Sunday, October 13, 2013

ဟဂ်ျပြုလုပ်နည်း အကျဉ်းချုပ်


ဟဂ်ျအမျိုးအစားများ 

၁။ ဟဂ်ျဂျေအစ်ဖ်ရားဒ် - ဆိုသည်မှာ မီကားသ်နယ်နမိတ်ကနေ ဟဂ်ျတစ်မျိုးတည်းပြုလုပ်ဖို့ရည်ရွယ်ချက် နှင့် အဲဟ်ရားမ်ဝတ်ပြီး ဟဂ်ျပြုခြင်းကို ခေါ်ပါတယ်။ (မက္ကာဟ်မြို့သူမြို့သားများသည် ၎င်းဟဂ်ျဂျေအစ်ဖ်ရားဒ်ကိုသာ ပြုလုပ်ရမည်။ ဟဂ်ျဂျေကေရားန်နှင့် ဟဂ်ျဂျေသမသ်သွအ် အမျိုးအစားတွေကို ပြုလုပ်ခွင့် မရှိပါ။)

၂။ ဟဂ်ျဂျေကေရားန် - ဆိုသည်မှာ ဟဂ်ျ နှင့် အွမ္မရာဟ် (၂) မျိုးစလုံးအတွက် နီယသ်လုပ်ပြီး အဲဟ်ရာမ်ဝတ်ခြင်းကိုခေါ်ပါတယ်။ ဟဂ်ျဂျေကေရားန်ပြုလုပ်သူသည် အွမ္မရာဟ် ၏သွဝါးဖ်နှင့် စအီကို ပြုလုပ်ပြီး နောက် အဲဟ်ရာမ်ဝတ်ရုံကို ဆက်လက်ရုံထားရမှာဖြစ်ပါတယ်။ အရဖားသ်ကွင်းပြင်သို့ မသွားခင်အလျှင် သွဝါးဖေကုဒူးမ်ပြုလုပ်ထားခြင်းဟာ စွန္နသ်ဖြစ်ပါတယ်။ သွဝါးဖ်နှင့်အတူ စအီကိုလည်းပြုလုပ်ထားခြင်းက စွန္နသ်ဖြစ်ပါတယ်။ သဝါးဖေကုဒူးမ်တွင် စအီလုပ်ထားပြီးပါက သဝါဖေဇေယာရသ်တွင် စအီလုပ်ရန်မလိုတော့ပါ။

၃။ ဟဂ်ျသမသ်သွအ် - ဆိုသည်မှာ အွမ္မရာဟ်ပြုလုပ်ပြီးနောက် ကတုံးရိတ်ခြင်း၊ ဒါမှမဟုတ် ဆံပင်ဖြတ်ခြင်းများ ပြုလုပ်ပြီး အဲရာမ်ဝတ်ရုံကို ချွတ်လိုက်ရပါတယ်။ အဲဒီနောက် ဇိလ်ဟဂ်ျလ (၈)ရက်နေ့မှာ ဟဂ်ျပြုလုပ်ဖို့ရည်ရွယ်ပြီး အဲဟ်ရာမ်ဝတ်ရုံကို ရုံကာ ဟဂ်ျရဲ့လုပ်ငန်းတွေကို ပြုလုပ်ဆောင်ရွက်ရပါတယ်။ ၎င်း ဟဂ်ျကို ဟဂ်ျသမသ်သွအ်လို့ခေါ်ပါတယ်။

ယခုဆက်ပြီးတင်ပြလိုသည်မှာ ဟဂ်ျတွင် ဖရပ်ဇ် နှင့် ဝါဂျိဗ်တာဝန်များ မည်မျှရှိသနည်း။ ဖရပ်ဇ်တာဝန်များ လွတ်သွားပါက ဟဂ်ျမပိုင်တော့ပါ။ ဝါဂျိဗ်တာဝန်များလွတ်သွားပါက ဒမ်ပေးဆောင်ရမည်။

