Saturday, October 5, 2013

ကုရ်ဘာနီ ၊ ဟဂ်ျ နဲ့ ဇွလ်ဟဂ်ျလ ( ၁၀ ) ရက် .. အပိုင်း 2


ကုရ်ဘာနီ ၊ ဟဂ်ျ နဲ့ ဇွလ်ဟဂ်ျလ ( ၁၀ ) ရက် .. အပိုင်း 2

****************************************

ဒီနေ့ထူးနဲ့ ပတ်သက်ပီး တတိယအမလ်တစ်ခုက သက္ကဗီးရ်သရှ်ရီးက်ဖတ်ခြင်း ဖြစ်တယ် ။ အရ်ဖသ်နေ့ရဲ့  နံနက်ဖဂျရ်နမာဇ်အချိန်ကစပီး ( ၁၃ ) ရက်နေ့ အဆွရ်အချိန်အထိဖြစ်တယ် ။ ဒီသက္ကဗီးရ်ကို နမာဇ်ပီးတိုင်း အသံကျယ်စွာ တစ်ကြိမ်ဖတ်ခြင်း ဝါဂျစ်ဗ်ဖြစ်တယ် ။ သက္ကဗီးရ်က " အလ္လာဟ်ဟိုအက်ဂ်ဗရ် အလ္လာဟ်ဟိုအက်ဂ်ဗရ် လာအေလာဟာ အိလ္လလ္လာဟို ဝလ္လာဟိုအက်ဂ်ဗရ် အလ္လာဟ်ဟိုအက်ဂ်ဗရ် ဝလိလ္လာဟိလ်ဟမ် " ဒီသက္ကဗီးရ်ကို အသံတိုးတိုးလေးဖတ်ခြင်းဟာ စွန္နသ်နဲ့ ဆန့်ကျင်တယ် ။ ဒီခေတ်က ပြောင်းပြန်ခေတ် ဒိုအာကို တိုးတိုးတောင်းခိုင်းတဲ့နေရာမှာ အလှူရှင်တွေ အိမ်ရှင်တွေ သဘောကျအောင် အသံကျယ်ကျယ်ဖတ်ကြတယ် ။ ကုရ်အာန်ထဲမှာ အမိန့်ရှိထားတယ် ။ " တိုးညင်းစွာလည်းကောင်း ကျို့ ငဲ့စွာဖြင့် အရှင်မြတ်ကို တမ်းတကြပါလေ ။ ၎င်း ဆုမွန်ဒိုအာပြုကြပါ " .. တဲ့ ။

ဒါကြောင့် အများအားဖြင့် ဒိုအာလုပ်ကြတဲ့အခါမှာ အသံကျယ်ကျယ်မဟုတ်ဘဲ အသံတိုးတိုးလေးနဲ့ ဒိုအာလုပ်ခြင်းက ပိုပီး မွန်မြတ်တယ် ။ တချို့ သော အသံကျယ်ကျယ်ဒိုအာလုပ်ရမယ့် နေရာတွေမှာတော့ အသံကျယ်ကျယ်ဒိုအာလုပ်ခြင်းက မွန်မြတ်ပါတယ် ။ ဒိုအာကဗူလ်ဖြစ်ဖို့ လိုအပ်ချက်တစ်ခုက ဒရူးဒ်ဖတ်ခြင်းဖြစ်တယ် ။ သို့သော် သက္ကဗီးရ်သရှ်ရီးက်ကိုတော့ အသံကျယ်ကျယ်ဖတ်ခိုင်းတဲ့နေရာမှာ တချို့ က လေသံတောင် မထွက်တော့ဘူး ။ စိတ်ထဲကပဲ ဖတ်လိုက်ကြတယ် ။ တကယ်တော့ ဒီသက္ကဗီးသရှ်ရီးက်ကို အသံကျယ်ကျယ်ဖတ်ခိုင်းတာဟာ အစ္စလာမ်သာသနာရဲ့  ခမ်းနားထယ်ဝါမှုကို ဖေါ်ကျူးဖို့ဖြစ်တယ် ။

