Sunday, May 31, 2015

ရှအ်ဗာန်လနှင့် ရှဗ်ဗေဗရာအသ်ညအကြောင်း


 လူသားကို အလ္လာဟ်ဖန်ဆင်းရခြင်း၏ ရည်ရွယ်ချက် 
အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့လူသားများအား ကမ္ဘာပေါ်သို့ တာဝန်မဲ့၊ အလကားသက်သက် စေလွှတ်လိုက်ခြင်းမဟုတ်ပေ။ တစ်နေ့တွင် အလ္လာဟ်အရှင်မြတ်ထံသို့ ပြန်ကြရမည်ဖြစ်သည်။ လူသားသည်လည်း ကမ္ဘာပေါ်တွင် ရှင်သန်နေစဉ် စားဖို့ ဝတ်ဖို့ အိပ်ဖို့ နေဖို့ ထိမ်းမြားဖို့သာ အာရုံထားမည်ဆိုပါက တိရိစ္ဆာန်နှင့် မည်သို့မျှ ကွာခြားမည်မဟုတ်ပါ။ လူသားဖြစ်သည့်အတွက် ထူးခြားမှုရှိရမည် .....။ အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင် ထိုထူခြားမှု လူသားကို အလ္လာဟ်အရှင်မြတ်က ကမ္ဘာပေါ်သို့ စေလွှတ်လိုက်ရခြင်း၏ ရည်ရွယ်ချက်ကို အဖြေပေးမိန့်ထားသည်မှာ .... လူသား၊ ဂျင်န်တို့ကို အလ္လာဟ်အရှင်မြတ်အား အိဗာဒသ်ပြု ခဝပ်ဆည်းကပ်ရန်အတွက် ဖြစ်ပေသည်။ လူသားအနေဖြင့် ကမ္ဘာပေါ်တွင် အသက်ရှင်နေသရွေ့ အလ္လာဟ်နှစ်မြို့သည့် အလ္လာဟ်မိန့်ထားသည့်အရာများကို ကျင့်သုံးလုပ်ဆောင်နေရပေမည်။
ကမ္ဘာပေါ်တွင် ရှင်သန်စဉ် ကိုယ့်သဘောနှင့်ကိုယ် နေချင်သလိုနေခဲ့ပေမဲ့ သင်္ချိုင်းအတွင်း စံမြန်းရသည့်အခါမှာတော့ အလ္လာဟ်သဘောအတိုင်း နေရမည်ပင် ဖြစ်၏။

 ကဗရ်တစ်ခုမှ ပြန်ရှင်ထလာမည့် လူဦးရေနှင့် အလ္လာဟ်၏ဖန်ဆင်းမှု 
ကိယာမသ်နေ့ ပြန်လည်ရှင်ပြန်ထရာတွင် သင်္ချိုင်းတစ်ခုမှ သေသူပေါင်း ၇ဦးမှာ ၇ဝအထိ ပြန်လည်ထွက်လာကြမည်။ လူသား၏ ကိုယ်ခန္ဓာသည် သင်္ချိုင်းထဲသို့ရောက်သည့်အခါတွင် တစ်ကိုယ်လုံး ပုပ်ပွကာ မြေကြီးမှစားသွားမည်။ ခန္ဓာကိုယ်ရှိ မည်သည့်အစိတ်အပိုင်းမှ ကျန်မည် မဟုတ်တော့ပေ။ သို့သော် လူ့ခန္ဓာကိုယ်မှ မြီးညောင်းရိုးတစ်ခုကို ချန်ထားမည်။ အလ္လာဟ်အရှင်မြတ်သည် အဆိုပါအရိုးမှ လူ့တစ်ကိုယ်လုံးကို ကိယာမသ်နေ့၌ ပြန်လည်ဖြစ်စေတော်မူပေမည်။

 ကိယာမသ်တွင် ဝက်၏အနောက်မှ ဝင်ရမည့်သူများ 
ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် အီမာန်ရှင် မုစ်လင်မ်တို့၏ အမလ်များအနက် အရင်ဆုံး နမားဇ်ကို စစ်မေးတော်မူမည်။ ထိုသို့ ကမ္ဘာ့တရားခွင် ဟရှရ်သို့ အဖန်ဆင်းခံများ အုပ်စုလိုက် အတန်းလိုက် ဝင်ရမည်ဖြစ်ပေသည်။ အဖန်ဆင်းခံအားလုံးတွင် ဝက်သတ္တဝါသည် နောက်ဆုံးမှ ဝင်ရမည်။ ထိုအခါ ဝက်က လျှောက်ထားမည်မှာ အို ... အလ္လာဟ် ကျွန်တော်မျိုးကို အလ္လာဟ်ကဖန်ဆင်းလို့ ဝက်ဖြစ်ရတာပါ။ ကျွန်တော့ဆန္ဒကြောင့် ဖြစ်လာရတာမဟုတ်ပါ။ ကျွန်တော်မျိုးကို ဘာ့ကြောင့် အားလုံးရဲ့ နောက်ဆုံးမှ ဝင်စေရတာပါလဲ။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ဝက်သတ္တဝါအား အသင့်၏ အနောက်တွင် အဖန်ဆင်းခံကျန်ရှိပါသေးသည်ဟု မိန့်တော်မူမည်။ ဝက်၏ အနောက်တွင် နမားဇ်လွှတ်သူ၊ နမားဇ်မဆောက်တည်သူတို့ ရှိနေပေမည်။ ကမ္ဘာတွင် အသက်ရှင်စဉ် နမားဇ်ကို မလေးစား မဆောက်တည်သူတို့၏ ဟရှရ်သည် ဝက်၏အနောက်တွင် နေရမည် ဖြစ်၏။

 မျက်မြင်မှ အကန်းဘဝသို့ 
ကိယာမသ်နေ့တွင် အချို့သူတို့သည် ကမ္ဘာပေါ်တွင် အသက်ရှင်စဉ်က မျက်စိနှစ်လုံး အလင်းဆောင်ခဲ့သော်လည်း ဟရှရ်တွင် အကန်းအဖြစ်နဲ့ ရှင်ပြန်ထရမည်။ ထိုအခါ ၎င်းသူက အို ..... အလ္လာဟ် ! ကျွန်တော်မျိုးသည် ကမ္ဘာတွင်ရှင်စဉ်က မျက်စိမြင်သူဖြစ်ပါသည်။ ယခု အဘယ့်ကြောင့် မျက်ကန်းအဖြစ်နှင့် ပြန်ထရပါသနည်း။ အလ္လာဟ်အရှင်မြတ်မှ ပြန်လည်မိန့်မည်မှာ ကမ္ဘာတွင် ရှင်စဉ်က အသင့်ကို ဦးနှောက်၊ မျက်စိ၊ အသိဉာဏ် အားလုံးကိုပေးထားပါလျက် အလ္လာဟ်ရဲ့အမိန့်တွေ အသင့်ရှေ့ရောက်လာတာကို အသင်က မသိချင်ယောင် (မမြင်ချင်ယောင်၊ ကန်းချင်ယောင်)ဆောင်နေခဲ့တဲ့အတွက် အသင့်ကို အကန်းအဖြစ်နဲ့ ရှင်ပြန်ထစေခြင်း ဖြစ်သည်။ 

