Saturday, May 2, 2015

ရှရီအသ်တရားတော်၏ ကဏ္ဍငါးရပ်


ရှရီအသ်တရားတော်တွင် ကဏ္ဍငါးရပ်ရှိသည်။

ပထမကဏ္ဍသည် (အကာအစ်ဒ်) ယုံကြည်မှုပိုင်းဆိုင်ရာ ကဏ္ဍဖြစ်၏။ ဥပမာ - အလ္လာဟ်အရှင်မြတ်သည် တစ်ပါးတည်းသော ကိုးကွယ်ရာအရှင်ဖြစ်တော်မူကြောင်းနှင့် တမန်တော်မြတ် မုဟမ္မဒ်(ဆွလ္လလ္လာဟု အလိုင်းဟိ ဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်၏ စေတမန်တော်ဖြစ်တော်မူကြောင်းကို လက်ခံယုံကြည်ခြင်း။

ဒုတိယကဏ္ဍမှာ (အအ်မာလ်) ကျင့်စဉ်ပိုင်းဆိုင်ရာ ကဏ္ဍဖြစ်၏။ ဥပမာ - စွလာသ်ဆောက်တည်ခြင်း၊ ရိုဇာစောင့်ထိန်းခြင်း။

တတိယကဏ္ဍမှာ (မုအာမလာသ်) အပေးအယူပြုလုပ်ခြင်းဆိုင်ရာ ကဏ္ဍဖြစ်၏။ ဥပမာ - ကုန်သွယ်ခြင်း၊ ရောင်းဝယ်ခြင်း၊ ကန်ထရိုက်လုပ်ငန်းဆောင်ရွက်ခြင်း။

စတုတ္ထကဏ္ဍမှာ (အခ်လားက်) စာရိတ္တပိုင်းဆိုင်ရာ ကဏ္ဍဖြစ်၏။ ဥပမာ - မိမိကိုယ် မိမိ နှိမ့်ချခြင်း၊ ရက်ရောစွာသုံးစွဲခြင်း။
ပဉ္စမကဏ္ဍမှာ (မုအာရှရသ်) လူမှုဆက်ဆံရေးဆိုင်ရာ ကဏ္ဍဖြစ်၏။ လူတို့နှင့် ကောင်းမွန်စွာ ဆက်ဆံရေးဖြစ်ပြီး၊ အိပ်စက်အနားယူနေသူတစ်ဦးအား အနှောင့်အယှက်မပေးခြင်၊ သူတစ်ပါးအား အခက်အခဲဖြစ်စေမည့် လုပ်ရပ်များကို ရှောင်ကြဉ်ခြင်း စသည်တို့ပါဝင်သည်။

