် ကိုယ်လက်သန့်စင်ခြင်းအမှုကို ပြုနေရမည် ဖြစ်သည်။

မုစ်လင်မ်တစ်ဦးအနေဖြင့် ထိုငါးကြိမ်အတွက် သန့်ရှင်းမှုမရှိဘဲ ဆောက်တည်ခွင့် လုံးဝမရှိပေ။ ထိုနည်းတူ ယင်းသို့ငါးကြိမ်အပြင် အခြားသော ကုသိုလ်အကျိုးရမည့် ဆွလားသ်ဆောက်တည် ဆည်းကပ်မှုများလည်း ရှိနေသေး၏။ ငါးကြိမ်ဆောက်တည်ရန် ငါးကြိမ်သန့်စင်မှု ပြုရမည်။ အခြားသော အစ္စလာမ့်အမှုကိစ္စတို့တွင်လည်း ထိုဝုဇူသန့်စင်မှုကို တောင်းဆိုထားသည်ဆိုလျှင် မုစ်လင်မ်တစ်ဦးသည် သန့်စင်မှုဝုဇူကိုပြုကာ အစဉ်ပင် သန့်ရှင်းနေမည် ဖြစ်ပေသည်။ အစ္စလာမ်သာသနာသည်လည်း ထိုသို့ အစဉ်သန့်ရှင်းနေခြင်းကို သာပို ဦးစားပေးထားပေသည်။

ယင်းသို့ သတ်မှတ်စံညွှန်းနှင့်အညီ ကိုယ်လက်သန့်စင်ဆေးကြောခြင်း ဝုဇူသည် သန့်စင်ရုံသက်သက်မဟုတ်ဘဲ နောင်တမလွန်တွင် အကျိုးကုသိုလ်များပြားစွာရမည့် အကြောင်းခံတစ်ရပ်လည်း ဖြစ်ပေသည်။ ယခု ယင်းဝုဇူပြုခြင်းဖြင့် ရရှိမည့် အကျိုးကုသိုလ်များကို ဖော်ပြမည်ဖြစ်ပါသည်။

နေ့စဉ်နှင့်အမျှ ဝုဇူပြုနေသည့် မုစလ်မာန်များအနေဖြင့် မိမိတို့ပြုနေသည့်ဝုဇူသည် မည်သို့အကျိုးရလဒ်များပေးမည်ကို သိရှိထားပါလျှင် ပို၍ပင် စိတ်ထက်သန်မှု၊ ကြည်နူးမှုနှင့် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ပို၍သိရှိမှုတို့ကို ရရှိလာပေမည်။