နမာဇ်ပီးတာနဲ့ ဒီသက္ကဗီးရ်ကို ဗလီထဲ ဟိန်းသွားအောင် ဖတ်သင့်တယ် ။ ဒီလိုပဲ အီဒွလ်အသွဟာနေ့မှာ အိမ်ကနေဗလီကို လာနေတဲ့အချိန်မှာလည်း ဒီသက္ကဗီးရ်ကို အသံကျယ်ကျယ်နဲ့ ဖတ်ပီးလာခြင်း စွန္နသ်ဖြစ်တယ် ။ အီဒွလ်ဖိသစ်ရ်နမာဇ်အတွက် အိမ်ကထွက်လာတဲ့အချိန်မှာတော့ တိုးတိုးပဲ ဖတ်သင့်တယ် ။ ရှရီအသ်မှာတော့ အဲဒီလို သတ်မှတ်ပီး တချို့ ပညာရှင်များကတော့ မွတ်စ်တဟဗ်အဖြစ်သတ်မှတ်ကြတယ် ။ အရ်ဖါသ်နေ့ နံနက်ဖဂျရ်က ( ၅ ) ရက်တိုင် ( ၁၃ ) ရက်နေ့ ညနေ အဆွရ်အချိန်အထိ ဖတ်ရမယ် ။ ဒီတာဝန်တွေကို အမျိုးသမီး အများစု မသိကြတာလည်း ရှိသေးတယ် ။ တချို့ က သိတော့သိတယ် ။ ဖတ်ရမယ့် အချိန်ကျတော့ မေ့နေကြတယ် ။ ဒါကြောင့် ဒီသက္ကဗီးရ်ကို စာရွက်ပေါ်ရေးပီး နမာဇ်ဖတ်မယ့်နေရာမှာ အမြဲချိတ်ထားသင့်တယ် ။ ဒါမှ စလာမ်လှည့်တာနဲ့ မြင်ပီး ဖတ်ဖို့ သတိရသွားမယ် ။

အလွန်မွန်မြတ်လှတဲ့ ဇွလ်ဟဂ်ျလ ( ၁၀ ၊ ၁၁ ၊ ၁၂ ) ဒီ သုံးရက်အတွင်းမှာ အလွန်မွန်မြတ်လှတဲ့ ကုရ်ဘာနီ ဆိုတဲ့ အမလ်ကိုလုပ်ရမယ် ။ ဒီသုံးရက်မှလွဲပီး တခြားရင်တွေမှာလုပ်ရင် ကုရ်ဘာနီမဖြစ်တော့ဘူး ။ ဆဝါဗ်မရတော့ဘူး ။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့် သားကောင်ကို ဇဗဟ်လုပ်တိုင်း ကုရ်ဘာနီမခေါ်ဘူး ။ တနည်းအားဖြင့် သာသနာမှာ တင်ပြထားတဲ့ မွန်မြတ်တဲ့အမလ်တွေဆိုတာက ပင်ကိုယ်က မွန်မြတ်တာ မဟုတ်ဘူး ။ အဲဒီ အမလ်တွေနဲ့ ပတ်သက်တဲ့ အရှင်မြတ်ရဲ့  အမိန့်တော်တွေကသာ မွန်မြတ်တာ ၊ အကျိုးရှိတာ ။

