Thursday, April 30, 2015

အစ္စလာမ့်ရှရီအသ်မှ လူမှုဆက်ဆံရေးအကြောင်း


အလ္လာဟ်အရှင်မြတ်၏ သောင်ဖီးက် ပေးမှုဖြင့် အလ်မုဖီးဒ်မှ အစ္စလာမ့် လူမှုဆက်ဆံရေးကဏ္ဍ အကြောင်း မော်လာနာ အရှ်ရဖ်အလီ (ထာနဝီ) ၏ အာဒါဗွလ် မုအာရှရသ် အမည်ရှိ ကျမ်းငယ်အား မြန်မာနိုင်ငံမှ မော်လာနာ မုဖ်သီ နူးရ်မိုဟမ္မဒ် ဆွာဟိဗ် ဘာသာပြန်ဆိုထားသည့် စာအုပ်ကို အခန်းဆက် ဆောင်းပါးအဖြစ် ဖော်ပြသွားမည်ဖြစ်ပါသည်။ ယခု မော်လာနာ၏ အမှာစာကို ပထမဆုံးအနေဖြင့် ဖော်ပြအပ်ပါသည်။

မော်လာနာ အရှ်ရဖ်အလီ ထာနဝီ၏ အမှာစာ

အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောမနာပြုပါ၏။ တမန်တော်မြတ် မုဟမ္မဒ် (ဆွလလ္လာဟိုအလိုက်ဟိ ဝစလ္လမ်) အပေါ်သို့ မေတ္တာပို့ပါ၏။ မျက်မှောက်ကာလတွင် သာမန်မွတ်စလင်မ်တို့သည် အစ္စလာမ်သာသနာ၏ ကဏ္ဍကြီး ငါးခုအနက်မှ ယုံကြည်မှုဆိုင်ရာကဏ္ဍ (အကာအစ်ဒ်) နှင့် ခဝပ်ကိုးကွယ်မှုဆိုင်ရာကဏ္ဍ (အိဗာဒသ်)တို့ကိုကိုသာ ဒီးန် (ဘာသာရေးကိစ္စ)ဟု အလေးထားကြသည်။ အာလင်မ်ပညာရှင်များက တတိယကဏ္ဍဖြစ်သည့် ကုန်သွယ်ရောင်းဝယ်မှု (အပေးအယူလုပ်ခြင်း) ဆိုင်ရာ ကဏ္ဍ(မုအာမလာသ်) ကိုပါ ဘာသာရေးကိစ္စဟု သဘောထားကြသည်။ ရှိုက်ခ် သူတော်စဉ်များက စတုတ္ထကဏ္ဍဖြစ်သည့် အကျင့်စာရိတ္တဆိုင်ရာကဏ္ဍ (အခ်လားက်) ကိုပါ ထည့်သွင်းလက်ခံကြပေသည်။ သို့ရာတွင် ပဉ္စမမြောက်ကဏ္ဍ ဖြစ်သော လူမှုဆက်ဆံရေးဆိုင်ရာ ကဏ္ဍ (မုအာရှရသ်)ကိုမူ အချို့သော ပုဂ္ဂိုလ်များမှအပ အထက်ပါ အုပ်စု ၃ စုတွင် ပါဝင်သူများက ဘာသာရေးကိစ္စအဖြစ် အလေးမထားကြချေ။ ယင်းကဏ္ဍသည် ဘာသာရေးနှင့် သက်ဆိုင်မှုမရှိ ဟုပင် သဘောထားကြပေသည်။ ထို့ကြောင့် ဘာသာရေး ဟောပြောရာတွင် လူမှုဆက်ဆံရေးကဏ္ဍအကြောင်းကို ပြောဆိုဆုံးမလေ့မရှိကြပေ။ ဤသို့ဖြင့် အစ္စလာမ့် လူမှုဆက်ဆံရေးဆိုင်ရာ သဘောတရားနှင့် လက်တွေ့ ကျင့်သုံးမှုများကို မွတ်စလင်မ်တို့ အလေးမထားတော့ဘဲ ပစ်ပယ်သည့် အခြေအနေသို့ ရောက်ရှိခဲ့ပေသည်။