 (၁) သန့်ရှင်းစင်ကြယ်စွာ နေထိုင်ခြင်းသည် အီမာန်၏ ထက်ဝက်ဖြစ်၏။
 (၂) ဝုဇူပြုသည့်အခါတွင် ဆေးကြောရသည့်အစိတ်အပိုင်းတို့မှ ကျူးလွန်ထားသည့် ပြစ်မှုအသေးစားတို့သည် ဝုဇူရေနှင့်အတူ ပါသွားပေသည်။
 (၃) ကျန်းမာရေး အနည်းငယ်ချို့ယွင်းနေမည်။ သို့မဟုတ် ရာသီဥတု အေးစက်နေမည်။ ထိုအခါမျိုးတွင်လည်း ဝုဇူကို စွန္နသ်၊ မုစ်သဟဗ်များပါဂရုစိုက်၍ သေချာစွာပြုလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသို့သောသူ၏ အပြစ်ဂုနာဟ်များကို ခွင့်လွှတ်ပေးတော်မူမည်။ ဂျန္နသ်တွင် အဆင့်အတန်းမြင့်မားမှုကို ချီးမြှင့်တော်မူမည်။
 (၄) အကြင်သူသည် ဝုဇူကို သေချာကျနစွာ ဂရုစိုက်၍ (ဆိုလိုသည်မှာ မက္ကရူဟ်များမှ ရှောင်ကြဉ်ကာ စွန္နသ်များ မုစ်သဟဗ်များကို ဂရုတစိုက် ပြုလုပ်ခြင်း ဖြစ်၏) ပြုလုပ်လျှင် ၎င်းဝုဇူနှင့်အညီ ထိုသူ့၏ ပြစ်မှုအသေးစားများသည် ခွင့်လွှတ်မှုကို ရရှိမည် ဖြစ်သည်။
 (၅) ကိယာမသ် (ကမ္ဘာ့တရားခွင်)နေ့တွင် ဝုဇူပြုထားသည့် အစိတ်အပိုင်းများသည် လင်းဝင်းတောက်ပနေမည်။ အုမ္မသိမုဟမ္မဒီယာများထဲမှ ဂျန္နသီများကို ဂျန္နသ်သို့ဝင်ရန် ခေါ်သည့်အခါ ဟရှရ်နေ့၏ လူထုကြားထဲမှ ဝုဇူ၏အစိတ်အပိုင်းများ လင်းဝင်းလျက် ထွက်လာကြပေမည်။ ထိုသို့ လင်းဝင်းတောက်ပနေခြင်းကို သာပို၍ များပြားလိုလျှင် ဝုဇူ၏အမလ်ကို ဂရုတစိုက်ဖြင့် စွဲမြဲစွာပြုလုပ်ပါ။
 (၆) ဝုဇူပြုရာတွင် ဆေးကြောရသည့် အစိတ်အပိုင်းများတွင် ဂျန္နသ်ရောက်သည့်အခါ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာတို့ဖြင့် စီချယ်ကာ အလှဆင်ပေးမည် ဖြစ်သည်။
 (၇) ဝုဇူ၏ စွန်နသ်၊ မုစ်သဟဗ်တို့ကို ဂရုစိုက်၍ သေချာတိကျ ကောင်းမွန်စွာပြုလုပ်လျှင် ၎င်း၏ဂရုစိုက်မှု၊ တိကျမှုတို့နှင့်အညီ ဝုဇူအစိတ်အပိုင်းများကို အလှဆင်ယဉ် ပြုပေးမည် ဖြစ်၏။
 (၈) ဝုဇူကို အကောင်းဆုံးပြုသည်နှင့် အညီ အလှဆင်ပေးမှုကိုလည်း အကောင်းဆုံး ပြုပေးမည် ဖြစ်သည်။
 (၉) ဝုဇူဖြင့် အစဉ်အမြဲနေနိုင်ခြင်းသည်လည်း မုအ်မင်န်၏ အရည်အချင်းများတွင် တစ်ခုအပါအဝင် ဖြစ်ပေသည်။
 (၁ဝ) ဂျန္နသ်၏ သော့တံသည် နမားဇ်ဖြစ်ပြီး နမားဇ်၏ သော့တံသည် ဝုဇူဖြစ်သည်။
 (၁၁) အကြင်သူသည် ကောင်းမွန်သေချာစွာ ဝုဇူပြုပြီး ကောင်းကင်ဖက်သို့ ကြည့်၍ " အရှ်ဟဒု အလ်လားအိလားဟ အိလ်လလ်လားဟု ဝဟ်ဒဟူ လာရှရီးကလဟူ ဝအရှ်ဟဒုအန်န မုဟမ္မဒန် အဗ်ဒုဟူ ဝရစူးလုဟူး" ကို ရွတ်ဖတ်လျှင် ထိုသူ့အတွက် ဂျန္နသ်၏တံခါး ရှစ်ပေါက်ဖွင့်ပေးလိုက်ပြီး ကြိုက်နှစ်သက်ရာတံခါးမှ ဝင်ရောက်ခွင့် ချီးမြှင့်ခံရပေမည်။
 (၁၂) အမျိုးသမီးတို့သည် ကိုယ်မသန့်ဖြစ်နေသည့်အချိန်တွင်လည်း ဝုဇူဖြင့် နေထိုင်ခြင်းသည် အကောင်းဆုံးဖြစ်ပေသည်။
 (၁၃) ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်တို့သည် အမြဲပင် ဝုဇူဖြင့်နေထိုင်သင့်သည်။ အကျော်အမော်အာလင်မ်ပညာရှင်ကြီးများ၊ သူရဲကောင်းများ၊ သူတော်စင်များ၏ မိခင်များသည် နို့တိုက်ကာလတွင် အစဉ်ပင် ဝုဇူဖြင့် နို့တိုက်ကျွေးခဲ့ကြပေသည်။

