Saturday, May 16, 2015

သုခမိန်တို့၏ ဂုဏ်


 ၁။ အဗူအိုမာမဟ် ဗာဟေလီ(ရသွီ)သခင်က ဖွင့်ဆိုသည်မှာ တစ်နေ့တွင် တမန်တော်မြတ်ထံ ကျွန်ုပ်တို့ခစားနေကြစဉ် လူနှစ်ဦးအနက် တစ်ဦးမှာ အိဗာဒသ်ပြုသူဖြစ်၍ နောက်တစ်ဦးမှာ အာလင်မ်ပညာရှင်ဖြစ်၏။ ထိုနှစ်ဦးတွင် မည်သူက ပို၍မြတ်ပါသနည်းဟု ကိုယ်တော့အား လျှောက်တင်ကြ၏။ ကိုယ်တော်က ကျွန်ုပ်သည် သာမာန်လူတစ်ဦးထက် မြင့်မြတ်သကဲ့သို့ ဝတ်ပြုသူထက် ပညာရှင်၏မြင့်မြတ်ခြင်းက သာပို၏။ ကိုယ်တော်က ဆက်၍မိန့်တော်မူသည်မှာ ၎င်းပညာရှင်အတွက် အလ္လာဟ်အရှင်မြတ်နှင့်တကွ မိုးကောင်းကင်ရှိ ဖရိရှ်သဟ်များ၊ မြေပေါ်မှ ခပ်သိမ်းသောလူသားများ၊ တွင်းပေါက်ထဲမှ ပုရွက်ဆိတ်များ၊ သမုဒ္ဒရာနှင့် ပင်လယ်ပြင်တို့အတွင်းမှ ရေသတ္တဝါများစသည်တို့က ၎င်းတို့အတွက် ဆုမွန်ကောင်းများ တောင်းပေးနေကြသည်။ (သိရ်မီဇီ)

 ၂။ တမန်တော်မြတ်မိန့်တော်မူခဲ့သည်။ ရှိုက်သာန်သည် (အိဗာဒသ်) ဝတ်ပြုသူပေါင်းတစ်ထောင်ထက် (အာလင်မ်)သာသနာ့ပညာရှင်တစ်ဦးကို ဖျက်ဆီးရာ၌ အလွန်ခက်ခဲလှ၏။ (သိရ်မီဇီကျမ်း)
ရှိုက်သာန်၏ အမှောင့်ပယောဂနှင့် ဖျားယောင်းမှုများကို အာလင်မ်သည် မျက်စိဖြင့် သိနိုင်စွမ်းရှိ၏။ (အာဗိဒ်) ဝတ်ပြုသူတို့ကား ဝတ်ပြုရင်းနှင့်ပင် ရှိုက်သာန်၏ထောင်ချောက်သို့ ကျရောက်သွားတတ်ပေသည်။ အကြောင်းကား အာဗိဒ်သည် သာသနာ့ပညာခံမရှိသဖြင့် အရှင့်လမ်းစဉ်နှင့် ရှိုက်သာန်လမ်းစဉ်ကို မခွဲခြားနိုင်ပေ။

 ၃။ ဟစန်ဗစွရီ(ရဟ)သခင်က ဖွင့်ဆိုသည်မှာ ဗနီအစ္စရာအီလ်အမျိုးသားနှစ်ဦးတွင် တစ်ဦးသည် အာလင်မ်ပညာရှင်ဖြစ်၏။ ဖရ်ဇ်တာဝန်ကို ကျေပွန်၏။ နဖိလ်အိဗာဒသ်ကို ဝတ်ပြုခြင်းမရှိ။ လူအများကို ပညာသင်ပေးရန် အမြဲရှိနေခဲ့၏။ အခြားတစ်ဦးမှာ တစ်နေကုန် ရိုဇဟ်စောင့်၏။ တစ်ညလုံး အိဗာဒသ်ပြု၏။ ဤသူနှစ်ဦးတွင် မည်သူကပိုမြတ်ပါသနည်းဟု တမန်တော်မြတ်အား လျှောက်ထားခဲ့၏။ ကိုယ်တော်က ဖရ်ဇ်တာဝန်ကို ကျေပွန်ပြီး သာသနာ့ပညာပို့ချရန် လုံးပမ်းနေသော အာလင်မ်သည် တစ်နေကုန်ရိုဇဟ်စောင့်၍ တစ်ညလုံးအိဗာဒသ်ပြုသူထက် ပို၍မြတ်၏။ ပမာဆိုသော် သာမာန်ပုဂ္ဂိုလ်တစ်ဦးထက် ကျွန်ုပ်(ရစူလ်ကိုယ်တော်)က ပို၍မြတ်သကဲ့သို့ပင် ဖြစ်သည်။ (မိရှ်ကားသ်ကျမ်း)

