Friday, May 15, 2015

လက်ဆွဲနှုတ်ဆက်ခြင်း၏ စည်းကမ်းချက်များ


 ၁။ သူတစ်ပါးလက်တွင် ပစ္စည်းတစ်ခုခုရှိနေသောအခါတွင်ဖြစ်စေ၊ အလုပ်တစ်ခုခု လုပ်နေသောအခါတွင်ဖြစ်စေ၊ လက်ဆွဲနှုတ်ဆက်ရန်အလို့ငှာ လက်တွင်းရှိပစ္စည်းတို့ကို အောက်သို့ချထားစေရန် မသင့်သောကြောင့် လက်ဆွဲနှုတ်ဆက်ခြင်းမပြုဘဲ စလာမ်မေတ္တာပို့သမှုကိုသာ ပြုရမည်။ ထိုနည်းတူပင် သူတစ်ပါးအလုပ်တွင်မွေ့လျော်နေချိန်တွင် ထိုင်ခွင့်တောင်းမနေဘဲ ထိုင်လိုက ထိုင်လိုက်ရမည်။
 ၂။ အလုပ်ကိစ္စတစ်ခုခုကို လုပ်ကိုင်ဆောင်ရွက်ရန် စောလျင်စွာသွားနေသော ပုဂ္ဂိုလ်တစ်ဦးဦးအား မုဆာဖဟ် လက်ဆွဲနှုတ်ဆက်ရန် မတားရပေ။ ထိုသို့တားဆီးခြင်းဖြင့် အဆိုပါပုဂ္ဂိုလ်အား အနှောင့်အယှက်ပေးရာရောက်ပေမည်။
 ၃။ အချို့သောပုဂ္ဂိုလ်များသည် ထိုင်ဝိုင်း အစုအဝေး တစ်ခုခုသို့ရောက်သည့်အခါ ထိုင်ဝိုင်းရှိပုဂ္ဂိုလ်အားလုံးနှင့် သိကျွမ်းသည်ဖြစ်စေ၊မသိကျွမ်းသည်ဖြစ်စေ၊ လူစေ့တက်စေ့ လိုက်လံ၍ လက်ဆွဲနှုတ်ဆက်လေ့ရှိတတ်ကြပေသည်။ ဤသို့လူစေ့တက်စေ့ လိုက်လံနှုတ်ဆက်ခြင်းဖြင့် အချိန်ကုန်သည်သာမက ထိုင်ဝိုင်းရှိပုဂ္ဂိုလ်အားလုံး မိမိတို့လုပ်လက်စအလုပ်ကို မလုပ်နိုင်ကြတော့သည့်အတွက် စိတ်ဆင်းရဲခြင်းနှင့် ရင်ဆိုင်ကြရပေတော့၏။ ဤအခါ ထိုင်ဝိုင်းရှိ မိမိတွေ့လိုသူနှင့်သာ လက်ဆွဲနှုတ်ဆက်သင့်ပြီး လူစေ့တက်စေ့ လိုက်လံ၍ လက်ဆွဲနှုတ်ဆက်ခြင်း မပြုသင့်ပေ။ ထိုင်ဝိုင်းရှိပုဂ္ဂိုလ်အားလုံးနှင့် သိကျွမ်းသဖြင့် လူစေ့တက်စေ့လိုက်လံ၍ လက်ဆွဲနှုတ်ဆက်ခြင်းဖြစ်က အကြောင်းမဟုတ်ပေ။