 ဝုဇူမှ ကျန်ရှိသောရေကို သောက်သုံးခြင်း 
သိရ်မီဇီကျမ်း၌ အဗူဟိုက်ယားဟ်သခင်ထံမှ ဆင့်ပြန်ချက်တစ်ရပ် လာရှိပေသည်။ သခင်က ပြောသည်မှာ ကျွန်ုပ်သည် ဟဇရသ်အလီ(ရသွီယလ္လာဟုအန်ဟု) ၏ ဝုဇူပြုပုံကို တွေ့မြင်ခဲ့သည်။ ဟဇရသ်အလီ(ရသွီ)သည် မိမိ၏ လက်နှစ်ဖက်ကို စင်ကြယ်စွာဆေးကြောသည်။ ထို့နောက် သုံးကြိမ် နှုတ်ကျင်းသည်။ သုံးကြိမ် နှာခေါင်းဆေး၏။ ပြီးနောက် မိမိ၏ မျက်နှာကို သုံးကြိမ်၊ လက်တံတောင်ဆစ်အထိ သုံးကြိမ်ဆေးကြော၍ ဦးခေါင်းကို တစ်ကြိမ် မစဟ်ပြုသည်။ ၎င်းနောက် ခြေထောက်နှစ်ဖက်ကို ခြေမျက်စိအပါအဝင် သုံးကြိမ်ဆေးကြောသည်။ ထို့နောက် မိမိဝုဇူပြုရာမှ ကျန်ရှိသောရေကို မတ်တပ်ရပ်၍ သောက်လိုက်သည်။ ပြီးနောက် ဟဇရသ်အလီ(ရသွီ)က ကျွန်ုပ်အနေဖြင့် လူတို့အား နဗီတမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်၏ ဝုဇူပြုခဲ့ပုံကို ပြသရသည်ကို နှစ်ခြိုက်ပါသည် ဟု မိန့်လေသည်။

ဝုဇူမှ ကျန်ရှိသောရေကို သောက်ခြင်းတွင် အကြောင်းနှစ်ရပ် ရှိပေသည်။ တစ်ခုမှာ ထိုရေသည် ဗရ်ကသ် ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံသည့် ရေဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ခွက်ထဲမှ လက်နှိုက်ကာ ရေယူ၍ ဝုဇူပြုထားခဲ့ခြင်းကြောင့် ဖြစ်သည်။ ဒုတိယအကြောင်းမှာ မတ်တပ်ရပ်၍ သောက်လိုက်ခြင်းဖြင့် ဗရ်ကသ်နှင့်ပြည့်စုံသောရေ၏ ကောင်းမွန်သည့် စူးရှမှုတို့သည် ကိုယ်ခန္ဓာတစ်ခုလုံးသို့ ပျံနှံရောက်ရှိသွားပေသည်။ ဥပမာ ဇမ်ဇမ်ရေအနည်းငယ်ဖြစ်ပါက မတ်တပ်ရပ်၍ သောက်သည်။ သို့မှသာ ဇမ်ဇမ်ရေ၏ အရည်အသွေးနှင့် ဗရကသ်တို့သည် တစ်ကိုယ်လုံးသို့ ပျံနှံရောက်ရှိ သွားမည်ဖြစ်၏။ ယခုအခါသမယတွင် လူတို့သည် လိုတာ၊ ရေပိုက်ခေါင်းတို့ဖြင့် ဝုဇူပြုနေကြပြီ ဖြစ်သည်။ ထို့အတွက် ပထမအကြောင်းခံမရရှိတော့ပေ။ သို့သော် ဒုတိယအကြောင်းခံဖြစ်သည့် မတ်တပ်ရပ်၍ သောက်သုံးခြင်းတော့ ကျန်ရှိနေပေသေး၏။ ထို့ကြောင့် ဝုဇူပြုပြီးပါက ရေအနည်းငယ်ကို မတ်တပ်ရပ်၍ သောက်သုံးသင့်ပါသည်။

 မအိပ်စက်မီ ဝုဇူပြုခြင်း 
ဟဇရသ်ဗုရာအ်ဗင်န်အာဇစ်ဗ် (ရသွီ)သခင်က ပြောသည်။ တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က ကျွန်ုအား မိန့်တော်မူသည်မှာ အသင်အိပ်စက်ရန် အိပ်ယာသို့မသွားမီ နမားဇ်ဆောက်တည်ရန်အတွက် ဝုဇူပြုသကဲ့သို့ ဝုဇူပြုပါ။ ဝုဇူပြုပြီးမှ အိပ်စက်ခြင်းသည် တမန်တော်မြတ်၏ စွန်နသ်တော်တစ်ပါးပင် ဖြစ်ပေသည်။ အိပ်စက်ခါနီး ဝုဇူပြုရန် ဖရ်ဇ်၊ ဝါဂျိဗ်မဟုတ်သော်လည်း တမန်တော်မြတ်သည် မအိပ်စက်မီ ဝုဇူပြုရန် မိန့်ထားတော်မူပေသည်။