 ၄။ အိဗ်နုအဗ္ဗါးစ်(ရသွီ) သခင်ကမိန့်သည်မှာ ညဥ့်တွင်သာသနာ့ပညာကို အချိန်အနည်းငယ်ယူ၍ဖတ်ခြင်း သင်ကြားခြင်းပြုလျှင် တစ်ညလုံး အိဗာဒသ်ပြုသည်ထက် ပို၍မြတ်ပေသည်။

 ၅။ အနတ်စ်ဗင်န်မာလိက် (ရသွီ)သခင်က တင်ပြခဲ့သည်။ တမန်တော်မြတ်က ဆွဟာဗဟ်သခင်များအား မည်သူသည် ရက်ရောမှုအရှိဆုံးသောသူ ဖြစ်ပါသနည်းဟု မေးမြန်းတော်မူခဲ့၏။ ဆွဟာဗဟ်များက အလ္လာဟ်အရှင်မြတ်နှင့် ၎င်း၏တမန်တော်က သာပို၍သိတော်မူပါသည်ဟု လျှောက်တင်ကြပေသည်။ ကိုယ်တော်က မိန့်တော်မူသည်မှာ ရက်ရောမှုအရှိဆုံးသောပုဂ္ဂိုလ်သည် အလ္လာဟ်အရှင်မြတ်သာ ဖြစ်တော်မူ၏။
လူသားတို့တွင် ငါကိုယ်တော်သည် ရက်ရောမှုအရှိဆုံးသော ပုဂ္ဂိုလ်ဖြစ်၏။ ငါ၏နောက်တွင် ပညာကိုသင်ယူပြီး လူအများအား ဆင့်ပြန်ပို့ချပေးခြင်း၊ ရေးသားပြန်ဆိုထုတ်ဝေခြင်း၊ သဗ်လိဗ်တွင်ပါဝင်ဆောင်ရွက်ခြင်း၊ တရားဓမ္မဟောကြားခြင်း စသည်တို့ဖြင့် ဖြန့်ဖြူးပေးသူသည် ရက်ရောမှုအရှိဆုံးသောသူပင် ဖြစ်သည်။ ဤသို့သော အာလင်မ်သည် လောကတွင် ချွေရံသင်းပင်းအစုံအလင်နှင့် ကြွမြန်းလေ့ရှိသော ဘုရင်မင်းမြတ်ကဲ့သို့ ကိယာမသ်နေ့၌ အလ္လာဟ်အရှင်မြတ်က ၎င်းအာလင်မ်အား ကြွမြန်းလာစေတော်မူမည်။ (မိရှ်ကားသ်ကျမ်း)

 ၆။ အဗ်ဒုလ္လာဟ်ဗင်န်မတ်စ်အူးဒ် (ရသွီ)သခင်က ဖွင့်ဆိုသည်မှာ လောဘသားနှစ်ဦးသည် မည်သည့်အခါမှ တင်းတိမ်မှုမရှိပေ။ တစ်ဦးသည် သာသနာ့ပညာရှင်ဖြစ်ပြီး နောက်တစ်ဦးမှာ လောကီအခွင့်အရေးသမားဖြစ်၏။ အကြောင်းကား သာသနာ့ပညာရှင်သည် လျှပ်တစ်ပျက် အသက်တစ်ရှုခန့်မျှသော အချိန်တိုင်းတွင် အရှင်မြတ်နှစ်လိုဖွယ်ရာအမှုကို ပြုလျှက်ရှိ၏။ လောကီအခွင့်အရေးသမားကား ရှရီအသ်၏အမိန့်ကို ဖီဆန်ရာတွင် ပို၍ပြုမူဆောင်ရွက်နေပေသည်။ (မိရှ်ကားသ်ကျမ်း)
 ၇။ ဂျာဗိရ်(ရသွီ)သခင်က ဖွင့်ဆိုသည်မှာ လောက၌ လူသားတို့သည် အာလင်မ်များကိုလိုလားကြသကဲ့သို့ ဂျန္နသ်၌လည်း လိုလားကြဦးမည်။ အကြောင်းကား အလ္လာဟ်အရှင်မြတ်က ဂျန္နသ်သီတို့အား အသင်တို့အလိုရှိရာတောင်းခံကြကုန်ဟု မိန့်တော်မူရာ ဂျန္နသ်သီတို့က အာလင်မ်များထံချဉ်းကပ်၍ ကျွန်ုပ်တို့ မည်သည့်အရာများကို တောင်းခံရပါမည်နည်းဟု မေးမြန်းကြမည်။ ထိုစဉ်အာလင်မ်များက အသင်တို့နှင့် ဆက်စပ်သော ဤအရာဤအရာများကို တောင်းဆိုကြကုန်ဟု လမ်းညွှန်ပေးကြပေမည်။ (ကန်ဇုလ်အမ္မာလ်ကျမ်း၊ တွဲ - ၄၊ စာ - ၃၁)