ယင်းကဏ္ဍငါးရပ်လုံးကို "ရှရီအသ်" တရားတော်ဟု ခေါ်၍ မွစ်လင်မ်တို့အနေဖြင့် ယင်းတို့ကိုလိုက်နာကျင့်သုံးရန် တာဝန်ရှိ၏။ သို့ရာတွင် မျက်မှောက်ခေတ်ကာလ၌ မုစ်လင်မ်တို့သည် ရှရီအသ်တရားတော်ကို ကျဉ်းသည်ထက်ကျဉ်းအောင် ပြုလုပ်လျှက် ရှိကြ၏။ အချို့ပုဂ္ဂိုလ်များသည် ယုံကြည်ချက်ပိုင်းဆိုင်ရာ ကဏ္ဍကိုသာ ဘာသာရေးဖြစ်သည်ဟု ခံယူပြီး အလ္လာဟ်အရှင်မြတ်အား တစ်ပါးတည်းသော ကိုးကွယ်ရာအရှင်ဖြစ်တော်မူသည် တမန်တော်မြတ် မုဟမ္မဒ်(ဆွလ္လလ္လာဟု အလိုင်းဟိ ဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်၏ နောက်ဆုံးစေတမန်တော်ဖြစ်သည်ဟု ယုံကြည်ချက်ရှိလျှင် ဂျန္နသ်သို့ ရောက်ရှိရန် လုံလောက်ပြီဟု ယူဆကြလေသည်။ ယင်းသို့သောသူများသည် ဆွလာသ်ဆောက်တည်ခြင်း၊ ရိုဇာစောင့်ထိန်းခြင်း၊ စသည့် ကျင့်စဉ်ပိုင်းဆိုင်ရာ ပညတ်ချက်များကို ဖရ်ဇ်ထမ်းဆောင်ရမည့် ဝတ္တရားများဟူ၍ လက်ခံယုံကြည်ကြသော်လည်း လက်တွေ့အားဖြင့် ကျင့်သုံးခြင်းမရှိကြချေ။ ထိုသို့ ဝတ္တရားပျက်ကွက်ခြင်းကြောင့် အလ္လာဟ်အရှင်မြတ်က ပြစ်ဒဏ်ပေးခဲ့သော် ပြစ်ဒဏ်ကျခံပြီးသည့်နောက် ယုံကြည်ချက်ပိုင်းဆိုင်ရာကဏ္ဍကို ပြီးပြည့်စုံစွာ လက်ခံထားခြင်းကြောင့် ဂျန္နသ်သို့ မလွဲမသွေဝင်ရောက်ကြရမည်ဟု စွမှတ်ယုံကြည်ကြလျက် ဆွလာသ်ဆောက်တည်ခြင်း၊ ရိုဇဟ်စောင့်ထိန်းခြင်း စသည့်ကျင့်စဉ်ပိုင်းဆိုင်ရာ ကဏ္ဍကို လေးစားစွာလိုက်နာခြင်း မရှိကြချေ။

အချို့ပုဂ္ဂိုလ်တို့သည် ယုံကြည်ချက်ပိုင်းဆိုင်ရာကဏ္ဍနှင့် ကျင့်စဉ်ပိုင်းဆိုင်ရာကဏ္ဍဖြစ်သော ဆွလာသ်ဆောက်တည်ခြင်း၊ ရိုဇာစောင့်ထိန်းခြင်း စသည်တို့ကို အရေးတယူလိုက်စားဆောင်ရွက်ကြသော်လည်း ကျန်သည့် အပေးအယူကဏ္ဍ၊ အရောင်းအဝယ်ကဏ္ဍ အသီးသီးတို့တွင် (ဟလာလ်) ပြုပိုင်သောနည်းလမ်း၊ (ဟရာမ်) မပြုပိုင်သောနည်းလမ်းဟူ၍ မခွဲခြားတော့ပဲ ပေးကြယူကြ၊ ရောင်းကြဝယ်ကြသည်လည်း ရှိလေသည်။

အချို့ပုဂ္ဂိုလ်တို့သည် ယုံကြည်ချက်ပိုင်းဆိုင်ရာကဏ္ဍ၊ ကျင့်စဉ်ပိုင်းဆိုင်ရာကဏ္ဍ၊ အရောင်းအဝယ်၊ အပေးအယူကဏ္ဍအသီးသီးကို အရေးတယူလိုက်နာကျင့်သုံးကြသော်လည်း အကျင့်စာရိတ္တကို မပြုမပြင် ရှိရင်းစွဲအတိုင်းထားလျက် နေကြသည်လည်း ရှိ၏။ အနည်းငယ်မျှသော ပုဂ္ဂိုလ်တို့သည်သာ မိမိတို့၏ အကျင့်စာရိတ္တတို့ကို ဆန်းစစ်ပြုပြင်မှု ရှိတတ်ကြ၏။

အချို့ပုဂ္ဂိုလ်များသည် သူတစ်ပါးအား နှစ်ရှည်လများ စာရိတ္တပိုင်းဆိုင်ရာ ဆုံးမပဲ့ပြင်မှု ပြုခဲ့ကြသော်လည်း မိမိတို့၏ အမူအကျင့်ဆိုးများကြောင့် အခြားသူများ ဒုက္ခရောက်ကြသည်ကို သတိမမူ၊ မသိနားမလည်ဘဲ ရှိတတ်ကြ၏။