 ဝုဇူဖြင့် အစဉ်မြဲနေခြင်း၏ အကျိုးရလဒ် 
နဗီတမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က ဟဇရသ်ဗိလာလ် (ရသွီယလ္လာဟုအန်ဟု) အား မေးသည်မှာ အို ... ဗိလာလ် အသင်သည် မည်သည့်ကျင့်ဆောက်တည်မှုကို ပြုဘိသနည်း။ အသင့်ဖိနပ်၏ အသံကို ငါကိုယ်တော် ဂျန္နသ်တွင် ကြားခဲ့ရသည်။ ဗိလာလ်သခင်က အဖြေပေးလျှောက်ထားသည်မှာ ကျွန်တော်မျိုး ဝုဇူဖြင့် အမြဲနေပါသည်။ ဝုဇူအသစ်ပြုတိုင်း သဟိယသုလ်ဝုဇူ ဆွလားသ်ကို ဆောက်တည်ပါသည်။

 ဝုဇူဖြင့် (အစ္စလာမ့်၏ သန့်ရှင်းခြင်းဟူသည့် အမိန့်အတွင်း) နေခြင်းကို အလေးထားခဲ့ကြသူများ 
 (၁) အိမာမ်ဗုခါရီ (ရဟ)သည် မိမိ၏ဆွဟီးဟ်ကျမ်းတွင် ဟဒီးစ်တော်များကို မရေးမှီ ဦးစွာ ရေချိုးသန့်စင်မှု ပြုသည်။ ထို့နောက် နဖိလ်နှစ်ရကအသ် ဆောက်တည်ပြီး ရေးမည့်ဟဒီးစ်တော်၏ မှန်ကန်တိကျခိုင်လုံမှု ရှိ၊ မရှိနှင့် ပတ်သက်ပြီး အိစ်သိခါရဟ်ပြုလုပ်သည်။ ထို့နောက်တွင်မှ ထိုဟဒီးစ်တော်ကို မိမိ၏ ဆွဟီးဟ်ကျမ်းတွင် ရေးသွင်းလေသည်။ ထိုလုပ်ရပ်၏ ဗရ်ကသ်မင်္ဂလာဖြင့် ဆွဟီးဟ်ဗုခါရီကျမ်းကို ယနေ့ ကမ္ဘာ့နေရာအနှံအပြားရှိ အစ္စလာမ်သာသနာ့ကျောင်းတိုင်းတွင် ကျောင်းသင်ရိုးညွှန်းတန်းအဖြစ် ထည့်သွင်းပြဌာန်းထားပေသည်။

 (၂) မစ်ရှ်ကာသုလ်မဆွာဗီးဟ်ကျမ်းရှင်သည် ကျမ်းစာများကို ပြုစုသည့် ကာလတစ်လျှောက်လုံးနှင့် ဟဒီးစ်၊ ဖိကဟ်တို့ကို သင်ကြားပေးရာတွင် အမြဲပင် ဝုဇူဖြင့် နေထိုင်ကာ ကျမ်းစာရေးသားခြင်းနှင့် ပို့ချခြင်းတို့ကို ပြုလုပ်တော်မူခဲ့ပေသည်။

 (၃) ရှမ်စုလ်အအင်မ်မဟ် စရခ်စီ ဟလ်ဝါနီ(ရဟ)သခင်က မိန့်သည်မှာ ကျွန်ုပ်ထံတွင် အိလ်မ်အသိပညာတစ်ခုခု တိုးလာပါက ထိုသို့အသိတိုးခြင်းကို အိလ်မ်အား ဂုဏ်ပေးမှုကြောင့် ရရှိခြင်းဖြစ်သည်ဟု မှတ်ယူသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်သည် မည်သည့်ကျမ်းစာအုပ်ကိုမှ ဝုဇူမရှိဘဲ ကိုင်တွယ်မှု မပြုပါ။

 (၄) ရှမ်စုလ်အအင်မ်မဟ် စရခ်စီ(ရဟ)သည် ၂၃နှစ်ကာလအထိ လေလည်သည့်ရောဂါ ဖြစ်နေသော်လည်း မည်သည့်အခါတွင်မှ ဝုဇူမရှိဘဲ ကျမ်းစာအုပ်ကို ကိုင်တွယ်ခြင်းမရှိပေ။ တစ်ခါက စာလေ့လာရင်း ဝုဇူအကြိမ်ပေါင်း ၇ဝခန့်မျှ ပြုလုပ်ခဲ့ရသည်။ ထိုသို့ အိလ်မ်လေ့လာရာတွင် ဝုဇူကိုအလေးထားရခြင်း၏ အကြောင်းတစ်ချက်မှာ အိလ်မ်သည် နူရ်လင်းဝင်တောက်ပသည့်အရာ ဖြစ်သလို ဝုဇူသည်လည်း နူရ်ပင်ဖြစ်သည်။ အိလ်မ်ကို ဝုဇူဖြင့် ဆည်းပူးသည့်အခါ အိလ်မ်၏နူရ်သည် ဝုဇူ၏ နူရ်ဖြင့် သာပိုလင်းဝင်းတောက်ပလာပေသည်။