မျက်မှောက်ကာလ၌ မွတ်စလင်မ်တို့ အချင်းချင်း ချစ်ကြည်မှုနှင့် သွေးစည်း ညီညွတ်မှု နည်းပါးရသည့် အကြောင်းရင်းမှာ ဆက်ဆံရေး အကျင့် ပျက်ယွင်းမှုကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် အချင်းချင်း မကျေနပ်မှုနှင့် မုန်းတီးမှုများကို ဖြစ်စေသည်။ မွတ်စလင်မ်အချင်းချင်း ချစ်ကြည်စည်းလုံးမှုအတွက် အရေးပါသည့် စိတ်နှလုံးအေးချမ်းသာယာမှုကိုလည်း ထိခိုက်ပျက်စီးနိုင်ပေသည်။

လူမှုဆက်ဆံရေးကဏ္ဍမှာ အစ္စလာမ်ဘာသာရေးနှင့် သက်ဆိုင်မှုမရှိ ဟူသည့် အယူအဆသည်မှားယွင်းကြောင်းကို ကုရ်အာန်ကျမ်းမြတ်၊ ဟဒီးဆ်သြဝါဒတော်များနှင့် အာလင်မ်ပညာရှင်တို့၏ အဆိုအမိန့်များက ထောက်ပြထားပေသည်။ ကုရ်အာန်ကျမ်းမြတ်တွင် ပါရှိသည့် လူမှုဆက်ဆံရေးဆိုင်ရာ အာယသ်အချို့ကို တင်ပြပါမည်။

" အို.. အီမာန်ယုံကြည်သူအပေါင်းတို့၊ သင်တို့အား ထိုင်ဝိုင်း၌ ချောင်ချိစွာ ထိုင်ကြ ဟုဆိုလျှင် ချောင်ချောင်ချိချိ ထိုင်ကြကုန်။ သင်တို့အား ထကြဟု ဆိုလျှင် ထကြကုန်။ " (ကုရ်အာန် ၅၈း၁၁)

" သူတပါး၏ နေအိမ်သို့ ကြိုတင်ခွင့်ပြုချက်မရယူဘဲ မဝင်ရ (မသွားရ)။ " (ကုရ်အာန် ၂၄း၂၇)

ထိုင်ဝိုင်းမှာရှိသူများကိုဖြစ်စေ၊ အိမ်မှာနေသူများကိုဖြစ်စေ၊ လေးစားရန်နှင့် ၎င်းတို့၏ အခွင့်အရေးကို သိတတ်ရန်လိုအပ်ကြောင်း အထက်ပါ အာယသ်တော်များက ညွှန်ပြကြသည်။

" အခြားသူများနှင့် အတူစားသောက်နေစဉ် ၎င်းတို့၏ သဘောတူခွင့်ပြုချက် မရယူဘဲ စွန်ပလွန်သီးနှစ်လုံးကို တစ်ပြိုင်တည်း ယူ၍မစားပါနှင့် " ဟု တမန်တော်မြတ်က မိန့်ကြားတော်မူခဲ့သည်။ သူတပါးအား မလေးမစားပြုရာရောက်ခြင်းနှင့် သူတစ်ပါး မကျေနပ်မှု ဖြစ်စေနိုင်ခြင်းတို့ကြောင့် ဤသို့သော အသေးအမွှားကိုပင် တားမြစ်တော်မူခဲ့သည်။

ကြက်သွန်ဖြူနှင့် ကြက်သွန်နီ အစိမ်းစားသုံးခဲ့သူတို့သည် ကျွန်ုပ်တို့နှင့် ဝေးရာတွင်နေပါ ... ဟု တမန်တော်မြတ်က မိန့်ကြားတော်မူခဲ့သည်။ ကြက်သွန်၏ အနံ့ကြောင့် သူတပါးအား အနှောင့်အယှက် မဖြစ်စေရန် အသေးအမွှားကိစ္စကိုပင် တားမြစ်တော်မူခဲ့သည်။