များစွာသောပုဂ္ဂိုလ်တို့သည် ဆင်းရဲနွမ်းပါးသည့် မုစ်လင်မ်တစ်ဦးနှင့် ရင်ဆိုင်တွေ့သည့်အခါ ဦးစွာစလာမ်မေတ္တာပို့သမှုမပြုဘဲ တစ်ဖက်သား၏ စလာမ်မေတ္တာပို့သမှုကို စောင့်ဆိုင်းနေတတ်ကြသည်လည်း ရှိ၏။

အချို့ပုဂ္ဂိုလ်တို့သည်ကား ယုံကြည်ချက်ပိုင်းဆိုင်ရာကဏ္ဍ၊ ကျင့်စဉ်ပိုင်းဆိုင်ရာကဏ္ဍ၊ အပေးအယူပိုင်းဆိုင်ရာကဏ္ဍ စသည့်ကဏ္ဍအသီးသီးတို့အနက် ကဏ္ဍအားလုံးကို လိုက်နာဆောင်ရွက်ရင်း ပြုပြင်စရာရှိသည့် စာရိတ္တတို့ကိုပါ အလေးထားပြုပြင်ကြသော်လည်း လူမှုဆက်ဆံရေးပိုင်းဆိုင်ရာကဏ္ဍကို စွန့်လွှတ်ထားကြသည်။ ယင်းကဏ္ဍကို ဘာသာရေးနှင့် မသက်ဆိုင်ဟူ၍ ပစ်ပယ်ထားတတ်ကြသည်။

အဆိုပါပုဂ္ဂိုလ်တို့က လူမှုဆက်ဆံရေးကဏ္ဍသည် ရှရီအသ်တရားတော်နှင့် မသက်ဆိုင်၊ မိမိတို့စိတ်ကြိုက်ပြုမူနိုင်သည်။ ရှရီအသ်တရားတော်က ဤနေရာတွင် ပါဝင်ရန်မလိုဟု ခံယူထားကြသည်။ များစွာသောပုဂ္ဂိုလ်တို့သည် ဘာသာရေးကိုင်းရှိုင်းပြီး စာရိတ္တကောင်းသူများ ဖြစ်ပါလျက် လူတို့အား ဒုက္ခဖြစ်စေတတ်သည့် သေးငယ်သောကိစ္စရပ်များကို ပြုမူတတ်ကြသည်။ မိမိတို့လုပ်ရပ်ကြောင့် အခြားသူတစ်ဦးဒုက္ခရောက်မည်ကို လျစ်လျူရှုလျက် မိမိတို့စိတ်ကြိုက်ပြုမူ ဆက်ဆံတတ်ကြသည်။ စင်စစ် တမန်တော်မြတ်သည် ကြီးမားသည့်ကိစ္စရပ်များကို အရေးတယူဂရုတစိုက် ဆောင်ရွက်သည့် နည်းတူ သေးငယ်သည့် ကိစ္စရပ်များကိုလည်း ဂရုပြုဆောင်ရွက်လေ့ရှိကြောင်း ဟဒီးဆ်သြဝါဒတော်များတွင် လာရှိ၏။ (သပ်(စ)ဟီလူလ်မဝါအစ်ဇွ် (အတွဲ - ၄၊ စာ - ၁၆၄)