 လက်ဆွဲနှုတ်ဆက်ခြင်းနှင့် ဖက်လှဲတကင်းပြုခြင်းဆိုင်ရာ မတ်စ်အလဟ်များ 

 (၁) လက်ဆွဲနှုတ်ဆက်ခြင်းသည် စွန္နသ်တော်ဖြစ်ပြီး လက်ဆွဲနှုတ်ဆက်ရမည့်အချိန်မှာ ပထမစတွေ့စ အချိန်၌ဖြစ်၏။
 (၂) သီးခြားအချိန်တစ်ချိန် (ဥပမာ ဖဂျရ်ဆွလာသ်နှင့် အဆ်ွရ်စွလာသ်ပြီးချိန်) တွင် အရေးတယူလက်ဆွဲနှုတ်ဆက်ခြင်းမှာ ဗိဒ်အသ် ဖြစ်၏။
 (၃) လက်နှစ်ဖက်လုံးဖြင့် လက်ဆွဲနှုတ်ဆက်ခြင်းမှာ စွန္နသ်ဖြစ်ပြီး လက်နှစ်ဖက်လုံးဖြင့် လက်ဆွဲနှုတ်ဆက်နိုင်ပါလျက် လက်တစ်ဖက်တည်းဖြင့် လက်ဆွဲနှုတ်ဆက်ခြင်းမှာ စွန္နသ်တော်နှင့် ဆန့်ကျင်သည်သာမက မာနထောင်လွှားခြင်း၏ လက္ခဏာလည်းဖြစ်၏။
 (၄) လက်ဆွဲနှုတ်ဆက်သည့်အခါ လက်များကို မည်သည့်အဝတ်အထည် စသည်တို့ဖြင့် ထွေးပတ်မထားဘဲ လက်များ၏ အသားချင်းထိလျက် လက်ဆွဲနှုတ်ဆက်ခြင်း စွန္နသ်ဖြစ်၏။
 (၅) လက်ဆွဲနှုတ်ဆက်ပြီးနောက် လက်များကို နမ်းရှုပ်ခြင်းနှင့် ရင်ဘတ်ကို လက်များဖြင့် ပွတ်သပ်ခြင်းမှာ စွန္နသ်တော်နှင့်လည်း ဆန့်ကျင်၊ ဗစ်ဒ်အသ်လည်းဖြစ်၏။ (ရှာမီ၊ ဗဟ်ရွတ်လ်ရာအစ်က်၊ အာလမ်ဂီရီ)
 (၆) မုအာနကဟ် (ရင်ချင်းအပ်၍ ဖက်လှဲတကင်း)ပြုခြင်းသည် ချစ်ခင်မှုကို ထုတ်ဖော်ခြင်းလည်းဖြစ်၊ သနားကြင်နာခြင်း၏ အမှတ်အသားလည်းဖြစ်ပြီး၊ ရှရီအသ်တရားတော်နှင့် မဆန့်ကျင်ပါက အကျိုးဆဝါးဗ်ရစရာ အကြောင်းခံဖြစ်သည်။ တမန်တော်မြတ်နှင့် ဆွဟာဗဟ် သာဝကကြီးများ၏ စွန္နသ်တော်လည်း ဖြစ်၏။ (ဟီဒါယာ)
 (၇) အီးဒ်နှစ်ခုစလုံးတွင် အီးဒ်စွလာသ်ဝတ်ပြုပြီးနောက် မုအာနကဟ် ပြုခြင်းသည် အရေးကြီးသည့် ကိစ္စမဟုတ်ပေ။ မလုပ်မနေရလည်းမဟုတ်ပေ။ အကယ်၍ အီးဒ်ဆွလာသ်အပြီး မုအာနကဟ် လုပ်ခြင်းကို အရေးကြီးသည် မလုပ်မနေရဖြစ်သည်ဟု မှတ်ယူပါက ဗစ်ဒ်အသ်ဖြစ်ပြီး စွန့်လွှတ်သင့်သည်။