 အစ္စလာမ်သည် မှန်ကန်သည့် သာသနာဖြစ်ခြင်းနှင့်စပ်လျဉ်းသည့် ဖြစ်ရပ်တစ်ခု 
အဗ္ဗာစီယာမင်းဆက်များအနက်မှ မင်းတစ်ပါးဖြစ်သော ဟာရူးန်ရရှီးဒ်ဘုရင်၏ လက်ထက်တွင် ဖြစ်သည်။ ဘုရင်ကြီးသည် မှန်ကန်တိကျသည့် မင်းတစ်ပါးဖြစ်သည့်အပြင် သာသနာ့ပညာနှင့် ပညာရှင်များကို အလွန်ဂုဏ်ပေးလေးစားသည့် ဘုရင်တစ်ပါးဖြစ်ပေသည်။ တစ်နှစ်တစ်ခါ ပညာရှင်များကို ဖိတ်ကြားကာ သာသနာ့ပညာရပ်များ နှီးနှောဖလှယ်ပွဲကို စည်းကားစွာ ဘုရင့်နန်းတော်အတွင်း ကျင်းပသည်။ တိုင်းပြည်အနှံရှိ ထူးချွန်ပြောင်မြောက်သည့် သာသနာ့ပညာရှင်များကို ဖိတ်ခေါ်ကာ ဆွေးနွေးမှုပြုလေသည်။ ထိုထဲတွင် ဘာသာမဲ့ပညာရှင်တစ်ဦးလည်း ပါဝင်သည်။ သူသည်လည်း အင်မတန်ထူးချွန်ကာ အစ္စလာမ့်ပညာများကို တစ်ဖက်ကမ်းခတ်အောင် တတ်သိထားသူဖြစ်သည့်အပြင် သမ္မာကျမ်း၊ ဘိုင်ဘဲလ်ကျမ်းတို့ကိုပါ အထူးကျွမ်းကျင်လေသည်။ ဘုရင်ကြီးသည် ဆွေးနွေးပွဲဖြစ်သည့် အချိန်တိုင်း ၎င်းပုဂ္ဂိုလ်ကိုပါ ခေါ်ယူဆွေးနွေးလေသည်။ ၎င်းသည်လည်း အကျေအလည်ဆွေးနွေးနိုင်သူ ဖြစ်သည်။ ဘုရင်အနေဖြင့် ၎င်းကို မုစ်လင်မ်တစ်ဦးဖြစ်စေချင်သည်။ သို့သော် မိမိတတ်စွမ်းနိုင်သည့် ကိစ္စရပ်မဟုတ်ပေ။ ထို့ကြောင့် နှစ်တိုင်း သာသနာ့ဖလှယ်ပွဲသို့ သူ့ကိုဖိတ်ခေါ်၍ ပါဝင်စေခဲ့သည်။ 

တစ်ရက်တွင် ထိုပညာရှင်က ဘုရင်ကြီးကို စလာမ်မေတ္တာပို့သလေသည်။ ဘုရင်က ဝမ်းမြောက်စွာ စလာမ်၏အဖြေပေးပြီး မေးလိုက်သည်။ ဘာလဲ မုစ်လင်မ်ဖြစ်သွားပြီးလား။ ထိုအခါ ၎င်းပုဂ္ဂိုလ်က ဟုတ်ပါတယ် ဘုရင်ကြီး ကျွန်တော် အစ္စလာမ်ကိုလက်ခံပြီး မုစ်လင်မ်ဖြစ်သွားပါပြီဟု ပြန်ဖြေ၏။ ဘုရင်စဉ်းစားသည်မှာ ဤသို့သောသူမျိုး အစ္စလာမ်လက်ခံလာခြင်းမှာ သာမာန်တော့မဖြစ်နိုင်။ ထို့ကြောင့် ဆက်လက်၍ပင် ဘယ်လိုအကြောင်းကိစ္စကြောင့် အစ္စလာမ်ကို လက်ခံဖြစ်သွားတာလဲဟု မေးမြန်းလိုက်သည်။ ထိုအခါ ပြောပြသည်မှာ ကျွန်တော်သည် ပန်းပုဆရာတစ်ဦးဖြစ်သည်။ သစ်သားများကို လှပစွာ ပန်းပုထွင်းတတ်သူဖြစ်သည်။ ကျွန်တော်က ခရစ်ယာန်တွေရဲ့ ကျမ်းစာထဲက စာပိုဒ်လှလှလေး သုံး၊ လေးခုလောက်ကို ရှာဖွေထုတ်ယူပြီး အလွန်လှပသေသပ်တဲ့ သစ်သားပန်းပုနဲ့ထွင်းထုပြီး သူတို့ရဲ့ ကျောင်းဆောင်ကို လက်ဆောင်အဖြစ်ပို့ပေးလိုက်တယ်။ အဲ့ဒီ့လို ပို့ပေးပြီး စောင့်ကြည့်တယ်။ မနက်ကပို့လိုက်တာ ညနေအထိ၊ နောက်တစ်နေ့အထိ ဘာမှထူးခြားမှု ဖြစ်မလာခဲ့ဘူး။ ဒါနဲ့ ကျွန်တော်က ယဟူဒီတွေရဲ့ ကျမ်းစာထဲကနေ စာပိုဒ်တိုတိုလှလှ သုံး၊ လေးခု ရှာဖွေထုတ်ယူလိုက်တယ်။ အဲ့ဒီ့စာပိုဒ်လေးတွေကို လှပစွာ ပန်းပုထွင်းပြီး ယဟူဒီတွေရဲ့ ကျောင်းဆောင်ကို လက်ဆောင်အဖြစ် ပို့ပေးလိုက်တယ်။ သူတို့ထံကလည်း ဘာမှထူးခြားမှုပြန်မလာခဲ့ဘူး။ နောက်ဆုံး ကုရ်အာန်ကျမ်းမြတ်ထဲက အာယသ်အလှလေးတွေကို ရှာဖွေထုတ်ယူတယ်။ လှပသေသပ်စွာ ပန်းပုထွင်းပြီး မုစ်လင်မ်တွေရဲ့ ဗလီကိုပေးလိုက်တယ်။ မနက်က ပေးလိုက်တယ်။ ညနေကို ကျွန်တော်ထံ အဲ့ဒီ ပန်းပုကားချပ်တွေ ပြန်လာပေးတယ်။ ဘာဖြစ်လို့ ပြန်ပေးရတာလဲလို့ မေးတော့ အသင်ရေးထားတာ အမှားတွေပါတယ်။ အဲဒီအမှားတွေနဲ့ ဘယ်လောက်ပဲ လှနေပါစေ။ ကျွန်တော်တို့ လက်မခံဘူးလို့ ပြောသွားတယ်။ အမှန်တော့ ကျွန်တော်က ဘာသာတိုင်းရဲ့ ကျမ်းစာကို အမှားရေးပြီးဘဲ ပေးခဲ့ခြင်းဖြစ်တယ်။ ဒါပေမဲ့ အဲ့ဒီအမှားကို အစ္စလာမ်တစ်ခုကပဲ လက်မခံဘဲ ပြန်ပို့ခဲ့တဲ့အတွက် ဒီသာသနာက အမှန်တကယ်စစ်မှန်တိကျတဲ့ သာသနာ့ဖြစ်တယ်ဆိုတာကို ကျွန်တော်ကိုယ်တိုင် ယုံကြည်သွားပါတယ်။ ဆိုပြီး မိမိရဲ့ အစ္စလာမ်ဖြစ်လာခဲ့ပုံကို ဘုရင်ကြီးအား ပြောပြသည်။ 