လူမှုဆက်ဆံရေးပိုင်းဆိုင်ရာကဏ္ဍသည် ဘာသာရေးကဏ္ဍ တစ်ခုဖြစ်ကြောင်း သိရှိပြီးနောက် အစ္စလာမ်ဘာသာရေးကဏ္ဍအားလုံးကို လိုက်နာကျင့်သုံးမှသာ ပြည့်ဝသည့်မုစ်လင်မ်တစ်ယောက် ဖြစ်နိုင်သည်ကို သတိပြုသင့်၏။ မည်သည့်ကိစ္စမဆို မုစ်လင်မ့်နည်းဟန်ဖြင့် ပြုလုပ်ရမည်။ အခြားသူတို့၏ နည်းဟန်ဖြင့် မပြုလုပ်ထိုက်ချေ။ (ဟွတ်စ်နူလ်အဇီးဇ်ကျမ်း (အတွဲ - ၄၊ စာ - ၁၄၉)

လူမှုဆက်ဆံရေးဆိုင်ရာစည်းကမ်းများကို လိုက်နာရန်မှာ (ရောင်းဝယ်ရေး) အပေးအယူပိုင်းဆိုင်ရာ စည်းကမ်းများကို လိုက်နာခြင်းထက် ပို၍အရေးကြီး၏။ အကြောင်းမှာ အပေးအယူပိုင်းဆိုင်ရာကဏ္ဍသည် လူတို့၏ပစ္စည်းဥစ္စာ စည်းစိမ်ချမ်းသာကို ထိန်းသိမ်းခြင်းနှင့် သက်ဆိုင်ပြီး လူမှုဆက်ဆံရေးကောင်းမွန်ခြင်းမှာ လူတို့၏ စိတ်နှလုံးချမ်းမြေ့သာယာမှုနှင့် သက်ဆိုင်ပေသည်။ စိတ်ချမ်းသာမှုက ပစ္စည်းဥစ္စာချမ်းသာမှုထက် အရေးကြီး၏။

လူမှုဆက်ဆံရေးကောင်းမွန်ခြင်းဖြင့် အီမာန်(သက်ဝင်ယုံကြည်မှု)၏နောက် အရေးအကြီးဆုံးဖြစ်သည့် မိမိဂုဏ်သိက္ခာကို ထိန်းသိမ်းရာရောက်သည်။ မိမိဂုဏ်သိက္ခာအတွက် လူတို့သည် မည်သည့်အရာကိုမဆို စွန့်လွှတ်ရန် ဝန်မလေးတတ်ကြပေ။

(ဟဂ်ျဂျသွလ်ဝဒါအ်) နောက်ဆုံးဟဂ်ျပြုရင်း တမန်တော်မြတ်က " မုစ်လင်မ်တို့၏ အသက်၊ ဂုဏ်သိက္ခာနှင့် ပစ္စည်းဥစ္စာတို့ကို ကိယာမသ်(ကမ္ဘာ့တရားစီရင်မည့်နေ့) တိုင်အောင် စောင့်ထိန်းကြရမည့် တာဝန်ရှိကြောင်း မိန့်ကြားတော်မူခဲ့၏။ (ဒအဝါးသိအဗဒိယသ်၊ အစ်(ဆွ်)လာဟူလ်မွစ်လိမီးန်)

အစ္စလာမ့်လူမှုဆက်ဆံရေးစနစ်သည် စံထားအပ်သော လူမှုဆက်ဆံရေးစနစ်ဖြစ်၏။ ထို့ကြောင့် အခြားသူတို့၏ လူမှုဆက်ဆံရေးစနစ်ကို အတုယူ လိုက်နာရန်မလိုပေ။ လူမှုဆက်ဆံရေးစနစ်ကောင်းဟူသည်မှာ အယောင်ဆောင်မှု၊ ပလွှားဝင့်ကြွားမှုများနှင့် မသက်ဆိုင်ချေ။

