Monday, October 14, 2013

ဒိုအာကဗူလ်မဖြစ်ရခြင်းအကြောင်း

မိခင်မွန်ဟဇရသ် အာအေရှာ(ရသွေ့)က ဤသို့မိန့်တော်မူ၏။ တစ်ခါသော် ရစူလွလ္လာဟ်(ဆွ) သည်အိမ်သို့ကြွလာတော်မူ သည်။ ရစူလွလ္လာဟ်(ဆွ) ၏ မျက်နှာအမူအရာ ပြောင်းလဲနေသည်ကို ရှုမြင်ခြင်းအားဖြင့် တစုံတရာကိစ္စထူးကြောင့် သိနားလည်လိုက်ပေသည်။ ရစူလွလ္လာဟ်(ဆွ)သည် မည်သူနှင့်မျှ စကားပြောဆိုခြင်းမရှိဘဲ ဝုဇူပြုတော်မူပြီး ဗလီဝတ်ကျောင်းတော်အတွင်းသို့ ကြွသွားတော်မူသည်။ ကျွန်မသည် နံရံ နှင့်ကပ်၍ ရစူလွလ္လာဟ်(ဆွ) မိန့်ကြားတော်မူသည်များကို နားစွင့်၍နေခဲ့ရာ ရစူလွလ္လာဟ်(ဆွ)သည် မင်မ်ဗရ်ပေါ်ထိုင်တော်မူ၍ အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောပနာပြုပြီးနောက် ဤသို့မိန့်ကြားတော်မူခဲ့လေသည်။ အိုလူသားအပေါင်းတို့ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ အသင်တို့ကောင်းမြတ်သောအရာများကို ညွှန်ကြားခြင်း၊ မကောင်းမှုမှ တားမြစ်ခြင်းများပြုလုပ်ကြလေကုန်။ ယင်းသို့မပြုကြသောကြောင့် မကောင်းမှုများလွှမ်းမိုးလာသောအခါ အသင်တို့၏ တောင်းဆုဒိုအာကို ငါအရှင်လက်ခံတော်မူမည်မဟုတ်ပေ။ အသင်တို့သည် ငါအရှင်မြတ်ထံတော်၌ အသနားခံကြသည်ကိုလည်း ငါအရှင်မြတ်သည်အသင်တို့အား ပေးသနားတော်မူမည်မဟုတ်ပေ။ ထို့ပြင်အသင်တို့သည် မိမိတို့ရန်သူများ၏ ဘေးရန်မှ လွတ်ကင်းနိုင်ရန် ငါအရှင်မြတ်အထံတော်တွင် အကူအညီတောင်းခံသော်လည်း ငါအရှင်မြတ်သည် အသင်တို့အား ကူညီတော်မူမည်မဟုတ်ပေ။ ကိုယ်တော်သည် ဤမျှသာမိန့်မြွက်တော်မူပြီးနောက် မင်မ်ဗရ်ပေါ်မှ ဆင်းသက်တော်မူခဲ့ပေသတည်း။

ရှင်းလင်းချက်။ ။ ရန်သူများနှင့် သာသနာရေးကိစ္စများ ရင်ဆိုင်ဆောင်ရွက်ရာတွင် ပေါ့ဆမှုကို အားပေးသူများ အထူးသတိပြုသင့်သည်။ အဘယ့်ကြောင့်ဆိုသော သာသနာရေးကို တိကျမှန်ကန်စွာ လိုက်နာကျင့်သုံးခြင်းဖြင့်သာ မွတ်စ်လင်မ်များသည် အလ္လာဟ်၏ ကူညီစောင်မတော်မူခြင်းကို ခံယူရရှိကြမည်ဖြစ်သည်။

