Saturday, April 11, 2015

အဆိုးဝါးဆုံးနှင့် အကျိုးမဲ့ပညာ


၁။ တမန်တော်မြတ်မိန့်တော်မူသည်မှာ အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်နေ့တွင် ပထမဦးစွာ စစ်ကြောမေးမြန်းရန်အတွက် လူတန်းစားသုံးမျိုးကို မိမိရှေ့တော်မှောက်သို့ သွင်းစေတော်မူမည်။

ပထမ ရှဟီဒီကို ခေါ်ယူ၍ အို ... လူသား ငါအရှင်သည် အသင့်အား စည်းစိမ်အချို့ကို ပေးတော်မူခဲ့၏။ အချို့သော စည်းစိမ်တို့ဖြင့် အသင့်အားတင့်တယ်စေခဲ့သည်မှာ မှန်ပါ၏လော ဟု မေးမြန်းတော်မူမည်။ ရှဟီဒီသည် ချီးမြှင့်ခံခဲ့ရသော စည်းစိမ်ဥစ္စာပစ္စည်းအားလုံးကို တစ်ခုမကျန် မိမိမျက်မှောက် မြင်တွေ့နေရဘိအလား သတိရလာမည်။ အလ္လာဟ်အရှင်မြတ်က အို လူသား ထိုသို့ချီးမြှင့်ခဲ့သော စည်းစိမ်တော်များကို အသင်မည်သို့ အသုံးပြုခဲ့ပါသနည်းဟု စစ်မေးတော်မူမည်။
ရှဟီဒီက အို အရှင် ကျွန်တော်မျိုးသည် အရှင့်ကလေမဟ် ဂုဏ်တော်များကို နှံ့စပ်ကျယ်ပြန့်သွားစေရန် ကာဖိရ်များနှင့် ဂျိဟာဒ်သာသနာ့စစ်ပွဲဆင်နွှဲခဲ့ပါသည်။ ထိုသို့ဆင်နွှဲရင်း ကျဆုံးခဲ့ရပါသည်။ ဟု လျှောက်တင်လိမ့်မည်။
အလ္လာဟ်အရှင်မြတ်က အို လူသား အသင်မုသားဆို၏။ အသင်စစ်ပွဲဆင်နွှဲခဲ့သည်မှာ ငါအရှင့်အတွက် စစ်တိုက်ခဲ့ခြင်းမဟုတ်။ သူတစ်ပါးတို့၏ နှုတ်ဖျားမှ ဤသူသည် အလွန်သတ္တိကောင်းသည်။ အာဇာနည်သူရဲကောင်းကြီးတစ်ဦးဖြစ်သည်ဟူသော ကျော်စောအမွှန်းတင်ခံယူလိုသည့်ဆန္ဒဖြင့် စစ်တိုက်ခဲ့ခြင်းမျှသာဖြစ်သည်။ အသင့်ဆန္ဒအတိုင်း လူတို့က အသင့်အား ချီးမွှမ်းခဲ့ပေပြီ။ သို့ဖြစ်ရာ အသင့်၏ဆန္ဒလည်း ပြည့်ဝခဲ့ပြီဖြစ်သည်။ အို ဖရိရှ်သာအပေါင်းတို့ ဤအယောင်ဆောင်ရှဟီဒီကို ဝမ်းလျားမှောက်ဒရွတ်တိုက်ဆွဲ၍ ဂျဟန္နမ်ငရဲဘုံသို့ သွတ်သွင်းကြလော့ဟု မိန့်တော်မူမည်ဖြစ်သည်။
ဒုတိယ -- ပညာသင်ယူပို့ချခဲ့သော အာလင်မ်တစ်ပါးကို ရှေ့တော်သွင်း၍ စစ်မေးတော်မူမည်။ အို လူသား ငါအရှင်သည် လောက၌ အသင့်အား အချို့သောစည်းစိမ်ဥစ္စာများနှင့် အိလင်မ်အသိပညာများကို ပေးသနားတော်မူခဲ့၏။ ၎င်းတို့ကို မည်သည့်နေရာတွင် အသုံးချခဲ့ပါသနည်း ဟု မေးတော်မူမည်။ ထိုအာလင်မ်က ချီးမြှင့်ရရှိခဲ့သော စည်းစိမ်ဥစ္စာများနှင့် အိလင်မ်အသိပညာတို့ကို သတိရလာပြီး အို အရှင် ကျွန်တော်မျိုးသည် အရှင့်အတွက်ရည်စူး၍ သာသနာ့ပညာရပ်များကို ဆည်းပူးခဲ့ပါသည်။ အရှင်နှစ်လို့ဖွယ်ဖြစ်ရန် လူသားများကို တဆင့်ပို့ချပေးခဲ့ပါသည်။ အရှင်သဘောတူလက်ခံတော်မူရန် ကျမ်းမြတ်ကုရ်အာန်ကိုလည်း ရွတ်ဖတ်သရဇ္ဇယ်ခဲ့ပါသည်။ ဟု လျှောက်တင်ပေမည်။
အလ္လာဟ်အရှင်မြတ်က အို လူသား အသင်မုသားဆို၏။ အသင်ပညာသင်ယူခဲ့သည်မှာ မှန်သော်လည်း ငါအရှင့်အတွက် ဆည်းပူးခဲ့ခြင်းမဟုတ်။ လူအများက အသင့်အား ကုရ်အာန်အဖတ်ကောင်းသူ အသံကောင်းထုတ်၍ ဟစ်ဆိုတတ်သူဟု ထင်ပေါ်ကျော်ကြား အမွှန်းတင် ခံယူလိုသောဆန္ဒဖြင့် သင်ယူခဲ့ခြင်းသာ ဖြစ်သည်။ အို ဖရိရှ်သာတို့ ဤပြစားကျော်ကြားလိုသော အယောင်ဆောင်အာလင်မ်ကို တုပ်နှောင်၍ သေးသိမ်သူအဖြစ်နှင့် ဝမ်းလျားမှောက် ဒရွတ်ဆွဲလျက် ဂျဟန္နမ်ငရဲဘုံသို့ သွတ်သွင်းလိုက်လော့ ဟု မိန့်တော်မူမည်ဖြစ်သည်။
တတိယ -- လောက၌ အလ္လာဟ်အရှင်မြတ်က ပစ္စည်းဥစ္စာများ ချမ်းသာစေခဲ့သော သူကြွယ်တစ်ဦးကို ရှေ့တော်မှောက်သွင်းစေမည်။ အို လူသား ငါအရှင်မြတ်သည် အသင့်အား စည်းစိမ်များပေးတော်မူခဲ့၏။ ၎င်းပြင် အသင်နေထိုင်ရန် အိမ်ယာတိုက်တာနှင့် သွားလာရန်အစီးအနင်းများ သုံးစွဲရန်အမွေပစ္စည်းများကိုလည်း ပိုင်ဆိုင်စေခဲ့၏။ ၎င်းတို့ကို အဘယ်နေရာတွင် သုံးစွဲခဲ့ပါသနည်းဟု မေးတော်မူမည်။
သူကြွယ်သည် ထိုအချင်းအရာအားလုံးကို သတိရလာပြီး မှန်ကန်ကြောင်းဝန်ခံလျှက် ၎င်းတို့ကို အလ္လာဟ်အရှင်မြတ်အတွက် ရည်စူး၍ ဗလီဝတ်ကျောင်းတော်များနှင့် အစ္စလာမ်ဘာသာရေးကျောင်းဆောင်ကြီးများ ဆောက်လုပ်လှူဒါန်းခဲ့ပါသည။ သာသနာ့ပညာရှင်များကိုလည်း ဖေးမကူညီခဲ့ပါသည်ဟု လျှောက်တင်လိမ့်မည်။
အလ္လာဟ်အရှင်မြတ်က အို လူသား၊ အသင် မုသားဆို၏။ အသင်သည် လူအများက အလွန်ချမ်းသာသူ သာသနာ့ရေးရာများတွင် အလွန်ရက်ရောသူဖြစ်သည်ဟု ကျော်ကြားမော်ကြွားလိုသော ဆန္ဒဖြင့် သုံးစွဲခဲ့ခြင်းသာ ဖြစ်သည်။ သင့်ဆန္ဒကား လောကတွင် ပြည့်ဝခဲ့လေပြီ။ အို ဖရိရှ်သဟ်အပေါင်းတို့ ဤသူအား ဝမ်းလျားမှောက် ဒရွတ်ဆွဲ၍ ဂျဟန္နမ်ထဲသို့ ပစ်ချလိုက်လော့ဟု မိန့်တော်မူမည် ဖြစ်သည်။ (မုစ်လင်မ်ကျမ်း)
