Saturday, April 11, 2015

ပညာရှာဖွေသော လူတန်းစား (၄) မျိုး


(၁) ပညာရှာဖွေစဉ် လောက၏ဥစ္စာပစ္စည်းကို လိုသည်ထက်ပို၍ စုဆောင်းခြင်းမပြုသောဆင်းရဲသားနှင့် သာသနာ့ပညာရှာဖွေစဉ် ပညာကိုသင်ယူ၍ ဥစ္စာပစ္စည်းတို့ကိုလည်း နည်းများမဆို တစ်နည်းတစ်ဖုံဖြင့် စုဆောင်းခြင်းပြုသောဆင်းရဲသား၊ ဤဆင်းရဲသားတို့ ဆည်းပူးရယူထားသောပညာသည် ဥစ္စာပစ္စည်းကို စောင့်ထိန်းရန် အကြောင်းခံတစ်ခုပင်ဖြစ်၏။ ထိုပညာကြောင့် လောကတွင်ဂုဏ်ကျက်သရေ စံတင်လောက်သော အရည်အသွေးတစ်ခုရရှိသည်သာမက အာခိရသ်တမလွန်အခါ၌လည်း မိမိအတွက် အကျိုးထူးခံစားရမည်ဖြစ်သည်။
(၂) ရိက္ခာအသင့်အတင့်ပင် ဖူလုံခြင်းမရှိသော်လည်း ရှိသမျှနှင့် ရောင့်ရဲတင်းတိမ်စွာနေထိုင်ပြီး သာသနာ့ပညာရှာဖွေသောဆင်းရဲသား၊ ၎င်းသည် မုစ်လင်မ်တို့စောင့်စည်းအပ်သော ရောင့်ရဲတင်းတိမ်ခြင်း၏ အကျိုးအမြတ်ကို သိရှိနားလည်ပြီး မိမိသည်ဓနကြွယ်ဝသူများထက် နှစ်ပေါင်း (၅ဝဝ) အလျင် စော၍ ဂျန္နသ်သို့ဝင်ရောက်ရမည်ကို ယုံကြည်သူဖြစ်၏။ ထိုသူဆည်းပူးတတ်မြောက်ထားသော ပညာသည် လောကတွင် သာယာတင့်တယ်စေပြီး အာခိရသ်တွင် အကျိုးထူးခံစားရမည်ဖြစ်သည်။
(၃) သာသနာ့ပညာကို သင်ယူသော ကျောင်းသား၊ ၎င်းသည် သာသနာ့ပညာသင်ယူနေစဉ် ဟလာလ်ရိုဇီကိုသာစားသုံး၍ လိုအပ်သောထောက်ပံ့ကြေးများကို မုစ်လင်မ်လူထုထံမှ သို့မဟုတ် သာသနာ့ဘဏ္ဍာတော်မှ ရယူမည်။ သာသနာ့ပညာတတ်မြောက်ခဲ့သော် ဟရာမ်ရိုဇီရှာဖွေရေးမှ ရှောင်ကျဉ်မည်။ ၎င်းပြင် သာသနာပျက် သူကြွယ်များထံ မည်သည့်အချိန်မှ လက်မဖြန့်ဟူသော ခံယူချက်အပြည့်အဝထားရှိခဲ့သော် ၎င်းသည် အာခိရသ်တွင် အကျိုးထူးခံစားရမည် ဖြစ်၏။ အထက်ပါလူတန်းစား သုံးမျိုးတို့၏ သာသနာ့ပညာသင်ယူခြင်း လောကီလုပ်ငန်းနှင့် သာသနာ့ရေးရာများတွင် အမွန်မြတ်ဆုံးနှင့် အကျိုးစဝါးဗ်အများဆုံး ရရှိနိုင်မည် ဖြစ်သည်။
(၄) အလုပ်လက်မဲ့ ကျောင်းသား၊ ၎င်းက အာလင်မ်ဖြစ်မြောက်လာလျှင် ထိုပညာဖြင့် လောကီစည်းစိမ်ရှာဖွေမည်ဟု ရည်ရွယ်ချက်ထားရှိသူဖြစ်၏။ ၎င်းသည် တရားမဲ့ကျင့်သုံးနေထိုင်သော ဘုရင်တို့၏ တံခါးဝတွင်ဖြစ်စေ၊ ထိုခေတ်အခါရှိ တိုင်းပြည်၏ ဘဏ္ဍာန်တော်ဝင်ငွေများမှာ သေရည်အရက်ရောင်းချရာမှ ဖြစ်စေ၊ မတရားအခွန်ကောက်ခံ၍ ဖြစ်စေ၊ ဟရာမ်လုပ်ငန်းများ၏ ဝင်ငွေများမှဖြစ်စေ ရရှိထားစေကာမူ မိမိသာပိုင်ဆိုင်ရမည်ဆိုပါက သာသနာ့ပညာများအပေါ် သေးသိမ်သော အမူအရာကို ပြကာ ၎င်းတို့ထံမှ ပစ္စည်းရရှိရေးအတွက် သွားရောက်၍ မတ်တပ်ရပ်မည်သာ ဖြစ်ပေသည်။
