Saturday, October 12, 2013

စည်းလုံးညီညွတ်မှု ၏ တန်ဖိုး

မျက်မှောက်ကာလတွင် လူတိုင်းက စည်းလုံးညီညွတ်မှု အကြောင်းကို ပြောနေကြပါသည်။ လူတိုင်းက စည်းလုံးညီညွတ်ရေး ကိစ္စကို ရေးနေကြပါသည်။ သို့သော် မည်သည့်နေရာတွင်မျှ စည်းလုံးညီညွတ်မှု မရှိကြပါ။ ဤသို့ဖြစ်ရခြင်းမှာ အရာရာတိုင်းတွင် ယင်းနှင့်ထိုက်တန်သော တန်ဖိုးတစ်ခုရှိပါသည်။ ထိုနည်းတူ စည်းလုံးညီညွတ်မှု ၏ တန်ဖိုးတစ်ခုလည်း ရှိနေပါသည်။ လူများသည် စည်းလုံးညီညွတ်မှုအကြောင်း ပြောကြသော်လည်း စည်းလုံးမှု၏ တန်ဖိုးကို မပေးလိုကြပါ။ ဤအချက်ကြောင့်ပင် မည်သည့်နေရာမျှ စည်းလုံးညီညွတ်မှု မရှိကြပါ။ စည်းလုံးညီညွတ်မှု အဘယ့်ကြောင့် ပျက်ပြားရပါသနည်း။ ပျက်ပြားရသော အကြောင်းတစ်ချက်သာ ရှိပါသည်။ ယင်းမှာ မိမိ၏ ညီညွတ်မှုပျက်ပြားစေမည့် စိတ်ဓာတ်ကို ချိုးနှိမ် အဆုံးသတ်ခြင်း မပြု၍သာ ဖြစ်ရပါသည်။
ဤလောကကြီးသည် ဒါရွလ်အိမ်သိဟားန် (စမ်းသပ်ကွင်း) တစ်ခုဖြစ်သည်။ လောကကြီးတွင် အကြောင်းအမျိုးမျိုးကြောင့် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်ဘက် စိတ်ဓာတ်များပေါ်ထွန်းနိုင်ပါသည်။ ထိုဆန့်ကျင်လိုသည့် စိတ်ဓာတ်ကို အသင့်အနေနှင့် မိမိအတွင်းမှာပင် ချိုးနှိမ်ချေဖျက်ပစ်လိုက်ပါက စည်းလုံးညီညွတ်မှု ဖြစ်ထွန်းပါလိမ့်မည်။ အကယ်၍ ထိုစိတ်ဓာတ်ကို ချိုးနှိမ်ခြင်းမပြုပါက ပွင့်အံ့ထွက်လာပြီး စည်းလုံးညီညွတ်မှုကို အပိုင်းပိုင်း အစစ ပြုလုပ်ပစ်ပါလိမ့်မည်။ တစ်ခါတစ်ရံ တစ်ဦးက နောက်တစ်ဦးအပေါ် မကျေမချမ်းဖြစ်တတ်ပါသည်။ ရံဖန်ရံခါ တစ်စုံတစ်ဦး မိမိတိုးတက်ဖွံဖြိုးရေး လမ်းကြောင်းတွင် အတားအဆီး အဟန့်အတားအဖြစ် မြင်တတ်ပါသည်။ အချို့အခါတွင် အခြားသူ ကြီးပွါးတိုးတက်နေသည်ကို မြင်၍ ရင်ထဲတွင် မနာလိုဝန်တိုသည့် စိတ်ထား တဖွားဖွားပေါ်လာတတ်ပါသည်။ တစ်ခါတစ်လေ ကျတော့လည်း မာန နှင့် ဘဝင်မြင့်သည့် စိတ်ဓာတ်က သူတစ်ပါးကို သိက္ခာချရမှ ကျေနပ်လိုသည်။ ထိုထိုသော အခြေအနေအားလုံးသည် လူသားထံမှ တန်ဖိုးတစ်ခုကို တောင်းဆိုနေပါသည်။ ထိုတန်ဖိုးမှာ အခြားမဟုတ်ပါ။ စည်းလုံးညီညွတ်မှု နှင့် လူသားအချင်းချင်း ပေါင်းသင်းဆက်ဆံရေး အသိုက်အဝန်းကို အရှည်သဖြင့် တည်တံ့စေရန် မိမိကိုယ်ကို ချိုးနှိမ်ရပါမည်။ မကျေမနပ်ဖြစ်မှုနှင့် ခါးသီးမှုတို့ကို မျိုသိပ်ရပါမည်။ မိမိ၏ အကျိုးစီးပွား ထိခိုက်မှုကို ကျေနပ်စွာခံယူရပါမည်။ သူတစ်ပါး၏ ကြီးပွားတိုးတက်မှုကို တွေ့မြင်၍ ပျော်ရွှင်တတ်သည့် သတ္တိကို မွေးရပါမည်။ မာနလွှမ်းသော စိတ်ဓာတ်ကို ရိုကျိုးသော စိတ်ဓာတ်ဖြင့် ပြောင်းလဲပစ်ရပါမည်။
ဤသို့ တစ်ဦးချင်း စွန့်လွှတ် စွန့်စားသည့် အနစ်နာခံမှုသာလျှင် စည်းလုံးညီညွတ်ခြင်းနှင့် တစ်သွေးတည်း တစ်သားတည်းဖြစ်ဖို့ရာ တစ်ခုတည်းသော လျှို့ဝှက်ချက်ဖြစ်ပါသည်။ ဖေါ်ပြပါအခြေအနေများ ကျိန်းသေကြုံတွေ့ရပါမည်။ ဤလောကကြီးတွင် ဖေါ်ပြပါ အခြေအနေများ မကြုံတွေ့ပဲ ရှောင်လွှဲ၍ မရနိုင်ပါ။ ဤသို့ ကြုံတွေ့ခြင်းကသာ စည်းလုံးညီညွတ်ခြင်းနှင့် ညီညွတ်မှု ပြက်ပြားခြင်းတို့ကို ပိုင်းခြားဆုံးဖြတ်ပေးနိုင်ပါသည်။ အကယ်၍ လူသည် စည်းလုံးညီညွတ်မှုကို ပြက်ပြားစေမည့် စိတ်ဓာတ်ကို မိမိ၏ ရင်ထဲ၌ပင် ချိုးနှိမ်လိုက်ပါက လူ့အသိုက်အဝန်းတွင် စည်းလုံးညီညွတ်မှု တည်ရှိနေပါမည်။ အကယ်ဤ ထိုစိတ်ဓာတ်ကို မချိုးနှိမ်ပဲ ဖေါ်ထုတ်လိုက်မည်ဆိုပါက လူ့အသိုက်အဝန်းတွင် စည်းလုံးညီညွတ်မှုကို ပျက်ပြားစေပါလိမ့်မည်။ သူများနှင့် ခိုက်ရန်မဖြစ်ပွားစေရန် မိမိကိုယ်ကို မိမိတိုက်ခိုက်ရပါသည်။ လူတို့သည် ကိုယ့်ကိုကိုယ် တိုက်ခိုက်ရန် ဆန္ဒမရှိပါ။ ထို့ကြောင့် သူတစ်ပါးနှင့် ခိုက်ရန် အငြင်းပွားမှု ဘယ်သောအခါမျှ အဆုံးမသတ်နိုင်ပါ။

(သအ်မီရေဟယားသ် စာစောင်မှ မော်လာနာအဗွလ်ဟစံ(န)အလီနဒ်ဝီ၏ ဆောင်းပါးအား မော်လာနာရဖီးက် (အဇီဇီ) မှပြန်ဆိုသည်။)

အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။