၂။ တမန်တော်မြတ် မိန့်တော်မူခဲ့သည်။ ကျွန်ုပ်၏အုမ္မသ်သားများတွင် များစွာသောသူတို့သည် သာသနာ့ပညာကို ဆည်းပူးကြလိမ့်မည်။ ကျမ်းမြတ်ကုရ်အာန်ကိုလည်း သင်ယူကြလိမ့်မည်။ ၎င်းတို့က ပြောမည်။ ကျွန်ုပ်တို့သည် လောကီစည်းစိမ်သားတို့ထံ သွားရောက်၍ ၎င်းတို့ထံမှ လိုအပ်သည်ခန့် ပစ္စည်းဥစ္စာများရယူပြီး သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ကြမည်။ သို့ရာတွင် ထိုစည်းစိမ်ရှင်တို့၏ သြဇာလွှမ်းမိုးခြင်းကို ကျွန်ုပ်တို့လုံးဝလက်ခံကြမည်မဟုတ်ဟူ၍ ပြောဆိုကြပေအံ့။
တမန်တော်မြတ်သည် ဤဖြစ်လတ္တံသော တရားတော်ကို ဟောကြားပြီးနောက် ဆက်လက်၍ မိန့်တော်မူသည်မှာ ထိုသူများသည် လောကီစည်းစိမ်တွင် နစ်မွန်းနေသောသူတို့ထံ သွားရောက်၍ မိမိသာသနာကို ကာကွယ်စောင့်ရှောက်ကြမည်မှာ ဖြစ်နိုင်ဖွယ်မရှိချေ။ အကြောင်းကား ဆူးပင်မှ ဆူးသာရရှိနိုင်၏။ လောကီသားများတွင်လည်း ညစ်ညမ်းသောလမ်းစဉ်မှအပ မည်သည့်ကောင်းကျိုးကိုမျှ ရနိုင်မည်မဟုတ်ပေ။ (မိရှ်ကားသ်ကျမ်း)

မုဟမ္မဒ်ဗင်န်စလ်မာန်(ရသွီ)သခင်က ဖွင့်ဆိုသည်မှာ တရားမဲ့သောသူကြွယ်များ၏ တံခါးဝတွင်ရပ်၍ အကူအညီတောင်းခံသူထက် မစင်ပုံတွင်နားသောယင်က ပို၍မြတ်လေသည်။ အကြောင်းကား ကျွန်ုပ်၏ဖခင်က ကျွန်ုပ်အား အသင်အာလင်မ်ဖြစ်ရန် ငါမလိုလားပါ။ အသင်အာလင်မ်ဖြစ်ခဲ့သော် တရားမဲ့သော သူဌေးသူကြွယ်များ၏ တံခါးတွင်သွားရောက်၍ရပ်မည်ကို ငါစိုးရိမ်ပူပင်မိသည်ဟု ပြောဆိုဆုံးမခဲ့ပေသည်။
၃။ အဗ်ဒုလ္လာဟ်ဗင်န်မတ်စ်အူးဒ်(ရသွီ)သခင်က မိန့်ဆိုခဲ့သည်။ အကယ်၍ ပညာရှင်သည် မိမိတတ်မြောက်ထားသောပညာကို ထိန်းသိမ်းပြီး သာသနာ့ပညာ၏အဖိုးအနဂ္ဃ(တန်းဖိုးအဆင့်အတန်း)ကို သိရှိသူတို့အား သင်ကြားပို့ချပေးလျှင် ဧကန်အမှန် ထိုသူသည် တစ်ချိန်တွင် စစ်မှန်သောသာသနာ့ခေါင်းဆောင်ဖြစ်လာမည်။ သို့တစေ ယခုခေတ် မော်လဝီမော်လာနာအချို့တို့သည် မိမိတတ်မြောက်ထားသော ပညာရပ်တို့ကို လောကီသားတို့အလိုကျ လိုက်လျောနေကြသဖြင့် ၎င်းတို့၏အသုံးချခြင်းကို ခံနေကြရလေပြီ။ ယင်းအာလင်မ်တို့သည် ၎င်းတို့ရှေ့မှောက်တွင် အမှန်တရားကိုဖုံးကွယ်၍ မိမိတို့အလိုပြည့်ဝရေးအတွက် ၎င်းတို့အားဖက်တွယ်ပူးကပ် ဖော်လံဖားနှုတ်ချိုသွေးနေကြသူများ ဖြစ်ကြပေသည်။