 ရှအ်ဗာန်လမြတ်အကြောင်း 
ရှအ်ဗာန်လသည် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်၏ လဖြစ်သည်။ ရှအ်ဗားန်ဟူသည် ဦးဂျိုနှစ်ခု (ညာဘက်ဂျိုနှင့် ဘယ်ဘက်ဂျို) ၏အလယ်နေရာကို ခေါ်ဆိုပေသည်။

ရှအ်ဗာန်စကားလုံးတွင် ရှီးန်၊ အိုင်းန်၊ ဗာ၊ အလိဖ်၊ နူးန်တို့ ပါဝင်သည်။
ရှီးန် = ရှရဖ် (မြင့်မြတ်မှု)
အိုင်းန် = အိဇ်ဇသ် (ဂုဏ်သိက္ခာ)
ဗာ = ဗရ်ကသ် (ကောင်းချီးမင်္ဂလာနှင့် တိုးပွားမှုရှိခြင်း)
အလိဖ် = အုလ်ဖသ် (ချစ်မြတ်နိုးမှု)
နူးန် = နဂျားသ် (လွတ်မြောက်မှု)

ဆိုလိုသည်မှာ အကြင်သူသည် ရှအ်ဗာန်လမြတ်တွင် အိဗာဒသ်ပြုခဲ့သော် အလ္လာဟ်အရှင်မြတ်က ဂျဟန္နမ်ငရဲမှ နဂျားသ် လွတ်မြောက်မှုကို ချီးမြှင့်၍ အရှင့်၏ အုလ်ဖသ် ချစ်မြတ်နိုးမှု ရရှိမည်။ ထိုသူ့အတွက် ဗရ်ကသ် ကောင်းချီးမင်္ဂလာနှင့် တိုးပွားမှုတို့ကို သတ်မှတ်ပေးမည်။ အိဇ်ဇသ် ဂုဏ်သိက္ခာကိုရရှိကာ ထိုသို့သောသူအတွက် ရှရဖ် မြင့်မြတ်သည့် အဆင့်အတန်းကို ချီးမြှင့်တော်မူပေမည်။

ရှအ်ဗာန်လသည် မိုးရွာတော့မည့် တိမ်တိုက်ကြီးတစ်ခုသဏ္ဍာန်နှင့် တူပေသည်။ မိုးရွာခါနီး မိုးတိမ်တို့သည် ကောင်းကင်ပေါ်ဝယ် အုံ့ဆိုင်းညှို့မှိုင်းနေပြီး မိုးရွာချိန်တန်လာသည့်အခါ တဝေါဝေါနှင့် အလျှံပယ်ရွာချလေတော့သည်။ ထိုအတိုင်းပင် ရှအ်ဗာန်လတွင် ပြုကျင့်ခဲ့သောကောင်းမှုကုသိုလ်များနှင့် တောင်းဆုဒုအာတို့သည် တိမ်တိုက်ပမာရှိနေပြီး ရမ်ဇာန်လမြတ်တွင် ယင်းတိမ်တိုက်မှ ရဟ်မသ်၊ မဂ်ဖိရသ်တို့ကို မိုးပမာ ရွာသွန်းမည် ဖြစ်ပေသည်။

ဟဒီးစ်တော်များ၌ မိန့်ထားသည်မှာ ရမ်ဇာန်မှာ နှလုံးသားကို ဘယ်လိုစင်ကြယ်အောင်လုပ်သလဲ ထိုအတိုင်းပင် ရှအ်ဗာန်ရောက်လာသည့်အခါတွင်လည်း မိမိနှလုံးသားကို စင်ကြယ်အောင်လုပ်ပါ။

ရှအ်ဗာန်လသည် အားလုံးထက် မြင့်မြတ်သော လဖြစ်သည်။ ဤလသည် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်၏ လဖြစ်သည်။ (ရဂျဗ်သည် အလ္လာဟ်၏ လဖြစ်သည်။ ရှအ်ဗာန်သည် တမန်တော်၏ လဖြစ်ပြီး ရမ်ဇာန်သည် အုမ္မသ်၏ လဖြစ်ပေသည်။)
ရှအ်ဗာန်လတွင် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် ရိုဇာများစွာ ထားတော်မူသည်။
ရှအ်ဗာန်လကို မြင့်မြတ်သည့် လနှစ်လက ခြံရံထားခြင်းဖြစ်သည်။ ထို့ကြောင့် ဤလတွင် အလ္လာဟ်အရှင်မြတ်က မဂ်ဖိရသ်ခွင့်လွှတ်မှုပြုပေးသည်။ (ဤလတွင် အလွန်မြင့်မြတ်သော ဗရာအသ်ညမြတ်သည်လည်း အပါအဝင်ဖြစ်သည်။)

 ရှဗ်ဗေဗရားအ်သ်ည 
ယင်းည၌ လူသားတို့၏ ပြီးခဲ့သည့်တစ်နှစ်တာကာလ၏ ကျင့်ဆောင်တည်မှုများကို အလ္လာဟ်ထံအပ်နှံကာ ဆန်းစစ်မှုပြုသလို လာမည့်တစ်နှစ်တာအတွက် ခန့်ခွဲမှုများကို ပြုပေသည်။

ရှဗ် ဟူသည် ဖာရစီဘာသာဖြင့် ညဥ့်ကို ခေါ်ဆိုခြင်းဖြစ်သည်။ ဗရာအသ်သည် အရဗီဘာသာဖြစ်၍ အဓိပ္ပါယ်မှာ ဝေငှသော၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးသော ဟူ၍ဖြစ်ပါသည်။ အချို့ လိုင်းလသုလ်ဗရာအသ် ဟူ၍လည်း ခေါ်ဆိုကြပေသည်။

ဗရာအသ်ညတွင် လာမည့်နှစ်တွင် ဘယ်နှစ်ယောက်မွေးဖွားမလဲ၊ ဘယ်နှစ်ယောက်အသက်ရှင်မလဲ ဘယ်နှစ်ယောက်သေဆုံးကြမလဲ၊ ဘယ်သူတွေ ကွယ်လွန်ကြမလဲ၊ လာမည့်နှစ်အတွက် ရိုဇီရိက္ခာ ဘယ်လောက်ယူမလဲ ဆိုသည်တို့ကို သတ်မှတ်ပေသည်။ လူတစ်ဦးတိုင်းအတွက် တစ်နှစ်ပတ်လုံး ရိုဇီမည်မျှရမည်ကို သတ်မှတ်ပေးသည်။
(ဗရားအသ်ညဟူသည် ရှအ်ဗာန်လ၏ အလယ်ရက်ဖြစ်သော ၁၅ရက်ညဥ့်ဖြစ်ပါသည်။)
၁၄ရက်နေ့ နေဝင်သည်နှင့် တစ်ပြိုင်နက် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင် ပထမ (ကမ္ဘာနှင့် အနီးဆုံးမိုးကောင်းကင်)သို့ ဆင်းသက်လာတော်မူပြီး .....
အို ... ငါအလ္လာဟ်အရှင်မြတ်၏ ကျေးကျွန်တို့ !! အသင်တို့ထဲမှာ အပြစ်တွေကနေ သောဝ်ဗာပြုမည့်သူ ရှိသလား။ ခွင့်လွှတ်စေချင်သူ ရှိသလား။ ငါအရှင်မြတ် ခွင့်လွှတ်ပေးမည်။
အသင်တို့ ရိုဇီရိက္ခာတွေကို လိုချင်ကြသလား။ ငါအရှင်မြတ် ရိုဇီချီးမြှင့်ပေးမည်။
အသင်တို့ ဒုက္ခတွေမှာ ရှိနေကြသလား။ သုခချမ်းသာကို ပေးမည် ...... ဟု မေးမြန်း ကြွေးကြော်တော်မူပေမည်။

