Saturday, May 16, 2015

ထိုင်ဝိုင်းနှင့် စပ်လျဉ်းသည့် စည်းကမ်းချက်များ


 ၁။ တစ်ဦးတစ်ယောက်အား စောင့်ဆိုင်းသည့်အခါ ထိုသူသိမြင်နိုင်လောက်သော နေရာမှ မစောင့်ဆိုင်းဘဲ အဆိုပါပုဂ္ဂိုလ် မမြင်နိုင် မသိနိုင်လောက်သော နေရာမှ စောင့်ဆိုင်းသင့်၏။ မြင်တွေ့နိုင်လောက်သည့်နေရာမှ စောင့်ဆိုင်းပါက အဆိုပါပုဂ္ဂိုလ်သည် မိမိအားစောင့်ဆိုင်းနေသည်ကို သိလျှင် စိတ်တွင်း၌ တည်ငြိမ်မှု ရှိတော့မည်မဟုတ်ဘဲ စနိုးစနောင့်ဖြစ်ချေမည်။

 ၂။ တစ်ဦးတစ်ယောက်ထံသွားသောအခါ စလာမ်ပေး၍ဖြစ်စေ၊ စကားပြော၍ဖြစ်စေ မိမိရောက်ရှိနေကြောင်း အသိပေးရမည်။ မိမိရောက်ရှိနေကြောင်း အသိမပေးဘဲ အကွယ်တစ်နေနေရာတွင် ထိုင်မနေရ။ အကြောင်းမှာ အဆိုပါပုဂ္ဂိုလ်သည် မိမိမသိစေလိုသည့် စကားမျိုးကို မိမိရောက်ရှိနေသည်ကို မသိ၍ ပြောကောင်းပြောလိမ့်မည်။ တစ်ဦးတစ်ယောက် မိမိမသိစေလိုသည့် စကားမျိုးပြောသည်ကို သိအောင်ကျင့်ကြံခြင်းမှာ မကောင်းသော ကိစ္စဖြစ်၏။

ထို့ပြင် မိမိရောက်ရှိနေသည်ကို မသိသဖြင့် မိမိမသိစေလိုသည့် စကားဟုယူဆရသည့် စကားမျိုးကို အဆိုပါပုဂ္ဂိုလ်က ဆိုနေသည်ဟု ထင်ရလျှင် ယင်းနေရာမှထွက်ခွာသွားရမည်။

တစ်စုံတစ်ယောက်က အသင်အိပ်ပျော်နေသည်ဟု ထင်မှတ်ကာ မိမိမသိစေလိုသည့် စကားမျိုးကို ပြောဆိုပါက မိမိနိုးကြားနေကြောင်း အသိပေးရမည်။ သို့ရာတွင် အဆိုပါပုဂ္ဂိုလ်သည် မိမိဖြစ်စေ၊ အခြားမွစ်လင်မ်တစ်ဦးဦးဖြစ်စေ ဒုက္ခရောက်စေမည့် စကားမျိုးကို ဆိုနေပါက မိမိကိုယ်မိမိကာကွယ်နိုင်ရန် အလို့ငှာ အဆိုပါစကားကို ပြည့်စုံစွာ နားထောင်ခွင့်ရှိပေသည်။

 ၃။ တစ်ဦးတစ်ယောက်ထံ ထိုင်သည့်အခါ ထိုပုဂ္ဂိုလ်စိတ်ရှုပ်လောက်အောင် နီးကပ်စွာမထိုင်သင့်။ တစ်ဦးတစ်ယောက်၏ စကားကို ကျန်တစ်ဦး မကြားနိုင်လောက်အောင်လည်း ခွာလျက် မထိုင်သင့်။

 ၄။ အလုပ်တွင် မွေ့လျော်လျက်ရှိသူ တစ်ဦးတစ်ယောက်၏ အနားတွင် ထိုင်၍ ၎င်းအားစူးစိုက်လျက် မကြည့်သင့်။ ဤသို့ကြည့်ခြင်းသည် အဆိုပါပုဂ္ဂိုလ်အတွက် စိတ်ရှုပ်စရာဖြစ်၏။ ထို့အပြင် အလုပ်၌မွေ့လျော်နေသူဘက်သို့ တည့်တည့်မတ်မတ် မျက်နှာချင်းဆိုင်လျက်ပင် မထိုင်သင့်။

 ၅။ တစ်ဦးတစ်ယောက်၏ ကျောဘက်၌ထိုင်ခြင်းသည် လွန်စွာစိတ်အနှောင့်အယှက်ဖြစ်စေသည်။ နောက်ဖက်တွင် ထိုင်နေသူအား ဂရုမမူ၊ လေးစားသည့် သဘောလည်းဖြစ်၊ ထိုင်ရသည်မှာလည်း မလွယ်ကူသဖြင့် တစ်ဦးတစ်ယောက်၏ ကျောဘက်တွင် မထိုင်သင့်၊ သူတစ်ပါး ထိုင်ရခက်၊ ထရခက်အောင် မလုပ်သင့်။

 ၆။ တစ်ဦးတစ်ယောက် (ဝဇီဖဟ်) အရေးပါသည့် ကုရ်အာန်နှင့် ဟဒီးစ်ကျမ်းလာစာပိုဒ်များ ဖတ်နေသည့်အခါမျိုးတွင် အနီးမှသွား၍ ၎င်းအား မစောင့်ဆိုင်းသင့်။ ဤသို့ပြုခြင်းဖြင့် အဆိုပါပုဂ္ဂိုလ်အတွက် ဝဇီဖဟ်ဖတ်ရာတွင် အာရုံစူးစိုက်မှု ပျက်ပြားပြီး အနှောင့်အယှက်ဖြစ်စေသည်။