 (၅) ဟဇရသ်မော်လာနာ အန်ဝရ်ရှားဟ် ကရှ်မီရီ (ရဟ)မိန့်သည်မှာ ကျွန်ုပ်သည် အရွယ်ရောက်ပြီးသည့်အချိန်မှစ၍ ယနေ့အထိ သာသနာ့၏မည်သည့်စာပေ၊ စာအုပ်ကိုမျှ ဝုဇူမရှိဘဲ ကိုင်တွယ်လေ့လာခြင်း မရှိခဲ့ပါ။

 (၆) အိမာမ်မာလိက် (ရဟ)သည် သာသနာ့ပညာကို အင်မတန် ဂုဏ်ပေးကာ ရိုသေမှုထားလေသည်။ ဟဒီးစ်သင်ကြားသည့်အခါတွင် ဝုဇူပြုပြီး သင်ကြားရာနေရာသို့ ကြွချီလာ၏။ ဒါရီကို ဖြီးသင်ထားသည်။ အကောင်းစားရေမွှေးကို လိမ်းကျံသည်။ ထိုင်သည့်အခါတွင်လည်း ဂုဏ်ပေးလေးစားမှုအပြည့်ဖြင့် ထိုင်ကာ ဟဒီးစ်တော်များကို ပို့ချ၊ သင်ကြားလေသည်။ လူတို့က ထိုသို့ဟဒီးစ်တော်များကို ဂုဏ်ပေးမှုပြုရခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ မြတ်နဗီဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်၏ ရွှေနှုတ်တော်လာ မိန့်ကြားမှုများဖြစ်သဖြင့် ဤသို့ ဂုဏ်ပေးလေးစားမှုပြုခြင်း ဖြစ်သည်ဟု ဖြေတော်မူသည်။

 (၇) စုလ်သွားန်မဟ်မူးဒ် ဘုရင်သည် သပ်က်ဝါရှောင်ကြဉ်ခြင်းနှင့် စိတ်ရိုင်းကို ချိုးနှိမ်နိုင်ခြင်းတို့ကြောင့် ရစူလွလ္လာဟ်ဆွလ္လလ္လားဟ်ဟုအလိုင်းဟိဝစလ္လမ်အား ချစ်ကြည်မြတ်နိုးမှုသည် လွှမ်းမိုးလျက်ရှိပေသည်။ ဘုရင်သည် မိမိ၏နှုတ်လျှာတွင် တမန်တော်မြတ်၏ အမည်ကိုင်ခြင်းကိုပင် အင်မတန်ဂရုတစိုက်နှင့် လေးစားစွာဖြင့် ပြောဆိုသည်။ ဘုရင်၏ နန်းရင်းဝန် မိတ်ဆွေတစ်ဦးအမည်မှာ မုဟမ္မဒ်ဖြစ်လေသည်။ ဘုရင်ကလည်း ထိုအမည်နာမဖြင့်သာ ကိုင်တွယ်ခေါ်ဆိုသည်။ သို့သော်တစ်နေ့တွင် ဘုရင်က ၎င်းအား သာဂျွဒ်ဒီးန် (သာသနာ့မကိုဋ်သရဖူ) ဟူသော အမည်ကိုကိုင်တွယ်၍ စကားပြောလေသည်။

၎င်းပုဂ္ဂိုလ်သည် နန်းတွင်းတာဝန်များပြီးဆုံး၍ အိမ်ပြန်လာပြီးနောက် သုံးရက်တိုင်တိုင် ဘုရင့်ထံပါး မသွားတော့ပေ။ ဘုရင်က အိမ်သို့ အခေါ်လွှတ်ကာ နန်းတွင်းသို့ မလာရသည့်အကြောင်းအရင်းအား မေးမြန်းလေသည်။ ထိုအခါ ၎င်းပုဂ္ဂိုလ်က အဖြေပေး လျှောက်တင်သည်မှာ ဘုရင်သည် ကျွန်ုပ်အား အမြဲပင် မုဟမ္မဒ်အမည်ဖြင့် ကိုင်တွယ်ကာ ပြောဆိုမှုပြုလေသည်။ ထိုနေ့က အစဉ်ပြုနေကြနှင့် ဆန့်ကျင်ကာ သာဂျွဒ်ဒီးန်ဟူသော အမည်ဖြင့် ခေါ်ဝေါ်ပြောဆိုခဲ့သည်။ ကျွန်ုပ်အနေဖြင့် ထိုအကြောင်းကြောင့် စိတ်တွင်း၌ စဉ်းစားသည်မှာ ဘုရင်အနေဖြင့် ကျွန်ုပ်အား တစ်ခုခုစိတ်ဆိုးခြင်း ဖြစ်နေသည်။ ထို့ကြောင့် ဘုရင့်ထံပါး အခစားဝင်ကာ မျက်နှာမပြဝန့်တော့ပါ။ ဤသုံးရက်တွင်လည်း ပူဆွေးသောက ဖြစ်နေရပါသည်။