ဧည့်သည်အနေဖြင့် အိမ်ရှင် အခက်အခဲဖြစ်အောင် ကြာမြင့်စွာ မတည်းခိုရ ဟု တမန်တော်မြတ်က မိန့်ကြားတော်မူသည်။ သူတပါးအား အဆင်မပြေဖြစ်စေမည့် အပြုအမူကို ဆင်ခြင်ရန်ဖြစ်သည်။

အခြားသူများနှင့် အတူ စားသောက်ကြသည့်အခါတွင် (မိမိအနေဖြင့် ဆက်၍ စားလိုစိတ် မရှိသော်လည်း အခြားသူများ စား၍ မပြီးသေးလျှင်) ၎င်းတို့ စားသောက်ပြီးသည့်တိုင် ဟန်လုပ်ပြီး စားနေသင့်သည်။ ... ဟု တမန်တော်မြတ်က မိန့်ကြားတော်မူခဲ့သည်။ မိမိက စားသောက်ခြင်းကို ရပ်လိုက်ပါလျှင် ဆက်လက် စားနေသူများကို အရှက်ရစေမည်ဖြစ်သည်။ သူတပါးအား မိမိ၏ အပြုအမူကြောင့် စိတ်အနှောင့်အယှက် မဖြစ်စေသင့်ကြောင်း သတိပြုကြရပေမည်။ အချို့သောသူများသည် လူအများ၏ရှေ့မှောက်တွင် ပစ္စည်းတစ်ခုခုကို လက်ခံရန် ငြင်းဆိုတတ်ကြသည်။ ၎င်းအနေဖြင့် ယင်းပစ္စည်းကို လက်ခံရန် ဆန္ဒရှိသော်လည်း ရှက်တတ်သောကြောင့် ငြင်းခြင်းဖြစ်သည်။ အချို့သူများမှာ လူအများ၏ရှေ့မှောက်တွင် တစုံတရာ တောင်းဆိုခြင်းခံရပါက ငြင်းဆိုရန် ဝန်လေးတတ်ကြသည်။ ၎င်းအနေဖြင့် ပေးလိုစိတ်မရှိသော်လည်း မငြင်းဘဲ နေတတ်သည်။ လူအများ၏ရှေ့မှောက်တွင် ဤသို့သောသူများအား တစုံတရာ ပေးရန် မသင့်ပေ။ ၎င်းတို့ထံမှ တောင်းခံခြင်းလည်း မပြုသင့်ချေ။

တစ်ခါက ဂျာဗိရ် (ရသွိ) သခင်သည် တမန်တော်မြတ်အိမ်တော်သို့ လာရောက်ပြီး တံခါးကို ခေါက်ရာ ကိုယ်တော်က ဘယ်သူလဲ ဟု မေးမြန်းတော်မူ၏။ ဂျာဗိရ်သခင်က ကျွန်တော်ပါ ဟုဖြေကြားတော်မူသည်ကို တမန်တော်မြတ်က မနှစ်ခြိုက်သဖြင့် ကျွန်တော် ၊ ကျွန်တော် ဆိုတာ ဘယ်သူလဲ ၊ အမည်ကို ပြောပါ။ ... ဟု မိန့်ကြားတော်မူသည်။ စကားပြောဆိုရာတွင် သူတပါး ကောင်းစွာနားလည်အောင် ရှင်းလင်းစွာ ပြောသင့်သည်။ မရှင်းလင်းသော၊ ဒွိဟ ဖြစ်စေသော စကားပြောဆိုခြင်းဖြင့် သူတပါး ဒုက္ခရောက်စေနိုင်သည်ကို သတိပြုကြရပေမည်။