ဒါကြောင့် အရ်ဖါသ် ကွင်းပြင်နဲ့ ရဟ်မသ်တောင်တော်ဟာ တနှစ်ပတ်လုံး တည်ရှိတယ် ။ အဲဒီနေရာဟာ ဇွလ်ဟဂ်ျလ ( ၉ ) ရက်နေ့ တရက်ပဲ မွန်မြတ်တာ ။ ကျန်တဲ့ရက်တွေမှာ အဲဒီကွင်းပြင်မှာ တနေကုန် ရပ်နေလည်း နှမ်းစေ့ခန့် ဆဝါဗ်ရမှာ မဟုတ်ဘူး ။ ဒါကြောင့် သာသနာရဲ့ အနှစ်သာရက " နာခံခြင်းသက်သက်သာ " ဖြစ်တယ် ။ ဒါကြောင့် သာသနာမှာ အောင်မြင်မှုရချင်ရင် အလ္လာဟ် နဲ့ အလ္လာဟ့်ရစူလ်ရဲ့  အမိန့်တော်နဲ့ ကျင့်စဉ်များအပေါ် နာခံကျင့်သုံးလိုက်ပါ ။ အဲဒီမှာပဲ အောင်မြင်မှုရမယ် ။ ဒီဟဂ်ျရဲ့ အမလ်တွေက လူတွေကို ဒီအရည်အချင်းတွေ ပေးနေတယ် ။ ဥပမာ - မေနာမှာရှိတဲ့ ကျောက်တိုင်ကို လူတွေအားလုံးက ဝိုင်းပီး ခဲနဲ့ပေါက်နေကြတယ် ။ ဒါကို ဦးနှောက်နဲ့စဉ်းစားရင် ဘယ်လိုမှ အဓိပ္ပါယ်ဖော်လို့ရမှာ မဟုတ်ဘူး ။ ဒီအမလ်ကို နာခံခြင်းတခုကိုပဲ အရင်းပြုပီး လုပ်လိုက် ။ အဲဒီထဲမှာ ပြုပြင်မှု ရသွားမယ် ။ ဆဝါဗ်ရသွားမယ် ။ အောင်မြင်မှု လမ်းကြောင်းပေါ်ရောက်သွားမယ် ။

ဒီလိုပဲ တခြားအမလ်တွေကလည်း လူတွေရဲ့  ဦးနှောက်ထဲမှာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေ ရင်ထဲမှာ စွဲငြိနေတဲ့ အတွေးအထင်တွေဆိုတဲ့ ဗွသ်ရုပ်ထုတွေကို ရိုက်ချိုးနေတာပဲ ။ ဦးနှောက်ထဲမှာ ရင်ထဲမှာ ပင်ကိုယ်အစွဲအဖြစ်နဲ့ လက်ခံသတ်မှတ်ထားတယ် ။ ဒီလိုဆိုပိုကောင်းတာပေါ့ ။ ဒီလိုဆို ပိုသင့်တော်တာပေါ့ ။ " ဆိုတဲ့ မိမိအတွေးနဲ့ တည်ဆောက်ထားတဲ့ ကောင်းခြင်းတွေ အားလုံးကို ပယ်ဖျက်ခိုင်းလိုက်တာပဲ ။ ကောင်းခြင်းတွေ အားလုံးဟာ အရှင့်အမိန့်နာခံခြင်းထဲမှာပဲ ရှိတယ် " ဆိုတဲ့ ယုံကြည်ချက်ကို ဦးနှောက်ထဲ ရင်ထဲ သွတ်သွင်းပေးတဲ့ အမလ်ဖြစ်တယ် ။

" ကုရ်ဘာနီ " ဆိုတဲ့ စကားလုံးက " ကရီးဗ် " ဆိုတဲ့ စကားလုံးကနေလာတာ ။ " ကရီးဗ် " ဆိုတာ " နီးကပ်ခြင်း " ကို ခေါ်တာ ။ ဒါကြောင့် " ကုရ်ဘာနီ " ရဲ့ အဓိပ္ပါယ်က " ဒီအမလ်ကို အကြောင်းခံပီး အရှင်မြတ်နဲ့ နီးကပ်မှုကို ရရှိသွားခြင်း " ဖြစ်တယ် ။ ဒီကုရ်ဘာနီက လူတွေကို အရှင်မြတ်ရဲ့  အမိန့်နာခံခြင်းကို သာသနာလို့ ခေါ်တဲ့အကြောင်း သင်ပေးနေတာ ။ ဒါကြောင့် အမိန့်တော်ကျလာပီး ဆိုတဲ့နောက် ဘာဆင်ခြေမှ မပေးနဲ့ ။ ဘာစောဒကမှမတက်ပဲ ဦးညွှတ်နာခံလိုက်ရမယ် ။ ဒါကိုပဲ သာသနာလို့ ခေါ်တယ် ။

မုဖ်သီ သကီး ဗယာန်မှကောက်နုတ် တင်ပြပါသည်။

Tiny Cherry

အလ်မုဖီးဒ်