ထိုအခါ ဘုရင် စုလ်သွာန်မဟ်မူးဒ်က ..... ကျွန်ုပ်အနေဖြင့် အသင့်အား မည်သို့မျှ စိတ်ဆိုးခြင်း၊ ငြိုငြင်ခြင်း မရှိခဲ့ပါ။ ထိုနေ့က သာဂျွဒ်ဒီးန်ဟု ခေါ်လိုက်ရခြင်းမှာ ကျွန်ုပ်သည် ဝုဇူမရှိသည့် အခြေအနေကြောင့် ဖြစ်၏။ ကျွန်ုပ်အနေဖြင့် မုဟမ္မဒ်ဟူသည် အမည်အား ဝုဇူမဲ့ ကိုင်တွယ်ပြောဆိုရန် ရှက်ရွံလှပါသည် ဟု မိန့်ကြားလေသည်။

ထိုခေတ်ကာလရှိ ဘုရင်၏ ဂုဏ်ပေးလေးစား ရိုသေမှုသည် အဘယ်မျှပင် အဆင့်အတန်း မြင့်မား၍ အံ့ဖွယ်ကောင်းသည့် အခြေအနေပင် ဖြစ်ပါသနည်း။ ဝုဇူမဲ့ဖြင့် အမည်ကိုင်ခြင်းကိုပင် အရိုအသေတန်သည်၊ ရိုသေမှုကင်းမဲ့ရာရောက်သည်ဟု မှတ်ယူထားသည်။ မြတ်နဗီ၏ အမည်နာမကို ဝုဇူဖြင့်ကိုင်တွယ်ရန် စည်းကမ်းသတ်မှတ်ထားခြင်း မရှိပေ။ သို့သော် ချစ်ခင်မြတ်နိုးမှုနှင့် ဂုဏ်ပေးလေးစားမှုတို့ ပေါင်းစပ်သွားသည့်အခါ အရှိန်အဝါသည် လွှမ်းမိုးသွားလေသည်။ ထို့ကြောင့်ပင် ဘုရင်သည် မြတ်နဗီ၏ အမည်နာမကို ဝုဇူမဲ့ဖြင့် ကိုင်တွယ်ပြောဆိုခြင်း မရှိခဲ့ပေ။