ဗရားအ်သ်ညတွင် အိဗာဒသ်ပြုပြီး နောက်တစ်နေ့တွင် ရိုဇာစောင့်ထိန်းပါက အင်မတန်ကုသိုအကျိုးရရှိမည်ဟု ဟဒီးစ်တော်များတွင် ဖော်ပြပါရှိပါသည်။

 အလ္လာဟ့်ခွင့်လွှတ်မှုကို ရလိုလျှင် ဤ (၉)ချက်မှ ရှောင်ရှားကြ အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင် ကျွန်ုပ်တို့လူသားများနှင့် အနီးကပ်ဆုံးနေရာသို့ ဆင်းသက်လာကာ အပြစ်များကို ခွင့်လွှတ်ပေးမည်ဟု မိန့်ကြားနေသည့်အတွက် လူသားအနေဖြင့် အောက်ပါ (၉)ချက်တွင် ပါဝင်သော အကြောင်းအရာများကို ရှောင်ကြဉ်ရပါမည်။ အကြင်သူတွင် ယင်း (၉)ချက်အနက် တစ်ချက်မဆို ရှိနေပါက ထိုသူ့၏ အမှားဝန်ချမှုနှင့် တောင်းဆုဒုအာတို့ကို လက်ခံခြင်းမပြုပေ။

(၁) ဂျာဒူ အမှောင့်ပယောဂပြုသူ၊ ပြုခိုင်းသူ
(ဂျာဒူ အမှောင့်ပယောဂပြုခြင်းသည် (ဟတ်က်ကုလ်အိဗာဒ်) အဖန်ဆင်းခံ၏ ရပိုင်ခွင့်နှင့် ၎င်း၏ အခွင့်အရေးကို လုယူသူ ပျက်စီးအောင် ဖျက်ဆီးသူ ဖြစ်သည်။ သူများပျက်စီးအောင်လုပ်လျှင် ကိယာမသ်တွင် ထိုသူ့အပြစ်များကို မိမိကယူရမည်ဖြစ်ပြီး မိမိ၏ ကုသိုလ်များကို ထိုသူ့အား ပေးအပ်လိုက်ရမည်။)
 ဂျာဒူ အမှောင့်ပယောဂပြုခြင်းမှ ကာကွယ်မှုရရှိရန် ကျင့်စဉ်တစ်ရပ် 
အာယသုလ်ကုရ်စီ တစ်ကြိမ်၊ ကုလ်လေးပုဒ် (စူရဟ် ကာဖိရူးန်၊ အိခ်လားဆွ်၊ ဖလပ်က်၊ နားစ်)တို့ကို တစ်ကြိမ်စီ (သုံးကြိမ်ဖတ်နိုင်က ပိုကောင်း၏) ဖတ်ပြီး ဒုအာတောင်းသည့်သဏ္ဍာန် လက်ဖြန့်၍ မှုတ်ပြီး ခန္ဓာကိုယ်အရှေ့ပိုင်းတစ်ခုလုံး (ခေါင်းမှ ခြေအဆုံးအထိ) ကို သပ်ချလိုက်ပါ။ ထို့နောက် ပထမအတိုင်း ဒုတိယတစ်ကြိမ်ဖတ်ပါ။ လက်ကိုမှုတ်ပြီး ခန္ဓာကိုယ်နောက်ကျောဘက်တစ်ခုကို သပ်ချပါ။ (အရှေ့အတွက် တစ်ခေါက်ဖတ်မှုတ်၊ အနောက်အတွက် တစ်ခေါက်ဖတ် မှုတ်) အမျိုးသမီးများ ကိုယ်မသန့်သည့်ကာလတွင် အာယသ်များကို ဖြတ်၍ဖတ်နိုင်ပါသည်။ ထိုကာလတွင်လည်း ပြုကျင့်ပါ။
(၂) အရက်သောက်သူ
(လူအချို့သည် ရမ်ဇာန်လတွင် အရက်ရှောင်လိုက်သည်။ အခါကြီးရက်ကြီးဟု သတ်မှတ်သည့်ကာလများတွင် အရက်ရှောင်လိုက်သည်။ အမှန်မှာ အစ္စလာမ်ကိုလက်ခံထားသည့် အီမာန်ရှင်အတွက် အရက်သည် အသက်ရှင်ချိန်မှာ သေသည်အထိ အချိန်တိုင်းတွင် ဟရာမ် လုံးဝမပြုပိုင်သည့်ကိစ္စဖြစ်ပါသည်။ တစ်ရက် တစ်မနက် တစ်လအတွက် သတ်မှတ်ထားခြင်းမဟုတ်။ ရာသက်ပန်အတွက် သတ်မှတ်ထားခြင်း ဖြစ်၏။)
(၃) ဇိနာအမှုကျူးလွန်သူ
(ယနေ့တွင် ဇိနာကို ဇိနာဟု မသတ်မှတ်တော့ပါ။ ရင်းနှီးခြင်း၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ကူညီခြင်း၊ သူ့ခံစားချက်တွေကို ကိုယ်ကနားလည်ပေးနေတာ၊ သူ့အကျင့်ကိုယ့်အကျင့် သိအောင် နောက်တော့ ယူမှာပေါ့ ဟူသည့် ပျားရည်လောင်းထားသော ချီးတွင်းထဲတွင် လူတိုင်းနစ်မွန်းနေကြသည်။ အလ္လာဟ်အရှင် ထိန်းသိမ်းတော်မူပါစေ။)
(၄) ဆွေမျိုးသားချင်းများနှင့် အဆက်အသွယ်ဖြတ်ထားသူ
(၅) မိဘကို စော်ကားသူ
(မိခင်၏ ခြေဖဝါးအောက်တွင် ဂျန္နသ်ရှိပြီး ယင်းဂျန္နသ်၏ သော့တံသည် ဖခင်ဖြစ်သည်။)
(၆) ဂုံးချောသူ
(နှစ်ဖက်ချွန်၊ ဟိုတစ်မျိုး ဒီတစ်မျိုးပြောသူ။ အပျော်သဘောဖြင့်ပင် ထိုအရာများကို ပြုလုပ်ခွင့်မရှိပါ။)
(၇)ကပ်စေးနှဲသူ
(သူတော်စင်ပင် ဖြစ်ပါစေ စေးနှဲ၊ တွန့်တိုသူသည် အလ္လာဟ်၏ ရန်သူပင် ဖြစ်သည်။ ရက်ရော၊ ပေးကမ်းသူသည် ဖာစိက်ပင် ဖြစ်လင့်ကစား အလ္လာဟ်အရှင်မြတ် ချစ်ခင်နှစ်သက်မှုကို ရရှိသူ ဖြစ်သည်။ ဤနေရာ၌ ဖာစိက်ဟူသည် နမားဇ်ကို သူ့အချိန်နှင့်သူ မဆောက်တည်သူကို ဆိုလို၏)
(၈) မနာလိုဝန်တိုစိတ်ရှိသူ
(မနာလိုဝန်တိုစိတ်ရှိသူသည် မည်သည့်အချိန်တွင်မှ စိတ်ချမ်းမြေ့မှုကို မရရှိပါ။ အခြားသူတစ်ဦးကို မနာလိုဖြစ်ကာ ဒုက္ခရောက်အောင် ကြံစည်ရင်းဖြင့်ပင် ကိုယ်တိုင်လောင်ကျွမ်းနေပေသည်။)
(၉) မုစလ်မာန်ညီနောင်အချင်းချင်း ၃ရက်ထက်ပိုပြီး မခေါ်မပြောဘဲ နေသူ
(အကြောင်းတစ်ခုခုကြောင့် မခေါ်မပြောဖြစ်နေပါက ပြန်ခေါ်နည်းတစ်ခုမှ မိမိဖက်မှ ဦးစွာ စလာမ်မေတ္တာပို့သလိုက်ခြင်းပင် ဖြစ်၏။)
အထက်ပါ အကြောင်းအရာများ ရှိနေပါက ထိုသို့သောသူ၏ တောင်းဆုများကို လက်ခံမည်မဟုတ်ပါ။ ထို့ကြောင့် စိတ်ရင်းအမှန်ဖြင့် မိမိ၏ လုပ်ရပ်များကို ရှေ့ဆက်မလုပ်တော့ပါဟု သောဝ်ဗဟ်ပြု ဝန်ချတောင်းပန်ကာ ထိုသို့သော ပြစ်မှုများကို နောက်နောင်တွင် မကျူးလွန်တော့ပါဟု ယတိပြတ် ဆုံးဖြတ်ချက်ချလိုက်ရပါမည်။ အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏သောဝ်ဗဟ်ကို လက်ခံတော်မူမည်ဖြစ်သည်။