 ၈။ အိဗ်နုအုမရ်(ရသွီ)သခင်က တမန်တော်မြတ်၏မိန့်ခွန်းတော်ကို တင်ပြသည်မှာ အာလင်မ်များ ရေးသားထားသောမှင်ကို ရှဟီဒီများ၏သွေးနှင့် ယှဉ်၍ချိန်တွယ်ရာတွင် အာလင်မ်တို့၏မှင်ရည်သည် ရှဟီဒီတို့၏သွေးထက် အချိန်စီးပေမည်။ (ကန်ဇုလ်အမ္မာလ်ကျမ်း)

 ၉။ အိဗ်နုအုမရ်(ရသွီ)သခင်က ဖွင့်ဆိုသည်မှာ အာလင်မ်များ၏အဆင့်သည် ကမ္ဘာ့အစ္စလာမ်ထု၏ အဆင့်ထက် (၇ဝဝ)မြင့်၏။ အဆင့်တစ်ခုတွင် နှစ်ပေါင်း (၅ဝဝ) ဝေးကွာ၏။ (အလိုမှာ) ဂျန္နသ်တွင် အာလင်မ်များစံရမည့်အဆင့်သည် မုစ်လင်မ်တိုင်းထက် အဆင့် (၇ဝဝ) သာပို၏။ မည်သူသည် အဆင့်တစ်ခုမှ တစ်ခုသို့ သွားလိုသည်ရှိသော် နှစ်ပေါင်း (၅ဝဝ)အိဗာဒသ်ပြုပြီးမှ မိမိသွားလိုသော အဆင့်သို့ ရောက်ရှိမည်ဖြစ်သည်။ အဆင့်တစ်ခု၏ အကွာအဝေးသည် ဤမျှဝေးကွာလျှင် အဆင့်ပေါင်း (၇ဝဝ)သို့ ရောက်ရှိရန် အိဗာဒသ်၏အရေအတွက်ကား မည်မျှလိုအပ်ပါမည်နည်း။ (အဲဟ်ယာအွလ်အိုလူးမ်ကျမ်း)
 ၁ဝ။ အုမရ်(ရသွီ) သခင်က ဖွင့်ဆိုသည်မှာ သာသနာ့ပညာရှင်တစ်ဦး ကွယ်လွန်ခြင်းသည် (အာဗိဒ်) တစ်ညဥ့်လုံးဝတ်ပြု၍ တစ်နေ့လုံး ရိုဇဟ်ထားသူတစ်ထောင်ကွယ်လွန်သည်ထက် ပို၍ဝမ်းနည်းရမည်ဖြစ်၏။ အကြောင်းကား အာလင်မ်တစ်ဦးကွယ်လွန်ခြင်းသည် သူရိယနေမင်းကွယ်ပျောက်ခြင်းနှင့် တူ၏။ သူတော်စဉ်တစ်ထောင်ကွယ်လွန်ခြင်းသည် မီးခွက်တစ်ထောင်မှိတ်ငြိမ်းသွားခြင်းသာ ဖြစ်သည်။ နေလုံးကွယ်ပျောက်ခြင်းသည် ထောင်ပေါင်းများစွာသော အိမ်များကို အမှောင်လွှမ်းသွားပေသည်။ (အဟ်စနုလ်မဝါအိဇ်ကျမ်း)