 ၇။ ကျောင်းသားတစ်ယောက်သည် ဈေးသွားလိုသဖြင့် ခွင့်တောင်းရန် ဆရာကြီးရှေ့တည့်တည့်သို့ လာရပ်နေခဲ့၏။ ဆရာကြီးသည် အလုပ်တွင်မွေ့လျော်နေသဖြင့် ပထမတွင်မမြင်ဘဲ နောက်မှမြင်လေရာ အဆိုပါကျောင်းသား မထိုင်ဘဲရပ်နေသည်ကို မြင်ပြီး စနိုးစနောင့်ဖြစ်၍ အောက်ပါအတိုင်းဆုံးမလေသည်။ အသင်က ထိုင်လည်းမထိုင်၊ ဘာမှလည်း မပြောဘဲ ရပ်နေတဲ့အတွက် ကျွန်ုပ်စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ အသင်လာတုန်းက ကျွန်ုပ်အလုပ်၌ မွေ့လျော်နေရင်လည်း ခေတ္တခဏ စောင့်သင့်တာပေါ့။ ကျွန်ုပ်အလုပ်ပြီးတဲ့အခါ မိမိပြောချင်တဲ့စကား ပြောပေါ့။

 ၈။ အလုပ်လုပ်သောသူများထံ အလုပ်မရှိသူများ အကြောင်းမဲ့ လာထိုင်ကြခြင်းသည်လည်းကောင်း၊ အလုပ်လုပ်သူများအား စူးစိုက်၍ ကြည့်နေကြခြင်းသည် လည်းကောင်း၊ စိတ်အနှောင့်အယှက်ဖြစ်စေသည်။ အထူးသဖြင့် စူးစိုက်၍ကြည့်နေခြင်းသည် ပို၍ပင် စိတ်အနှောင့်အယှက်ဖြစ်စေကြောင်း အတွေ့အကြုံအရ သိရပေသည်။

 ၉။ တစ်ဦးတစ်ယောက်ထံ သွားရောက်သည့်အခါ အဆိုပါပုဂ္ဂိုလ် စိတ်ကျဉ်းကျပ်လောက်အောင်ဖြစ်စေ၊ အလုပ်ပျက်လောက်အောင်ဖြစ်စေ ကြာရှည်စွာ မထိုင်သင့်၊ စကားမပြောသင့်။

 ၁ဝ။ လူအများထိုင်သည့် နေရာအနီးတဝိုက်တွင် (အသံကျယ်လောင်စွာ) တံတွေး မထွေးရ။ နှပ်မညှစ်ရ။ လိုအပ်ပါက ဘေးတစ်ဘက်သို့သွား၍ အဆိုပါလုပ်ရပ်များကို လုပ်သင့်သည်။

 ၁၁။ လူအများထိုင်နေဆဲဖြစ်ပါက အဆိုပါနေရာတွင် တံမြက်စည်းမလှည်းသင့်။

 ၁၂။ ထိုင်ဝိုင်းတွင် စကားလက်ဆုံကျနေသည့်အခါမျိုးတွင် နောက်မှရောက်လာသူသည် ထိုင်ဝိုင်းရှိပုဂ္ဂိုလ်များကို စလာမ်မေတ္တာပို့သခြင်း မပြုအပ်။ လက်ဆွဲနှုတ်ဆက်ခြင်းလည်း မပြုအပ်ပေ။ အချို့သောသူများသည် ထိုင်ဝိုင်းတွင် စကားလက်ဆုံကျနေသည့်အခါမျိုးတွင် အတ်စ္စလာမုအလိုင်းကွမ်း ဟုဆိုလျက် ဝင်လာတတ်ကြသည်မှာ တုတ်နှင့်ရိုက်သည့်အလား ခံစားရပေသည်။ ထိုမျှမက ထိုင်ဝိုင်းရှိပုဂ္ဂိုလ်များနှင့် လက်ဆွဲနှုတ်ဆက်ကြသေး၏။ ဤသို့ပြုမူခြင်းကြောင့် ထိုင်ဝိုင်း၌ ပြောလက်စ စကားလည်း ပြတ်သွားသည်။ ထိုင်ဝိုင်းရှိ ပုဂ္ဂိုလ်အားလုံးသည်လည်း စိတ်ဒုက္ခရောက်ကြရသည်။ ဤသို့ပြုမူခြင်းမှာ ထိုင်ဝိုင်း၏ စည်းကမ်းချက်များနှင့် ဆန့်ကျင်သည်။