ဟဂ်ျတွင် ဖရဇ် ၃ ချက်ရှိသည်။

၁။ ဟဂ်ျပြုလုပ်ရန်ရည်ရွယ်ပြီး အဲဟ်ရာမ်ဝတ်ခြင်း၊ သလ်ဗီယာအစအဆုံး ဆိုခြင်း။

၂။ ဝုကူးဖေအရာဖာသ်၊ အရဖားသ်ကွင်းပြင်တွင် ဆိုင်းငံခြင်း၊ ဇိလ်ဟဂ်ျလ ၉ ရက်နေ့မွန်းလွဲချိန်မှ ဇိလ်ဟဂ်ျလ ၁၀ရက် နံနက် စဲဟ်ရီချိန်မကုန်ခင် အချိန်အတွင်း အရဖားသ်ကွင်းပြင်မှာ ခေတ္တခဏဖြစ်စေ ဆိုင်းငံ့နေထိုင်ခြင်း။

၃။ သဝါဖေဇိယာရသ်ပြုလုပ်ခြင်း (ဇိလ်ဟဂ်ျလ ၁၀ရက်နေ့ နံနက်စဲဟ်ရီအချိန်ကုန်ဆုံးပြီးချိန်ကနေ ဇိလ်ဟဂ်ျလ ၁၂ရက်နေ့ နေဝင်ချိန်အတွင်း ကအ်ဗာဟ်ကျောင်းတော်ကို သဝါးဖ် (၇) ပတ်လှည့်ပတ်ခြင်း။

၎င်းဖရဇ်အချက်များမှ အချက် (၁) ချက်လွတ်သွားပါက ဟဂ်ျမပိုင်တော့ပါ။

ဟဂ်ျတွင် ဝါဂျိဗ်တာဝန် (၆) မျိုးရှိသည်။

၁။ မုဇ်ဒလေဖာတွင် ဆိုင်းငံခြင်း၊

၂။ ဆွဖာ နှင့် မရ်ဝါ ကြားစအီလုပ်ခြင်း၊

၃။ ရှိုက်သွာန်ခဲပေါက်ခြင်း၊

၎။ ကုရ်ဗာနီလုပ်ခြင်း၊

၅။ အမျိုးသားများ ဆံပင်ရိတ်၊ ဖြတ်ခြင်း/ အမျိုးသမီးများ ဆံပင်ဖြတ်ခြင်း၊

၆။ သဝါဖေဝေဒါအ် လုပ်ခြင်း။

၎င်းဝါဂျိဗ်အချက်များ မလုပ်ဆောင်မိပါက ဒမ်ပေးရမည်။

မီကားသ်နယ်နမိတ်

မီကားသ်ကို ကျော်ဖြတ်နေသည့်အချိန်တွင် ဟာဂျီ၏ခန္ဓာကိုယ်တွင် အဲဟ်ရာမ်ရှိရမည်။ အဲဟ်ရာမ် မရှိပဲ မီကားသ်ကို ကျော်ဖြတ်ပါက ဒမ်ထိုက်မည်။

ဟဂ်ျခရီးစဉ်အစ

ဟဂ်ျခရီးစဉ်အစပြုတော့မယ်လို့ ရည်ရွယ်လိုက်တာနဲ့ ရေမိုးချိုးရမည်။ မိမိအိမ်မှ မထွက်ခါမီ ခန္ဓာကိုယ်သန့်ရှင်းမှုပြုပြီး ခြေသည်းလက်သည်းများကို လှီးပြီး တကိုယ်လုံးရေမထိသောနေရာ မကျန်မိစေရန် ဂရုစိုက်၍ ရေချိုးရမည်။ ပြီးလျှင် အဲဟ်ရာမ် ၂ စကိုဝတ်ဆင်ပါ။ အဲဟ်ရာမ်ဝတ်ဆင်ပြီးသောအခါ မက္ကရူးဟ်အချိန်မဟုတ်ပါက နမာဇ် ၂ရကအသ်ဝတ်ပြုရမည်။ ပြီးနောက် ဦးထုတ်ချွတ်ပြီး ကျွန်တော်မျိုးသည် အွမ္မရာဟ်အတွက် နိယသ်ပြုပါသည်ဟု ဆိုပြီး သလ်ဗီယာကို ရွတ်ဆိုရမည်။ သလ်ဗီယာ မှာ

"လဗ်ဗိုက် အလ္လာဟွမ္မလဗ်ဗိုက် လဗ်ဗိုက်လာရှရီးက လက လဗ်ဗိုက် အင်န်နလ်ဟမ်ဒ ဝန်နိအ်မသ လကဝလ်မွလ်က်"