 ၁၁။ အွဆ်မာန်(ရသွီ)သခင်က ဖွင့်ဆိုသည်မှာ (ဂုနာဟ်) အပြစ်ကျူးလွန်သူတို့အတွက် တမန်တော်မြတ်က ပထမဦးဆုံးချွတ်ကယ်တော်မူမည်။ ထို့နောက် အာလင်မ်များက အသနားခံပေးကြမည်။ ထို့နောက် အာလင်မ်များကအသနားခံပေးကြမည်။ ထို့နောက် ရှဟီဒီများက တောင်းပန်ပေးကြလိမ့်မည်။
 ၁၂။ အဗူဟိုရိုင်ရဟ်(ရသွီ) သခင်က ဖွင့်ဆိုသည်မှာ အုမ္မသ်သားများတွင် အမွန်မြတ်ဆုံးသောသူသည် အာလင်မ်များသာဖြစ်၏။ ကောင်းမှုတစ်ခုကြောင့် ပညာမဲ့၏အပြစ်တစ်ခုချမ်းသာခွင့်ရသည်ရှိသော် အာလင်မ်အတွက် အပြစ်ပေါင်း(၄ဝ) ချမ်းသာခွင့်ရရှိမည်ဖြစ်သည်။ ဆိုလိုသည်မှာ အာလင်မ်နှင့်ဂျာဟိလ်နှစ်ဦးတို့သည် ကောင်းမှုတစ်ခုပြုလုပ်ခြင်းကြောင့် အပြစ်မှချမ်းသာရသည်ရှိသော် ဂျာဟိလ်ပညာမဲ့သည် အပြစ်တစ်ခုကို ချမ်းသာခွင့်ရရှိပြီး အာလင်မ်အတွက် အပြစ်ပေါင်း (၄ဝ) ချမ်းသာခွင့်ရရှိမည်ဖြစ်သည်။
 ၁၃။ အလီ(ရသွီ)သခင်က ဖွင့်ဆိုသည်မှာ အာလင်မ်၏နမားဇ်တစ်ရကအသ်သည် ဂျာဟိလ်၏ နမားဇ်ရကအသ်ပေါင်းတစ်ထောင်ထက် သာ၍မြတ်ပေသည်။
 ၁၄။ ဂျာဗိရ်(ရသွီ)သခင်က ဖွင့်ဆိုသည်မှာ အာလင်မ်တစ်ဦးသည် ခေါင်းအုံးကိုမှီ၍ ကျမ်းစာများကို ကြည့်ခြင်း သို့မဟုတ် သာသနာ့ပညာရပ်၌ တွေးတောနေခြင်းသည် (အာဗိဒ်) ဝတ်ပြုသူ၏ နှစ်ပေါင်း (၇ဝ) ဝတ်ပြုသောနမားဇ်ထက် ပို၍မြတ်ပေသည်။ (ကန်ဇုလ်အမ္မာလ်ကျမ်း)

 ၁၅။ အဗ်နုအဗ္ဗါးစ်(ရသွီ)သခင်က ဖွင့်ဆိုသည်မှာ အာလင်မ်နှင့် အာဗိဒ်တို့သည် (ပွလ်ဆွိရားသ်) တံတားသို့ ရောက်ကြသောအခါ အလ္လာဟ်အရှင်မြတ်က အာဗိဒ်အား အသင်သည် မိမိပြုခဲ့သော အိဗာဒသ်၏အကျိုးဖြင့် မဆိုင်းမတွ ဂျန္နသ်သို့ဝင်ရောက်လော့ဟု အမိန့်ပေးမည်။ ၎င်းနောက် အာလင်မ်အား အသင်သည် ဤနေရာ၌ ရပ်နားဦးလော့ဟု အမိန့်ပေးမည်။ ၎င်းနောက် အာလင်မ်အား အသင်သည် ဤနေရာ၌ ရပ်နားဦးလော့၊ အပြစ်ရှိသူတို့သည် ဤနေရာမှ ကျော်ဖြတ်သွားကြမည်ဖြစ်ရာ အသင်ချွတ်ကယ်လိုသူအား ငါအရှင် ချမ်းသာပေးတော်မူမည်ဖြစ်သည်ဟု မိန့်တော်မူပေမည်။ သို့ပါ၍ အာလင်မ်တို့သည် နဗီများ ရှဖာအသ်ပြုပေးရာနေရာ၌ စောင့်ဆိုင်းနေကြရပြီး အပြစ်ရှိသူတို့အား အသနားခံပေးကြမည် ဖြစ်သည်။ (အဟ်စနုလ်မဝါအိဇ်ကျမ်း)
ဤတွင် အကျိုးအကြောင်းဆက်စပ်သော အချက်နှစ်ရပ်ကို တင်ပြပါမည်။ ပထမအချက်ကား တမန်တော်များတွင် အထူးသဖြင့် အရည်အသွေးနှစ်ရပ်ရှိကြ၏။ ပထမအရည်အသွေးကား (အိဗာဒသ်) ခဝပ်ခြင်းဖြစ်၍ ဒုတိယအရည်အသွေးမှာ (သဗ်လိဂ်) ဓမ္မဖြန့်ဖြူးခြင်းပင် ဖြစ်သည်။
(အိဗာဒသ်) ခဝပ်ခြင်းအပြုအမူသည် အာဗိဒ်ဝတ်ပြုသောသူတော်စင်တို့၏ ကျင့်ဝတ်တွင် ပါဝင်၏။ (သဗ်လိဂ်) ဓမ္မဖြန့်ဖြူးခြင်းအပြုအမူသည် သာသနာ့ပညာရှင်များ၏ ကျင့်ဝတ်တွင်ပါဝင်ပေသည်။ အိဗာဒသ်ဝတ်ပြုခြင်း၏ ရလဒ်ကား ဂျန္နသ်သို့ဝင်ရောက်ရပြီး အရှင့်အားဖူးမြှော်ရစေ၏။ ဤရလဒ်ကို အာဗိဒ်များ ရရှိကြပေမည်။ သဗ်လိဂ်ဓမ္မဖြန့်ဖြူးခြင်း၏ ရလဒ်ကား (ရှဖာအသ်) ချွတ်ကယ်ရာဌာနကို ရရှိစေ၏။ ဤရလဒ်ကို မုဗလ်လိဂ်၊ ဓမ္မဖြန့်ဖြူးသူတို့ ရရှိကြပေသည်။