၎င်းသည် ဤသို့သောပညာဖြင့် နာမည်ထင်ပေါ် ကျော်ကြားလိုမည်။ ဤသို့သော ပညာဖြင့် ဂုဏ်သိက္ခာကြီးမားထည်ဝါလိုမည်ဆိုပါက ဤသို့သောသာသနာ့ပညာကို ဆည်းပူးရယူခြင်းထက် အခြားလက်မှုပညာတစ်ခုခုကို ဖြစ်စေ၊ အရောင်းအဝယ်တစ်ခုခုကို ဖြစ်စေ၊ သင်ယူလုပ်ကိုင်ခြင်းက ပို၍ကောင်းပေသည်။
အကြောင်းကား ဤသို့သောလူတန်းစားများသည် လူ့ရှိုက်သာန်တစ်မျိုးပင် ဖြစ်၏။ ပညာမဲ့တို့သည် ၎င်းတို့ကိုကြည့်၍ လမ်းမှားသို့ ရောက်သွားနိုင်ကြသည်။ ဆိုလိုသည်မှာ ပညာမဲ့အသိဉာဏ်ခေါင်းပါးသူတို့က ဤအာလင်မ်ကြီးများသည် ဟရာမ်လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြု၍ လုပ်ကိုင်စားသောက်နေကြလျှင် ငါတို့ဂျာဟိလ်များအတွက်မူ မည်သည့်အပြစ်မှ ထိုက်မည်မဟုတ်ဟု မှတ်ချက်ချကာ ယင်းအပြစ်များကို အသက်ထက်ဆုံး ကျူးလွန်မိုက်မှားကြမည်မှာ မုချမလွဲပေ။
ဤသို့ သိက္ခာမစောင့်စည်းကြသော အာလင်မ်ဆိုး အာလင်မ်ညံ့တို့သည် လောကတွင် နည်းပါးနိုင်သမျှ ကောင်းမည်ဖြစ်၏။ ဤသို့သော အာလင်မ်ဆိုးတို့အား ပြောလိုသည်မှာ လောက၏ ရမ္မစည်းစိမ်တို့ကို လောကပညာဖြင့်သာ ရှာဖွေကြပါကုန်။ သာသနာ့ပညာကို ခုတုံးလုပ်၍ သာသနာ့အရေခြုံပြီး သာသနာ့လုပ်ငန်းများကို အလွဲသုံးစားပြုလျက် မသမာသော နည်းမျိုးစုံတို့ဖြင့် စီးပွားရှာဖွေခြင်း မပြုကြလေကုန်နှင့်။
အကယ်၍ တစ်ဦးတစ်ယောက် ကျွန်ုပ်၏ပညာသည် ကျွန်ုပ်အား လောကီရမ္မကိုဖြစ်စေမည့် လုပ်ငန်းများမှ ဖယ်ရှားစေခဲ့သည်။ ၎င်းပြင် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်အတွက် ပညာကို ဆည်းပူးသင်ယူခဲ့ရာ ထိုပညာသည် ကျွန်ုပ်အား အရှင့်လမ်းသို့တွန်းပို့ပေးခဲ့သည်ဟု ပြောဆိုခဲ့သော် ထိုသူ၏ပညာရပ်သည် ကျမ်းမြတ်ကုရ်အာန်နှင့် စွန္နသ်လမ်းစဉ်၏ ပညာရပ်များသည်ဖြစ်၏။ ထိုသူတို့သည် ထိုပညာရပ်ကို ထိန်းသိမ်းနိုင်စွမ်းလည်း ရှိ၏။ လောကီစည်းစိမ်နှင့ လောဘဒေါသမောဟများကိုလည်း ရွံရှာမည်ဖြစ်၏။ ထိုသူတို့သည် လောကီစည်းစိမ်ကို ကျောခိုင်းခဲ့ကြသော သူတော်စင်တို့အား တွေ့ဘူး၊ ကြုံဘူးကြသူများလည်း ဖြစ်ကြ၏။ ၎င်းတို့၏ စိတ်တွင်းဝယ် သူတော်စင်များ၏ နောက်လိုက်များသာ ဖြစ်လိုကြပေသည်။