ဟဇရသ်အဗွဒ်ဒါရ်ဒါအ်(ရသွေ့)သခင်က ဤသို့မိန့်ကြားခဲ့ဖူးသည်။ အသင်တို့သည် ကောင်းမြတ်သောအရာများကို ညွှန်ကြား၍ မကောင်းမှုမှ တားမြစ်ကြကုန်။ သို့မဟုတ်လျှင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်၌ ညှင်းပမ်းရက်စက်သော ဘုရင်ကို စိုးမိုးအုပ်ချုပ်စေတော်မူမည်။ ထိုဘုရင်သည် အသင်တို့၏ အကြီးအကဲများကို ရိုသေလေးစားမည်မဟုတ်။ ငယ်သူများကိုလည်း သနားညှာတာမည်မဟုတ်။ ထိုအခါ အသင်တို့အနက်မှ သူတော်စဉ်များသည် (အလ္လာဟ့်ထံတော်၌) ဆုတောင်းကြသော်လည်း ယင်းတို့၏ ဆုမွန်ဒိုအာကိုလည်း လက်ခံတော်မူမည် မဟုတ်ပေ။ အသင်တို့သည် အလ္လာဟ့်ထံတော်မှ အကူအညီတောင်းခံကြလျှင်လည်း အကူအညီရရှိကြမည်မဟုတ်။ အပြစ်မှ လွတ်ငြိမ်းခွင့်တောင်းခံလျှင်လည်း ချမ်းသာခွင့်လွှတ်ခြင်းခံရမည်မဟုတ်ပေ။ အလ္လာဟ်ကိုယ်တော်တိုင်က ဤသို့မိန့်မြွက်ထားသည်။

"အိုအီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကူညီကြလျှင် ထိုအရှင်မြတ်သည်လည်း အသင်တို့အား ကူညီစောင်မတော်မူအံ့။ ထိုမှတစ်ပါး ရန်သူများနှင့်ရင်ဆိုင်ရာတွင် ထိုအရှင်မြတ်သည် အသင်တို့၏ခြေတို့ကို မြဲမြံခိုင်ခံစေတော်မူအံ့။ (ကုရ်အာန် ၄၇း ၇)

အခြားတစ်နေရာတွင် အလ္လာဟ်အရှင်မြတ်က ဤသို့ မိန့်ကြားထားတော်မူသည်။

" အကယ်၍ အရှင်မြတ်က အသင်တို့အား ကူညီစောင်မတော်မူပါလျှင် မည်သူမျှ အသင်တို့အား လွှမ်းမိုးနိုင်မည်မဟုတ်ပေ။ အကယ်၍ ထိုအရှင်က အသင်တို့အားကူညီစောင်မခြင်းမပြုခဲ့လျှင် မည်သူသည် အသင်တို့အားကူညီစောင်မနိုင်အံ့နည်း။ စင်စစ်မုအ်မင်န်သက်ဝင်ယုံကြည်သူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာ ယုံပုံလွှဲအပ်ရာသတည်း။ " (ကုရ်အာန် ၃း ၁၆၀ )

ဒွရ်ရေမန်စူးရ်၊ သိရ်မီဇီ၊ အစရှိသည့်ကျမ်းများ၌ ဟဇရသ်ဟုဇိုင်ဖာ(ရသွေ့)သခင်မှတဆင့် လာရှိသောဟဒီးစ်တော်ကို ဤသို့ဖော်ပြထားသည်။

ရစူလွလ္လာဟ် (ဆွ) က ကျိန်ဆို၍မိန့်ကြားတော်မူခဲ့သည်မှာ အသင်တို့သည် ကောင်းမြတ်သောအရာများကို ညွှန်ကြား၍ မကောင်းမှုများမှ တားမြစ်ခြင်းပြုကြကုန်လော့။ သို့မဟုတ်လျှင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်၌ မိမိ၏ပြစ်ဒဏ်ကို သက်ရောက်စေတော်မူမည်။ ထိုအခါ အသင်တို့ ဆုတောင်းဒိုအာပြုကြလျှင်လည်း လက်ခံသဘောတူမည် မဟုတ်ပေ။

ဤနေရာတွင် ကျွန်ုပ်တို့သည် အလ္လာဟ်အမိန့်တော်များကို မည်မျှသွေဖည်နေကြသည်ကို ကျွန်ုပ်တို့ ဦးစွာပထမ စဉ်းစားကြရမည်။ ထိုသို့စဉ်းစားခြင်းအားဖြင့် ကျွန်ုပ်တို့၏ ကြိုးစားမှုများသည် အဘယ့်ကြောင့် အချည်းအနှီးဖြစ်ရသည်ကိုလည်းကောင်း၊ ဒိုအာများ အဘယ့်ကြောင့် မစူးရှသည်ကိုလည်းကောင်း၊ ကျွန်ုပ်တို့သည် မိမိတို့၏ တိုးတက်မှုအတွက် လုပ်ဆောင်နေကြပါသလား၊ သို့တည်းမဟုတ် ပျက်စီးနိမ့်ကျခြင်းကို ဖန်တီးနေကြပါသလား ဟူသောအချက်တို့ကို သိနားလည်ကြပေမည်။
(ဖဇာအေလေအအ်မာလ်)
အလ်မုဖီးဒ်