တကယ်လို့ မိမိအိမ်ကနေ အဲဟ်ရာမ်မဝတ်ဘဲ လေယာဉ်ပေါ်မှာ ဂျစ်ဒ်ဒဟ်မရောက်ခင် ၂နာရီအလို လေယာဉ်ပေါ်မှာပဲ အဲဟ်ရာမ်ရုံပါက ဆွလားသ် ၂ရကအသ်ဝတ်ပြုပြီး နိယသ်ပြုကာ သလ်ဗီယာ ရွတ်ဆိုလိုက်ရမည်။ ဆွလာသ်ဝတ်ပြုရန်မလွယ်ကူပါက အဲဟ်ရာမ်ဝတ်ပြီး နိယသ်ပြုကာ သလ်ဗီယာဆိုလိုက်ရမည်။ သလ်ဗီယာမဆိုပါက နိယသ်အထမမြောက်ပါ။

အမျိုးသမီးများအတွက် အဲဟ်ရာမ်

အမျိုးသမီးများအတွက် အဲဟ်ရာမ်မှာ မိမိတို့နေ့စဉ် အမြဲဝတ်နေကျ လုံခြုံတဲ့အဝတ်အစား ချုပ်ထည်များဖြစ်ပါတယ်။ အရောင်နဲ့လည်းဝတ်နိုင်ပါတယ်။ မျက်နှာကို အဝတ်နဲ့ ထိကပ်နေအောင် ဖုံးအုပ်မထားရပါ။ ဦးခေါင်း၊ ဆံပင်များ မပေါ်စေရန် ပုဝါ နှင့် လုံခြုံစွာ စည်းထားရပါမယ်။ အဝတ်အစားများ လဲလှယ်နိုင်ပါတယ်။ အွမ္မရာ ဒါမှမဟုတ်၊ ဟဂ်ျရဲ့လုပ်ငန်းဆောင်တာများ မပြီးမချင်း ဘယ်အဝတ်အစားပဲ လဲလှဲထားထား၊ အဲဟ်ရာမ်ဝတ်ထားတဲ့ အခြေအနေမှာပဲဖြစ်ပါတယ်။

အဲဟ်ရာမ်ရုံထားစဉ် လိုက်နာရမည့်အချက်များ

၁။ အဲဟ်ရာမ်ရုံထားချိန် ဇနီးမောင်နှံ ကိုယ်လက်နှီးနှောခြင်း မပြုရ။

၂။ ရာဂစိတ်ဖြစ်စေမည့် စကားအသုံးအနှုန်း အမူအရာများမပြုရ။

၃။ လက်သည်း၊ ခြေသည်း၊ မလှီးရ၊ မညှပ်ရ၊ မခွါရ၊ မကိုက်ရ။

၎။ ဆံပင် အမွှေးအမှင်များ မနှုတ်ရ၊ မညှပ်ရ၊ မရိတ်ရ။

၅။ ညစ်ညမ်းသောစကား၊ ဆဲဆိုသောစကားများ ပြောဆိုခြင်းမပြုရ။

၆။ ရေမွှေးမသုံးရ၊ မလိမ်းရ၊ မရှုရ။

၇။ အမွှေးနံပါသော တစ်ရှူး၊ စက္ကူ၊ ရေမွှေးစွတ်ထားသည့် စက္ကူ မသုံးရ။

၈။ မျက်နှာကို အဝတ်ဖြင့် ဖုံးမထားရ၊ နဖူးနှင့် ထိကပ်ကာ မှောက်အိပ်ခြင်း မပြုရ။

၉။ မွှေးကြိုင်သည့် ဆပ်ပြာဖြင့် ကိုယ်တိုက်ခြင်း၊ လျှော်ခြင်းမပြုရ၊ သွားတိုက်ဆေးဖြင့် သွားမတိုက်ရ။

၁၀။ သားကောင်များမသတ်ရ။ မညွှန်ပြရ။

၁၁။ အမျိုးသားများ ခေါင်းပေါ် အဝတ်၊ ဦးထုတ် မတင်ရ။ အမျိုးသမီးများ ခေါင်းစည်းမချွတ်ရ။