 မုအာနကဟ် (ဖက်လှဲတကင်းပြုခြင်း) ၏ သမိုင်းအစဉ်အလာ 

အဗ္ဗဒွလ္လာဟ် ဗင်န်အဗ္ဗားစ် သခင် (ရသွိ) ထံမှ ဆင့်ပြန်လာရှိသည်မှာ ဤလောကကြီး၌ ပထမဆုံး မုအာနကဟ်ပြုသူမှာ အိဗ်ရာဟီးမ် (အလိုင်ဟစ္စလာမ်) ဖြစ်၏။ ထို့ကြောင့် ဇွလ်ကရ်နိုင်းန်ဘုရင်သည် ခရီးထွက်လာရင်း မက္ကဟ်ရွှေမြို့တော်၏ အဗ်သွာဟ် အမည်ရှိနေရာသို့ ရောက်သည့်အခါ တစ်ဦးတစ်ယောက်က ... ဇုလ်ကရ်နိုင်းန် ဘုရင်ထံလာ၍ ဤနေရာ၌ အလ္လာဟ်အရှင်မြတ်၏ အချစ်တော် အိဗ်ရာဟီးမ် (အလိုင်ဟစ္စလာမ်) သက်ရှိထင်ရှားရှိတော်မူသည်... ဟု လျှောက်ထားရာ ဇုလ်ကရ်နိုင်းန် ဘုရင်သည် ကြားကြားချင်း မိမိအစီးအနင်းပေါ်မှ ဆင်း၍ ခြေလျင်လျှောက်တော်မူတော့၏။ ထို့နောက် အိဗ်ရာဟီးမ် (အလိုင်ဟစ္စလာမ်) ထံ သွားရောက်တွေ့ဆုံတော်မူလေသည်။ ထိုအခါ အိဗ်ရာဟီးမ် (အလိုင်ဟစ္စလာမ်) က ဇုလ်ကရ်နိုင်းန် ဘုရင်အား စလာမ် မေတ္တာပို့သ၍ မုအာနကဟ် ပြုတော်မူလေ၏။ ဤသို့ အိဗ်ရာဟီးမ် (အလိုင်ဟစ္စလာမ်) နှင့် ဇုလ်ကရ်နိုင်းန် ဘုရင်တို့၏ မုအာနကဟ် (ဖက်လှဲတကင်း)ပြုခြင်းမှာ ကမ္ဘာ့သမိုင်းတွင် ပထမဦးဆုံးဖြစ်ခဲ့ပြီး ၎င်းတို့အလျင် မုအာနကဟ် ပြုခြင်းမရှိခဲ့ချေ။ (ဗဟ်ရွလ်ရာအစ်က်၊ ဖွသ်ဟုလ်ကဒီးရ်)

 အာဃာတ ထားလျက် လက်ဆွဲနှုတ်ဆက်ခြင်းမှာ အကျိုးမရှိ 

 ၁။ အချို့ ပုဂ္ဂိုလ်များသည် ခိုက်ရန်ဒေါသဖြစ်နေသူနှစ်ဦးတို့၏ ခိုက်ရန်ဖြစ်မှု ချုပ်ငြိမ်းသွားရန် စေ့စပ်ဖျန်ဖြေပေးသည့်သဘောဖြင့် ထိုနှစ်ဦးတို့အား အချင်းချင်း လက်ဆွဲနှုတ်ဆက်ခိုင်းလေ့ရှိ၏။ ဤသို့ ပြုလုပ်ခြင်းမှာ အကျိုးမရှိပေ။ အကြောင်းမှာ အဆိုပါ ခိုက်ရန်ဖြစ်ပွားသူနှစ်ဦးစလုံး၏ ရင်တွင်း၌ အာဃာတများ ရှိနေသောကြောင့် ဖြစ်၏။ ကျွန်ုပ်သည် ခိုက်ရန်ဖြစ်သူနှစ်ဦးတို့အား အချင်းချင်း လက်ဆွဲနှုတ်ဆက်မခိုင်းတတ်။ ယင်းသို့ အချင်းချင်း ပြေလည်မှု ရရှိစေရန်မှာ မည်သည့်ပြသနာအပေါ် အခြေခံ၍ ခိုက်ရန်ဖြစ်သည်ကို စူးစမ်းလေ့လာပြီး ယင်းပြသနာကို အလျင်ဖြေရှင်းရပေမည်။ ဤသို့ ဖြေရှင်းမှသာ နှစ်ဘက်လုံး၏ ရင်တွင်းရှိ အာဃာတများ ပျောက်ကွယ်မည်ဖြစ်၏။ အာဃာတများ ပျောက်ကွယ်သွားစေရန် လက်ဆွဲနှုတ်ဆက်ခြင်းဖြင့် မစွမ်းနိုင်။ အာဃာတများ ရင်တွင်းကိန်းအောင်းလျက် လက်ဆွဲနှုတ်ဆက်ပါကလည်း ရန်စမှာ ကုန်ဆုံးမသွားဘဲ ဆက်ရှည်နေဦးမည်ဖြစ်သည်။ (ကမာလားသိ အရှ်ရဖီယာ (အတွဲ ၁၊ စာ ၁၂၉)
 လက်ဆွဲနှုတ်ဆက်ရမည့်အချိန် 