လောကီသားတို့၏ ဆွဲဆောင်ချက်နှင့် ၎င်းတို့၏လေကြောပေါ်ဝယ် ခေါင်းတညိတ်ညိတ်ဖြင့် မျောပါနေကြသည်။ ဤသူတို့၏နောက်ဆုံးရလဒ်ကား ဂုဏ်သိက္ခာမဲ့သူအဖြစ်နှင့် လူထု၏စိတ်တွင် သေးသိမ်ယုတ်ညံ့သူအဖြစ် အသိအမှတ်ပြုခြင်းကိုသာ ခံကြရမည်ဖြစ်သည်။
၎င်းပြင် တမန်တော်မြတ်ထံမှ ကျွန်ုပ်ကိုယ်တိုင်ကြားနာခဲ့ရ၏။ အကြင်သူသည် မိမိ၏အကျိုးနှင့် မက်လုံးဟူသမျှကို စွန့်လွှတ်၍ တစ်ခုတည်းသော အာခိရသ်တမလွန်ရေးရာလမ်းစဉ်နောက်သို့ ကြိုပမ်းမည်ဆိုပါက ထိုသူ၏လောကီရေးရာဟူသမျှတို့ကို အလ္လာဟ်အရှင်မြတ်က မိမိကရုဏာတော်ဖြင့် ကိုယ်တိုင်ဖြည့်စွမ်းပေးတော်မူမည်။ အကြင်သူသည် လောကီရေးတွင် ကြိုးပမ်းမည်ရှိသော် အလ္လာဟ်အရှင်မြတ်သည် လောက၏ မည်သည့်ထောင်ချောက်မျိုးတွင်မဆို ထိုသူကျရောက်ဆုံးရှုံးသွားပါက ဂရုဏာထားတော်မူမည်မဟုတ်ပေ။ (အိဗ်နုမာဂျဟ်ကျမ်း၊ ဗိုင်ဟကီကျမ်း)
၎။ တမန်တော်မြတ်မိန့်တော်မူခဲ့သည်။ ပညာ၏ ဒုက္ခဟူသည် မေ့လျော့ခြင်းပင် ဖြစ်၏။ ၎င်းပြင် တရားတော်ကို လိုက်နာကျင့်သုံးမှုမရှိသောသူတို့၏ ရှေ့တွင် တရားစာပေဟောပြောခြင်းသည် ပညာကို တိမ်ကောစေ၏။ (ဒါရိမီကျမ်း)
၅။ အဟ်ဝါစ်ဗင်န်ဟကမ်(ရသွီ)သခင်က မိမိဖခင်ထံမှတစ်ဆင့် ကြားသိခဲ့ရသော မိန့်ခွန်းတော်ကို ထုတ်ဖော်ပြောဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်ထံခစား၍ အဆိုးဟူသည် မည်သို့ပါနည်းဟု လျှောက်ထားလေ၏။ တမန်တော်မြတ်က အသင်တို့ အဆိုးနှင့်စပ်လျဉ်း၍ မေးမြန်းခြင်းမပြုကြကုန်နှင့်။ အကောင်းကိုသာ မေးမြန်းကြကုန်ဟု မိန့်တော်မူလေသည်။
ထိုစကားကို သုံးကြိမ်မိန့်တော်မူပြီးနောက် တမန်တော်မြတ်က အသင်တို့နားဆင်ကြကုန်လော့။ ဆိုးယုတ်ခြင်းတွင် အဆိုးဝါးဆုံးသောသူများသည် အာလင်မ်ဆိုးများသာ ဖြစ်၏။ ကောင်းခြင်းတွင် အကောင်းဆုံးသောသူများသည် တရားစောင့်စည်းကြသော အာလင်မ်များသာ ဖြစ်ကြကုန်၏။