 ၁၃။ ထိုင်ဝိုင်း(အစုအဝေး)တွင် အချက်သုံးချက်နှင့် စပ်လျဉ်း၍ သတိပြုသင့်ပေသည်။ ထိုင်ဝိုင်း၌ထိုင်သည့်အခါ ကျယ်ကျယ်ဝန်းဝန်း လွတ်လွတ်လပ်လပ် ထိုင်သင့်ပေသည်။ တစ်ဦးနှင့်တစ်ဦး ထိကပ်လျက် ကျဉ်းကျဉ်းကျပ်ကျပ် မထိုင်သင့်ပေ။ စောရောက်လျှင် ရှေ့ဆုံးတွင် နေရာယူ ထိုင်သင့်၍ နောက်ကျမှရောက်လျှင် ရသည့်နေရာတွင်ပင် ထိုင်သင့်သည်။ ရှေ့သို့သွားရောက်ရန် မကြိုးစားသင့်။ အထူးသဖြင့် ဂျုမုအဟ် သောကြာနေ့တွင် နောက်ကျမှ ဗလီသို့ရောက်လျှင် မိမိရသည့်နေရာတွင်ပင် ထိုင်လိုက်သင့်သည်။ ထိုင်နေသောသူများ၏ ပုခုံးများကို ကျော်ခွ၍ ရှေ့တန်းများသို့ မသွားသင့်။ ဤသို့သောသူများအား အလ္လာဟ်အရှင်မြတ်က ဂျဟန်နမ်ငရဲသို့ သွားရသည့်တံတားအဖြစ်ပြုလျက် ဂျဟန်နမ်ငရဲသို့ သွားသူများကို ၎င်းတို့အား နင်းခြေလျက် သွားကြရန် မိန့်တော်မူလိမ့်မည် ဟူသော ဟဒီးစ်သြဝါဒတော် ရှိ၏။
ဤသို့ နောက်မှ ဗလီသို့ရောက်ရှိလာပြီး ထိုင်နေသူများ၏ ပုခုံးများကို ကျော်ခွလျက် ရှေ့တန်းများသို့ သွားရောက်နေရာယူခြင်းတွင် ဟရာမ်အမှုကိစ္စလေးခု ပါရှိနေပေသည်။ ယင်းတို့မှာ အခြားမုစ်လင်မ်တို့အား ဒုက္ခပေးခြင်း၊ မာနထောင်လွှားခြင်း၊ အခြားမုစ်လင်မ်များအား သေးသိမ်သည်ဟု ယူဆခြင်း၊ ပြစားခြင်း (ငါသည် စွလာသ်ကို အထူးလေးစားသူ ဖြစ်သဖြင့် ပထမဆုံးအတန်းမှာ နေရာယူသူဖြစ်သည်ဟု လုပ်ရပ်အားဖြင့် လူတို့အား ပြစားခြင်း) တို့ ဖြစ်၏။ ယင်းအမှုကိစ္စအားလုံးမှာ ကြီးလေးသည့်အပြစ်များ ဖြစ်သဖြင့် ယင်းအပြုအမူမှ အထူးပင် ရှောင်ကြဉ်အပ်ပေသည်။