 ၂။ မော်လာနာ အရှ်ရဖ်အလီ ထာနဝီသခင်၏ ခါန်ကာဟ် (တရားရိပ်သာ) သို့ တစ်ခါမှ မရောက်ဘူးသူ လူသစ် တစ်ယောက် ရောက်ရှိနေသည်မှာ တစ်ရက်ရှိပြီဖြစ်၏။ ထိုသူသည် ဆရာကြီး၏ ထိုင်ဝိုင်းသို့ ရောက်လာပြီး မထိုင်မီ ဆရာကြီးအား လက်ဆွဲနှုတ်ဆက်လေ၏။ ထိုအခါ ဆရာကြီးက ၎င်းအား .. ခင်ဗျား မနေ့ကတည်းက ရောက်နေတာ မဟုတ်လား.... ဟုမေးရာ ထိုသူက ဟုတ်ပါကြောင်း ဖြေကြားလိုက်ရာ ဆရာကြီးက ... ဒါဖြင့် ဒီအချိန်မှာ ကျွန်ုပ်နှင့် လက်ဆွဲနှုတ်ဆက်ရသည့် သဘောက ဘာလဲ ။ ခင်ဗျား ခုပြန်တော့မလို့လား။ ဒါကြောင့် နှုတ်ဆက်တာလား... ဟုမေး၏။ ယင်းက .. ယခု မပြန်သေးပါ... ဟု ပြန်ဖြေ၏။ ဆရာကြီးက လက်ဆွဲနှုတ်ဆက်ခြင်းဟာ ခရီးက အိမ်ပြန်ရောက်သည့်အခါ သို့မဟုတ် ထွက်သည့်အခါ ပြုအပ်ပြီး အခြားအချိန်များတွင် မပြုကျင့်သင့်.. ဟု ပြောကြား၏။ ၎င်းပုဂ္ဂိုလ်က ... တချို့သူတွေ လက်ဆွဲနှုတ်ဆက်သည်ကို မြင်လို့ ကျွန်တော်လည်း လက်ဆွဲနှုတ်ဆက်ခြင်းဖြစ်ပါသည် ... ဟု ပြောပြန်၏။ ဆရာကြီးက .. ခင်ဗျားစကားထဲမှာ ပါသွားတယ်။ တချို့ပုဂ္ဂိုလ်တွေ လက်ဆွဲ နှုတ်ဆက်လို့ ကျွန်တော်လည်း လက်ဆွဲနှုတ်ဆက်တာပါ ဆိုတဲ့အတိုင်း တချို့ပုဂ္ဂိုလ်တွေကျတော့ လက်ဆွဲနှုတ်ဆက်ခြင်း မပြုကြဘူး ၊ ဒီတော့ ခင်ဗျားအနေနဲ့ အချို့ပုဂ္ဂိုလ်တွေတော့ လက်ဆွဲနှုတ်ဆက်ကြတယ် ဘာဖြစ်လို့လဲ၊ တချို့ပုဂ္ဂိုလ်တွေကျတော့ လက်ဆွဲနှုတ်ဆက်ခြင်း မပြုကြဘူး။ ဘာဖြစ်လို့ပါလိမ့် ဆိုသည်ကို စဉ်းစားသင့်ပါတယ်။ မသိကလည်း သိသူကို မေးသင့်ပါသည်။ အမှန်မှာ ကျွန်ုပ်နှင့် ယခု လက်ဆွဲနှုတ်ဆက်ကြသူများမှာ ယခုမှ ရောက်လာသူများဖြစ်ကြပါတယ်။ အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်တို့ကို အသိဉာဏ် ချီးမြှင့်ထားပါတယ်။ အသိဉာဏ်ပညာကိုလည်း အသုံးချသင့်တယ်... ဟု မိန့်ကြားခဲ့သည်။ (အိဖာဒွါသိ ယောင်မိယဟ် (အတွဲ-၂ ၊ စာမျက်နှာ - ၆၇))

 လက်ဆွဲနှုတ်ဆက်လျှင် လက်တွင်း၌ ဘာမှ မရှိသင့် 

 ၃။ ဆရာကြီးက မိန့်သည်မှာ အချို့ပုဂ္ဂိုလ်တို့သည် လက်ဆွဲနှုတ်ဆက်ရင်း လက်တွင်း၌ ပိုက်ဆံကြေးငွေကို ထားရှိပြီး မိမိလက်နှင့် လက်ဆွဲနှုတ်ဆက်သူသို့ ပေးလေ့ ရှိကြ၏။ ယင်းသို့ပြုမူခြင်းမှာ မကောင်းပေ။ လက်ဆွဲနှုတ်ဆက်ခြင်းမှာ စွန္နသ်တော်လည်းဖြစ်၊ အိဗာဒသ်လည်းဖြစ်ပေရာ အမြင်အားဖြင့် လောကီရေးရာကိစ္စဖြစ်သည့် ပိုက်ဆံကြေးငွေ ပေးခြင်းနှင့် မရောယှက်သင့်ပေ။ (မကာလာသိ ဟစ်က်မသ် (စာ-၃၂)
 ရယူစရာ သင်ခန်းစာ 