မာနကြီးမှုနှင့် အယောင်ဆောင်မှုတို့သည် လူမှုဆက်ဆံရေးပိုင်းဆိုင်ရာစနစ်ကို အရင်းအမြစ်ကပင် ဖြိုလှဲပစ်မည့်အရာများဖြစ်သည်။ မာနကြီးသူသည် မိမိကိုယ်မိမိ အခြားသူများထက် ကြီးမြတ်သူအဖြစ်ထင်မြင်ကာ အခြားသူများနှင့် ဆက်ဆံရာတွင် အပေါ်စီးမှ အနိုင်ယူလိုကြသည်။ ထို့ကြောင့် သူတစ်ပါးကို မှန်မှန်ကန်ကန်၊ စာနာထောက်ထားလျက် မဆက်ဆံတတ်ကြချေ။ အစ္စလာမ်ဘာသာက လူမှုဆက်ဆံရေး၌ မိမိကိုယ်မိမိ နှိမ့်ချပြီး ကျိုးနွံမှုရှိရန် ဆုံးမထား၏။ ကျိုးနွံခြင်း၊ မိမိကိုယ်မိမိ နှိမ့်ချခြင်း မရှိလျှင် စာနာခြင်းနှင့် သွေးစည်းညီညွတ်ခြင်း ရှိတော့မည် မဟုတ်ချေ။
အစ္စလာမ့်လူမှုဆက်ဆံရေးစနစ်သည် ထူးခြားသည့်စနစ်ဟု ဆိုရမည်။ ဥပမာအားဖြင့် စားသောက်ခြင်းနှင့်ပတ်သက်၍ တမန်တော်မြတ်က မိန့်ကြားရုံမျှမက လက်တွေ့ကျင့်သုံးပြတော်မူခဲ့၏။ တမန်တော်မြတ်က " ငါကိုယ်တော်သည် အစားအစာစားသုံးသည့်အခါ ကျေးကျွန်တစ်ယောက်(ကျိုးနွံစွာ) စားသုံးသည့်အလား စားသုံးတော်မူသည်" ဟု မိန့်ကြားတော်မူခဲ့၏။

တမန်တော်မြတ်သည် အစားအစာ စားသုံးတော်မူသည့်အခါ ကိုယ်ကို ကိုင်းညွှတ်၍ထိုင်ပြီး နှစ်ခြိုက်စွာနှင့်လျှင်မြန်စွာ စားသုံးတော်မူလေ့ရှိ၏။ ကျွန်ုပ်တို့မှာ စားသောက်ရာတွင် ဟိတ်ဟန်လုပ်၍ တခမ်းတနား စားသုံးကြသည်မဟုတ်ပါလား။ ဤသို့လွဲမှားစွာ ပြုလုပ်နေကြသည်မှာ ကျွန်ုပ်တို့အတွက် အမှန်တရားသည် ဖုံးကွယ်နေသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့စားသုံးနေသည့် စားသောက်ဖွယ်ရာများသည် အကြီးမြတ်ဆုံးဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ဘက်တော်မှ ချီးမြှင့်ခံရသည်များဖြစ်ကြောင်းကို သဘောပေါက်သည့်အခါတွင်လည်းကောင်း၊ ထိုအရှင်မြတ်သည် ကျွန်ုပ်တို့အား အကြွင်းမဲ့မြင်နေသည်ကို စိတ်တွင်း၌ ခံစားသိရှိလာသည့် အခါတွင်လည်းကောင်း၊ တမန်တော်မြတ် ပြုတော်မူခဲ့သည့်အတိုင်း ကျွန်ုပ်တို့လည်း ကျိုးနွံစွာပြုကြမည်မှာ သေချာ၏။

အကြီးအကဲတစ်ဦးဦးအား ကြည်ညိုလေးစားမှု အမှန်တကယ်ရှိခဲ့လျှင် ၎င်းအကြီးအကဲ၏ ခိုင်းစေချက်ဟူသမျှကို တိကျစွာလိုက်နာဆောင်ရွက်မည်မှာ ဓမ္မတာဖြစ်သည်။ ဤနည်းတူပင် တစ်ဦးတစ်ယောက် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိမြင်တော်မူသောအရှင်ဖြစ်ပြီး မြင့်မြတ်တော်မူကြောင်းကိုလည်း နားလည်သဘောပေါက်ပါလျှင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို မြေဝယ်မကျနာခံကျင့်သုံးမည် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ ကြီးမြတ်တော်မူခြင်း၊ အကြွင်းမဲ့သိမြင်တော်မူခြင်းတို့ကို သတိမမူသူတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညတ်ချက်များကို မလိုက်နာမကျင့်သုံးဘဲ ဥပေက္ခာပြု လျစ်လျူရှုကြမည်ဖြစ်၏။