 ဗရားအ်သ်ညတွင် ကောင်းမှုတည်ဆောက်ခြင်းကြောင့် ရရှိမည့်အကျိုးကုသိုလ် 
ဟဇရသ် အနတ်စ်ဗင်န်မာလိက် (ရသွီ)က မိန့်သည်မှာ အကြင်သူသည် ဗရားအ်သ်ညတွင် ဒရူးဒ်တစ်ကြိမ်ဖတ်ပါက အလ္လာဟ်အရှင်မြတ်သည် အလွန်ကြီးမားသော ဖရိရှ်သဟ်တစ်ပါးကို ဖန်ဆင်းတော်မူမည်။ ယင်းဖရိရှ်သဟ်၏ ဦးခေါင်းသည် အရရှ်အောက်တွင် ရှိနေပြီး ခြေထောက်မှာ မြေခုနှစ်ထပ်ပေါ်တွင် ရှိမည်။ အရရှ်၏ အရှေ့တွင် အင်မတန်ကြီးမားသော ရေကန်ကြီးတစ်ကန်ရှိပေမည်။ အလ္လာဟ်အရှင်မြတ်က ယင်းဖရိရှ်သဟ်ကြီးအား အဆိုပါရေကန်အတွင်း ရေဆင်းချိုးပြီး ခါလိုက်လျှင် ထွက်လာသော ရေစက်၊ ရေပေါက်များနှင့် အညီ ဖရိရှ်သာများဖန်ဆင်းကာ ထိုဒရူးဒ်ဖတ်သူ လူသားအတွက် အိစ်(စ)သိဂ်ဖာရ် ပြုပေးနေကြမည် ဖြစ်၏။ (ဤသည်မှာ ဒရူးဒ်တစ်ကြိမ်ကြောင့် ရရှိမည့် စဝါးဗ်ဖြစ်ပေသည်။ ထို့ကြောင့် များစွာသော ကောင်းမှုအမလ်များကို ကျင့်ဆောက်တည်ကာ ကုသိုလ်အတွက် လောဘထားရမည် ဖြစ်၏။)

ရောင်ဿွသုလ် အဖ်ကားရ်အမည်ရှိ ကျမ်း၌ ပါရှိသည်မှာ ... တစ်ခါက အီစာ အလိုင်းဟိစ္စလာမ်သည် လမ်းလျှောက်သွားနေရင်း ဆွတ်ဆွတ်ဖြူနေသော ကျောက်တုံးကြီး တစ်တုံးကိုတွေ့လေသည်။ တမန်တော်အီစာ အလိုင်းဟိစ္စလာမ်က အံ့သြစွာဖြင့် အလ္လာဟ်အရှင်မြတ်အား ဤအရာသည် မည်သို့သော ကျောက်တုံးပါနည်းဟု မေးလျှောက်ရာ အလ္လာဟ်အရှင်မြတ်က အသင် လက်ဖြင့်ညွှန်လိုက်ပါ မိန့်တော်မူလိုက်သည်။ လက်ဖြင့် ညွှန်လိုက်သည့်အခါ အက်ကွဲသွားကာ အထဲတွင် အဖိုးအိုတစ်ဦး နမားဇ်ဖတ်နေသည်ကို တွေ့မြင်ရလေသည်။ အဖိုးအို၏ မျက်ခုံးမွှေးသည်ပင် အောက်သို့ကျနေပေသည်။ အလ္လာဟ်အရှင်မြတ်က ကျောက်တုံးအတွင်း၌ပင် ရိုဇီချီးမြှင့်ကာ အိဗာဒသ်ပြုခွင့်ပေးထားလေသည်။ အီစာနဗီသည် အဖိုးအိုနမားဇ်ပြီးသည်အထိ စောင့်ဆိုင်းကာ ဤသို့အိဗာဒသ်ကို နှစ်ဘယ်လောက်အကြာမှ ပြုလုပ်နေပါသနည်းဟု မေးမြန်းရာ အဖိုးအိုက နှစ်ပေါင်းလေးရာ (၄ဝဝ) ရှိပြီဟု ပြန်ဖြေလေ၏။ (အလ္လာဟ်ဟုအပ်က်ဗရ်) အီစာနဗီအနေဖြင့် အင်မတန်အံ့သြကာ အဖိုးကတော့ အလ္လာဟ်ထံပါး တာဝန်ကျေပွန်တဲ့ပုဂ္ဂိုလ်ပဲ။ နှစ်ပေါင်းလေးရာရဲ့အိဗာဒသ်ဆိုတာ နည်းတဲ့အရည်အချင်းမှ မဟုတ်တာဟု ချီးမွမ်းပြောဆိုလေသည်။ ထိုအခါ အဖိုးအိုက အသင် ကျွန်ုပ်ကို ဤမျှမချီးမွမ်း အထင်မကြီးပါနှင့်။ နောက်ဆုံးတမန်တော် မုဟမ္မဒ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ရဲ့ အုမ္မသ်က ရှဗေဗရားအ်သ်ကဲ့သို့ ညမျိုးမှာ နဖိလ်နမားဇ်နှစ်ရကအသ်ဖတ်ပါက ဤနှစ်လေးရာအိဗာဒသ်ထက်ပင် သာမြတ်ပါသည် .... ဟု ဖြေကြား ပြောဆိုခဲ့လေသည်။