 ၄။ တခါက မော်လာနာ ရရှီးဒ်အဟ်မဒ် ဂန်ဂိုဟီ သခင်သည် ဆောင်းရာသီဖြစ်၍ စောင်ထူတစ်ထည်ကို ခြုံရုံလျက် ထိုင်နေလေသည်။ ယာဘက်နှင့် ဝဲဘက်တစ်ဖက်စီတွင် မော်လာနာ ယအ်ကူးဗ် နာနောင်သဝီသခင်နှင့် ဟကီးမ် ဇေယာအုဒ်ဒီးန်တို့ ထိုင်နေကြလေသည်။ ထိုအချိန်တွင် ပုဂ္ဂိုလ်တစ်ဦးရောက်လာပြီး မော်လာနာ ရရှီးဒ်အဟ်မဒ် ဂန်ဂိုဟီအား သာမာန်ပုဂ္ဂိုလ်ဟု ယူဆကာ လက်ဆွဲနှုတ်ဆက်ခြင်းမပြုဘဲ မော်လာနာယအ်ကူးဗ်နှင့် ဟကီးမ် ဇေယာအုဒ်ဒီးန်တို့နှင့် လက်ဆွဲနှုတ်ဆက်လေတော့သည်။ သူတော်စင်လည်းဖြစ် အာလင်မ်ကြီးလည်းဖြစ်သော မော်လာနာ ရရှီးဒ်အဟ်မဒ်အား လက်ဆွဲနှုတ်ဆက်ခြင်း မပြုသည်ကို အံ့အားသင့်၍ မော်လာနာ ယအ်ကူးဗ်က ပြုံးတုံ့ပြုံးတုံ့ ပြုနေသည်ကို သဘောပေါက်နားလည်သူ မော်လာနာ ရရှီးဒ်အဟ်မဒ် ဂန်ဂိုဟီက မိန့်သည်မှာ အလ်ဟမ်ဒုလိလ္လာဟ် (ချီးမွမ်းခြင်း အပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်အတွက်ဖြစ်၏) လူတို့သည် ကျွန်ုပ်အား လာရောက်ကာ လက်ဆွဲနှုတ်ဆက်ကြလိမ့်မည်ကို မမျှော်လင့်ပါ။ (ဤဖြစ်ရပ်အားဖြင့် သိရသည်မှာ အခြားသူတစ်ဦးဦးသည် မိမိထံလာရောက်ကာ လက်ဆွဲနှုတ်ဆက်လိမ့်မည်ဟု မျှော်လင့်ချက်မထားသင့်ပေ။)