ထိုင်ဝိုင်းနှင့်ပတ်သက်သည့် ပညတ်ချက်အချို့
 ၁။ မုစ်လင်မ်တို့သည် ကိစ္စတစ်ခုခုနှင့်စပ်လျဉ်း၍ ဆွေးနွေးကြရန်သော်လည်းကောင်း၊ ဆောင်ရွက်ကြရန်သော်လည်းကောင်း၊ တစ်နေရာရာတွင် စုရုံးရောက်ရှိနေသည့်အခါမျိုးတွင် အဆိုပါ ထိုင်ဝိုင်း၏ အမီးရ်(ခေါင်းဆောင်)၏ ခွင့်ပြုချက်မယူဘဲ ဝင်မထိုင်အပ်ပေ။ အမီးရ်(ခေါင်းဆောင်)၏ ခွင့်ပြုချက် ရရှိပြီးမှသာလျှင် ထိုနေရာသို့ ဝင်၍ထိုင်နိုင်ပေသည်။ ဤသည်မှာ အနည်းဆုံး မွစ်သဟဗ်အဆင့် ရှိပေသည်။
 ၂။ ထိုင်ဝိုင်း၌ ခေါင်းဆောင်က အကြောင်းတစ်စုံတစ်ရာကြောင့် တစ်ဦးတစ်ယောက်အား မိမိထိုင်လက်စနေရာမှ ထပေးရန် တောင်းဆိုလာပါက လိုက်နာသင့်ပေသည်။ သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် တစ်ဦးတစ်ယောက်အား မိမိနေရာမှ ထခိုင်းသည့်အခါ ထိုင်ဝိုင်း၏ ခေါင်းဆောင်သည် မိမိထခိုင်းသည့်ပုဂ္ဂိုလ်အား စိတ်အားမငယ်စေမည့် နည်းလမ်းမျိုးကို ရှာကြံ အသုံးပြုသင့်ပေသည်။
 ၃။ ရှရီအသ်တရားတော်နှင့် ဆန့်ကျင်သည့် လုပ်ရပ်တစ်ခုခုသော်လည်းကောင်း စကားရပ်တစ်ခုခုသော်လည်းကောင်း ဖြစ်ပေါ်နေသည့် ထိုင်ဝိုင်းမျိုးတွင် ထိုင်ခြင်း၊ ပါဝင်ခြင်း မပြုအပ်ချေ။ (ကုရ်အာန်ကျမ်းတော်မြတ်)
 ၄။ လောကီရေးရာစကားများ ပြောဆိုရန်သော်လည်းကောင်း၊ ရောင်းဝယ်ဖောက်ကားခြင်း ပြုရန်သော်လည်းကောင်း ဗလီဝတ်ကျောင်းတော်၌ ထိုင်ခြင်း၊ ဝိုင်းခြင်း မပြုအပ်ပေ။ ပြုလုပ်ပါက ဂုနဟ်အပြစ်ထိုက်ပေမည်။
 ၅။ အကြောင်းတစ်စုံတစ်ရာမရှိဘဲ လမ်းဘေးတွင် မထိုင်ရ။
 ၆။ တခါက မော်လာနာအရှ်ရဖ်အလီ(ထာနဝီ) ၏ထိုင်ဝိုင်းတွင် ပုဂ္ဂိုလ်တစ်ဦးသည် နံရံကိုမှီလျက် ထိုင်နေပေသည်။ ဆရာကြီးက ၎င်းပုဂ္ဂိုလ်အား သတိပေးသည့်အကြည့်ဖြင့် အကြိမ်ကြိမ်ကြည့်၍ သတိပေးသော်လည်း အဆိုပါပုဂ္ဂိုလ်မှာ သတိမပြု နားမလည်သဖြင့် ဆရာကြီးက နှုတ်ဖြင့်ဆုံးမစကားဆိုလေ၏။ ဆရာကြီးက ၎င်းအား ခင်ဗျားဘာဖြစ်လို့ မှီထိုင်ရတာလဲ ၊ လူဆိုတာ မိမိပင်ကိုယ်ဉာဏ်မရှိလျှင်လည်း အခြားသူတွေကိုကြည့်ပြီး အတုယူတတ်ရတယ်။ ဒီတော့ ခင်ဗျားပဲ ပြောစမ်းပါအုန်း၊ ဒီထိုင်ဝိုင်းမှာ ထိုင်နေသူတွေထဲမှာ မှီပြီးထိုင်တဲ့သူများ ရှိလို့လား။ ခင်ဗျားတစ်ယောက်တည်း ဘာဖြစ်လို့ မှီထိုင်နေရတာလဲ။ ဟု မေးသောအခါ အဆိုပါပုဂ္ဂိုလ်က ကျွန်ုပ်၏ ခါးနာနေလို့ မှီထိုင်တာပါဟု ပြန်လည်ဖြေကြားလေသည်။ ဆရာကြီးက ခေတ္တမျှဦးခေါင်းကို ငိုက်စိုက်လျှက် စဉ်းစား၍ ဆက်လက်မိန့်သည်မှာ ခင်ဗျားလိမ်ပြောနေတာပဲ။ ဒီနေရာက ဆင်ခြေပေးရတဲ့နေရာ မဟုတ်ဘူး။ ခင်ဗျားအခု ဒီနေရာက ချက်ခြင်းထွက်သွားပါ။ ဟု မိန့်သောအခါ အဆိုပါပုဂ္ဂိုလ်မှာလည်း ချက်ခြင်းပင် ယင်းနေရာမှ ထွက်သွားလေတော့သည်။ ထိုင်ဝိုင်းအချိန် ကုန်ဆုံး၍ ညနေအဆွရ်ဆွလားသ် ဝတ်ပြုပြီးသောအခါ ထိုအဖြစ်အလုံးစုံကိုသိသော ဟာဂျီသာဂ်ျခါးန်(ဂျလာလ်အာဗားဒ် ရွာသား) က မိမိ၏ တစ်ရွာတည်းသား ထိုင်ဝိုင်းမှ နှင်ထုတ်ခြင်းခံရသူအား တစ်ဦးတည်းရှိနေချိန်၌ သွားရောက်၍ မိတ်ဆွေ၊ ဒီနေရာမှာ မိတ်ဆွေနှင့် ကျွန်ုပ် အလ္လာဟ်အရှင်မြတ်မှ အပ မည်သူမျှမရှိသဖြင့် ကြောက်စရာမလိုပါ။ နေ့လည်က ထိုင်ဝိုင်းမှာဖြစ်တဲ့အဖြစ်ကို ပြောပြစမ်းပါ။ ခင်ဗျားက တကယ်ပဲ ခါးနာနေလို့ နံရံကို မှီထိုင်တာလားဟု မေးသောအခါ အဆိုပါပုဂ္ဂိုလ်က ဘယ်ကလာ ခါးနာရမှာလဲ၊ ကျွန်ုပ် ဆရာကြီးရဲ့ ကြိမ်းမောင်းခံရမှာ စိုးရိမ်တာကြောင့် လိမ်ပြောလိုက်တာပဲ။ ဒါပေမဲ့ မလွတ်ပါဘူးဗျာ၊ အကြိမ်းမောင်းခံရတာပါပဲဟု ဆိုလေတော့သည်။

တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး
 ၁။ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ဖန်ဆင်းရာတွင် ထူးခြားချက်များစွာတို့ကိုလည်း ဖန်ဆင်းထားလေသည်။ ယင်းထူးခြားချက်များအနက် ထူးခြားချက်တစ်ရပ်မှာ လူသားတစ်ဦးသည် အခြားလူသားတစ်ဦး၏ အတွေးအခေါ် အမူအကျင့်တို့ကို လျင်မြန်စွာ လက်ခံယူတတ်ခြင်းပင် ဖြစ်၏။ ထိုသို့ရယူရာတွင် အထူးကြိုးစားအားထုတ်ရန်ပင် မလိုချေ။ ကောင်းသည်များကို လက်ခံရယူတတ်သကဲ့သို့ မကောင်းသည်များကိုလည်း လက်ခံရယူတတ်ပေသည်။ သို့ဖြစ်ရာ ကောင်းသည့် အသိုင်းအဝိုင်းသည် ကောင်းသည့်အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေတတ်ပြီး မကောင်းသည့် အသိုင်းအဝိုင်းသည် ဆုံးရှုံးပျက်စီးစေတတ်သည့် ဆိုးကျိုးများကို ဖြစ်ပေါ်စေတတ်ပေသည်။
 ၂။ အတွေ့အကြုံအရ သိရသည်မှာ သာသနာတိုးတက်ဖွံ့ဖြိုးခြင်းနှင့် စပ်လျဉ်း၍ စိတ်ဓာတ်ရေးရာ ကြံခိုင်မှု ရယူရေးအတွက် ကောင်းသည့်အသိုင်းအဝိုင်းမှာ မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်၏။ ထိုနည်းတူ သာသနာကျဆင်း ဆိတ်သုဉ်းခြင်းနှင့် စိတ်ဓာတ်ရေးရာ ကျဆင်းညစ်နွမ်းခြင်းအတွက် ဆိုးသွမ်းသည့် အသိုင်းအဝိုင်းသည် အဓိကကျပေသည်။
 ၃။ သာဝကကြီးဂျာဗိရ်(ရသွီ)သခင်က တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်၏ မိန့်ကြားချက်ကို ဆင့်ပြန်သည်မှာ ထိုင်ဝိုင်းတွင် ကိစ္စတစ်ခုခုနှင့် စပ်လျဉ်း၍ လူအများဆွေးနွေးချက်များကို စောင့်စည်းထိန်းသိမ်းရမည်။ အပြင်သို့ မပေါက်ကြားစေရ ဟူ၏။ ဤသို့ဆိုရာ၌ မရှ်ဝါရဟ် တိုင်ပင်ဆွေးနွေးမှု အားလုံး အကျုံးဝင်သည်။ သို့ရာတွင် သုံးမျိုးသောထိုင်ဝိုင်းတွင် ဆွေးနွေးချက်များ၊ ညှိနှိုင်းချက်များကို ပြင်ပမှပုဂ္ဂိုလ်တို့အား ပြောခွင့်ရှိပေသည်။ တစ်ဦးတစ်ယောက်၏ အသက်စည်းစိမ် သို့မဟုတ် တစ်ဦးတစ်ယောက်၏ ပစ္စည်းဥစ္စာ၊ သို့မဟုတ် တစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာနှင့် ပတ်သက်၍ ပျက်စီးရာ ပျက်စီးကြောင်း ဆွေးနွေးတိုင်ပင်ကြပါလျှင် ထိုသို့ဆွေးနွေးတိုင်ပင်ခြင်းကို ဖုံးကွယ်ထားခြင်း၊ သက်ဆိုင်သူအား အသိမပေးဘဲနေခြင်းမှာ မပြုပိုင်သည့် ကိစ္စဖြစ်သည်။
 ၄။ ဆရာကြီးသည် မိမိ၏အလေ့အထအတိုင်း မုဟမ္မဒ်အုမရ်အမည်ရှိ ကျောင်းသားအား ကုရ်အာန်ဖတ်နည်းသင်ပေးရန် အဆွရ်ဆွလားသ်အပြီးတွင် မိမိဆွလားသ်ဝတ်ပြုရာနေရာ၌ ထိုင်နေပေသည်။ ဆရာကြီးက အခြားကျောင်းသားဟောင်းတစ်ယောက်အား နေ့စဉ်လာရောက်နားထောင်ရင်း သင်ယူဆည်းပူးခွင့်ပေးထားသည်။ မုဟမ္မဒ်အုမရ်သည် အချိန်မှီ ဆရာကြီးရှေ့မှောက်သို့ ရောက်နေပြီဖြစ်သော်လည်း နားထောင်ရန်ခွင့်ပြုထားသည့် ကျောင်းသားဟောင်းမှာ မရောက်လာသေး။ နောက်တွင်မှ ထိုင်နေသည့် လူအုပ်ကြားထဲမှ ဇွတ်တိုးဝင်လာရာ ဆရာကြီးက ၎င်းကျောင်းသားဟောင်းအား အောက်ပါအတိုင်း ဆုံးမစကား ဆိုလေသည်။
အသင် ဒီမှာနေတာ အတော်ကြာပြီ။ ဒါပေမဲ့ ခုထိ ဒီးန်ဘာသာရေးဆိုတာ ဘာလဲ မသိသေးဘဲကိုး။ စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ဖတ်လိုက်ရုံနှင့် (ဝဇီဖဟ်) ကုရ်အာန်ကျမ်းနှင့် ဟဒီးစ်ကျမ်းလာ စာပိုဒ်တွေ ဖတ်လိုက်ရုံနှင့် ပြီးပြည့်စုံသွားပြီ ပြောလို့မရဘူး။ စာရိတ္တနှင့် ကိုယ်ကျင့်တရားကို ပြုပြင်တာဟာလည်း ဘာသာရေးရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ နောက်မှလာပြီး ထိုင်နေတဲ့လူတွေရဲ့ ပုခုံးတွေပေါ်က ကျော်ခွလာရမယ်လို့ ဘယ်သူက သင်ပေးသလဲ။ အသင်ရှေ့မှာ ထိုင်ချင်ရင် စောစောစီးစီး ဘာဖြစ်လို့ မလာတာလဲ။ အသင်က နားထောင်ရင်း ဆည်းပူးတဲ့ကျောင်းသားပဲ။ အသံကြားရင် ပြီးတာပဲ။ ရတဲ့နေရာမှာ ထိုင်လိုက်ပေါ့။ ယခု ထပြီးသွားတော့။ မိမိအကျင့်ကို အရင်ပြုပြင်ခဲ့။ ပြုပြင်ပြီးမှ လာခဲ့။ ယခုတော့ ကျွန်ုပ်မမြင်ရတဲ့ အကွယ်တစ်နေရာ (အသံကြားရတဲ့နေရာ) က နားထောင်ပေတော့။