ဤသို့ ပညာ၏တန်ဖိုးအနဂ္ဃကို သိရှိကြလျှင် သာသနာ့ပညာနိုးကြားသောခေတ်၌ ပညာဂုဏ်နှင့် နာမည်ကျော်ကြားသူတစ်ဦး ဖြစ်နိုင်၏။ ထိုအခါပညာသည် သင့်နောက်သို့မလိုက်ဘဲ အသင်သည် ပညာနောက်သို့သာ လိုက်မည်ဖြစ်သည်။ သို့သော် ယခုခေတ်တွင် ဆိုက်ကော်လော်ဂျီနှင့် ဖီလိုဆော်ဖီ စသည့်ပညာရပ်များကို သင်ယူပို့ချနေသော ဆရာသမားနှင့် ကျောင်းသားတို့သည် ထိုပညာရပ်များကို လောက၏ညွှတ်ကွင်းအဖြစ် ပြုလုပ်ထားကြပေသည်။ ထိုသူများနှင့် ဆက်ဆံခြင်း၊ ထိုသူတို့ထံမှ ပညာသင်ယူခြင်းသည်လည်း လောဘနှင့် လောကီစည်းစိမ်ကို စွန့်လွှတ်ပေးနိုင်စွမ်းမရှိပေ။
ထိုပုဂ္ဂိုလ်တို့သည် လောကုတ္တရာ အကျိုးပြုပညာရှင်များမဟုတ်။ လောကီရေးခေတ်ပညာရှင်များသာ ဖြစ်ကြပေသည်။ ၎င်းတို့၏ အာခိရသ်အရေးကို တွေးဆလျှင် အကျိုးကုသိုလ်များ လုံးဝပါဝင်ခြင်းမရှိ။ ဆုံးရှုံးမှုတွင် နစ်မွန်းနေကြသည်မှာ ထင်ရှားပေသည်။
အကယ်၍ ထိုသူသည် သာသနာကိုမြတ်နိုးမည်။ သာသနာ့ပညာရှင် သူတော်စဉ်များ၏ လမ်းစဉ်ကို ကျင့်သုံးပြီး တစ်ပါးသူအား ကြောက်မက်ဖွယ်ကောင်းသော လောကီထောင်ချောက်မှ လွတ်မြောက်စေလိုသော ဆန္ဒဖြင့် သတိပေးခြင်း၊ ကယ်တင်ခြင်းပြုလျှင် ကောင်းလေစွ။ သို့ဖြစ်ရာ ထိုသို့သောသူနှင့် ဆက်ဆံခြင်းသည် အကျိုးရှိ၏။ ထိုသူ့ထံမှ ပညာသင်ယူခြင်းသည် သင့်လျော်မွန်မြတ်လှ၏။ ထိုသူထံမှ အကျိုးပြုအတတ်ပညာကို သင်ယူခြင်းသည် အမွန်မြတ်ဆုံးလုပ်ငန်းပင် ဖြစ်၏။ သို့သာမက အိဗာဒသ်အပေါင်းတွင် အသာဆုံး၊ အမြတ်ဆုံး အိဗာဒသ်ပင် ဖြစ်လေသည်။ (အိမာမ်ဂဇာလီရဟ်မသုလ္လာဟ်)

(မော်လာနာကမ္မရွဒ်ဒီးန် ဦးသန်းမောင်(ဂျာမိအီ) ဘာသာပြန်ထားသည့် "အစ္စလာမ့်ပညာရေး" စာအုပ်ပါ အကြောင်းအရာကို အလ်မုဖီးဒ်က ပြန်လည်တင်ဆက်သည်။)

*** သတိပေးချက် အထက်ပါအကြောင်းအရာကို ကူးယူလျှင် စာသားအပြည့်အစုံ မူရင်းကျမ်းရှင် ဘာသာပြန်သူနှင့် အလ်မုဖီးဒ်၏ Link ကိုပါ ထည့်သွင်းကူးယူပါ။ မိမိလိုသလောက်ကူးယူးပြီး ကိုယ်ပိုင်နာမည်တပ်နေသူများကို တွေ့ရှိရပါသည်။ ထိုသူတို့သူ ၎င်းတို့မလုပ်သည်ကို လုပ်သယောင်ဆောင်ထားသဖြင့် လိမ်လည် မုသားဆိုသူပင်ဖြစ်၏။***

Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။