 လက်ကိုနမ်းရှုပ်သည့်အစဉ်အလာကို ဆက်မလုပ်သင့် 

 ၅။ လက်ဆွဲနှုတ်ဆက်ပြီးနောက် လက်ကိုနှုတ်ဆက်သည့် အစဉ်အလာကို ရပ်လိုက်သင့်သည်။ အကြောင်းမှာ လက်ဆွဲနှုတ်ဆက်ခြင်းသည် စွန်နသ်ဖြစ်ပြီး လက်ကိုနမ်းရှုပ်သည်မှာ တစ်ဦးကိုတစ်ဦး ချစ်ခင်ကြည်ညိုလေးစားခြင်း၏ အထိမ်းအမှတ်တစ်ခု ဖြစ်သော်လည်း စွန်နသ်တော်မဟုတ်ပေ။
ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး လေးစား၊ ချစ်ခင်၊ ကြည်ညိုခြင်း၏ အထိမ်းအမှတ်အဖြစ်ဟု ယူဆကာ တစ်ဦး၏လက်ကို ကျန်တစ်ဦးက နမ်းရှုပ်ခြင်းဖြစ်ပါက အပြစ်တစ်စုံတစ်ရာမရှိပေ။
သို့ရာတွင် ဤတစ်ဦး၏လက်ကို ကျန်တစ်ဦးက နမ်းရှုပ်ခြင်းမှာ စိတ်တွင်း၌ ဖြစ်ပေါ်သည့် တခဏ အခြေအနေသာဖြစ်သည်။ စိတ်တွင်း၌ ကျန်တစ်ဦး၏ လက်ကို နမ်းရှုပ်ချင်စိတ်မဖြစ်ပေါ်ဘဲ အစဉ်အလာအဖြစ် နမ်းရှုပ်ရခြင်း၊ အမှန်တကယ် စိတ်အတွင်း၌ နမ်းရှုပ်ချင်စိတ်မဖြစ်ပေါ်ဘဲ ဟန်လုပ်၍ နမ်းရှုပ်ခြင်းတို့မှာ အတွင်းပိုင်းဆိုင်ရာ ပြုပြင်မှုကို ရယူကြသည့် သူတော်စင်များအမြင်တွင် ကောင်းသည့်လုပ်ရပ်မဟုတ်ပေ။ တစ်ဖန် သိမ်မွေ့သည့်သဘောတစ်ရပ် ရှိသေး၏။ အချို့ပုဂ္ဂိုလ်တို့၏ သဘာဝ စိတ်ဓာတ်၌ အလ္လဟ်အရှင်မြတ် တစ်ပါးတည်းအပေါ် ယုံကြည်ကိုးစားခြင်း၊ အားထားခြင်း၊ ချစ်ခင်မြတ်နိုးခြင်း စသည်တို့သာ ကိန်းအောင်းနေတတ်ပြီး ဤသို့ တစ်ဦးသောသူက ကျန်တစ်ဦး၏ လက်ကို နမ်းရှုပ်လျက် လေးစားချစ်ခင်ကြောင်း ၊ ယုံကြည်လေးစားကြောင်း ပြသကြသည်ကို မနှစ်မြို့ကြပေ။
ကျွန်ုပ်၏ အကျင့်စိတ်ဓာတ်ကို ပြောရလျှင်လည်း ကျွန်ုပ် သူတော်စင်ကြီးများနှင့် လက်ဆွဲနှုတ်ဆက်သည့်အခါ လက်ကို နမ်းရှုပ်ရာ၌ ရံဖန်ရံခါ စိတ်တွင်း၌ လှိုက်လှိုက်လှဲလှဲ နမ်းရှုပ်ချင်စိတ်ပေါ်သောကြောင့် နမ်းရှုပ်ခြင်းဖြစ်ပြီး များသောအားဖြင့် ဘေးမှ ကြည့်နေသူများက ကျွန်ုပ်အား သူတော်စင်များကို မချစ်ခင်သူ မကြည်ညို မလေးစားသူဟူ၍ ထင်ကြမှာကို စိုးရိမ်၍ နမ်းရှုပ်ရခြင်း ဖြစ်၏။ အလ်ဟမ်ဒိုလစ်လ္လာဟ် (ချီးမွမ်းခြင်းအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်၏) ကျွန်ုပ်သည် အကြီးအကဲများ၊ သူတော်စင်များကို ချစ်လဲ ချစ်ပါ၏။ လေးလဲ လေးစားပါ၏။ ကြည်လဲ ကြည်ညိုပါ၏။ မိုးမမြင် လေမမြင် ချစ်ခင်လေးစား ကြည်ညိုခြင်းမျိုးမဟုတ်။ စည်းဘောင်အတွင်း၌သာ လေးစားချစ်ခင် ကြည်ညိုခြင်းမျိုးဖြစ်ပါသည်။ (ကမာလာသိ အရှ်ရဖီယဟ် (စာမျက်နှာ - ၁၂၃)