အနတ်စ် (ရသွိ) သခင်က ဆွဟာဗဟ် သာဝကကြီးများအဖို့ တမန်တော်မြတ်ထက် သာပိုချစ်ရမည့်သူ မရှိချေ။ သို့သော်လည်း တမန်တော်မြတ် ကြွမြန်းလာတော်မူသည့်အခါတွင် ၎င်းတို့သည် ထိုင်ရာမှ ထ၍ အရိုအသေပေးခြင်း မရှိကြ။ တမန်တော်မြတ်က ထိုသို့ အရိုအသေပေးခြင်းကို မနှစ်သက်သောကြောင့်ဖြစ်သည်။ ... ဟု မိန့်ကြားတော်မူခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦး မနှစ်သက်သည့် ပုံစံအနေအထားဖြင့် ၎င်းအား အရိုအသေပေးခြင်း၊ ပြုစုခြင်း၊ အကူအညီပေးခြင်း မလုပ်သင့်ပေ။ မိမိ၏ ဆန္ဒထက် သူတပါး၏ ဆန္ဒနှင့် ခံစားချက်ကို ဦးစားပေးရမည်။ အချို့သူများသည် သူတော်စင်များ၊ ဆရာသမားများကို အရိုအသေပေးကြ၊ ပြုစုကြရာတွင် မိမိစိတ်ကြိုက် ပြုလုပ်ခြင်းများကြောင့် အပြုစုခံပုဂ္ဂိုလ်တို့အား အနှောင့်အယှက်ဖြစ်စေတတ်သည်ကို သတိပြုရမည်။

... လူနှစ်ဦးရှိနေသည့်နေရာသို့ ၎င်းတို့၏ ခွင့်ပြုချက်မရဘဲ ဝင်ရောက်ခြင်းမပြုရ.. ဟု တမန်တော်မြတ်က မိန့်တော်မူခဲ့သည်။ ခွင့်မတောင်းဘဲ ဝင်ရောက်ခြင်းဖြင့် သူတပါးအား စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည်။ သူတပါးအား စိတ်အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူမှန်သမျှကို ရှောင်ရှားရမည်။

တမန်တော်မြတ်သည် နှာချေသည့်အခါတွင် အသံကျယ်လောင်မှုမရှိစေရန် မိမိ၏ ပါးစပ်တော်ကို လက်ဝါးတော်ဖြင့် ဖြစ်စေ၊ အဝတ်ဖြင့် ဖြစ်စေ၊ ပိတ်ထားတော်မူလေ့ရှိသည်။ မိမိအနီးတွင် ရှိနေသူများအား အနှောင့်အယှက်ဖြစ်စေခြင်း၊ ထိတ်လန့်စေခြင်း၊ အခက်အခဲဖြစ်စေခြင်း မရှိရေးအတွက် အသံကျယ်လောင်စွာထွက်အောင် ပြုလုပ်ခြင်း၊ အော်ဟစ်ပြောဆိုခြင်းတို့ကို ရှောင်ကြဉ်ရမည်။
ဂျာဗိရ်သခင်က ... ကျွန်ုပ်တို့သည် တမန်တော်မြတ်ထံသို့ အခစား ဝင်ရောက်သည့်အခါတိုင်း မိမိတို့ ရသည့်နေရာတွင်ပင် ထိုင်လိုက်တတ်ကြပြီး ရှေ့တွင် ထိုင်နေသူများအပေါ်မှ ကျော်လွှား၍ ရှေ့သို့တိုးကာ မထိုင်တတ်ကြ .... ဟု မိန့်ကြားခဲ့သည်။ ဆွဟာဗဟ် သာဝကကြီးများ၏ အပြုအမူသည် ထိုင်ဝိုင်း အစုအဝေးနှင့် ဆိုင်သည့် စည်းကမ်းချက်ကို ဖော်ညွှန်းခြင်းပင်ဖြစ်၏။ သူတပါးအား အနှောင့်အယှက်ဖြစ်စေမည့် ကိစ္စဟူသမျှကို ရှောင်ရှားကြရပေသည်။

အဗ်ဒွလ္လာဟ်ဗင်န်အဗ္ဗားစ်သခင်၊ အနတ်စ်သခင်၊ စအီးဒ်ဗင်န် မုဆိုင်ယိဗ်သခင် (ရသွိ) တို့က ဆင့်ပြန်ကြသည်မှာ - လူမမာမေး သွားသည့်အခါတွင် ကြာမြင့်စွာ မနေရ၊ ခဏမျှသာ နေသင့်သည်။ လူနာမေးသူများ ကြာရှည်စွာရှိနေသည့်အတွက် လူမမာတွင် ၎င်းခံစားနေရသော ဝေဒနာအခြေအနေအရ အခက်အခဲ ဖြစ်စေနိုင်သည်။ သို့ရာတွင် လူမမာအဖို့ သက်သာမှုရှိစေမည်၊ အားရှိစေမည်ဆိုလျှင်မူ ထိုသူများ လူမမာအနီးတွင် ရှိနေသင့်သည် .... ဟု တမန်တော်မြတ်က မိန့်ကြားတော်မူခဲ့သည်။ ဤဩဝါဒတော်အရ သူတပါးအား စိတ်အနှောင့်အယှက်ဖြစ်စေမည့် ကိစ္စကို ရှောင်ကြဉ်ရန် လိုအပ်သည်။