အကြောင်းကား အာလင်မ်များ၏ ကောင်းမှု၊ မကောင်းမှုတို့သည် လူထုသို့ကူးစက်ပျံနှံကာ ထင်ဟပ်သွားမည်ဖြစ်၏။ တရားတော်ကို စောင့်စည်းသော အာလင်မ်ကောင်းများ ဖြစ်ခဲ့သော် လူတို့သည် အသွင်ပြောင်း၍ အစဉ်ကောင်းလာနိုင်၏။ အကယ်၍ တရားမဲ့ယုတ်ညံ့သော အာလင်မ်ဆိုးများ ဖြစ်ပါမူ လူတို့သည်လည်း အဆိုးနယ်တွင် အဆိုးများသာထင်ဟပ်၍ ပိုမိုဆိုးဝါးသွားနိုင်သည်ဟု မိန့်တော်မူခဲ့ပေသည်။ (ဒါရိမီကျမ်း)
၆။ တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်တော်မူသည်မှာ အို.... လူအပေါင်းတို့ သောကချောက်တွင်းမှ ကင်းဝေးရန် ဆုပန်ကြကုန်။ ဆွဟာဗဟ်သခင်များက သောကချောက်တွင်းဟူသည် မည်သို့ပါနည်းဟု မေးလျှောက်ကြ၏။ ကိုယ်တော်က ၎င်းသည် ဂျဟန္နမ်ငရဲဘုံမှ အလွန်ကြောက်မက်ဖွယ်ကောင်းသော ဌာနတစ်ခုပင်ဖြစ်သည်။ ထိုဌာနရှိငရဲဘုံကပင် ၎င်းနှင့်ကင်းဝေးရန် နေ့စဉ်အကြိမ်ပေါင်း (၄ဝဝ)တိတိ ဆုပန်နေသည်ဟု မိန့်တော်မူခဲ့လေသည်။
ဆွဟာဗဟ်သခင်များက အို ... တမန်တော် ထိုဌာနသို့ မည်သူများဝင်ရောက်ကြရပါမည်နည်းဟု မေးလျှောက်ကြပြန်၏။ ကိုယ်တော်က ထိုဌာနသည် ကျမ်းမြတ်ကုရ်အာန်ကို အသံကောင်းဟစ်ကြွေး၍ တစ်ပါးသူအား နားဝင်ချို သာယာစေလိုသူတို့အတွက် ဖြစ်သည်ဟု မိန့်တော်မူခဲ့လေသည်။ (သိရ်မီဇီ)
အိဗ်နုမာဂျဟ်ကျမ်းတွင်လည်း ဤသို့လာရှိထား၏။ အလ္လာဟ်အရှင်မြတ်ရှေ့တော်ဝယ် အရှင့်အမျက်တော်စူးရှခြင်း အခံရဆုံးသောသူ နှစ်လို့ဖွယ်အမဲ့ဆုံးသောသူကား တရားမဲ့သူကြွယ်များ၏ တံခါးသို့သွားရောက်၍ ၎င်းတို့အား ဖက်လဲတစ်ကင်းပြုသော ကာရီများပင်ဖြစ်ကြောင်း ပြဆိုထားပေသည်။
၇။ ဟဇရသ်အလီ(ရသွီ)သခင်က တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်၏ မိန့်ခွန်းတော်ကို တင်ပြခဲ့သည်။ မကြာမှီ လူသားများအပေါ် ခေတ်တခေတ်ကျရောက်လာလိမ့်မည်။ ထိုခေတ်တွင် အစ္စလာမ်သာသနာသည် အမည်မျှသာ ကျန်ရှိလတ္တံ။ ကုရ်အာန်ကို အာဂုံဆောင်ထားသူ ဟာဖိဇ်များသည် ပလူကောင်များနှယ် များပြားစွာရှိကြမည်ဖြစ်သော်လည်း ကျမ်းမြတ်ကုရ်အာန်၏ အနက်အဓိပ္ပာယ် အလိုသဘောများကို လိုက်စားခြင်း(ရှာဖွေဆည်းပူးခြင်း)နှင့် ကိုယ်ကျင့်တရားစောင့်စည်းခြင်းတို့ကား ရှိကြမည်မဟုတ်ပေ။ အစ္စလာမ်ဦးရေမှာလည်း တိုးပွားများပြားလာလတ္တံ။ သို့ရာတွင် ၎င်းတို့၏ နေထိုင်သွားလာ ဝတ်စားဆင်ယဉ်မှုများသည် အစ္စလာမ်ယဉ်ကျေးမှုနှင့် မိုင်ပေါင်းများစွာ ဝေးကွာခြားနားနေလတ္တံ။