ထိုသို့ ထူးမြတ်ကာ ဗရ်ကသ်များချီးမြှင့်ထားသည့် ညထူး ညမြတ်ကို ကျွန်ုပ်အနေနှင့် ပိုင်ဆိုင်ထားခြင်း ဖြစ်ပါသည်။ ထိုသို့သော ကုသိုလ်အကျိုးများကို ချီးမြှင့်သည့် ညဖြစ်ကြောင်း သိရှိပြီးနောက်တွင် အမလ်ကောင်းမှုများကို သေချာစွာပြုလုပ်ရပေမည်။

 ပေးကမ်း၊ ချီးမြှင့်မှုများ ပြည့်နှက်နေသည့် ညမြတ်တွင် ကျင့်ဆောက်တည်ဖွယ်ရာများ 
ရှဗေဗရားအ်သ်သည် ၁၄ရက်နေ့မဂ်ရိဗ်ပြီးသည်နှင့် စတင်ဝင်ရောက်ပြီဖြစ်ပြီး အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်ပထမထပ်သို့ ဆင်းသက်ကာ မိမိ၏ ကျေးကျွန်များကို ချီးမြှင့်ပေးကမ်းမှုများ ပြုတော်မူပေသည်။ ထိုသို့သောညမြတ်တွင် ဒုအာ၊ ဇိကိရ်၊ သိလာဝသ်၊ နဖိလ်နမားဇ်များကို အချိန်ပြည့် ကျင့်ဆောက်တည်နေခြင်းသည် အင်မတန်ကောင်းမွန်ကာ စဝါးဗ်ကုသိုလ် များစွာရရှိမည့် အကြောင်းခံလည်း ဖြစ်ပါသည်။ တောင်းဆုဒုအာများကို လက်ခံမည့် ညမြတ်တစ်ခုဖြစ်သည့် အားလျော်စွာ ရှေးဆရာသခင်ကြီးများမှ ကောင်းမှုကျင့်ဆောက်တည်နည်းများ ဆုတောင်းမှုကို လက်ခံခြင်းခံရမည့် နည်းလမ်းအား ညွှန်ပြခဲ့သည်များလည်း ရှိပေသည်။

 မဂ်ရိဗ်နှင့် အိရှာအ်၏ ကြားအချိန်တွင် စူရဟ်ယာစီးန်ကို နိယသ်ရည်စူးချက် ပြုလုပ်ပြီးဖတ်ခြင်း 
အောက်ပါ ရည်စူးချက်တစ်ခုတိုင်းအတွက် စူရဟ်ယာစီးန်တစ်ခေါက်စီ (စုစုပေါင်း ၄ကြိမ်) ဖတ်ပါ။
(၁) အသက်ရှည်ရန်
(၂) ဘေးဗလာ၊ ဒုက္ခအပေါင်းနှင့် ရောဂါဘယများ ဝေးကွာရန်
(၃) ဟလာလ် ရိုဇီရိက္ခာ ပေါများကြွယ်ဝရန်
(၄) မိမိ၏ နောက်ဆုံးထွက်သက်သည် ကောင်းသောအဖြစ်နှင့် အသက်ထွက်ရန်၊ အီမာန်နှင့်တကွ ကမ္ဘာမှ ခွဲခွါခွင့်ရရှိရန်။
ရည်စူးမှုတစ်ခုအတွက် စူရဟ်ယာစီးန်တစ်ကြိမ်ဖတ်ပြီးတိုင်း ယုံကြည်ချက်အပြည့်ဖြင့် အလ္လာဟ်အရှင်မြတ် အမှန်ပင်လက်ခံမည်ဟု မှတ်ယူကာ တောင်းဆုပြုပါ။
မိမိ၏ ပြီးခဲ့သည့်တစ်နှစ်စာရင်းကို အလ္လာဟ်ယူနေသည့်အချိန်၊ လာမည့်တစ်နှစ်ပတ်လုံးအတွက် သတ်မှတ်ပေးနေသည့်အချိန်တွင် မိမိ၏လိုလားချက်များကို ငိုငိုပြီး တောင်းခံပါ။ အလ္လာဟ်လက်ခံမည်ဟူသည့် ယုံကြည်ချက်အပြည့်ဖြင့် ဆုမွန်ဒုအာပြုပါ။

 ကွယ်လွန်သူများအပေါ် အီစွာလေစဝါးဗ် ပို့သပါ။ 
အီစွာလေစဝါးဗ်ကို မိမိအိမ်မှပင် ပို့သမှု ပြုနိုင်ပါသည်။ စူရဟ်ယာစီးန် ဖတ်ပြီး စဝါးဗ်ပို့သပါ။
ဟဇရသ်အလီ (ရသွီ)က အမိန့်ရှိသည်မှာ အကြင်သူသည် စူရဟ်အိခ်လားဆွ် (ကုလ်ဟုဝလ် လားဟု အဟဒ်) ၁၁ကြိမ်ဖတ်ပြီး စဝါးဗ်ပို့သမည်ဆိုလျှင် ကဗရ်ရှိသူအားလုံး၏ အရည်အတွက်နှင့်အညီ ကုသိုလ်စဝါးဗ်ကို အလ္လာဟ်အရှင်မြတ် ပြန်လည်ချီးမြှင့်မည်။

ဟဇရသ်အနတ်စ်သခင် မိန့်သည်မှာ အကြင်သူက စူရဟ်အိခ်လားဆွ် (ကုလ်ဟုဝလ် လားဟု အဟဒ်) ၁၁ကြိမ်ဖတ်ပြီး စဝါးဗ်ပို့သမည်ဆိုလျှင် ကဗရ်၌ အဇားဗ်ပြစ်ဒဏ်ခံနေရသူများ ရှိပါက အလ္လာဟ်အရှင်မြတ်သည် ပြစ်ဒဏ်ကို လျှော့ပေးတော်မူမည်ဖြစ်၏။

ထို့အတူ စူရဟ်ဖာသိဟဟ် နှစ်ကြိမ်ဖတ်ပါက ကုရ်အာန် တစ်ခသမ်၏ ကုသိုလ်ရမည်။ စူရဟ်အိခ်လားဆွ် (ကုလ်ဟုဝလ် လားဟု အဟဒ်) သုံးကြိမ်ဖတ်လျှင် ကုရ်အာန်တစ်ခသမ်၏ စဝါးဗ်ရမည်။ ထို့အတူ စူရဟ်သကာစုရ် (စူရဟ်အမှတ် ၁ဝ၂)၊ စူရဟ်မုလ်က် (စူရဟ်အမှတ် ၆၇)၊ စူရဟ်အလိဖ်လာမ်(မ)မီးမ် စဂ်ျဒဟ် (စူရဟ်အမှတ် ၃၂) တို့ကို အီစွာလေစဝါးဗ့်ပို့သရာတွင် ဖတ်ရွတ်ပါက ကောင်းမွန်ပါသည်။