တမန်တော်မြတ်နှင့်ကျွန်ုပ်တို့အကြား ကွာခြားသည့်အဓိကအချက်မှာ ဤအချက်ပင်ဖြစ်၏။ တမန်တော်မြတ်က အလ္လာဟ်အရှင်မြတ်သည် ကြီးမြတ်တော်မူကြောင်း၊ အကြွင်းမဲ့သိမြင်တော်မူကြောင်းကို သိရှိနားလည်သဘောပေါက်သဖြင့် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဟူသမျှကို တိကျစွာလိုက်နာကျင့်သုံးတော်မူခဲ့ပြီး ၊ ကျွန်ုပ်တို့မှာကား ထိုသို့မဟုတ်သဖြင့် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာကျင့်သုံးရန် ဝန်လေးနေကြသည် မဟုတ်ပါလား။ အကယ်၍သာ ကျွန်ုပ်တို့၏ စက္ခုအာရုံသည် ထိုးဖောက်လျက်မြင်နိုင်စွမ်းရှိပါလျှင် ယနေ့ထက်တိုင် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ တမန်တော်မြတ်၏ စိတ်နေသဘောထားမှာ အထက်ဖေါ်ပြပါအတိုင်း ဖြစ်သည်ကို တွေ့မြင်ရမည်မှာ သေချာပေသည်။

အစ္စလာမ်သာသနာတော်တွင် အဘက်ဘက်မှ ပြည့်ဝစုံလင်လှသည့် လူမှုဆက်ဆံရေးစနစ်ရှိနေပါလျက် မုစ်လင်မ်တို့သည် မည်သည့်လူမှုဆက်ဆံရေးစနစ်ကို အားကျလက်ခံ ကျင့်သုံးရဦးမည်နည်း။

ယုတ်စွအဆုံး အစ္စလာမ့်လူမှုဆက်ဆံရေးစနစ်သည် မပြည့်စုံသည့်စနစ် ဖြစ်သည့်တိုင်အောင် အစ္စလာမ်ဘာသာကို အကြီးကျယ်ဆုံး၊ အမြင့်မြတ်ဆုံး၊ အမှန်ကန်ဆုံးသော ဘာသာဟု အမွှန်းတင်ကြွေးကြော်ဟစ်အော်နေကြသူတို့သည် အရှက်တရားရှိကြပါမူ မည်သည့်နည်းနှင့်မျှ အခြားသူတို့၏ လူမှုဆက်ဆံရေးစနစ်ကို အားကျလက်ခံကျင့်သုံးကြမည် မဟုတ်ပေ။

မိမိပိုင်သည့် ဟောင်းနွမ်းနေသည့် စောင်ကလေးကို သူတစ်ပါးပိုင်သည့် သိုးမွှေးစောင်ထက် ပိုမို၍တန်ဖိုးထားရမည်မှာ ဓမ္မတာမဟုတ်ပါလား။ သို့သော်လည်း ဝမ်းနည်းစရာကျွန်ုပ်တို့အဖြစ်သည်ကား မိမိတို့လက်ဝယ်တွင် တန်ဖိုးကြီးမားလှသည့် သိုးမွေးစောင်ရှိပါလျက် ယင်းကိုပစ်ပယ်ပြီး အခြားသူတို့၏စောင်ကိုမှ အမြတ်တနိုးခြုံနေကြခြင်းပင် ဖြစ်သည်။ (ဝအ်ဇ်သဖ်စီးလွဒ်ဒီးန်)