အစ္စလာမ်ဘာသာ ပေါ်ထွန်းစ အချိန်က သောကြာနေ့တွင် စွလာသ်ဝတ်ပြုရန် ရေချိုးခြင်းကို ဝါဂျစ်ဗ်တာဝန် သတ်မှတ်ခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ အဗ်ဒွလ္လာဟ်ဗင်န် အဗ္ဗားစ် သခင်က ရှင်းပြရာတွင် အစ္စလာမ် ပေါ်ထွန်းစအချိန်၌ လူအများစုမှာ ဆင်းရဲသည့် အလုပ်သမားများ ဖြစ်သဖြင့် ၎င်းတို့၏ အဝတ်အစားများမှာ ညစ်ပေကာ ချွေးစော် နံနေတတ်သည်။ ထို့ကြောင့် သောကြာနေ့တွင် ရေချိုးခြင်းကို ဝါဂျစ်ဗ် မပြုမနေရ တာဝန်သတ်မှတ်ခဲ့၏။ နောက်ပိုင်းတွင် ယင်းသို့သောကြာနေ့၌ ရေချိုးခြင်းကို စွန္နသ်အဖြစ် ပြင်ဆင်သတ်မှတ်ခဲ့သည်။ .... ဟုဆိုပေသည်။ မိမိအတွက် သူတပါး အနည်းငယ်မျှ ဒုက္ခမရောက်စေရန် ဆင်ခြင်ဖို့ တာဝန်ရှိသည်။

မိခင်မွန် အာအိရှဟ် (ရသွိ) သခင်မက ... ဗရာအသ်ညမြတ်တွင် တမန်တော်မြတ်သည် အိပ်နေသူများအား အနှောင့်အယှက် မဖြစ်စေရန် အိပ်ရာမှ ညင်သာစွာ ထ၍ ခြေကို ဖော့နင်းကာ အသံမမြည်အောင်ပင် တံခါးကို ဖွင့်ပြီး ပြန်ပိတ်လျက် အပြင်သို့ ထွက်သွားတော်မူသည်။ ... ဟုဆိုပေသည်။ တမန်တော်မြတ်သည် အိပ်နေသူအား အနည်းငယ်မျှ အနှောင့်အယှက်မဖြစ်စေရန် မည်မျှ ဂရုပြုတော်မူခဲ့သည်ကို သိရပေသည်။

မစ်က်ဒါဒ်ဗင်န် အတ်စ်ဝဒ်သခင် (ရသွိ) က ... ကျွန်ုပ်တို့သည် တမန်တော်မြတ်ထံတွင် ဧည့်သည်အဖြစ် တည်းခိုလျက် ရှိကြ၏။ အိရှာစွလာသ်ပြီးသည့်နောက်တွင် ဧည့်သည်များ အိပ်ရာဝင်ခဲ့ကြ၏။ အတန်ကြာသော် တမန်တော်မြတ် ပြန်ကြွလာပြီး စလာမ်ကို မတိုးမကျယ်အသံဖြင့် ဆိုတော်မူ၏။ စလာမ်ဆိုသံကို နိုးနေသူများ ကြားနိုင်ပြီး အိပ်ပျော်နေသူများအဖို့ အနှောင့်အယှက်မဖြစ်စေရန် ဂရုပြု၍ ဆိုခြင်းဖြစ်မည်။ ... ဟု မိန့်ကြားသည်။ သူတပါးအား အနှောင့်အယှက်ဖြစ်စေမည့်ကိစ္စကို တမန်တော်မြတ်က အလေးထားရှောင်ကြဉ်တော်မူသည်။ အလားတူ လူမှုဆက်ဆံရေးကဏ္ဍနှင့် သက်ဆိုင်သည့် ဟဒီးဆ် ဩဝါဒတော် များစွာရှိသည်။
ဖိကဟ်ပညာရှင်များ၏ အဆိုတွင်မူ ထမင်းစားနေသူ၊ စာသင်ကြားနေသူ၊ ဇိက်ရ် တသမှုပြုနေသူတို့အား စလာမ်မေတ္တာပို့သခြင်းကို တားမြစ်ထားပေသည်။ ရှရီအသ်တရားတော်အရ သူတပါးအား ၎င်း၏အလုပ်မှ အာရုံလွှဲဖယ်စေခြင်း မပြုထိုက်ချေ။

