Friday, October 4, 2013

ကုရ်ဘာနီ ၊ ဟဂ်ျ နဲ့ ဇွလ်ဟဂ်ျလ ( 10 ) ရက် ..

ဇွလ်ဟာဂ်ျလ ရောက်ခါနီးပီးမို့ .. အဲ့လမြတ်နဲ့ဆိုင်တဲ့ အမလ်တွေကို လုပ်နိုင်ဖို့ .. ရည်ရွယ်ပီး .. Status တင်ပေးလိုက်ပါတယ် ။ ကျင့်သုံး ဖြန့်ချိစေချင်ပါတယ် ။

ကုရ်ဘာနီ ၊ ဟဂ်ျ နဲ့ ဇွလ်ဟဂ်ျလ ( 10 ) ရက် ..

******************************************

တမန်တော်မြတ် ( ဆွလ္လလ္လာဟိုအလိုင်ဟိဝစလ္လမ် ) က မိန့်တော်မူခဲ့တယ် .. ။ ဟဂ်ျရဲ့ အချိန်ကာလကတော့ ၃လ ရှိတယ် ။ ရှောင်ဝလ်လ ၊ ဇွလ်ကအ်ဒါလ နဲ့ ဇွလ်ဟဂ်ျလ တို့ဖြစ်တယ် ။ ( ဟဂ်ျရဲ့  ) အမလ်ကတော့ ဇွလ်ဟဂ်ျလမှာပဲ ပြုလုပ်ရတယ် ။ သို့သော်လည်း ဟဂ်ျအတွက် အဲဟ်ရာမ်ဝတ်တာကိုတော့ ရှောင်ဝလ်လကစပီး ခွင့်ပြုလိုက်တယ် ။ မွတ်စ်သဟဗ်ရဲ့  ဆဝါးဗ်ရတယ် ။ သူ့ထက်စောပီး အဲဟ်ရာမ်ဝတ်ခြင်း မပိုင်ဘူး ။ ရှေးခေတ်က ဟဂ်ျလုပ်ရင် အချိန်အများကြီးယူရတယ် ။ ဒီဖက်ခေတ်လို ယာဉ် ၊ ရထားတွေ မရှိဘူး ။ ဒါကြောင့် နှစ်လ ၊ သုံးလကြာ ခရီးသွားကြရတယ် ။ ဒီဟဂ်ျအတွက် ရိုဇာထားပီး ခရီးစထွက်လိုက်တာ ဇွလ်ဟဂ်ျလ ( ၁၀ ) ရက်ရောက်တော့မှ ခရီးစဉ်ပီးဆုံးသွားတယ် ။ ဇွလ်ဟဂ်ျလ ( ၉ ) ရက်ရောက်တာနဲ့ အရ်ဖါသ်ကွင်းပြင်မှာ လာရောက်စုရုံးရတယ် ။ ဒီစုရုံးရခြင်းဟာ ဟဂ်ျရဲ့ အမလ်ထဲမှာ အကြီးဆုံးအမလ်တစ်ခုဖြစ်တယ် ။ အရှင်မြတ်ရဲ့ အသနားတော် သောင်ဖီးက် စွမ်းအားပေးမှုကြောင့် ကြီးကျယ်မြင့်မြတ်တဲ့ ရိုဇဟ်ရခဲ့ပီး ဒီအမလ်တွေပီးတဲ့နောက် လူသားအဖို့ အရှင်မြတ်အပေါ် ကျေးဇူးတင်တဲ့အနေနဲ့ ဆွဒ်ကဟ်ဖသစ်ရ်လုပ်ရတယ် ။ အီဒွလ်အသ်ွဟာမှာတော့ ကျေးဇူးတင်တဲ့အနေနဲ့ ကုရ်ဘာနီလုပ်ရတယ် ။

အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်ရဲ့  စူရဟ်ဖဂျရ်မှာ " မြင့်မြတ်တဲ့ ၁၀ ရက် " ဆိုတာကို အစပြုခဲ့တယ် ။ ဒီနေရာမှာ မြင့်မြတ်တဲ့ ( ၁၀ ) ရက်ဆိုတာကို တဖ်စီရ်ပညာရှင်များက ဇိလ်ဟဂ်ျလရဲ့  ( ၁၀ ) ရက်ကို ရည်ညွှန်းတာလို့ တညီတညွှတ်တည်း အဆိုပြုကြတယ် ။ အရှင်မြတ်က အဲဒီ ( ၁၀ ) ရက်ကို ကစမ်ကျိန်ဆိုရခြင်းရဲ့  အလိုသဘောက ဒီ ( ၁၀ ) ရက်ရဲ့  မြင့်မြတ်ထူးကဲမှုကို ရည်ညွှန်းလိုခြင်းဖြစ်တယ် ။ တမန်တော်မြတ် ( ဆွလ္လလ္လာဟိုအလိုင်ဟိဝစလ္လမ် ) က ဒီ ( ၁၀ ) ရက်ရဲ့ မွန်မြတ်ခြင်းနဲ့ပတ်သက်ပီး အမိန့်ရှိတော်မူတယ် ။ အလိုသဘောက ဘယ်လို နဖိလ်နမာဇ် ဇိကိရ်သပ်စ်ဗီပင်ဖြစ်ပါစေ ။ ဘယ်လို ဆွဒကဟ်ခိုင်ရာဟ်ပင်ဖြစ်ပါစေ ။ ဒီ ( ၁၀ ) ရက်မှာ လုပ်တဲ့အမလ်လောက် တခြားဘယ်လမှာ လုပ်တဲ့အမလ်မျှ မသာမြတ်ဘူး ။ ဆက်လာရှိထားသေးတယ် ။ အကြင်သူ ဒီ ( ၁၀ ) ရက်အတွင်းမှာ ရိုဇဟ်တစ်ရက်ထားမယ်ဆိုရင် တခြားလမှာ တစ်နှစ်လုံးရိုဇာထားတဲ့ဆဝါးဗ်နဲ့ ညီမျှတယ် ။ ဒီ ( ၁၀ ) ရက်အတွင်းမှာ ညမှာလုပ်တဲ့အမလ်ကို ကဒရ်ညမှာလုပ်တဲ့ အမလ်ကဲ့သို့ အကျိုးဆဝါဗ် ချီးမြှင့်မှာဖြစ်တယ် .. တဲ့ ။ ဒီဇိလ်ဟဂ်ျလ ( ၁၀ ) ရက်ဟာ .. အဲ့ဒီလို မွန်မြတ်တဲ့ရက်ဖြစ်တယ် ။

ဒီလမြတ်မှာ အရှင်မြတ်က သီးခြားပီး အမလ်နှစ်ခုကို သတ်မှတ်ပေးထားတယ် ။ အဲဒီအမလ်နှစ်ခုစလုံးဟာ အဲဒီလ အဲဒီအချိန်မှာပဲ အတည်ဖြစ်တယ် ။ တခြားလ တခြားအချိန်မှာ အတည်မဖြစ်တော့ဘူး ။ ဥပမာ .. နမာဇ်(၅)ကြိမ်ဟာ သတ်မှတ်ထားတဲ့အချိန်ရှိတယ် ။ အဲဒီအချိန်ကျော်သွားရင် နဖိလ်နမာဇ်တော့ ရှိသေးတယ် ။ ရိုဇာဟာလည်း ရမ်ဇာန်လကျော်သွားရင် နဖိလ်ရိုဇာအဖြစ်နဲ့ ကျန်ရှိနေသေးတယ် တခြား ဆယ့်တစ်လလုံးလုံးထားလို့ရသေးတယ် ။ ဇကာသ်ဟာ တစ်နှစ်မှာ တကြိမ်ပဲထိုက်တယ် ။ ဒီထက်ပိုပေးချင်ရင်တော့ ဆွဒကဟ်အဖြစ်နဲ့ ပေးနိုင်သေးတယ် ။ သို့သော် ဟဂ်ျကို ဒီသတ်မှတ်ထားတဲ့ အချိန်ကျော်ပီး နောက်မှလုပ်ရင် နဖိလ်ဟဂ်ျဆိုတာ မရှိဘူး ။ အရ်ဖါသ်ကွင်းပြင်မှာ ခေတ္တဆိုင်းငံ့ခြင်း ၊ မွတ်ဇ်ဒလိဖဟ်မှာ ညအိပ်ရပ်နားခြင်း ၊ မေနာမှာ ရှိုင်တာန်ခဲပေါက်ခြင်း စတဲ့အမလ်တွေဟာ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာပဲ အေဗာဒသ်ဖြစ်တယ် ။ တခြားဆယ့်တစ်လလုံးမှာလုပ်ရင် အမလ်မဖြစ်ဘူး ။ ဆဝါဗ်မရဘူး ။