 အစ္စလာမ့်လူမှုဆက်ဆံရေး၏ ထူးခြားပုံ 

ကျွန်ုပ်တို့မုစ်လင်မ်များသည် ဝတ်စားဆင်ယင်ရာ၌လည်း အခြားသူများ၏ ဝတ်စားဆင်ယင်မှုကို အထင်ကြီးကာ အတုခိုးဝတ်ဆင်နေကြသည်ကို ဝမ်းနည်းဖွယ်တွေ့နေကြရသည်။ စင်စစ်အစ္စလာမ့်အဆုံးအမ၊ လမ်းညွှန်မှုအညီ ဝတ်စားဆင်ယင်မှုမှာ အဆင့်မြင့်လှ၏။ အဘယ့်ကြောင့်ဆိုသော် အစ္စလာမ်ဘာသာတွင် ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍ စည်းကမ်းချက်များစွာ သတ်မှတ်မထားဘဲ ရိုးသားလုံခြုံစွာ ဝတ်ဆင်ရန်သာ ပြဌာန်းထားသည်။ ကျွန်ုပ်တို့အထင်ကြီးကာ အတုယူဆင်မြန်းနေကြည့် အနောက်တိုင်းဝတ်စားဆင်ယင်မှုမှာ စည်းကမ်းသတ်မှတ်ချက်များ ရှုပ်ထွေးတင်းကြပ်လှသည်။

ရိုးသားခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပြီး၊ ရိုးသားစွာနေထိုင်ကျင့်ကြံသူသည် ဒုက္ခများစွာမှ ချမ်းသာရာ ရကြပေသည်။ ဟန်ဆောင်မှု၊ ပလွှားဝင့်ကြွားမှုတို့နှင့် အတူ ဒုက္ခများစွာပါလာတတ်သည်။ ရိုးသားစွာ ကျင့်ကြံနေထိုင်ခြင်းသည် လွန်စွာချိုမြိန်သည့် အရသာရှိ၏။ သဘာဝအားဖြင့် လူတိုင်းရိုးသားစွာ နေထိုင်ကျင့်ကြံလိုကြသော်လည်း စိတ်ကြီးဝင်မှုနှင့် အထင်အမြင်သေးခံရမည်ကို စိုးရွံမှုတို့က ဖျက်ဆီးခြင်းကို ခံနေကြရသည်။ (ဟွတ်စ်နုလ်အဇီးဇ်၊ အစ်(ဆွ်)လာဟူလ်မွစ်လိမီးန်)

အစ္စလာမ်ဘာသာတွင် စွလာသ်ဆောက်တည်ခြင်း၊ ရိုဇာဟ်ဥပုသ်စောင့်ထိန်းခြင်း၊ စသည်တို့မှာ ဖရ်ဇ်မကျင့်မနေရ တာဝန်ဖြစ်သကဲ့သို့ လူမှုဆက်ဆံရေးစနစ်သည်လည်း ရှရီအသ်တရားတော်၏ အရေးပါအရာရောက်သည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်ရကား လူမှုဆက်ဆံရေကို ကောင်းသည်ထက်ကောင်းအောင် ပြုနေရန်မှာ ဖရ်ဇ်တာဝန်တစ်ရပ်ဖြစ်၏။ (အိဖာဿွါသ် အတွဲ ၄၊ စာ ၁၅၁)