ဟန်ဆောင်လျက် အရိုအသေမပေးသင့်
 ၅။ ပုဂ္ဂိုလ်သည် ဆရာကြီး၏ ထိုင်ဝိုင်းတွင် အလွန်အရိုအသေပေးသည့် ဟန်ဖြင့် ထိုင်နေလေရာ ဆရာကြီးက ခင်ဗျားထိုင်သလို ဟောဒီထိုင်ဝိုင်းထဲမှာ တစ်ဦးတစ်ယောက်ကော ထိုင်နေတာ တွေ့သလား။ ဒီလိုပုံသဏ္ဍန်နဲ့ ခင်ဗျားတစ်ယောက်တည်း ထိုင်နေတယ်ဆိုတော့ ခင်ဗျားက ဒီထိုင်ဝိုင်းမှာ အရိုအသေဆုံး၊ အယဉ်ကျေးဆုံးပေါ့။ ခင်ဗျားထိုင်နေတဲ့ ပုံသဏ္ဍန်က ဟန်လုပ်ပြီး ထိုင်နေတယ်လို့ ကျွန်ုပ်ထင်တယ်။ လူတွေဟာ ဘယ်အလုပ်ကိုပဲလုပ်လုပ် စဉ်းစား ဆင်ခြင်သင့်တယ်။ ကျွန်ုပ်ရှေ့မှာ ခင်ဗျားက ကြိုးနဲ့အတုပ်ခံနေရတဲ့လူလို ထိုင်နေတာမြင်ရတော့ ကျွန်ုပ်ဘယ်စိတ်ကောင်းပါ့မလဲ။ ဆွဟာဗာသာဝကကြီးများဟာ တမန်တော်မြတ်နဲ့ ရင်းရင်းနှီးနှီး နေထိုင်တတ်ကြတယ်။ ဟန်ဆောင်မှု ကင်းကြတယ်။ ကျွန်ုပ်ဒီလိုပြောလိုက်လို့ မရိုမသေဆက်ဆံခိုင်းတာ မဟုတ်ပါဘူး။ ရိုသေခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်းတို့ဟာ မရှိမဖြစ်လိုအပ်ချက်တွေပါ။ ဒါပေမဲ့ ဟန်ဆောင်မှု၊ စိတ်တွင်းကမပါဘဲ အတင်းဓမ္မ အရိုအသေပေးမှုဆိုတာတွေဟာ မကောင်းပါဘူး။ ရိုသေမှု၊ ယဉ်ကျေးသိမ်မွေ့မှုဆိုတာ တစ်ဘက်သား စိတ်ချမ်းသာလောက်အောင် ဆက်ဆံခြင်းသာလျှင် မှန်တယ်။ ရိုသေခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်းဆိုတာ စည်းကမ်းလိုက်နာခြင်းကို ခေါ်တာပဲ။ စည်းကမ်းလိုက်နာတယ်ဆိုတာကလဲ အကြီးအကဲတွေနဲ့ ဆက်ဆံရာမှာသာ မဟုတ်ဘဲ ငယ်ရွယ်သူများနှင့် ဆက်ဆံရာမှာလည်း ကြီးသူတွေက လိုက်နာရမယ့် စည်းစနစ်တွေ၊ တာဝန်ဝတ္တရားတွေ ရှိတယ်ဆိုတာ သတိထားရမယ်။ ဟု ဆုံးမပြောကြားလေသည်။

သူတစ်ပါးစကား ချောင်းမြောင်း နားမထောင်ရ
 ၆။ ဆရာကြီး၏ တပည့်ရင်းနှစ်ဦးသည် ဆရာကြီး၏ အိမ်အပြင်ဝရန်တာတွင် ထိုင်ပြီး ဆရာကြီးနှင့် တွေ့ဆုံရန် စောင့်ဆိုင်းနေကြချိန်တွင် ဆရာကြီးက အပြင်မှ ခြေသံကြားရသဖြင့် အပြင်တွင် မည်သူတွေနည်း။ မိမိအိမ်၏ ဝရန်တာတွင် ရောက်ရှိနေကြကြောင်း အဘယ့်ကြောင့် သတင်းမပေးကြဘဲ တိတ်ဆိတ်စွာ ရပ်နေကြသနည်းဟု ပြစ်တင်လေသည်။ ဆက်လက်၍ သင်တို့သည် သူခိုးများကဲ့သို့ အသံမပေး၊ သတင်းမပေးဘဲ လာရောက်ထိုင်စောင့်နေကြသည်မှာ မကောင်းပါ။ သင်တို့ မသိစေချင်သည့် စကားရပ်မျိုး ကျွန်ုပ်ဆိုမိပါက မခက်ပါလား ဟု ပြောကြားလေသည်။