၁၂။ အမျိုးသားများ ခြေဖမိုး ဖုံးသည်အထိ ဖိနပ်မစီးရ။

အမျိုးသမီးများ နှစ်သက်ရာ ဖိနပ်စီးနိုင်သည်။ လက်အိတ်၊ ခြေစွပ်စွပ်နိုင်သည်။ ရတနာ ပစ္စည်းဝတ်နိုင်သည်။

၁၃။ လူသားအတွက် အန္တရာယ်ပြုသော သားကောင်များ ရန်မူခြင်းမရှိပါက မသတ်ရ။ လူသားအတွက် အဆိပ်ဖြစ်မည့် ယင်ကောင်၊ ခြင်ကောင်စသည်များ သတ်ခွင့်ရှိသည်။ လူသားအတွက် စားခွင့်ပြုထားသည့် ကြက်၊ ဘဲ၊ ဆိတ်၊ နွား၊ ကုလားအုတ်များ ဇဗာဟ်လုပ်၍စားပိုင်ခွင့်ရှိသည်။

အွမ်ရာလုပ်ခြင်း

ဝူဇူပြုပြီး ဗလီကျောင်းတော်သို့ စွန္နသ်တော်အတိုင်းဝင်ကာ ပထမဦးဆုံး ကအ်ဗာကျောင်းတော်ကို တွေ့မြင်ရသည့်အခါမှာ လှိုက်လှိုက်လှဲလှဲ ခံစားချက်နှင့်တကွ မတ်တတ်ရပ်ကာ လက်မြှောက်ပြီး အရှင်မြတ်ထံ စိတ်ပါလက်ပါ ဒိုအာတောင်းခံရမည်။

ပြီးနောက် သဝါးဖ်လုပ်ဖို့ နိယသ်ပြုလုပ်ကာ ဟဂျရေအတ်စ်ဝဒ် ကျောက်နက်နှင့် တည့်တည့်နေရာကို သွားပြီး ဟဂျရေအတ်စ်ဝါဒ်ရဲ့ ရှေ့တည့်တည့်မှာရပ်ပြီး "ဗိစ်မိလ္လာဟ်အလ္လာဟ်ဟုအပ်က်ဗရ်" ဟုဆိုပြီး လက်နှစ်ဖက်ကို နားအထိမြှောက်ပြီးချလိုက်ပါ။ ပြီးနောက် လက်ကို ရင်ဘတ်ထိပင့်မြှောက်ကာ "အလ္လာဟုအပ်က်ဗရ် လာအိလာအစ်လ္လလ္လာဟ်" ဟုဆိုပြီး ဟဂျရေအတ်စ်ဝါဒ်ကို အစ်သေလာမ်လုပ်ပြီး သဝါဖ်အစပြုပါ။ သဝါဖ်တွင် တတိယကလိမာဟ်ဆိုပါ။ သဝါဖ်တွင် ဝူဇူရှိနေရမည်။ ဟဂ်ျရေအတ်စ်ဝါဒ် နှင့် တည့်တည့် မီးစိမ်းနေရာရောက်တိုင်း ဟဂ်ျရေအတ်စ်ဝါဒ်ကို အရိပ်နမိတ်နှင့် လက်ပြကာ နမ်းရပါမယ်။ သဝါဖ်(၇)ပတ်လှည့်ပြီးပါက (၈)ကြိမ် ဟဂ်ျရေအတ်စ်ဝါးဒ်ကို နမ်းပြီးသားဖြစ်သွားပါလိမ့်မည်။

- အမျိုးသားများသည် အိစ်သေဗအ် ခုနှစ်ပတ်လုံး ယာဘက်ပုခုံးဖော်ပြီး ပထမ (၃)ပတ်တွင် ရမလ် လုပ်ရမည်။

(ရမလ် ဆိုသည်မှာ ပခုံးနှစ်ဖက်ကိုလှုပ်ကာ အားနဲ့မာန်နှင့် သွက်သွက်လျှောက်ခြင်းကို ခေါ်ပါတယ်။)

- ရွတ်ကနေယမာနီနှင့် ဟဂ်ျရေအတ်စ်ဝါးဒ်ကြားတွင် "ရဗ္ဗနာအာသိနာ ဖိဒ်ဒွန္နယာဟစနသောဝ် ဝဖိလ်အာခိရသေဟစနသောဝ် ဝကိနာ အဇာဗန္နားရ်" ဆိုရမည်။

