Friday, May 15, 2015

သာသနာ့ပညာရေးအုပ်စုများ



 ၁။ အဗူဟိုရိုင်ရဟ် (ရသွီ)သခင်က တမန်တော်မြတ်၏ မိန့်ခွန်းတော်ကို တင်ပြသည်မှာ မည်သူမဆို မုစ်လင်မ်တဦးဦး၏ လောကီရေးဒုက္ခတစ်ခုခုကို ဝေးကွာအောင်ပြုပေးလျှင် အလ္လာဟ်အရှင်မြတ်က ၎င်းအား ကိယာမသ်နေ့၏ ပြင်းပြသောဘေးဒုက္ခကြီးမှ ဝေးကွာစေတော်မူမည်။ ဆင်းရဲကြပ်တည်းသူအား ထောက်ကူမှုပြုပေးခဲ့လျှင် ၎င်းအား ဒွန္နယာနှင့် အာခိရသ်ပါလွယ်ကူမှုကို ပေးသနားတော်မူမည်။ (ဥပမာ) လူတစ်ဦးသည် အကြွေးဆပ်ရန် ခက်ခဲနေ၏။ ၎င်းကို ပြေလည်သွားစေရန် ကူညီလိုက်မည်။ သို့မဟုတ် အသင်ကကြွေးမြီရရန်ရှိသူအား ခွင့်လွှတ်ကျေနပ်လိုက်မည်။ ၎င်းအားရက်ချိန်းတိုးပေးမည်။ ၎င်းပြင် မုစ်လင်မ်တစ်ဦး၏ ဂုဏ်ကိုထောက်ထား၍ ၎င်း၏အပြစ်ကို ဖုံးကွယ်ထားမည်ဆိုလျှင် ထိုသူ့အား အလ္လာဟ်အရှင်မြတ်က လောကီ၊ လောကုတ္တရာနှစ်ဌာနတွင် ၎င်း၏ကြီးလေးသော အပြစ်ဂုနာဟ်ဟူသမျှကို ဖုံးကွယ်ထားတော်မူမည်။
မုစ်လင်မ်အချင်းချင်း ရိုင်းပင်းကူညီမှုပြုနေသမျှကာလပတ်လုံး အလ္လာဟ်အရှင်မြတ်ကလည်း ထိုသူ့အား ကူညီစောင်မလျှက်ရှိနေမည်။ အကြင်သူသည် သာသနာ့ပညာဆည်းပူးရန်အတွက် မည်သည့်လမ်းတွင်သွားရောက်ခဲ့ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအတွက်ဂျန္နသ်၏လမ်းကို လွယ်ကူမှုပြုပေးတော်မူမည်။ ၎င်းပြင် မည်သည့်အမျိုးသားအုပ်စုပင်ဖြစ်စေ ဗလီ သို့မဟုတ် ကျောင်းများတွင် စုရုံး၍ ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်မည်။ ကုရ်အာန်ကျမ်းမြတ်၏ အလိုယတ္တနှင့် အဓိပ္ပါယ်ကို ပြန်ဆိုပေးခဲ့သည်ရှိသော် ထိုအုပ်စုများအပေါ် စကီနာဟူသော ရဟ်မသ်ကို ချပေးတော်မူပေမည်။
စကီနာဟူသည် စိတ်ချမ်းမြေ့သာယာခြင်းပင် ဖြစ်၏။ ထိုသူများသည် စကီနာဟူသော ရဟ်မသ်တော်ကို ရရှိခြင်းဖြင့် လောကီစည်းစိမ်ကို စွန့်လွှတ်ခြင်း၊ အရှင်မြတ်မှအပ အခြားအရာကို ကြောက်ရွံ့စိတ် ပပျောက်ခြင်း၊ စိတ်တွင်း၌ အရှင့်နူရီတော်များ ထင်ဟပ်နေခြင်း၊ အရှင်မြတ် ကရုဏာတော်များ ခညောင်းခံရခြင်း၊ လေးဘက်လေးမျက်နှာမှ ကောင်းကင်တမန်များ ဝန်းရံစောင့်ရှောက်ခံရခြင်း၊ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ထိုအစုအစည်း၌ ပါဝင်ကြသူတို့အား မိမိ၏အထူးကောင်းကင်တမန်များအပေါ် ဂုဏ်ယူ၍ ချီးကျူးထုတ်ဖော်ပြောဆိုခြင်းတို့ကို ရရှိမည်ဖြစ်သည်။
အကြင်သူ၏ ကိုယ်ကျင့်တရားသည် အစ္စလာမ့်ဓမ္မသတ်စီရင်ထုံးများအတိုင်း မကျင့်သုံးခဲ့သော် ထိုသူသည် မြင့်မြတ်သောအမျိုးအနွယ်မှ ဖြစ်စေကာမူ ၎င်း၏အမျိုးအနွယ်သည် ထိုသူ့အတွက် အကျိုးပြုမည်မဟုတ်ပေ။ (မုစ်လင်မ်ကျမ်း)
အလိုသဘောမှာ ကိယာမသ်နေ့၌ မွန်မြတ်သော ကိုယ်ကျင့်တရားသာလျှင် အကျိုးသက်ရောက်မည်ဖြစ်သည်။ ကိုယ်ကျင့်တရားအတိုင်း ကောင်းကျိုး၊ ဆိုးကျိုးကိုလည်း ခံစားရမည် ဖြစ်သည်။ စိုင်ယိဒ်အနွယ်၊ ရှိုက်ခ်အနွယ်၊ ဗနွာလီအနွယ်၊ စူရသီအနွယ်၊ မြန်မာမွစ်လင်မ်အနွယ်ဟူသော အနွယ်အမျိုးမျိုးကို ထောက်ထား၍ အပြစ်များကို စီရင်ချမှတ်ချမ်းသာပေးမည်မဟုတ်ပေ။