ထိုင်ဝိုင်းတွင် သည်လို မပြုသင့်
 ၇။ ကျောင်းသားတစ်ယောက်သည် ထိုင်ဝိုင်းတွင်ထိုင်လျက် ဆရာကြီးဘက်သို့ စိုက်၍ကြည့်နေသဖြင့် ဆရာကြီးက အောက်ပါအတိုင်းဆုံးမလျက် ထိုင်ဝိုင်းမှ ထုတ်ပယ်လိုက်လေသည်။
အသင်အခုလို ကျွန်ုပ်ကို စိုက်ကြည့်နေလို့ ကျွန်ုပ်စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ သင်ယခုတိုင် သူတစ်ပါးအား စိုက်ကြည့်နေလျှင် သူတစ်ပါးမှာ ဘယ်လိုဒုက္ခရောက်ရတယ်ဆိုတာ ခွဲခြားမသိတတ်ပါလား။ အသင့်ထံ လူတွေထဲမှာ ထိုင်နိုင်တဲ့ အရည်အချင်းမရှိသေးဘူး။ ယခုထပြီး ထွက်သွား။ အသိရှိအောင် လုပ်ခဲ့။ အသိမရှိသေးဘဲနှင့် ဘယ်တော့မှာ ထိုင်ဝိုင်းသို့ မလာနှင့်။

 ၈။ ဆရာကြီးထိုင်ဝိုင်းတွင် ပုဂ္ဂိုလ်သည် စောင်ပိုင်းကို ခေါင်းမြီးခြုံလျက် ထိုင်နေသည်ကိုတွေ့သဖြင့် ဆရာကြီးက ဒီပုဂ္ဂိုလ် ခေါင်းမြီးခြုံထားပြီး ကိုယ့်ကိုကိုယ် သူခိုးလိုလိုပုံစံနဲ့ ဘယ်လိုထိုင်နေတာလဲ။ အစုအဝေး အခမ်းအနားတွေမှာ ဒီပုံစံမျိုးနဲ့ ထိုင်ရသလား။ အမျိုးသမီးတွေလို ခေါင်းမြီးခြုံထားတာ ဘာသဘောလဲ။ သိရအောင် ပြောပါဦး ဟု ဆို၏။ ထိုအခါ ၎င်းပုဂ္ဂိုလ်က ဘာရယ်မဟုတ်ဘဲ ဒီအတိုင်းပင် ခြုံထားကြောင်း ပြန်ဖြေလေရာ ၎င်းပုဂ္ဂိုလ်အား ဒီလိုခေါင်းမြီးခြုံထားတဲ့ ရည်ရွယ်ချက်ကဘာလဲ ဟု ဆရာကြီးက ဆက်၍မေးပြန်ရာ အဆိုပါပုဂ္ဂိုလ်က အလွန်တိုးတီးစွာဖြေသည့်အတွက် မည်သူမျှ မကြားရသဖြင့် ဆရာကြီးက တွေ့လား အမျိုးသမီးကဲ့သို့ ခေါင်းမြီးခြုံထားလို့ အသံလည်း အမျိုးသမီးလို တိုးသွားပြီ။ အသံမကြားရတာက လည်ချောင်းပိတ်သွားလို့လား။ ဘာဖြစ်သွားရတာလဲ။ စကားပြောတဲ့အခါ တစ်ဘက်သား ကြားရလောက်အောင်တော့ ပြောမှပေါ့။ အခုလို မပွင့်တပွင့် စကားပြောတာကလည်း နားထောင်နေတဲ့သူတွေကို ဒုတိယအကြိမ် ဒုက္ခပေးတာပဲ ဟု ဆရာကြီးက ဆို၏။ အဆိုပါပုဂ္ဂိုလ်က ဟုတ်ကဲ့ ကျွန်တော်မှားသွားပါတယ် ဟု ပြောသောအခါ ဆရာကြီးက အေး အသင့်အမှားရဲ့ ပြစ်ဒဏ်ကတော့ ခုချက်ခြင်း ဒီထိုင်ဝိုင်းမှ ထသွားတော့။ သင့်ကိုမြင်ရင် စိတ်ဆင်းရဲရတယ်။ စိတ်ဆင်းရဲရင် ကျွန်ုပ်ရဲ့ စိတ်နေသဘောထားပါ ဒီအချိန်မှာ လိုက်ပြောင်းနေလိမ့်မယ်။ အသင်လုပ်နေတဲ့ အမှားတွေကိုတော့ ဘယ်သူမ မမြင်ကြဘူး။ အသင်ကိုယ်၌ကလည်း ကိုယ့်အမှား ကိုယ်သိမှာ မဟုတ်ဘူး။ ကျွန်ုပ်ပြောတာ ဆုံးမတာကိုတော့ အားလုံးကြားကြတယ်။ အားလုံးကလည်း ကျွန်ုပ်ကို ဆက်ဆံရေး မကောင်းသူရယ် ပြောကြတယ်။ ကဲ အသင်လည်း ကျွန်ုပ်နဲ့ ပတ်သက်လို့ လိုက်ပြီးနာမည်ဖျက်လိုက်ဦးတော့။ သွားတော့ ဟု ဆို၏။ အဆိုပါပုဂ္ဂိုလ်က ခွင့်လွှတ်ရန် ပြောပြန်ရာ ဆရာကြီးက အသင့်ကို ခွင့်လွှတ်ပါတယ်။ ဒါပေမယ့် ဒီထိုင်ဝိုင်းမှ သွားပါတော့ ဟုဆိုကာ ထိုင်ဝိုင်းမှ ဖယ်ရှားလိုက်လေသည်။