ဇွလ်ဟဂ်ျလရဲ့  ဆန်းဦးစလကို မြင်တာနဲ့ တပြိုင်နက် ပထမဦးဆုံးကျရောက်လာတဲ့အမိန့်ကတော့ တမန်တော်မြတ် ( ဆွလ္လလ္လာဟိုအလိုင်ဟိဝစလ္လမ် ) က အမိန့်ရှိတော်မူခဲ့တယ် ။ အလိုသဘောက အကြင်သူ ကုရ်ဘာနီလုပ်မယ်ဆိုရင် ထိုသူအဖို့ ဒီဆန်းဦးစလကို မြင်တာနဲ့ ကုရ်ဘာနီမလုပ်မချင်း ဆံပင်ညှပ်ခြင်း ၊ ခြေသည်းလက်သည်းညှပ်ခြင်း မလုပ်သင့်ဘူး ။ ကုရ်ဘာနီလုပ်မယ့်သူအဖို့ ဒီအမိန့်ကို နာခံခြင်း မွတ်စ်သဟဗ် ဖြစ်တယ် ။

ဒီအမိန့်ရဲ့  ရည်ရွယ်ချက် ဟဂ်ျလုပ်မယ့်သူတွေဟာ ဒီအချိန်မှာ မက္ကဟ်မြို့ အနီးကို အရပ်လေးမျက်နှာကနေ ချဉ်းကပ်လာနေကြပီး သတ်မှတ်ထားတဲ့နေရာကို စရောက်တာနဲ့ အဲဟ်ရာမ်ဝတ်ကြရမယ် ။ အဲဒီလိုဝတ်တာနဲ့ တပြိုင်နက် ဒီဟာဂျီတွေဟာ ရေမွှေးမသုံးရတော့ဘူး ။ ခြေသည်းလက်သည်း မညှပ်မကိုက်ရတော့ဘူး ။ ဆံပင်မညှပ် မကျွတ်စေရတော့ဘူး ။ နောက်ပီး မျက်နှာကို မဖုံးရတော့ဘူး ဆိုတဲ့ ရှရီအသ်နဲ့အမိန့်တွေ ကျရောက်လာတော့တယ် ။ သူတို့လို ဟဂ်ျမလုပ်နိုင်ကြတဲ့သူတွေအဖို့ ဟာဂျီတွေအပေါ်ကျနေတဲ့ရဟ်မသ်တော်တွေ မိမိအပေါ်လည်း ကျရောက်စေဖို့ အကြောင်းခံတခုဖြစ်ပါတယ် ။ အရှင်မြတ်ရဲ့ ရဟ်မသ်တော်တွေကတော့ အကြောင်းခံတွေ လိုက်ရှာနေတယ် ။ ရဟ်မသ်တော်ကျရောက်စေမယ့် အကြောင်းခံနဲ့ တိုက်ဆိုင်သွားရင် ရဟ်မသ်တော်ကျရောက်ခံစားရမှာဖြစ်တယ် ။ ဒီလိုအကြောင်းခံတွေ ဖန်တီးတည်ဆောက်နိုင်ဖို့အတွက် အနည်းအကျဉ်း ဂရုစိုက် အာရုံစိုက် သောကထားဖို့တော့ လိုတာပေါ့ ။ ဒုတိယတချက်က အရ်ဖါသ်နေ့မှာ ဟာဂျီတွေက အရ်ဖါသ်ကွင်းပြင်ကို အရောက်သွားနေကြပီ တစ်ကမ္ဘာလုံးမှာ ကျန်တဲ့သူတွေက ဒီနေ့မှာ နဖိလ်ရိုဇဟ်ထားကြမယ်ဆိုရင် တမန်တော်မြတ် ( ဆွလ္လလ္လာဟိုအလိုင်ဟိဝစလ္လမ် ) က အမိန့်ရှိတော်မူတယ် ။ ငါကိုယ်တော် မျှော်လင့်တော်မူတယ် တဲ့ ။ အဲဒီ ရိုဇာဒါရ်ကို လွန်လေခဲ့ပြီးသော တစ်နှစ် နဲ့ လာမယ့် တစ်နှစ်တာကာလအတွင်း အပြစ်ဂိုနဟ်တွေကို အရှင်မြတ်က ( ကဖ္ဖာရဟ် ) ခွင့်လွှတ်ပယ်ဖျက်ပေးမှာဖြစ်ပါတယ် ။