 အရှိန်အဝါ သက်ရောက်စေသော ဝုဇူ 
ဖကီးဟ်အဗုလ်လိုက်စ် (ရဟ)သည် မိမိ၏ဖခင်ထံမှ ဆင့်ပြန်သည်မှာ တစ်ခါက ဟဇရသ်အုမရ် (ရသွီယလ္လာဟုအန်ဟု)သည် ကအ်ဗဟ်ဂိလားဖ်အစ ဝယ်ယူရန် ဆွဟာဗဟ်တစ်ပါးကို မိဆ်ရ်(အီဂျစ်)သို့ စေလွှတ်လိုက်သည်။ ရှာမ်(ဆီးရီးယား) နိုင်ငံမှ ဖြတ်သွားစဉ် လမ်း၌ ရာဟိဗ်ဘုန်းတော်ကြီးတစ်ပါး၏ အိဗာဒသ်ပြုရာအဆောင်ကို မြင်သဖြင့် ဆွဟာဗဟ်သည် တွေ့ဆုံနှုတ်ဆက်ရန် ၎င်းထံသို့ သွားလေ၍ တံခါးခေါက်လိုက်သည်။ အချိန်အတော်ကြာမှ တံခါးလာဖွင့်၍ တွေ့ဆုံနှုတ်ဆက်ကြသည်။ ဆွဟာဗဟ်က ရာဟိဗ်အား အချိန်အတော်ကြာမှ တံခါးဖွင့်ရသည့်အကြောင်းကို မေးမြန်းရာ ရာဟိဗ်က ပြောသည်မှာ ... အသင်လာသည်ကို ကျွန်ုပ်တို့ အဝေးမှပင် မြင်နေပါသည်။ အသင့်ကို မြင်ကတည်းက ကျွန်ုပ်တို့ထဲတွင် သြဇာအဏာရှိသည့် ဘုရင်တစ်ပါးကို မြင်သကဲ့သို့ အရှိန်အဝါမျိုးကို ခံစားရသည်။ စိတ်တွင်း၌ ကြောက်ရွံမှုလည်း ဖြစ်လာသည်။ ထို့ကြောင့် ဝုဇူပြုကာ နမားဇ်ဖတ်သည်။ ပြီးမှ တံခါးလာဖွင့်ခြင်း ဖြစ်ပါသည်။ ထိုသို့ပြုရခြင်းမှာ အလ္လာဟ်အရှင်မြတ်က ဟဇရသ်မူစာ အလိုင်ဟစ္စလာမ်အား မိန့်သည်။ အသင်သည် ဘုရင်တစ်ပါးပါးနှင့် ပတ်သက်၍ စိုးရိမ်မှု၊ ထိတ်လန့်မှုတစ်စုံတစ်ရာဖြစ်ပေါ်လာလျှင် ဝုဇူပြုပါ။ အိမ်သူ၊ အိမ်သားတို့ကိုလည်း ဝုဇူပြုခိုင်းပါ။ ဝုဇူရှိနေသူသည် ငါအလ္လာဟ်အရှင်မြတ်၏ ထိန်းသိမ်းမှုတွင် ရှိပေသည်။

 ဟဇရသ်ရှိုက်ခုလ်ဟဒီးစ် မော်လာနာဇကရီယာ (ကန်ဒေဟ်လဝီ) ရဟမသုလ္လာဟ်အလိုင်း ၏  ဝုဇူနှင့်တကွ သင်ခန်းစာများကို သင်ယူခဲ့ခြင်းအကြောင်း 
ဟဇရသ်ရှိုက်ခ် မော်လာနာဇကရီယာ (ရဟ) က မိန့်သည်မှာ ကျွန်ုပ်တွင် မုဟမ္မဒ်ဟစံန်(မရ်ဟူးမ်) အမည်ရှိ သူငယ်ချင်းတစ်ဦးရှိသည်။ ကျွန်ုပ်ငယ်ဘဝတွင် ၎င်းထက် ကောင်းမွန်၍ သူငယ်ချင်းပီသသူ အခြားတစ်ယောက် မတွေ့ခဲ့ပါ။ ကျွန်ုပ်တို့နှစ်ဦးတွင် ဘယ်သောအခါမှ ဝုဇူမဲ့ဖြင့် ဟဒီးစ်တော်များကို ဆရာအရှေ့တွင် သင်ယူခြင်း၊ စာအံ့ခြင်းများ မပြုလုပ်ပါဟု သတ်မှတ်ချက်တစ်ခု ပြုထား၏။ ထိုနည်းတူ ဟဒီးစ်များ လွတ်သွားခြင်းလည်း မရှိစေရပေ။ ကျွန်ုပ်တို့နှစ်ဦးသည် သင်ခန်းစာသင်ယူချိန်တွင် ပုဆစ်တုပ်၍ ထိုင်ကြသည်။ တခါတရံ ဝုဇူပြုရန် လိုအပ်လာပါက တစ်ဦးနှင့် တစ်ဦး တံတောင်ဖြင့် တို့ထိ၍ ထသွားလိုက်သည်။ ထိုအခါ ကျွန်ုပ်က ဆရာအား ဤသင်ခန်းစာတွင် မေးမြန်းရန် ရှိသည်ဟု ပြောကာ သင်ခန်းအရှေ့မတက်စေပေ။ သူငယ်ချင်းဖြစ်သူ ပြန်လာသည်အထိ ထိုအတိုင်း (စာရှင်းပြမှုတွင်) ရှိနေသည်။ ကျွန်ုပ်နှင့် ပတ်သက်၍လည်း ထိုနည်းအတိုင်း ပြုလုပ်သည်။ ထိုသို့ဖြင့် တစ်ခါက ဖသ်ဟုလ်ကဒီးရ်ကျမ်းတွင် ဤသို့ရေးထားသည်ဟု ပြော၍ ကျွန်ုပ်က မေးမြန်းမှုတစ်ခု စတင်လိုက်သည့်အခါ ဖခင်ဖြစ်သူက အသင့်၏ ဖသ်ဟုကဒီးရ်ပါအကြောင်းအရာကို ခနဆိုင်းထားပြီး အဖြစ်အပျက်တစ်ခုကို အရင်နားထောင်ပါဟု ဆိုကာ ပြောပြလေသည်။ ကျွန်ုပ်ဖခင်သည် စာသင်သည့်အခါတွင် လင်္ကာများ၊ ဖြစ်ရပ်များကို ပြောပြလေ့ရှိပေသည်။ ဤသို့ဖြင့် ကျွန်ုပ်သူငယ်ချင်းလည်း သင်ခန်းစာများကို အပြည့်အဝရရှိခဲ့ပေသည်။ ကျွန်ုပ်လည်း မိမိ၏ ဓလေ့ကို အစဉ်ပြုခဲ့သည်မှာ ခြောက်လပတ်စာမေးပွဲအထိ ဖခင်၏ထံမှ သင်ယူခွင့်ရရှိခဲ့သည်။ ထို့နောက်တွင် ဟဇရသ်မော်လာနာ ခလီးလ်အဟ်မဒ် (ရဟ)ထံတွင် ကျမ်းစာအုပ်၏ အဆုံးအထိ ဆက်လက်ဆည်းပူး ခွင့်ရရှိခဲ့သည်။ မုဟမ္မဒ်ဟစံန် (မရ်ဟူးမ်) ၏ စာအရေးအသားသည်လည်း အင်မတန်ကောင်းမွန်ခဲ့ပေသည်။