 ၉။ ပုဂ္ဂိုလ်တစ်ဦးသည် ထိုင်ဝိုင်းတစ်ခုအတွင်း၌ နေရာကျယ်ပါလျက် အခြားပုဂ္ဂိုလ်တစ်ဦးဘက်သို့ ကျောပေးကာ ထိုင်နေသည်ကို ဆရာကြီးမြင်သောအခါ နေရာတွေရှိပါလျက် တမင်သက်သက် အကြောင်းမဲ့ မွတ်စ်လင်မ်တစ်ဦးကို ကျောပေးထိုင်တာ လူမဆန်ခြင်း၊ ရိုင်းပြခြင်းပဲ။ အလွန်အမင်း ခက်ခဲမှုမရှိဘဲ မုစ်လင်မ်တစ်ဦးကို ကျောပေးထိုင်ခြင်းက မသင့်လျော်ဘူးဆိုတာ မသိဘူးလား။ ဒီအချက်တွေကို သင်နေဖို့ ပြောပြနေဖို့တောင် မလိုပါဘူး။ ဒီအောက်ခြေသိမ်းစကားတွေကို လူဆိုရင် လူ့အသိနဲ့ပင် သိနိုင်တယ်။ အသင်က ဘယ်လောက်မြတ်တဲ့သူမို့ အခြားမုစ်လင်မ်တစ်ဦးကို ဂုဏ်ငယ်အောင် လုပ်ရတာလဲ ဟု ဆိုဆုံးမ၏။ အဆိုပါပုဂ္ဂိုလ်က ကျွန်တော်မှားသွားပါတယ်။ ခွင့်လွှတ်ပါ။ အလ္လာဟ်အရှင်မြတ်အတွက် ခွင့်လွှတ်ပါ ဟု ပြန်ပြောရာ ဆရာကြီးက ကျွန်ုပ်လည်း အလ္လာဟ်အရှင်မြတ်အတွက် ပြောဆိုဆုံးမနေတာပဲ၊ ဒီတော့ အသင့်ရဲ့ အလ္လာဟ်အရှင့်အတွက် ခွင့်လွှတ်ရန် တောင်းပန်ခြင်းနှင့် ကျွန်ုပ်ရဲ့ အလ္လာဟ်အရှင်မြတ်အတွက် ပြောခြင်းမှာ ဘာများခြားနားနေသေးလဲ ဟု ပြန်၍မိန့်ဆိုလေ၏။

 ၁ဝ။ ကျေးတောသား တစ်ယောက်သည် ဆရာကြီးထံလာ၍ ထိုင်ဝိုင်း၏ အဆုံးပိုင်းတစ်နေရာတွင် ထရပ်လျက် ၎င်း၏ ပါဂျမဟ်(ဘောင်းဘီရှည်)အတွင်းပိုင်း ကြိုးစည်းရာနေရာမှ အိတ်ငယ်တစ်ခုကို ထုတ်ယူ၍ ယင်းအိပ်ငယ်အတွင်းမှ စာရွက်ငယ် တစ်ရွက်ကို ထုတ်ယူပြီး ဆရာကြီး၏ အနီးသို့ တိုး၍ထိုင်လေသည်။ ဤသည်ကို တွေ့မြင်သောအခါ ဆရာကြီးက အသင် လူအများရဲ့ ရှေ့မှာရပ်ပြီး ဘောင်းဘီကိုစမ်း၊ တစ်ခါ အဲဒီအထဲက အိတ်ကိုထုတ်၊ စာရွက်ကိုထုတ်နဲ့ လူလယ်ခေါင်မှာ ဒီလိုအမှုကိစ္စမျိုးကို မလုပ်ရဘူး။ ဒီလိုအမှုကိစ္စမျိုးကို လူလယ်ခေါင်မှာ ဆောင်ရွက်တာဟာ အရှက်မဲ့ခြင်းပဲ။ နောက်တစ်ခါ ဒီလိုမလုပ်နှင့်။ အကယ်၍လိုအပ်ရင် လူတွေထဲမလာမီက အခြားလူတွေမမြင်တဲ့နေရာမှာ ဘောင်းဘီရှည်ထဲက အသင်လိုတဲ့ စာရွက်ကို ထုတ်ယူခဲ့ပေါ့။ လူတွေမှာ လုပ်သင့်၊ မလုပ်သင့်၊ ပြောသင့်၊ မပြောသင့်ဆိုတဲ့ ခွဲခြားတတ်တဲ့ အသိစိတ်ရှိဖို့ လိုတယ်။ လူတွေနှင့် အတူနေပြီး တိရစ္ဆာန်မဖြစ်သင့်ဘူး ဟူ၍ ဆုံးမလေသည်။
--------။--------။--------
အလ်မုဖီးဒ်
ရဂျဗ်/ ၂၇/ ယောင်မုလ် အဟဒ်/ ဟစ်ဂ်ျရီ ၁၄၃၆


(မုဖ်သီနူးရ်မိုဟမ္မဒ် ဆွာဟိဗ် ဘာသာပြန်သော အစ္စလာမ်နှင့် လူမှုဆက်ဆံရေး စာအုပ်မှ ကူးယူတင်ဆက်သည်။ အထက်ပါ အကြောင်းအရာများကို ကူးယူသူများအနေဖြင့် အကြောင်းအရာ အစမှ အဆုံးအထိ ကူးယူပြီး အလ်မုဖီးဒ်မှ ကူးယူကြောင်း ထည့်သွင်း ဖော်ပြပါ။ မူလ စာရေးသူနှင့် ဘာသာပြန်ဆိုသူအပါအဝင် အလ်မုဖီးဒ်၏ စာမျက်နှာလင့်ခ်တို့ကိုပါ ပူးတွဲ ဖော်ပြပါ။)

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။