 ၆။ ဆွဟာဗာ သာဝကကြီးများ၏ အသိဉာဏ်ထက်မြက်ပုံကို ကြည့်ပါဦး။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုက်ဟိ ဝစလ္လမ်) နှင့်အတူ သာဝကကြီး အဗူဗက္ကရ် (ရသွိ) သခင် မဒီနဟ် မြို့တော်သို့ ဟစ်ဂျရသ်ပြု ရွှေ့ပြောင်းရောက်ရှိစဉ်က မဒီနာ မြို့တော်သား အန်ဆွာရီများသည် တမန်တော်မြတ်တို့နှင့် ဖူးမြော်တွေ့ဆုံရန် ရောက်ရှိလာခဲ့ကြ၏။ ထိုစဉ်အခါက အဗူဗက္ကရ်သခင်သည် တမန်တော်မြတ်ထက် အားအင်ချိနဲ့၍ အသက်ပိုကြီးသည်ဟု ထင်ရသည်။ လာရောက်ဖူးမြော်သူ အားလုံးက တမန်တော်မြတ်ဟု ထင်မြင်ယူဆပြီး အဗူဗက္ကရ်သခင်အား လက်ဆွဲနှုတ်ဆက်ကြလေသည်။ သာဝကကြီး အဗူဗက္ကရ်သခင်သည် အသိပညာကြွယ်ဝသူဖြစ်၏။ မိမိအား တမန်တော်မြတ်အထင်ဖြင့် လာရောက် လက်ဆွဲနှုတ်ဆက်ကြသည်ကို ငြင်းဆန်ခြင်းမပြုဘဲ မိမိကလည်း ပြန်လည် လက်ဆွဲနှုတ်ဆက်ခြင်းကို ဟန်မပျက် ပြုနေခဲ့၏။ ဤသို့ပြုနေခြင်းမှာ တမန်တော်မြတ် ခရီးပန်းလာသဖြင့် လူတို့နှင့် လက်ဆွဲနှုတ်ဆက်ရာတွင် ပို၍ ပင်ပန်းနွမ်းနယ်မည်ကို စိုးရိမ်၍ တမန်တော်မြတ် အနားယူပါစေဟူသော ဆန္ဒအရင်းခံဖြစ်၏။
ယနေ့ကာလတွင် ဆရာ၏ရှေ့မှောက်တွင် တပည့်ဖြစ်သူက အထက်ပါအတိုင်းပြုမူပါက ဆရာအားဦးစားမပေးသူ၊ ရိုင်းစိုင်းသူဟု ကဲ့ရဲ့ပြစ်တင် ရှုတ်ချကြမည်ဖြစ်၏။ စင်စစ်မှာမူကား မျက်မှောက်ကာလတွင် လူတို့သည် အပေါ်ယံလေးစားခြင်း၊ ဂုဏ်ပေးခြင်းတို့ကိုသာ ဆရာအားပြုစုစောင့်ရှောက်ခြင်း၊ ဝတ်ကြီးဝတ်ငယ်ပြုခြင်းဟု အထင်မှားနေကြခြင်းဖြစ်၏။
ဆရာ မိဘတို့အား စစ်မှန်သောပြုစုခြင်း၊ ဝတ်ကြီးဝတ်ငယ်ပြုခြင်းဟူသည်မှာ အပေါ်ယံဂုဏ်ပေးခြင်း၊ လေးစားခြင်းမဟုတ်ဘဲ မိမိဘက်မှာ ကိုယ်၊ စိတ် ဆင်းရဲဒုက္ခကိုခံယူပြီး ဆရာမိဘတို့အား စိတ်လည်းချမ်းသာ လူလည်းသက်သာအောင် စီမံဆောင်ရွက်ပေးခြင်းဖြစ်သည်ကို လူတို့မျက်ကွယ်ပြုထားကြသည် မဟုတ်ပါလား။ အကြီးအကဲများအား စစ်မှန်သောဂုဏ်ပေးခြင်း၊ လေးစားခြင်း၊ ပြုစုစောင့်ရှောက်ခြင်းကို သာဝကကြီးများ လက်တွေ့ကျင့်သုံးပြသခဲ့ကြပေသည်။ (ဟွတ်စ်နူလ်အဇီးဇ် (အတွဲ ၁၊ စာ-၁၅)
 ၇။ ကျွန်ုပ် ဒါရွလ်အုလူးမ် ဒေယိုဘန်ဒ် ကျောင်းသို့ရောက်ခဲ့စဉ်က ရှေ့ဆောင်အဖြစ် စွလာသ်ဝတ်ပြုရန် နေရာသို့ ရောက်ချိန်တွင် ပုဂ္ဂိုလ်တစ်ဦးသည် တတိယအတန်းမှ တိုးထွက်ကာ ရောက်ရှိလာပြီး ကျွန်ုပ်လက်ကိုဇွတ်အတင်းဆွဲ၍ လက်ဆွနှုတ်ဆက်ခဲ့၏။ ဤသည်မှာ မပြုအပ်သည့်အပြုအမူပင်ဖြစ်၏။ မှားယွင်းသည့် အစဉ်အလာများက လူတို့အသိဉာဏ်ကို ဖျက်ဆီးခဲ့လေပြီ။