- သဝါးဖ်လှည့်ချိန် ရင်ဘတ်နှင့်မျက်နှာ ကအ်ဗာကျောင်းတော်ဖက် မလှည့်မိစေရ။

သဝါးဖ် ၇ ပတ်လှည့်ပြီးသည့်နောက် မက္ကရူဟ်အချိန်မှအပ နမာဇ် ၂ရကအသ်ဝတ်ပြုရမည်။ ၎င်းနမာဇ်သည် ဝါဂျိဗ်ဖြစ်သည်။ ပြီးနောက် ဒိုအာတောင်းရမည်။ ဇမ်ဇမ်ရေသောက်မည်။ ပြီးနောက် ဟဂျရေအတ်စ်ဝဒ်ကို ၉ကြိမ်မြောက် အိစ်သိလာမ်ပြုရမည်။ ပြီးနောက် စအီပြုလုပ်ရန် ဆွဖာတောင်ဆီသို့သွားရမည်။ ဆွဖာတောင်သို့ ရောက်လျှင် ကအ်ဗာကျောင်းတော်ဖက်သို့မျက်နှာမူ၍ ဒုအာတောင်းမည်။ ပြီးနောက်စအီကို ဆွဖာတောင်မှ အစပြုကာ (၇)ခေါက်လျှောက်ပြီး မရ်ဝါတောင်၌ အဆုံးသတ်ရမည်။ စအီလျှောက်စဉ် စတုတ္ထကလေမာကို ရွတ်ဆိုပြီး ဆွဖာနှင့် မရ်ဝါတောင်ပေါ်ရောက်တိုင်း ဒုအာတောင်းရမည်။

- မီးစိမ်း နှစ်ခုကြားတွင် အမျိုးသားများ သွက်သွက်လျှောက်ရမည်။

- စအီ ၇ခေါက်လျှောက်ပြီးသည့်နောက် ဆံပင်ရိတ်ရမည်။ ဆံပင်ရိတ်ခြင်းသည် အမြတ်ဆုံးဖြစ်သည်။ တမန်တော်မြတ်(ဆွ)သည် ဆံပင်ရိတ်သူကို ဒုအာ ၃ကြိမ် တောင်းပေးခဲ့သည်။

- အမျိုးသမီးများ ဆံပင်မရိတ်ရပါ။ ဆံပင်ကိုစုပြီး အဖျားကနေလက်တစ်ဆစ်သာသာ ဖြတ်လိုက်လျှင် တာဝန်ကျေသွားပြီဖြစ်သည်။

ယခု အွမ်ရာ၏လုပ်ငန်းဆောင်တာများ အားလုံးပြီးသွားပြီဖြစ်သည့်အတွက် အဲဟ်ရာမ်ချွတ်နိုင်ပြီဖြစ်ပါသည်။

ဟဂ်ျကာလ (၅)ရက်တာ

ဇိလ်ဟဂ်ျလ (၇)ရက်ညမှာကတည်းက မုအလ်လင်မ်က ဟာဂျီတွေကို မေနာသို့ပို့လိုက်ကြပါတယ်။ မိနာသို့မသွားမီ ရေမိုးချိုး၊ သန့်ရှင်းရေးပြုလုပ်ပြီး အဲဟ်ရာမ်ဝတ်ကာ နဖိလ်နမားဇ် (၂)ရကအသ်ဖတ်ရမည်။ ၎င်းနဖိလ်နမာဇ်ကို မိမိအခန်းတွင်လည်း ဖတ်နိုင်သည်။ ကျောင်းတော်ထဲတွင်လည်း သွားရောက်၍ဖတ်နိုင်သည်။ နမာဇ်နှစ်ရကအသ်ဖတ်ပြီးနောက် "ကျွန်တော်မျိုးသည် ဟဂ်ျပြုရန် နီယသ်ပြုပါသည်" ဟုရည်ရွယ်ပြီး သလ်ဗီယာကို ၃ကြိမ်ရွတ်ဆိုရမည်။ ယခုအဲဟ်ရာမ်၏ စည်းကမ်းများကို လိုက်နာရတော့မည်။