ဒီနေရာမှာ တစ်ခုသဘောပေါက်ထားရမှာက အချို့ အိလ်မ်အသိပညာမရှိတဲ့သူတွေက ပြီးခဲ့တဲ့ တစ်နှစ်ကာလ နဲ့ လာမယ့်တစ်နှစ်ကာလတွေမှာ ရှိတဲ့အပြစ်ဂိုနဟ်တွေကို ခွင့်လွှတ်ချမ်းသာပေးမယ် ဆိုတာနဲ့ပတ်သက်ပီး အထင်မှားနေကြတယ် ။ ရှေ့ တစ်နှစ်တာ ခွင့်လွှတ်ချမ်းသာပေးမယ် ဆိုတဲ့စကားကိုယူပီး လုပ်ချင်တာလုပ် အရှင်မြတ်က ခွင့်လွှတ်မယ်လို့ အဓိပ္ပါယ်ကောက်ကြတယ် ။ ဒါဟာ လုံးဝမှားတယ် ။ တမန်တော်မြတ် အမိန့်ရှိသမျှသော အမလ်တွေကိုအကြောင်းခံပီး အပြစ်ဂိုနဟ် ခွင့်လွှတ်ချမ်းသာပေးမယ် ဆိုတဲ့ အမိန့်တော်တွေဟာ ဥပမာ ဝိုဇူလုပ်တဲအခါ ခြေလက်အင်္ဂါအစိတ်အပိုင်းတိုင်းက အပြစ်ဂိုနဟ်တွေကျသွားတယ် ။ နမာဇ်ဖတ်ဖို့ အိမ်ကနေထွက်လာတဲ့အခါ ခြေတစ်လှမ်းတိုင်းမှာ အပြစ်တစ်ခုကျ ပယ်ဖျက်ပေးပီး အဆင့်အတန်းတစ်ခုကျ မြှင့်တင်ပေးတယ် ။ ရမ်ဇာန်လရဲ့  ရိုဇဟ်နဲ့ပတ်သက်ပီး ရိုဇဟ်စောင့်သူရဲ့  ပြီးခဲ့တဲ့ အပြစ်ဂိုနဟ်အားလုံး ခွင့်လွှတ်ချမ်းသာပေးခြင်း ခံရတယ် စတဲ့ ဂိုနာဟ်နဲ့ ပတ်သက်သမျှသော တင်ပြချက်တိုင်းဟာ ဂိုနာစွဂီရဟ် သေးငယ်တဲ့ အပြစ်ဂိုနာဟ်တွေပဲ အကျုံးဝင်တယ် ။ ဂိုနာဟ်ကဗီရဟ် ကြီးလေးတဲ့ ဂိုနာဟ်တွေကတော့ သောင်ဝ်ဗဟ်အမှားဝန်ခံမှု မလုပ်သ၍ ခွင့်လွှတ်ချက်မရဘူး ။

ကေယာမသ်နေ့မှာ အရှင်မြတ်က အချို့ သူတွေကို စာရင်းအင်းမစစ်ဆေးတော့ပဲ ခွင့်လွှတ်လိုက်ရင် ဒါဟာ အရှင်မြတ်ရဲ့ သီးခြားသော မဟာဂရုဏာတော်ဖြစ်တယ် ။ ဒါကို မျှော်ကိုးပီး မိုက်မဲလို့တော့ မရဘူး ။ သောင်ဝ်ဗဟ်လုပ်တာတောင်မှ ( ဟိုကူကွလ္လာ ) အရှင်မြတ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အပြစ်ဂိုနာဟ်တွေအပေါ်မှာသာရမယ် ။ လူသားအချင်းချင်းနဲ့သက်ဆိုင်တဲ့ အပြစ်ဂိုနာဟ်တွေ တနည်းအားဖြင့် သူတစ်ပါးကို မတရားအနိုင်ကျင့် ကျူးကျော်စော်ကားထားသမျှ ၊ သူတစ်ပါးအခွင့်အရေးနဲ့ ဥစ္စာပစ္စည်းတွေကို မတရားသဖြင့် ရယူပိုင်ဆိုင်ထားသမျှ ၊ သူတစ်ပါးကို စိတ်နာကျည်းဒုက္ခရောက်အောင် လုပ်ထားသမျှအတွက် အရှင်မြတ်ထံ သောင်ဝ်ဗဟ်လုပ်ရုံနဲ့ မရဘူး ။ အဲဒီ ကာယကံရှင်တွေ ကျေနပ်ခွင့်လွှတ်တဲ့အထိ ပြန်ပီးတောင်းပန်ရမယ် ။ ပြန်ပေးစရာရှိသမျှ အကုန်လျော်ပေးရမယ် ။ တဖက်လူ ခွင့်မလွှတ်မချင်း သောင်ဝ်ဗဟ် အတည်မဖြစ်ဘူး ။

ဆက်လက်ဖော်ပြပါမည် .. ။

မုဖ်သီ သကီး ၏ ဗယာန်မှ .. ကောက်နုတ်တင်ပြပါသည် ။

Tiny Cherry