 ၂။ ဟဇရသ်အဗ်ဒုလ္လာဟ်ဗင်န်အုမရ် (ရသွီ)က ဖွင့်ဆိုသည်မှာ တနေ့တွင် တမန်တော်မြတ်သည် မတ်စ်ဂျိဒီနဗဝီဝတ်ကျောင်းတော်အတွင်းမှ ကြွမြန်းလာတော်မူစဉ် ဗလီ၏တစ်နေရာ၌ စွဟာဗဟ်များ၏ အုပ်စုနှစ်စုကို တွေ့ရ၏။ တမန်တော်မြတ်က ယင်းအုပ်စုနှစ်စုသည် ကောင်းခြင်းမင်္ဂလာတို့နှင့် ပြည့်စုံမှုရှိကြသည်မှာ မှန်၏။ သို့ရာတွင် အုပ်စုတစ်ခုသည် အခြားအုပ်စုတစ်ခုထက် ထွတ်မြတ်သာပိုနေပေသည်။ အကြောင်းကား တစ်ခုသောအုပ်စုသည် အလ္လာဟ်အရှင်မြတ်ကို ဇိကိရ်တမ်းတသတိရလျှက် ထိုအရှင့်ကိုသာ စိတ်ဝင်စား အာရုံများနေကြသူတို့ပင် ဖြစ်၏။ ၎င်းတို့အတွက် အလ္လာဟ်အရှင်မြတ် အလိုတော်ရှိလျှင် မိမိတို့၏ ဆန္ဒကို ဖြည့်စွက်ပေးခြင်းခံကြရမည်ဖြစ်ပြီး အလိုတော်မရှိပါက ဆန္ဒပြည့်ဝကြမည် မဟုတ်ပေ။
ဒုတိယအုပ်စုကား ပညာရေးအုပ်စုဖြစ်၍ သာသနာ့ရေးရာများကို သင်ယူလျှက်ရှိကြ၏။ ပညာမဲ့တို့အား ပညာသင်ကြားပို့ချပေးနေကြ၏။ ငါကိုယ်တော်လည်း သာသနာ့ပညာပို့ချရန် ကြွလာတော်မူခြင်းပင် ဖြစ်သည်။ သို့ဖြစ်ရာ ဤအုပ်စုသည် ပထမအုပ်စုထက် ပို၍မြတ်သည်ဟု မိန့်တော်မူခဲ့လေသည်။
အလိုသဘောမှာ သာသနာ့ပညာပို့ချပေးနေသူတို့သည် တမန်တော်မြတ်၏ သာသနာ့ပညာပို့ချရေးလုပ်ငန်းကို ဝင်ရောက်တာဝန်ယူနေခြင်းဖြစ်ပြီး တမန်တော်မြတ်၏ လမ်းစဉ်ကို ဆောင်ရွက်နေကြသူများလည်း ဖြစ်၏။ သို့ဖြစ်ရာ ကိုယ်တော်သည် ထိုပညာရေးအုပ်စုတွင် ဝင်ရောက်ထိုင်တော်မူလိုက်သည်။ (မိရှ်ကားသ်ကျမ်း)
ဤမိန့်ခွန်းတော်အရ တမန်တော်မြတ်ကိုယ်တော်တိုင် ၎င်းတို့အုပ်စုဝင်အဖြစ်သတ်မှတ်၍ ၎င်းတို့နှင့် အတူထိုင်တော်မူသည်မှာ အာလင်မ်ပညာရှင်များအတွက် ဤသည်ထက်ထူးကဲမွန်မြတ်သောအရာ ရှိနိုင်ပါအံ့လော။