ဇိလ်ဟဂ်ျလ (၈)ရက်နေ့ ဇဟိုရ်နမာဇ်မှ စပြီး နမာဇ်(၅)ကြိမ်ကို မိနာမှာဝတ်ပြုခြင်းဟာ မွစ်သဟဗ်ဖြစ်ပါတယ်။ ဇိလ်ဟဂ်ျလ(၉)ရက် ဖဂျရ်နမာဇ်အပြီးမှ စပြီး (၁၃)ရက်နေ့ ညနေအဆွရ်နမာဇ်အထိ ဖရဇ်ပြီးတိုင်း အောက်ပါသက္ကဗီးရ် ၁ကြိမ်ရွတ်ဆိုရမည်။

"အလ္လာဟုအက္ကဗရ် အလ္လာဟုအက္ကဗရ် လားအိလားဟ အိလ္လလ္လားဟု ဝလ္လာဟုအက္ကဗရ် အလ္လာဟုအက္ကဗရ် ဝလစ်လ္လာ ဟိလ်ဟမ်းဒ်"

အဲဒီနောက် သလ်ဗီယာကိုပါ ရွတ်ဆိုရမည်။ သလ်ဗီယာကိုတော့ ၁၀ရက်နေ့ ရှိုက်သွာန်ခဲပေါက်ချိန်မှ သလ်ဗီယာရွတ်ဆိုခြင်းကို အဆုံးသတ်လိုက်ရမည်။

- အမျိုးသားများဟာ သလ်ဗီယာကို ကျယ်ကျယ်ရွတ်ဆိုပြီး အမျိုးသမီးများဟာ တိုးတိုးရွတ်ဆိုရမည်။

ဇိလ်ဟဂ်ျလ(၉)ရက်နေ့ မွန်းလွဲချိန်မှ စပြီး ဇိလ်ဟဂ်ျလ(၁၀) ရက်နေ့ နံနက်ဖဂျရ်အချိန်မဝင်ခင်အထိ အရဖာသ်ကွင်းပြင်တွင် ခေတ္တခဏမဆို ဆိုင်းငံနေရမည်။ အရဖာသ်ကွင်းပြင်မှာ ဆိုင်းငံနေထိုင်ခြင်းဟာ ဟဂ်ျရဲ့အဓိကတာဝန်ဖြစ်ပါတယ်။ အဲဒီတာဝန်ကို မထမ်းဆောင်ရင် ဟဂ်ျအထမမြောက်တော့ပါ။ နောက်တစ်နှစ်မှာ ပြန်လည်ဟဂ်ျပြုလုပ်ရမှာဖြစ်ပါတယ်။

နမိရဟ်ဗလီကြီးသို့ သွားဖို့အခက်အခဲရှိသူတွေအနေနဲ့ မိမိတို့ဆိုင်းငံမည့် ရွက်ဖျင်တဲထဲမှာ ဇိုဟိုရ်နမာဇ်ကို ဇိုဟိုရ်အချိန်မှာဝတ်ပြုပြီး အဆွရ်နမာဇ်ကို အဆွရ်အချိန်မှာ ဂျမာအသ်နှင့် ဝတ်ပြုရမည်။ ပြီးနောက်နေမဝင်ခင်အချိန်အထိ တောက်လျှောက် ဇိကိရ်နှင့် ဒုအာတွင်ရှိနေရမည်။ အဲဒီနေ့ အဲဒီအချိန်တွေမှာ တောင်းဆိုတဲ့ဒုအာဟာ အထူးပဲလက်ခံဗူလ်ပြုခြင်း ခံရပါတယ်။ အဲဒါကြောင့် အချိန်ကို မလစ်ဟင်းစေပဲ အသုံးချသွားဖို့အရေးကြီးပါတယ်။