... ပါးစပ်မှ အနံ့ဆိုးထွက်သော ရောဂါသည်အား ဗလီဝတ်ကျောင်းတော်သို့ လာရောက်ခွင့် ပိတ်ပင်လိုက ပိတ်ပင်နိုင်သည်... ဟု ဖိကဟ် အဆိုတစ်ရပ်ရှိသည်။

ဖော်ပြပါအချက်များကို သုံးသပ်ပါက ရှရီအသ်တရားတော်က အလွန်မွန်မြတ် ကောင်းမွန်သော လူမှုဆက်ဆံရေးစနစ်ကို ပြဌာန်းထားကြောင်း ထင်ရှားပေသည်။ လူအချင်းချင်း ဆက်ဆံရာတွင် အစ္စလာမ်တရားတော်က ညွှန်ပြသော စိတ်နေသဘောထား၊ အပြုအမူ အကျင့်အကြံအတိုင်း လိုက်နာ ဆောင်ရွက်မည်ဆိုလျှင် မိမိကြောင့် သူတပါးအား စိုးရိမ်မှု၊ ထိတ်လန့်မှု၊ စိတ်ရှုပ်မှု ထိတ်လန့်မှု ရှိစေမည်မဟုတ်ပေ။ တမန်တော်မြတ်သည် ဤသို့မြင့်မြတ်သည့် စိတ်နေသဘောထားနှင့် အပြုအမူများကို လမ်းညွှန်ကျင့်သုံးတော်မူခဲ့သည့်အပြင် မိမိ၏ ဆွဟာဗာ သာဝကကြီးများနှင့် ရင်းနှီးသူများတွင် ဤကိစ္စနှင့် ပတ်သက်၍ အလေးမမူ ပျက်ကွက်မှုများ တွေ့ခဲ့လျှင် စည်းစနစ်မှန်စွာ ကျင့်ကြံဖို့ ဆုံးမတော်မူလေ့ရှိ၏။ တခါက သာဝကကြီးတစ်ပါးသည် လက်ဆောင်ပစ္စည်းဆက်သရန် တမန်တော်မြတ်ထံပါးသို့ စလာမ်ဆိုခြင်း၊ ခွင့်တောင်းခြင်းမပြုဘဲ ဝင်ရောက်လာခဲ့၏။ တမန်တော်မြတ်က ထိုသူအား အပြင်သို့ပြန်ထွက်ပါ။ အတ်စ္စလာမို့အလိုင်းကွမ်းလို့ ဆိုပါ။ ကျွန်တော့်ကို ဝင်ခွင့်ပြုပါ လို့ ဆိုရမည် .... ဟု မိန့်ကြားတော်မူခဲ့သည်။

စင်စစ် လူတို့နှင့် ဆက်ဆံရေးကောင်းမွန်ခြင်း၏ အဓိက သော့ချက်မှာ လူအချင်းချင်း ဆက်ဆံရာတွင် သူတပါးအား ထိခိုက်မှုမရှိစေရန် ဖြစ်သည်။ ဤအချက်ကို ရည်ညွှန်းလျက် တမန်တော်မြတ်က အောက်ပါအတိုင်း မိန့်ကြားတော်မူခဲ့သည်။