 တွေးခေါ်သုံးသပ်ကြပါ 

အစ္စလာမ့်လူမှုဆက်ဆံရေး စနစ်သည် လူတို့၏ သဘာဝစိတ်ဓါတ်နှင့် သဟဇာတဖြစ်သော်လည်း မျက်မှောက်ခေတ်လူတို့တွင် သမာသမတ်ကျမှု၊ အစွဲကင်းမှုများ ပျောက်ဆုံးနေပြီဖြစ်၏။ အဆိုးရွားဆုံးမှာကား လူတို့သည် မိမိတို့၏ အဖြစ်ကို ဆင်ခြင်သုံးသပ်မှု မရှိကြခြင်းဖြစ်၏။ တွေးခေါ်သုံးသပ်ကြပါမူ အကောင်းအဆိုးကို ခွဲခြားတွေ့မြင်ကြမည်ဖြစ်၏။ တွေးခေါ်သုံးသပ်သည့် အလေ့အကျင့်ကြောင့် လူသည်အမှားတစ်ခုခုကို မပြုလုပ်၊ မကျူးလွန်တော့ဟု ကျွန်ုပ် မပြောလို။ သို့ရာတွင် တွေးခေါ်သုံးသပ်လေ့ရှိသူ၏ အမှား၊ အားနည်းချက်သည် သူတစ်ပါးဒုက္ခရောက်စေလောက်သည့် အဖြစ်မျိုးအထိ မရောက်နိုင်ပေ။ တွေးခေါ်ဆင်ခြင်သုံးသပ်ခြင်းဖြင့် လူနေမှုဘဝ၏ ဘက်ပေါင်းစုံကို သိမြင်နိုင်စွမ်းမည် ဖြစ်လေသည်။ (ဟွစ်နုလ်အဇီးဇ် တွဲ ၂၊ စာ ၂၇၈။ အိဖာဿွါသ် တွဲ ၂၊ စာ ၃၆၇)
 သောကကင်းဝေးနေနိုင်ရေး 

ရှရီအသ်တရားတော်၏ ရည်မှန်းချက်မှာ လူတို့အား သောကကင်းဝေးစွာနှင့် စိတ်ချမ်းသာစွာ နေထိုင်နိုင်ရန် ဖြစ်၏။ မည်သည့်အခြေအနေတွင်မဆို ရှရီအသ်တရားတော်သည် လူတို့အား ငြိမ်းချမ်းသာယာမှုရှိစေရန် ပြညွှန်းထားခြင်း ဖြစ်၏။

ရှရီအသ်တရားတော်၏ စည်းကမ်းချက်များကို တိကျစွာလိုက်နာကျင့်သုံးသူသည် စိတ်ဆင်းရဲခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၏ဒဏ်ကို ခံနိုင်ရည်ရှိမည်ဖြစ်သည်။ ဘာသာရေးကိုင်းရှိုင်းခြင်းမှာ စိတ်ဆင်းရဲမှုအတိဒုက္ခတို့မှ ကင်းစင်စေပြီး သုခတရားသာလျှင် တိုးပွားလာမည်ဖြစ်သည်။ ဘာသာရေးကိုင်းရှိုင်းခြင်းဟူသည်မှာ ကိုယ် နှုတ် နှလုံး သုံးပါးလုံးဖြင့် အစ္စလာမ့်တရားတော်များအတိုင်း လိုက်နာကျင့်သုံးခြင်းကို ဆိုလိုခြင်းဖြစ်၏။ (အိဖာဿွါသ် တွဲ ၅၊ စာ ၄၄၆)

အလ်မုဖီးဒ်
၁၃/ရဂျဗ်/ယောင်းမုလ်အဟဒ်/ဟိဂ်ျရီ ၁၄၃၆

(မုဖ်သီနူးရ်မိုဟမ္မဒ် ဆွာဟိဗ် ဘာသာပြန်သော အစ္စလာမ်နှင့် လူမှုဆက်ဆံရေး စာအုပ်မှ ကူးယူတင်ဆက်သည်။ အထက်ပါ အကြောင်းအရာများကို ကူးယူသူများအနေဖြင့် အကြောင်းအရာ အစမှ အဆုံးအထိ ကူးယူပြီး အလ်မုဖီးဒ်မှ ကူးယူကြောင်း ထည့်သွင်း ဖော်ပြပါ။ မူလ စာရေးသူနှင့် ဘာသာပြန်ဆိုသူတို့ကိုပါ ပူးတွဲ ဖော်ပြပါ။)

Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။