ဇိလ်ဟဂ်ျလ(၉)ရက်နေ့ နေဝင်ချိန်မှ စပြီး ဟာဂျီများဟာ အရဖာသ်ကနေ မုဇ်ဒလိဖာကို သွားကြရပါမည်။ မဂ်ရိဗ်နမာဇ်ကို မုဇ်ဒလိဖာရောက်မှ အိရှာနှင့်ပေါင်းပြီးဖတ်ရမည်။ အဇာန် (၁)ကြိမ်ပေးပြီး အိကာမသ်ပေးကာ မဂ်ရိဗ်နမာဇ်ဝတ်ပြုပြီး တစ်ဆက်တည်းမှာပဲ ထပ်မံအိကာမသ် မဆိုတော့ပဲ အိရှာနမာဇ်ကို ဝတ်ပြုရမည်။ ဒီညဟာ အလွန်ပဲထွတ်မြတ်တဲ့ညဖြစ်ပြီး ဇိကိရ်နှင့် ဒုအာတွင် ကုန်ဆုံးရမည်။ အဲဒီနောက် ရှိုက်သွာန်ခဲပေါက်ဖို့အတွက် အနည်းဆုံးခဲလုံး (၄၉)လုံး လိုအပ်ပါသည်။ အနည်းငယ်ပိုကောက်ရပါမည်။ မုဇ်ဒလိဖာ မှာ နံနက်ဖဂျရ်နမာဇ်ဝတ်ပြုပြီးသည့်အချိန်အထိ ဆိုင်းငံနေရမည်။ မုဇ်ဒလိဖာမှာ ဖဂျရ်နမာဇ်အပြီး ခေတ္တဆိုင်းငံနေခြင်းဟာ ဝါဂျိဗ်တာဝန်ဖြစ်ပါတယ်။ ခဲလုံး ၇၀ခန့် ကောက်သွားလျှင် ပိုကောင်းမည်ဖြစ်ပြီး ထိုခဲလုံးများကို ရေဆေးလိုက်လျှင်ပိုကောင်း ပါမည်။

ဇိလ်ဟဂ်ျလ(၁၀)ရက်နေ့ နံနက်ဖဂျရ်နမာဇ်ဝတ်ပြုပြီး ခဏနားကာ မီနာသို့ဆက်လက်ထွက်ခွာရမည်ဖြစ်သည်။ ထို့နောက်ရှိုက်သွာန်အကြီးကို ခဲ ၇ လုံးဖြင့်ပေါက်ရမည်။ (ခဲပေါက်ရန်အကောင်းဆုံးအချိန်မှာ နေထွက်ချိန်ကစပြီး မွန်းလွဲချိန်အထိဖြစ်ပါသည်။) မွန်းလွဲချိန်ကနေ မဂ်ရိဗ်အချိန်အထိပေါက်ခွင့်ရှိသည်။ မဂ်ရိဗ်အချိန်ကျော်သွားပါက မက္ကရူဟ်အချိန်ဖြစ်သွားပြီး နံနက်ဖဂျရ်အချိန်မှာ ကုန်ဆုံးပါတယ်။ ရှိုက်သွာန်အကြီးတစ်ခုတည်းကိုပဲ ခဲ(၇)လုံးနှင့် တစ်လုံးချင်းစီ ပစ်ပေါက်ရမှာဖြစ်ပြီး ခဲလုံးလေးကို လက်ညှိုးလက်မဖြင့် ညှပ်ကိုင်ပြီး ဂျိုင်းပေါ်အောင်မြှောက်ကာ ပေါက်သည့်အခါတိုင်း "ဗိစ်မိလ္လာ အလ္လာဟုအက္ကဗရ်" ဟုဆို၍ပေါက်ရမည်။

ခဲပေါက်ပြီးနောက် ဟဂ်ျရဲ့ကုရ်ဗာနီပြုလုပ်ရပါမည်။ ဟဂ်ျရဲ့ကုရ်ဗာနီကို ဒမ်မေရှုကုရ် ဟုခေါ်ပြီး ၎င်းသည် ဝါဂျိဗ်တာဝန်ဖြစ်သည်။ ကုရ်ဗာနီပြီးမှသာ ဆံပင်ရိတ်ခြင်း၊ ဖြတ်ခြင်းများကို ပြုလုပ်ရမည်ဖြစ်သည်။ ထိုအချက်များကို အစဉ်လိုက်ပြုလုပ်ရမည်ဖြစ်သည်။ အစဉ်လိုက်မလုပ်ပါက ဒမ်ပေးဆောင်ရမည်။