... စစ်မှန်သော မွတ်စ်လင်မ်၏ နှုတ်လျှာ (အပြောအဆို) နှင့် လက် (လုပ်ဆောင်ချက်) သည် မွတ်စ်လင်မ်များအတွက် (အန္တရာယ်မဖြစ်စေရန်) လုံခြုံမှုရှိစေသည်။ ...
သူတပါးအား ပစ္စည်းဥစ္စာဖြင့်ဖြစ်စေ၊ လုပ်အားဖြင့်ဖြစ်စေ ကူညီပံ့ပိုးခြင်းသည် အမြင်အားဖြင့် ကောင်းမြတ်သော လူမှုဆက်ဆံရေးဟု ဆိုနိုင်သည်။ သို့ရာတွင် လက်တွေ့အားဖြင့် ကူညီခြင်းခံရသူ၊ ပြုစုစောင့်ရှောက်ခြင်းခံရသူက မနှစ်သက်ခဲ့လျှင် ကူညီရာမရောက်ဘဲ ဒုက္ခပေးခြင်း၊ စိတ်ဆင်းရဲအောင်ပြုခြင်းသာ ဖြစ်သဖြင့် ကောင်းမြတ်သော ဆက်ဆံရေးဟု မဆိုနိုင်ချေ။ ကောင်းမြတ်သည့် လူမှုဆက်ဆံရေးတွင် သူတပါး၏ စိတ်ချမ်းသာမှု ပေးနိုင်ခြင်းသည် အဓိကကျသောကြောင့် ဖြစ်ပေသည်။ အနှစ်မပါ အကာသက်သက်ဆိုလျှင် အဖိုးမတန်ပေ။

အစ္စလာမ်ဘာသာရေးကဏ္ဍကြီး ငါးခုအနက် လူမှုဆက်ဆံရေးကဏ္ဍမှာ ယုံကြည်မှုဆိုင်ရာကဏ္ဍနှင့် ခဝပ်ကိုးကွယ်မှုဆိုင်ရာ ကဏ္ဍတို့ထက် အဆင့်နိမ့်သည့်သဘောရှိသည်။ သို့ရာတွင် ယုံကြည်မှုနှင့် ခဝပ်ကိုးကွယ်မှုအပိုင်းတို့၌ အားနည်းမှုရှိခဲ့ပါက မိမိတစ်ဦးတည်းသာ နစ်နာ ဆုံးရှုံးမည်ဖြစ်သည်။ လူမှုဆက်ဆံရေးအပိုင်းတွင် ချွတ်ချော် လွဲမှားခဲ့ပါက အခြားသူတို့ကိုပါ ထိခိုက်နစ်နာစေမည်ဖြစ်သည်။ မိမိတစ်ဦးတည်း နစ်နာဆုံးရှုံးခြင်းထက် အခြားသူများနစ်နာဆုံးရှုံးခြင်းက ပို၍ ဆိုးရွားသည်။ ကုရ်အာန်ကျမ်းမြတ်တွင် အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ ... အကြင်သူတို့သည် ငါ (အလ္လာဟ်အရှင်မြတ်)၏ ကျေးကျွန်များဖြစ်ကြသည်။ ၎င်းတို့သည် မြေပြင်ပေါ်တွင် ဦးညွှတ်လမ်းလျှောက်ကြပြီး ပညာမဲ့သူတို့က စကားဆိုလာကြသည့် အခါတွင် (၎င်းတို့နှင့် ငြင်းခုံရမည်၊ စကားများရမည်ကို စိုးရိမ်ကြောင့်ကြ၍) ၎င်းတို့အား စလာမ်ပို့သကာ ဝေးဝေးမှ ရှောင်ရှားတတ်ကြ၏... (ကုရ်အာန် ၂၅း၆၃) ။ ဤတွင် အလ္လာဟ်အရှင်မြတ်က ကောင်းမြတ်သည့် အကျင့်ပြုကျင့်သူများအဖြစ် စွလာသ်ဝတ်ပြုသူများ၊ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သူများ၊ သမာသမတ်နည်းဖြင့် ငွေကြေးသုံးစွဲသူများထက်အလျင် ဆက်ဆံရေးကောင်းမွန်သူကို ဦးစားပေး ဖော်ပြခဲ့သည်။ လူမှုဆက်ဆံရေးဆိုင်ရာ ကဏ္ဍသည် ခဝပ်ကိုးကွယ်ခြင်းဆိုင်ရာ ဖွရ်သ် ကိစ္စအချို့ထက် အရေးပါပြီး၊ ခဝပ်ကိုးကွယ်မှုဆိုင်ရာ နဖ်လ် ကိစ္စများထက် သာလွန်အရေးကြီးပေသည်။

