Thursday, October 17, 2013

ရေသောက်ခြင်း၏ နည်းလမ်းအမှန်


ဂျာမေ့အ်ကဗီးရ်ကျမ်းတွင် ဟဇရသ်အဗူဟုရိုင်ရာဟ်(ရသွေ့)သခင်ထံမှ ဆင့်ပြန်ထားသည်။ ကိုယ်တော်မြတ်(ဆွ)က အမိန့်ရှိသည်မှာ အသင်တို့ရေသောက်ပါက အသက်တစ်ရှူ (ရှိုက်) အတွင်းမသောက်လေနှင့်။ အဘယ့်ကြောင့်ဆိုသော် ဤသို့သောက်ခြင်းဖြင့် ရင်ကိုအောင့်စေသည်။ ထို့အတွက်ကြောင့် အဗူဟာသင်မ်သခင်က အနတ်စ်ဗင်န်မာလိက်သခင်ထံမှ ဆင့်ပြန်ထားသည်မှာ ကိုယ်တော်မြတ်(ဆွ)သည် ရေကို သုံးကြိမ်နား၍ သောက်တော်မူလေ့ရှိသည်။ ထို့နောက်အမိန့်ရှိသည်မှာ ဤနည်းသည် ရေငတ်မွတ်မှုကို ကောင်းစွာပြေပျောက်စေသည်။ ထို့ပြင် ကောင်းစွာအစာကြေစေပြီး ကျန်းမာရေးကောင်းမွန်မှုကို တည်တံ့စေသည်။ အချို့သောဟဒီးစ်တော်များတွင် မတ်တပ်ရပ်၍ ရေသောက်ခြင်းကိုလည်း တားမြစ်ထားသည်။

သိရ်မီဇီကျမ်းတွင် ဟဇရသ်အနတ်စ်ဗင်န်မာလိက်သခင်ထံမှ ဆင့်ပြန်ထားသည်မှာ ကိုယ်တော်မြတ်(ဆွ)သည် မတ်တပ်ရပ်၍ ရေသောက်ခြင်းမှ တားမြစ်ခဲ့သည်။ အချို့သော သမားတော်များက ရေးသားသည်မှာ မတ်တပ်ရပ်၍ ရေသောက်ခြင်းဖြင့် ဗိုက်အောင့်စေသည်။

သာသနာ့ပညာရှင်များက မိန့်ကြသည်။ သုံးမျိုးသောရေကို မတ်တပ်ရပ်၍ သောက်ခြင်းပိုင်ပေသည်။

(ပထမရေ) ဇမ်ဇမ်ရေ။ (ဒုတိယရေ) လမ်းတွင်တည်းခင်းထားသော ရေအိုးအစရှိသည်တို့မှ။ (တတိယရေ) ဝူဇူရေတို့ဖြစ်သည်။

သမားတော်များက ပြောဆိုသည်မှာ မတ်တတ်ရပ်၍သော်လည်းကောင်း၊ လဲလျောင်း၍သော်လည်းကောင်းရေသောက်ခြင်းဖြင့် ကျောရိုးနှင့် အစာအိမ်ကို အားနည်းစေသည်။ အချို့သောဟဒီးစ်တော်များ၌လာရှိသည်မှာ တမန်တော်မြတ်သည် အေး၍ချိုမြသောရေကို အလွန်နှစ်သက်လေသည်။ ထို့အတွက်ကြောင့်ပင် ကိုယ်တော်မြတ်အတွက် စက်ကိုက်ယာ ရေတွင်းမှ အေး၍ချိုမြသောရေကို မှာခိုင်းခြင်းခံရလေ့ရှိပေသည်။ စက်ကိုက်ယာသည် ရွာတစ်ရွာ၏ အမည်ဖြစ်ပြီး မဒီနာရွှေမြို့တော်မှ နှစ်ရက်ခန့်သွားရသောလမ်းခရီးတွင် ရှိပေသည်။

အကျိုးကျေးဇူး

ရှိုက်ခွလ်ရအီးစ်သခင်က ပြောဆိုသည်မှာ ချိုသောရေသည် အားလုံးသောရေတို့ထက်ကောင်းပေသည်။ ရေသောက်ရန်အကောင်းဆုံးသောအချိန်မှာ အစာကြေလောက်သောအချိန်ဖြစ်သည်။ ၎င်းပြင်အကယ်၍ အစာကြေညက်ပြီးနောက် သောက်သော် အလွန့်အလွန်ကောင်းပေသည်။ အချို့သော် သမားတော်များက ပြောဆိုသည်မှာ အစာမစားမီအလျှင်ရေသောက်ခြင်းသည် အစာအိမ်၏ အပူဓာတ်ကို ငြိမ်းသက်စေသည်။ အစာကြေပြီးနောက်သောက်သော် အပူဓာတ်ကို ဖြစ်ပေါ်စေသည်။ အသားအရေကို ပူစေသည်။

ဗဇီကရားသ်သခင်က ပြောဆိုသည်မှာ အစာစားပြီးပြီးခြင်း ရေသောက်ခြင်းဖြင့် အစာကြေမှုကို ထိခိုက်စေသည်။ အစာစားပြီးနောက်ပိုင်းတွင်သောက်ခြင်းဖြင့် အစာကိုကြေစေသည်။ အဲဟ်ယာအွလ်အူလူးမ်ကျမ်း၌ အိမာမ်ဂဇာလီသခင်က ရေးသားသည်မှာ အိပ်ယာထပြီးနောက်ရေမသောက်ရပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းဖြင့် ခန္ဓာကိုယ်၏ ပင်ကိုယ်အပူဓာတ်ကို ငြိမ်းသက်သွားစေသည်။ ရေချိုးပြီးနောက်ပိုင်းနှင့် ဇနီးအမျိုးသမီးနှင့် ပေါင်းသင်းပြီးနောက်ပိုင်းတွင်လည်း ရေသောက်ခြင်းဖြင့် အကြောဆွဲခြင်းကို ဖြစ်ပေါ်စေသည်။ သစ်သီးဝံလံစားပြီးနောက် ရေသောက်ခြင်းသည်လည်း မကောင်းပေ။ ၎င်းဖြင့် လျှာတွင် အနာဖြစ်ပေါ်စေနိုင်သည်။

(သွစ်ဗ်ဗေနဗဝီကျမ်းမှ ကောက်နှုတ်ဖော်ပြသည်။)


အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com


google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။ မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။