 ဆွလာသုသ် သပ်စ်ဗီးဟ် ဖတ်ပါ 
ဆွလာသုသ် သပ်စ်ဗီးဟ်နမားဇ်သည် အင်မတန်အကျိုးကုသိုလ်ကြီးမားများပြားသော နဖိလ်နမားဇ် တစ်ခုပင်ဖြစ်သည်။ မိမိသက်တမ်း တလျှောက်လုံးတွင် အနည်းဆုံး တစ်ကြိမ်ဖတ်နိုင်ခဲ့ရမည်။ တစ်နှစ်တစ်ခါ၊ တစ်လတစ်ခါ၊ တစ်ပတ်တစ်ခါ ဖတ်နိုင်ပါက အကောင်းဆုံးပင် ဖြစ်သည်။ ဤကဲ့သို့ ကုသိုလ်မြောက်မြားစွာရမည့် ညဥ့်များတွင် ထိုသို့သော နဖိလ်နမားဇ်ကို အထူးဆောက်တည်သင့်ပါသည်။ ထို့အတူ အခြားသော နဖိလ်များစွာကိုလည်း ဆောက်တည်ရမည်ဖြစ်သည်။

တတ်စွမ်းသလောက် ကုရ်အာန်သိလာဝသ်ကို များစွာပြုရမည် ဖြစ်၏။
မိမိနိုင်သလောက် ဆွဒကဟ် ခိုင်ရားသ် အလှူဒါနပြုပါ။
ဇိကိရ်၊ ဒရူးဒ်များစွာပြုလုပ်ပါ။ စုဗ်ဟာနလ္လာဟ်၊ အလ်ဟမ်ဒုလစ်လ်လာဟ်၊ စုဗ်ဟာနလ်လာဟိ ဝဗိဟမ်ဒိဟီ စုဗ်ဟာနလ်လားဟိလ် အဇွီးမ် စသည်ဖြင့် ပြုလုပ်ပါ။ (စုဗ်ဟားနဟူသည့် စာလုံးသည် အင်မတန်ထူးမြတ်မှုရှိသည့် စာလုံးပင်ဖြစ်ပါသည်။)

 ဗရားအ်သ်ညတွင် မပြုလုပ်ရမည့် ကိစ္စရပ်များ 
- အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အုပ်စုလိုက် ဂျမာအသ်ဖြင့် နဖိလ်နမားဇ်ဖတ်ခြင်း မပြုလုပ်ရပါ။
- ရိုတီဖီးရားမုန့်၊ စွစ်ကီဖီးရားမုန့်တို့ကို ပြုလုပ်ရမည်ဟူ၍ မရှိပါ။
- ဗရားအ်သ်ညမြတ်တွင် အိမ်၌ ဖယောင်းတိုင်များ၊ မီးလုံးများကို အပြည့်ထွန်းညှိခြင်း မပြုလုပ်ရပါ။ ထိုလုပ်ရပ်တို့သည် အစ္စလာမ်နှင့် မသက်ဆိုင်ပါ။
- သေသူများသည် ထိုညတွင် ပြန်လာသည်ဟု ယုံကြည်ကာ ၎င်းတို့၏ အဝတ်အစားများကို ထုတ်ထားခြင်း၊ ပြသသည့်ပုံစံပြုခြင်းတို့ လုံးဝမလုပ်ရပါ။ ထိုယုံကြည်မှုကိုလည်း မထားရပါ။

ဖသာဝါဗဇ်ဇာဇီယာကျမ်း၌ လာရှိသည်မှာ အကြင်သူက သူတော်စင်တွေရဲ့ ဝိညာဉ် မိမိထံကိုလာတယ်ဟု ယူဆလျှင် ယင်းအကြောင်းအရာသည် ရှရီအသ်တွင် လုံးဝမရှိသည့် ကိစ္စရပ်ဖြစ်သည်။ ထိုသို့သော်သူ၏ အီမာန်ပျက်စေသည်အထိပင် ဖြစ်နိုင်သည်ဟု ရေးသားဖော်ပြထားသည်။
ထို့အတူ ကုရ်အာန်ကျမ်းမြတ်တွင် ဗရ်ဇခ်လောကသို့ရောက်ပြီးနောက် ဝိညာဉ်တွေက လူ့လောကသို့ နောက်ပြန်လာရန် အကြောင်းမရှိဟု မိန့်ကြားထားပါသည်။ သက်ရှိလူ့လောကဖက်မှ ကုသိုလ်ပေးပို့ခြင်းသာ ရှိပေသည်။

 ဗရားအ်သ်ညတွင် ......... 
အမျိုးသားများအနေဖြင့် အိရှာအ်နမားဇ်ပြီးပါက မိမိအိမ်သို့ပြန်လာပြီး နဖိလ်အိဗာဒသ်များပြုလုပ်ကာ ဖတ်ရွတ်ခြင်းက ပိုကောင်းသည်။ 

တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် မိမိအိမ်နှင့် ဗလီ ကပ်လျက်ရှိသော်လည်း အိမ်၌ပင် အိဗာဒသ်ပြုတော်မူပေသည်။ အဘယ်မျှ နီးကပ်သနည်း ဆိုသော် တမန်တော်ဗလီအတွင်း အိအ်သိကားဖ်ထိုင်စဉ် ဦးခေါင်း၌ ဆီထည့်လိုသည့်အခါ ပြတင်းပေါက်မှပင် အိမ်ခန်းအတွင်း ဦးခေါင်းထည့်လိုက်ပြီး ဟဇရသ်အာအိရှဟ်သခင်မမှ ဆီထည့်ပေးလေသည်။ ဆိုလိုသည်မှာ ထိုမျှ နီးကပ်စွာရှိသည်။ တမန်တော်၏ အိမ်သည် အဘယ်မျှ ကျဉ်းသနည်းဆိုသော် တမန်တော် နမားဇ်ဖတ်သည့်အခါ စဂ်ျဒဟ်ပြုရန်အတွက် ဟဇရသ်အာအိရှဟ်သခင်မ၏ ခြေထောက်ကို တို့လိုက်သည်။ သခင်မက ခြေထောက်ကို ရုတ်လိုက်၍ ကိုယ်တော်စဂ်ျဒဟ်ပြုတော်မူပေသည်။ ထိုမျှကျဉ်းသောအိမ်ဖြစ်ပြီး တစ်ဖက်တွင် ကျယ်ဝန်းသော ဗလီနှင့် နီးကပ်စွာရှိနေသော်လည်း ကိုယ်တော်သည် အိမ်သို့သွား၍ နဖိလ်အိဗာဒသ်များ ပြုလုပ်တော်မူခဲ့ပေသည်။ ထို့ကြောင့် အမျိုးသားများအနေဖြင့်လည်း အိရှာအ်ဆွလားသ်ပြီးပါက အပြင်တွင်မနေဘဲ မိမိအိမ်သို့ပြန်၍ အိဗာဒသ်ပြုသင့်လှသည်။ အိမ်ရှိအမျိုးသမီးများလည်း အားတတ်မည်။ ထို့အတူ မိမိအိဗာဒသ်ပြုနေသည်ကို တွေ့မြင်၍ ကျန်သူများလည်း အိဗာဒသ်ပြုချင်စိတ် ဖြစ်ပေါ်လာပေမည်။