တမန်တော်မြတ်အား အမျိုးသမီးနှစ်ဦး အကြောင်းကို တင်ပြခဲ့ကြ၏။ အမျိုးသမီးတစ်ဦးသည် စွလာသ်ဝတ်ပြုခြင်း၊ ရိုဇဟ် (ဥပုသ်) စောင့်ခြင်း၊ ဇိက်ရ် (အလ္လာဟ်အရှင်မြတ်အား သတိရ) တသခြင်းတို့ကို များစွာ ပြုလုပ်ခဲ့သော်လည်း အိမ်နီးချင်းများအား ဒုက္ခပေးလေ့ရှိကြောင်း ၊ အခြားတစ်ဦးသည် စွလာသ်ဝတ်ပြုခြင်း၊ ရိုဇဟ် စောင့်ထိန်းခြင်းတို့ကို များစွာ မပြုလုပ်သော်လည်း အိမ်နီးချင်းများအား ဒုက္ခပေးလေ့မရှိကြောင်း လျှောက်ထားကြ၏။ တမန်တော်မြတ်က ပထမအမျိုးသမီးသည် ဂျဟန္နမ် ငရဲသို့ ဝင်ရောက်ရမည့်သူဖြစ်ပြီး၊ ဒုတိယ အမျိုးသမီးမှာ ဂျန္နသ် သုခဥယျာဉ် သို့ဝင်ရောက်ရမည့်သူဖြစ်သည် ဟု မိန့်တော်မူလေသည်။

အထက်ပါ အကြောင်းအရာတို့ကို ထောက်ရှုခြင်းအားဖြင့် လူမှုဆက်ဆံရေးဆိုင်ရာ ကဏ္ဍ၏ အရေးပါမှုကို သိသာပေသည်။ ကာလအတန်ကြာကပင် လူတို့အတွက် အထူးလိုအပ်နေသည့် လူမှုဆက်ဆံရေးဆိုင်ရာ စည်းစနစ်များကို ရေးသားထုတ်ဝေရန် ဆန္ဒရှိခဲ့သည်။ ယခုအခါတွင် အလ္လာဟ်အရှင်မြတ် သဘောတူတော်မူသည့်အတွက် ဤစာအုပ်ကို ရေးသားဖြစ်တော့သည်။ လူကြီးလူငယ်မရွေး လေ့လာဖတ်ရှုပြီး လိုက်နာကျင့်ကြံပါက အလ္လာဟ်အရှင်မြတ်အလိုတော်ဖြင့် ဤလောက၌ပင် ဂျန္နသ်သုခဥယျာဉ်၏ ထူးကဲလှသော အရသာများကို လက်တွေ့ခံစားကြရမည်ဖြစ်ပေသည်။

၁၁/ ရဂျဗ်/ ယောင်မွလ်ဂျမုအဟ်/ ဟစ်ဂ်ျရီ ၁၄၃၆
(မုဖ်သီနူးရ်မိုဟမ္မဒ် ဆွာဟိဗ် ဘာသာပြန်သော အစ္စလာမ်နှင့် လူမှုဆက်ဆံရေး စာအုပ်မှ ကူးယူတင်ဆက်သည်။ အထက်ပါ အကြောင်းအရာများကို ကူးယူသူများအနေဖြင့် အကြောင်းအရာ အစမှ အဆုံးအထိ ကူးယူပြီး အလ်မုဖီးဒ်မှ ကူးယူကြောင်း ထည့်သွင်း ဖော်ပြပါ။ မူလ စာရေးသူနှင့် ဘာသာပြန်ဆိုသူတို့ကိုပါ ပူးတွဲ ဖော်ပြပါ။)