 ၃။ အနတ်စ်ဗင်န်မာလိက်(ရသွီ)သခင်က တမန်တော်မြတ်၏ မိန့်ခွန်းတော်ကို တင်ပြသည်မှာ မည်သူမဆို သာသနာ့ပညာဆည်းပူးရန် သာသနာ့ပညာပို့ချရာ တံခါးဝသို့လာခဲ့လျှင် ကြွလှမ်းခဲ့သောခြေလှမ်းတိုင်း၌ တစ်လှမ်းလျှင် တစ်နှစ်တာကျင့်သုံးခဲ့သော အကျိုးဆဝါးဗ်ကို ရရှိပေမည်။ ထို့ပြင် ၎င်း၏ခြေလှမ်းနှင့်အမျှ ဂျန္နသ်စံမြန်းရမည်။ ၎င်း၏အဆင့်အတန်းကို တိုးမြှင့်ပေးသနားတော်မူမည်။ ၎င်းသူ၏ခြေဖြင့် နင်းလျှောက်ခြင်းခံရသော မြေပထဝီကလည်း ခြေလှမ်းနှင့်အမျှ တောင်းဆုချွေနေမည်။ ကောင်းကင်တမန်များကလည်း ယင်း၏ကောင်းမှုအတွက် သက်သေခံကြမည်။ သာသနာ့ပညာဆည်းပူးသူ၏ နံနက်နှင့် ညနေခင်းသည် မင်္ဂလာရှိ၏။ အလ္လာဟ်အရှင်မြတ်သည် ၎င်းအတွက် အချိန်ဟူသမျှတွင် ခွင့်လွှတ်ချမ်းသာမှုကို ချီးမြှင့်ရန် အသင့်ရှိနေပေသည်။ (တန်ဗီဟွလ်ဂါဖီလီန်ကျမ်း)

 ၄။ ဟစန်ဗဆွရီ (ရဟ)က ဖွင့်ဆိုသည်မှာ အကြင်သူသည် သာသနာ့ပညာဆည်းပူးရန် နေအိမ်မှထွက်ခွာခဲ့သော် ဖရိရှ်သဟ်များက တောင်ပံများခင်းပေးကြ၏။ မြေပြင်ရှိတိရိစ္ဆာန်များ၊ မိုးမြေကြား လေဟာပြင်တလွှားမှ ငှက်သတ္တဝါများ၊ ရေပြင်တခွင်မှ ရေသတ္တဝါများနှင့် ခပ်သိမ်းကုန်တို့သည် ၎င်းအတွက် ချမ်းသာမှုကို တောင်းခံပေးကြမည်။ ၎င်းသူကွယ်လွန်ခဲ့သော် အလ္လာဟ်အရှင်မြတ်က ရှဟီဒီ (၇၂)ဦး၏ အကျိုးကို ချီးမြှင့်ပေးတော်မူမည်။ (အဟ်စနွလ်မဝါအိဇ်ကျမ်း)