 ဒုက္ခမှ သုခသို့ 
အလ္လာဟ်အရှင်မြတ်က မုစ်လင်မ်ကိုပေးသည့် ဒုက္ခသည် အစားချေသည့် ဒုက္ခဖြစ်သည်။ ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ်သည် အီမာန်ရှင်အား အသက်နှုတ်သည့်အချိန်တွင် ပြစ်မှုအပေါင်းမှ သန့်ရှင်းနေသည့်အဖြစ်ကို လိုလားသည်။ ထို့ကြောင့်အပြစ်များကို စင်ကြယ်ရန် အသက်ရှင်နေစဉ် ဒုက္ခဖြင့် ဆေးကြောလိုက်သည်။ မုစ်လင်မ်၏ ဘေးဗလာသည် အပြစ်များမှ ကင်းလွတ်ခွင့်ရမည့် နိအ်မသ်ပင် ဖြစ်ပါသည်။
ဒုက္ခဟူသည် မုစ်လင်မ်အတွက် စမ်းသပ်မှုတစ်ခုလည်း ဖြစ်ပေသည်။ ဟဇရသ်အနတ်စ်သခင်က တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ကို မည်သူသည် စမ်းသပ်မှုအခံရဆုံးဖြစ်သနည်း ဟု မေးလျှောက်ရာ ကိုယ်တော်က နဗီတမန်တော်များသည် စမ်းသပ်မှုအခံရဆုံးသောသူများဖြစ်သည်။ ထို့နောက် သာသနာ့အဆင့်အတန်း ဘယ်လောက်ရှိသလဲ ထိုအဆင့်အတန်းနှင့် အညီ စမ်းသပ်မှုကို ခံစားရမည်ဖြစ်သည်ဟု မိန့်တော်မူပေသည်။
ဗရားအ်သ်ညမြတ်တွင် အလ္လာဟ်ကိုယ်တော်တိုင် ဒုက္ခထဲမှရှိနေသလား ငါအလ္လာဟ်အရှင်မြတ် သုခချီးမြှင့်မည်ဟု မေးမြန်းတော်မူမည်ဖြစ်သည်။ အဘယ်မျှသနားကြင်နာသည့် အရှင်မြတ်ပင် ဖြစ်ဘိသနည်း။ သာမာန်အခြေအနေအရ ဒုက္ခသည်ပင် သုခအတွက်ပေးခြင်းဖြစ်သလို ဒုက္ခကိုမခံစားဘဲ သုခကို တိုက်ရိုက်ခံစားခွင့်ချီးမြှင့်ရန် ကိုယ်တော်တိုင် ကျေးကျွန်တို့နှင့် အနီးဆုံးနေရာသို့ ဆင်းသက်ခါ မေးမြန်းနေပေသည်။ ထို့သို့သော အခွင့်အရေးထူးကို လက်လွတ်မခံဘဲ အခက်အခဲ အကြပ်အတည်းတိုင်းမှ လွတ်မြောက်မှုရရန် ဆုတောင်းမှုပြုရမည် ဖြစ်ပါသည်။
 မုစ်လင်မ်တို့အနေဖြင့် ....... 
- အချိန်ဖြုန်းသူဖြစ်နေခြင်းမှ ရှောင်ပါ။ မိမိ၏ သက်တမ်းကို သေခြင်းတရားမရောက်ခင် တန်ဖိုးထားပါ။
- အလုပ်ချိန်ထဲမှ တန်ဖိုးကြီးညတွင် ကုသိုလ်များသည့် ကောင်းမှုများပြုရန် အချိန်ထုတ်ပါ။
- နုပျိုချိန်ကို အိုမင်းမစွမ်း မဖြစ်ခင်အလျင် တန်ဖိုးထားပါ။
- အလ္လာဟ်အရှင်မြတ်၏ ပေးကမ်းမှုတွင် ပေးသည့်အချိန်ရှိသလို ယူသည့်အချိန်လည်း ရှိပါသည်။ အရှင်ပေးကမ်းနေသည့်အချိန်တွင် ရရှိသည့်နိအ်မသ်ကို စည်းကမ်းရှိစွာ တန်ဖိုးထား သုံးစွဲရမည်။
- ကျန်းမာသန်စွမ်းနေသည့်အချိန်ကို နာမကျန်း၊ အိပ်ထာထဲလဲခြင်းမျိုး မဖြစ်ခင် တန်ဖိုးထားရမည် ဖြစ်ပါသည်။

မြင့်မြတ်လသည့်လ၌ မြင့်မြတ်သည့် ညဥ့်မြတ်ကို အမလ်အိဗာဒသ် ဒုအာ ဇိကိရ်အပြည့်ဖြင့် ကုန်ဆုံးနိုင်ရန် ကြိုးစားပါ။ ထို့သို့သော ညမျိုးတွင် အိပ်နေခြင်း၊ ဂိမ်းဆော့နေခြင်း၊ မလိုလားအပ်သည့် စကားလက်ဆုံကျမှုများ ဖြစ်နေခြင်းတို့ကို လုံးဝမပြုသင့်ပါ။ ရှောင်ကြဉ်ပါ။ အင်တာနက်ကြည့်ခြင်းကိုလည်း တတ်နိုင်ပါက ပိတ်ထားပါ။ မုစ်လင်မ်တို့အတွက် လက်တွေ့၏ အမလ်များဖြင့်သာ အောင်နိုင်မှုကို ရယူနိုင်မည်ဖြစ်ပြီး ကိယာမသ်နေ့တွင် မိမိ၏ အမလ်စာရင်းလှပကောင်းမွန်ရန် ကိုယ်တိုင်ကြိုးစားမှသာ အောင်မြင်မှုကို ရရှိမည်ဖြစ်ပါသည် ဟု ပြောရင်းဖြင့် နိဂုံးချုပ်အပ်ပါသည်။
--။--။--။--

အထက်ပါအကြောင်းအရာတို့သည် ၂၄ရက် တနင်္ဂနွေနေ့ မစီးဒီးခါန်းမတ်စ်ဂျိဒ်၌ ဟောကြားခဲ့သည့် တရားတော်အား စာသားပုံစံ ပြန်လည်တင်ဆက်ခြင်းဖြစ်ပါသည်။

သတိပေးချက်။ အထက်ပါအကြောင်းအရာကို ကူးယူလျှင် အလ်မုဖီးဒ်မှ ကူးယူကြောင်း ထည့်သွင်းရေးသားပါ။ တစ်ဝက်တစ်ပျက် မိမိလိုသလောက် ကူးယူခြင်း လုံးဝခွင့်မပြုပါ။ မိမိ မလုပ်သည့်အရာကို လုပ်သယောင်ဆောင်ခြင်းသည် လိမ်လည်မှုဖြစ်၏။ ထို့ကြောင့် ဒီးန်ဖြန့်ချိလိုလျှင်လည်း မှန်ကန်သည့် နည်းလမ်းဖြင့်သာ ဖြန့်ချိပါ။ စာသားကူး၍ အမည်ပြောင်းတပ်သည့် လုပ်ရပ်မျိုး မပြုပါနှင့်။

အလ်မုဖီးဒ်
ရှအ်ဗာန်/ ၁၃/ ယောင်မုလ်အဟဒ်/ ဟစ်ဂ်ျရီ ၁၄၃၆


Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။