၎င်းတို့၏ ဗလီဝတ်ကျောင်းတော်များမှာ အလွန်တရာခမ်းနားသိုက်မြိုက်မည်ဖြစ်ပြီး ဟိဒါယသ်တရားလမ်းစဉ်များ ကင်းမဲ့နေလတ္တံ။ ကမ္ဘာတစ်ဝန်းလုံး၌ အဆိုးသွမ်းဆုံးသောသူများမှာ အိုလမာသာသနာ့ပညာရှင်များသာ ဖြစ်ကြလတ္တံ။ ဤအိုလမာဆိုးများကြောင့် ရှုပ်ထွေးမှုရန်မီးများ ဖြစ်ပေါ်နေလတ္တံ။ (သဘောမှာ) အာလင်မ်ဆိုးများသည် တရားမဲ့သော ပြည့်ရှင်ဘုရင်များ၊ ဗြူရိုကရက်အစိုးရများကို ကူညီကြမည်ဖြစ်သည်။ နောက်ဆုံးတွင် ၎င်းရန်မီးများသည် ထိုအာလင်မ်များဘက်သို့ပင် ပြန်လှည့်သွားကြမည်သာ ဖြစ်လတ္တံ။ ထိုတရားမဲ့ဘုရင်ဆိုးများ တရားမဲ့အစိုးရတို့သည် ထိုအာလင်မ်ဆိုးများအပေါ် သြဇာလွှမ်းမိုးပြီး ၎င်းတို့ကို ရုပ်သေးရုပ်များပြုလုပ်ကာ နည်းမျိုးစုံဖြင့် ဒုက္ခပေးကြမည်ဟု မိန့်ဆိုခဲ့လေသည်။ (ဗိုင်ဟကီကျမ်း)
၈။ ဇိယာဒ်ဗင်န်လဗိဒ်(ရသွီ)သခင်က ဖွင့်ဆိုခဲ့သည်။ တနေ့တွင် တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် ဖြစ်ပေါ်လတ္တံသော ရှုပ်ထွေးမှုအန္တရာယ် အရေးအခင်းအချို့ကို မိန့်တော်မူခဲ့၏။ လူသားတို့ထံမှ သာသနာ့ပညာရှင်များ ကွယ်ပျောက်သွားချိန်တွင် ယင်းလူသားတို့အပေါ် အဘက်ဘက်မှ ဒုက္ခသုခများ ကျရောက်လာမည်ဖြစ်လတ္တံ။
ဤသို့သော မိန့်ဆိုချက်အပေါ် ကျွန်ုပ်သည် တအံသြဖြစ်၍ အို ...... ကိုယ်တော် သာသနာ့ပညာသည် မည်သို့ကွယ်ပျောက်နိုင်ပါမည်နည်း။ ကျွန်ုပ်သည်ပင် ကုရ်အာန်ကျမ်းမြတ်ကို သင်ယူပြီး မိမိ၏သားသမီးများကို ဆင့်ပြန်သင်ကြားလျက်ရှိပါသည်။ ထိုသားသမီးတို့ကလည်း ၎င်းတို့၏ရင်သွေးများကို ဆင့်ပြန်ပို့ချမည်သာဖြစ်သည်။ ဤနည်းဖြင့် ကိယာမသ်နေ့တိုင်ရှိနေမည်ဖြစ်ရာ ကျွန်တော်မျိုးတို့ထံမှ ပညာသည် မည်သို့ကွယ်ပျောက်သွားအံနည်းဟု လျှောက်တင်ခဲ့လေသည်။