 ၅။ အိဗ်နုစီရီးန်(ရဟ)က မိန့်ဆိုခဲ့သည်။ ကျွန်ုပ်သည် တစ်နေ့တွင် ဗဆွရဟ်မြို့ရှိ ဗလီကြီးတစ်လုံးသို့ ဝင်ရောက်သွားစဉ် ဝိုင်းဖွဲ့ထိုင်နေကြသော လူတစ်စုကို တွေ့ရ၏။ ၎င်းတို့သည် သာသနာ့ပညတ်ချက်များကို အချင်းချင်းအမေးအဖြေပြု၍ ရေးသားမှတ်ယူနေကြ၏။ ထိုစဉ်ကျွန်ုပ်က ယင်းထိုင်ဝိုင်း၌ပါဝင်၍ ငါမသိသော သာသနာ့ရေးရာများကို ကြားနာပြီး လိုက်နာကျင့်သုံးရလျှင် မိမိအတွက်အကျိုးရှိမည်ဟု စိတ်အာရုံတွင် အတွေးနယ်ချဲ့ရင်း ဆက်လက်၍ လျှောက်လှမ်းသွားခဲ့ရာ ထိုထိုင်ဝိုင်းနှင့် ဝေးကွာသွားသောကြောင့် ပါဝင်ခြင်းမပြုခဲ့ရပေ။
သို့နှင့် ကျွန်ုပ်သည် ထိုည၌အိပ်စက်ရာ အိပ်မက်တွင် လူတစ်ဦးရောက်ရှိလာပြီး အိုး .... အိဗ်နုစီရီးန် အသင်သည် ထိုထိုင်ဝိုင်းသို့ ဝင်ထိုင်ခဲ့လျှင် များစွာကောင်းလေစွ! အကြောင်းကား ထိုထိုင်ဝိုင်းတွင် ဂျိဗ်ရီးလ်ကောင်းကင်တမန်ကြီးလည်း ကိုယ်တိုင်ပါဝင်လျက်ရှိသည်ဟု ပြောပြခဲ့လေသည်။ (သန်ဗီဟွလ်ဂါဖီလီန်ကျမ်း)

 ၆။ အဗူဇရ်သခင် (ရသွီ)က ဖွင့်ဆိုသည်မှာ တရားစောင့်စည်းသော အာလင်မ်များ၏အသိုင်းအဝိုင်းတွင် တစ်ကြိမ်မျှ ဝင်ရောက်နေထိုင်ခြင်းသည် နဖိလ်နမားဇ်ရကအသ်တစ်ထောင်ဖတ်ခြင်း၊ ဝေဒနာရှင်တစ်ထောင်ကို သွားရောက်မေးမြန်းခြင်းနှင့် ဂျနာဇဟ်ပေါင်းတစ်ထောင်ကို လိုက်ပါပို့ဆောင် မြုပ်နှံခြင်းတို့ထက် ပို၍မြတ်ပေသည်။ (အဲဟ်ယာအုလူးမ်ကျမ်း)

အလ်မုဖီးဒ်
ရဂျဗ်/ ၂၅/ ယောင်မုလ် ဂျုမုအဟ်/ ဟစ်ဂ်ျရီ ၁၄၃၆


(မော်လာနာကမ္မရွဒ်ဒီးန် ဦးသန်းမောင်(ဂျာမိအီ) ဘာသာပြန်ထားသည့် "အစ္စလာမ့်ပညာရေး" စာအုပ်ပါ အကြောင်းအရာကို အလ်မုဖီးဒ်က ပြန်လည်တင်ဆက်သည်။)


*** သတိပေးချက်
အထက်ပါအကြောင်းအရာကို ကူးယူလျှင် စာသားအပြည့်အစုံ မူရင်းကျမ်းရှင် ဘာသာပြန်သူနှင့် အလ်မုဖီးဒ်၏ Link ကိုပါ ထည့်သွင်းကူးယူပါ။ မိမိလိုသလောက်ကူးယူးပြီး ကိုယ်ပိုင်နာမည်တပ်နေသူများကို တွေ့ရှိရပါသည်။ မိမိမလုပ်သည်ကို လုပ်သယောင်ဆောင်ထားသဖြင့် ထိုသို့သောသူတို့သည် လိမ်လည် မုသားဆိုသူပင်ဖြစ်၏။***

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။