ဒုတိယအချက်ကား မည်သူမဆို နဗီများကဲ့သို့ အိဗာဒသ်ဝတ်ပြုခြင်းအမှုကို များစွာကျင့်သုံးခြင်း မပြုနိုင်။ သို့တစေ(သဗ်လိဂ်) ဓမ္မဖြန့်ဖြူးရေးအမှုကို နဗီများနှင့်တန်းတူ ပြုနိုင်ကြ၏။ သို့ဖြစ်ရာ (အာဗိဒ်) ဝတ်ပြုသူတို့သည် နဗီများကဲ့သို့ အိဗာဒသ်အမှုကို မတက်လှမ်းနိုင်ကြသဖြင့် နဗီများ၏နေရာတွင် ရပ်၍ ရှဖာအသ်ချွတ်ကယ်ခြင်းကို မပြုနိုင်ကြပေ။ အာလင်မ်ပညာရှင်တို့ကား နဗီများ၏လုပ်ငန်းစဉ်များ၌ တာဝန်ယူထမ်းဆောင်နိုင်စွမ်းရှိကြသဖြင့် နဗီများ၏နေရာတွင် ရပ်ခွင့်ရကြပြီး ရှဖာအသ်အသနားခံပေးခြင်း၏ အခွင့်အရေးကိုလည်း ရရှိကြပေသည်။

 ၁၆။ တမန်တော်မြတ်မိန့်တော်မူသည်မှာ အကြင်သူသည် အာလင်မ်ပညာရှင်အား ကြိုဆိုလျှင် ငါကိုယ်တော်အား ကြိုဆိုသည်မည်၏။ အာလင်မ်ပညာရှင်အား တွေ့ဆုံလျှင် ငါကိုယ်တော်အား တွေ့ဆုံသည်မည်၏။ အာလင်မ်ပညာရှင်များထံ ထိုင်လျှင် ငါကိုယ်တော်ထံ ထိုင်သည်မည်၏။ ငါကိုယ်တော်ထံထိုင်လျှင် အရှင့်ထံပါး ထိုင်သည်မည်၏။

အလ်မုဖီးဒ်
ရဂျဗ်/ ၂၆/ ယောင်မုလ/ ဟစ်ဂ်ျရီ ၁၄၃၆

(မော်လာနာကမ္မရွဒ်ဒီးန် ဦးသန်းမောင်(ဂျာမိအီ) ဘာသာပြန်ထားသည့် "အစ္စလာမ့်ပညာရေး" စာအုပ်ပါ အကြောင်းအရာကို အလ်မုဖီးဒ်က ပြန်လည်တင်ဆက်သည်။)
*** သတိပေးချက်
အထက်ပါအကြောင်းအရာကို ကူးယူလျှင် စာသားအပြည့်အစုံ မူရင်းကျမ်းရှင် ဘာသာပြန်သူနှင့် အလ်မုဖီးဒ်၏ Link ကိုပါ ထည့်သွင်းကူးယူပါ။ မိမိလိုသလောက်ကူးယူးပြီး ကိုယ်ပိုင်နာမည်တပ်နေသူများကို တွေ့ရှိရပါသည်။ မိမိမလုပ်သည်ကို လုပ်သယောင်ဆောင်ထားသဖြင့် ထိုသို့သောသူတို့သည် လိမ်လည် မုသားဆိုသူပင်ဖြစ်၏။***
အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။