ကိုယ်တော်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က အို ဇိယာဒ်၊ ငါသည် ယခင်က အသင့်အား မဒီနာသားတို့တွင် အတော်ဆုံး အသိအကြွယ်ဆုံးဟု မှတ်ယူမိသည်။ ယခုသော် အသင်ကား မည်သို့လျှောက်တင်ဘိသနည်း။ ရဟူဒီ၊ နစွရာနီလူမျိုးတို့သည် သောင်ရာသ်ကျမ်း၊ အင်န်ဂျီလ်ကျမ်းများကို မဖတ်ခဲ့ကြသလော။ အမှန်ပင် ၎င်းတို့သည် ထိုကျမ်းစာများကို ဖတ်ခဲ့ကြ၏။ သို့ရာတွင် ၎င်းကျမ်းပါပညတ်ချက်များအပေါ် လိုက်နာခြင်းမရှိခဲ့ကြပေ။ (သိရ်မီဇီ)
ဤသို့ပင် ကျမ်းမြတ်ကုရ်အာန်ကိုလည်း အနက်အဓိပ္ပါယ်နှင့်တကွ ဖတ်ရှုနားလည်းခြင်း၊ ကျင့်သုံးလိုက်နာခြင်းမရှိကြလျှင် ဟာဖိဇ် ကျမ်းမြတ်ကုရ်အာန်ကို ကျေညက်အောင် သင်ယူတတ်မြောက်ရုံမျှဖြင့် သာသနာ့ပညာသည် အဓွန့်ရှည်နိုင်မည် မဟုတ်ပေ။
၉။ တမန်တော်မြတ်မိန့်တော်မူခဲ့သည်။ သာသနာ့ပညာကို သင်ယူတတ်မြောက်ပြီး ၎င်းအပေါ်လိုက်နာကျင့်သုံးမှုမရှိပါက ၎င်းပညာသည် အလ္လာဟ်အရှင်မြတ်အတွက် သုံးစွဲခြင်းမပြုသော ပစ္စည်းဥစ္စာနှင့် တူ၏။ (မုစ်နဒ်အဟ်မဒ်ကျမ်း၊ ဒါရိမီကျမ်း)
၁ဝ။ ဟဇရသ်အုမရ်သခင်က သာသနာ့ပညာရှင်သည် မည်သူဖြစ်သနည်းဟု ကအဗ်ဗင်န်အဟ်ဗရ်သခင်အား မေးမြန်းခဲ့၏။ သခင်က မိမိတတ်မြောက်နားလည်ထားသော သာသနာ့ပညာရပ်နှင့်အညီ ကျင့်သုံးနေထိုင်သူတို့ပင် ဖြစ်သည်ဟု ဖြေကြားတော်မူခဲ့လေသည်။ တစ်ဖန် အုမရ်သခင်က အိုလမာများ၏စိတ်တွင်းမှ ပညာ၏ရောင်ခြည်သည် မည်သည့်အရာကိုဖယ်ရှားပေးတော်မူပါသနည်းဟု မေးမြန်းခဲ့၏။ ကအဗ်ဗင်န်အဟ်ဗရ်သခင်က လောကီရမ္မက်လောဘကို ထုတ်ပစ်ဖယ်ရှားတော်မူပေသည်ဟု ဖြေကြားပေးခဲ့လေသည်။
(မော်လာနာကမ္မရွဒ်ဒီးန် ဦးသန်းမောင်(ဂျာမိအီ) ဘာသာပြန်ထားသည့် "အစ္စလာမ့်ပညာရေး" စာအုပ်ပါ အကြောင်းအရာကို အလ်မုဖီးဒ်က ပြန်လည်တင်ဆက်သည်။)

*** သတိပေးချက် အထက်ပါအကြောင်းအရာကို ကူးယူလျှင် စာသားအပြည့်အစုံ မူရင်းကျမ်းရှင် ဘာသာပြန်သူနှင့် အလ်မုဖီးဒ်၏ Link ကိုပါ ထည့်သွင်းကူးယူပါ။ မိမိလိုသလောက်ကူးယူးပြီး ကိုယ်ပိုင်နာမည်တပ်နေသူများကို တွေ့ရှိရပါသည်။ ထိုသူတို့သည် မိမိမလုပ်သည်ကို လုပ်သယောင်ဆောင်ထားသဖြင့် လိမ်လည် မုသားဆိုသူပင်ဖြစ်၏။***