အစ္စလာမ့်၏ လုပ်ဆောင်မှုများအနက်မှ ထူးခြားပြီး ချစ်နှစ်သက်ဖွယ်ကောင်းသော လောကတွင် ရှင်နေစဉ်အတွင်းနှင့် နောင်တမလွန်သို့ ရောက်ပြီးနောက်တွင်လည်း ထူးခြားသည့် အကျိုးရလဒ်များကို ပေးမည့် ကျင့်စဉ်များတွင် ဝုဇူသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ ဝုဇူဖြင့် အစဉ်အမြဲနေခြင်းသည် အင်မတန်ကောင်းမွန်သည့် အကျင့်တစ်ခုဖြစ်ပြီး သန့်ရှင်းစင်ကြယ်နေသူအဖြစ် အမြဲရှိနေပေမည်။ အသက်ထွက်သည့်အချိန်အခါတွင်လည်း ကောင်းသောအသက်ထွက်ခြင်းကို ဆောင်ကြဉ်းပေးမည့် ကျင့်စဉ်တစ်ခုလည်း ဖြစ်ပေသည်။ ဝုဇူပြုထားသူအနီးသို့ လူသားတို့၏ ရာသက်ပန်ရန်သူဖြစ်သော ရှိုက်သွာန်သည် မချဉ်းကပ်နိုင်ပေ။ ထို့ကြောင့် ပြစ်မှုများမှရှောင်ကြဉ်နိုင်ရန်၊ ကိယာမသ်တွင် လင်းဝင်းမှုရရှိရန်နှင့် ဂျန္နသ်တွင် အဆင့်များကို တိုးမြှင့်ပေးမည့် အလ္လာဟ်အရှင်မြတ်၏ ထိန်းသိမ်းမှုကို အစဉ်ရရှိမည့်၊ ဂျန္နသ်ရရှိစေသည့် အမလ်ဖြစ်သည့် ဝုဇူကို မုစ်လ်မာန် ကလေး လူကြီး အမျိုးသား အမျိုးသမီးအားလုံး အစဉ်အမြဲပြုလုပ်ကြပါဟု တိုက်တွန်းပြောကြားရင်း အဆုံးသတ်လိုက်ပါသည်။

(မဇွာဟိရုလ်ဟတ်က်ဂျဒီးဒ်၊ သွလဗားသ်ကေးလိအေး သရ်ဗီယသီး ဝါကေအားသ် တို့မှ ကောက်နှုတ် တင်ဆက်ပါသည်။)
အလ်မုဖီးဒ်
ရဂျဗ်/ ၂၇/ ယောင်မုလ်အဟဒ်/ ဟစ်ဂ်ျရီ ၁၄၃၆

*** သတိပေးချက် အထက်ပါအကြောင်းအရာအား ကူးယူပါက စာသားအပြည့်အစုံနှင့်တကွ အလ်မုဖီးဒ်မှ ကူးယူကြောင်း ထည့်သွင်း ဖော်ပြပါ။ မိမိမလုပ်သည်ကို လုပ်သယောင် မဆောင်ပါနှင့်။ ***

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။