ဇိလ်ဟဂ်ျလ(၁၀) ရက်နေ့ မီနာမှာ ခဲပေါက်ခြင်း၊ ကုရ်ဗာနီပြုခြင်းနှင့် ဆံပင်ရိတ်ဖြတ်ပြီးတဲ့နောက် အဲဟ်ရာမ်ချွတ်ပြီး အရပ်ဝတ်(ရိုးရိုးအဝတ်အစား)ဖြင့် မက္ကာဟ်သို့သွားကာ ကအ်ဗာကျောင်းတော်ကို သဝါဖ် ၇ ပတ်လှည့်ပတ်ရမည်။ ၎င်းသဝါးဖ်ကို သဝါးဖိဇိယာရသ်ဟုခေါ်ပါသည်။ ၎င်းသဝါဖိဇေယာရသ်သည် ဖရဇ်ဖြစ်ပါသည်။ ဇိလ်ဟဂ်ျလ(၁၂)ရက်နေ့ နေဝင်ချိန်အထိပြုလုပ်ခွင့်ရှိပါသည်။ သဝါဖိဇေယာရသ်မပြုသေးသမျှ မိမိဇနီးသည်နှင့် ဟလာလ်မဖြစ်ပါ။ ပထမအကြိမ် အွမ်ရာလုပ်ခဲ့စဉ် သဝါးဖ်လုပ်သကဲ့သို့ပင် ပြုလုပ်ရမှာဖြစ်ပါတယ်။ ပြီးနောက် သဝါးဖ်ရဲ့နမာဇ် (၂)ရကအသ်ဝတ်ပြုပြီး ဇမ်ဇမ်ရေသောက်ကာ စအီ (၇)ခေါက်ပြုရမည်။ အဲဒီညမှာ မီနာကို ပြန်သွားအိပ်ရမှာဖြစ်ပါတယ်။

တစ်ဖန် ဇိလ်ဟဂ်ျလ(၁၁-၁၂)ရက်နေ့ များတွင် ရှိုက်သွာန်အသေး၊ အကြီး၊ အလတ် ၃ခုစလုံးကို ခဲ(၇) လုံးစီပေါက်ရမှာဖြစ်ပါတယ်။ (၁၁)ရက်နေ့ခဲပေါက်ပြီး မီနာမှာဆက်ပြီး ညအိပ်ရမှာဖြစ်ပါတယ်။ (၁၂)ရက်နေ့ခဲပေါက်ပြီး ဟဂ်ျ(၅)ရက်တာ ခရီးစဉ်ရဲ့တာဝန်များ ပြီးဆုံးသွားပြီဖြစ်ပါတယ်။ အဲဒီနောက်မက္ကာဟ်ကိုပြန်သွားရပါမည်။

ယခု ဟဂ်ျကာလ (၅)ရက်တာ ပြီးဆုံးသွားပြီ။

မက္ကာဟ်မြို့မှာတည်းခိုနေစဉ် အွမ်ရာပြုလိုပါက အာအေရှာသခင်မ ဗလီကိုသွားပြီး ဝူဇူ (သို့မဟုတ်) ရေချိုးပြီး အဲဟ်ရာမ်ဝတ်ကာ နမာဇ်(၂)ရကအသ်ဝတ်ပြုပြီး အွမ်ရာနီယသ်ပြုကာ သလ်ဗီယာရွတ်ဆိုရမည်။ ထို့နောက် ကအ်ဗာသို့လာပြီး ပထမဦးဆုံးအကြိမ် အွမ်ရာပြုသည့်ပုံစံအတိုင်း သဝါးဖ်နှင့် စအီကို ပြုလုပ်ရပါမည်။ ပြီးနောက်ဆံပင်ရိတ်လိုက်ပါက နဖိလ်အွမ်ရာ ၁ကြိမ်ပြီးဆုံးသွားပါမည်။

ရေးသားတင်ပြသူ၊ ကွန်ပျူတာစာစီပေးသူ၊ အင်တာနက်တွင်ဖော်ပြသူ ၊ ဖတ်ရှုသူ ၊ မျှဝေသူ အားလုံးကို လာမည့်နှစ်တွင် ဟဂ်ျပြုလုပ်နိုင်စွမ်း သောင်ဝ်ဖီးက် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ချီးမြှင့်ပေးသနားတော်မူပါစေ။ အာမီးန်။

အလ်မုဖီးဒ်
Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။