 ထိုင်ဝိုင်းရှိပုဂ္ဂိုလ် အားလုံးနှင့် လက်ဆွဲနှုတ်ဆက်ရန် မလို 

 ၈။ မော်လာနာ အရှ်ရဖ်အလီ ထာနဝီ သခင့်ထံ တစ်ခါမှ မရောက်ဘူးသူ လူသစ်တစ်ဦး ရောက်ရှိလာပြီး ဆရာကြီးအား လက်ဆွဲနှုတ်ဆက်ပြီးနောက် ထိုင်ဝိုင်းရှိ ပုဂ္ဂိုလ်တိုင်းနှင့် လက်ဆွဲနှုတ်ဆက်လေ၏။ ထိုအခါ ဆရာကြီးက ထိုသူအား မိန့်ဆိုသည်မှာ အသင့်ကို ထိုင်ဝိုင်းမှာ ရှိနေသူအားလုံးနှင့် လက်ဆွဲနှုတ်ဆက်ရမည်ဟု မည်သူက သင်ပေးသလဲ။ ထိုင်ဝိုင်းမှာရှိနေသူ ဦးရေဟာ ငါးဆယ်ရှိလို့ တစ်ဦးချင်း နှုတ်ဆက်ရမည်ဆိုလျှင် အသင့်ဘက်သို့ အာရုံစူးစိုက်ရလို့ အလုပ်ပျက်ကြမှာပေါ့။ ထိုင်ဝိုင်းရှိ တစ်ဦးတစ်ယောက်ဖြင့် လက်ဆွဲနှုတ်ဆက်ရုံဖြင့် လုံလောက်တယ်။ စလာမ်ပေးတော့ ထိုင်ဝိုင်းရှိသူအားလုံးအနက် တစ်ဦးစီကို ဘာဖြစ်လို့မပေးသလဲ ... ဟု ပြောကြားပြီး ဆက်လက်၍ လူတွေရဲ့ ဆက်ဆံရေးစနစ်တော့ ပျက်ဆီးပါပြီ ဟုဆိုလေသည်။ (အိဖာဒွါသ် (အတွဲ-၃၊ စာ-၂၃)

 အကြီးအကဲများနှင့် လက်ဆွဲနှုတ်ဆက်ရာတွင် သတိပြုရမည့်အချက် 

 ၉။ မော်လာနာ အရှ်ရဖ်အလီ ထာနဝီ သခင့်ထံ လူတစ်ဦးရောက်လာပြီး ဆရာကြီးအား မထီမဲ့မြင် အသွင်သဏ္ဍန်ဖြင့် လက်ဆွဲနှုတ်ဆက်လေသည်။ ထိုအခါ ဆရာကြီးက ယခုအခါ သမာသမတ်မှုမှာ လုံးဝ ပျောက်ဆုံးသွားပြီဖြစ်ပြီး အစွန်းရောက်မှုများသာ တွေ့နေရပေသည်။ လူတို့သည် တစ်ဦးဦးအား ရိုသေကိုင်းညွတ်ရာတွင် စည်းဘောင်လွန်ကျူးလျက် ခဝပ်ကိုးကွယ်သည့် အတိုင်းအတာအထိ ရောက်သွားတတ်ကြသည်။ တဖန် တဦးဦးအား ရင်းရင်းနှီးနှီး ဆက်ဆံသည့်အခါတွင်လည်း သူတပါး၏ သိက္ခာကို စောင့်သိရမည့် ဝတ္တရား ပျက်ကွက်ရုံမက မလေးမခန့်ပြုသည့် အတိုင်းအတာအထိ စည်းဖောက်တတ်ကြသည်ကို တွေ့နေရသည်။ လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းဆိုသည်မှာ အရိပ်အယောင်မျှပင် မရှိတော့ပါလား ဟု မိန့်ကြား၏။ (အိဖာဒွါသ် (အတွဲ-၃၊ စာ-၃၅၁)

 လက်ဆွဲနှုတ်ဆက်ရာတွင် တစ်ဘက်သား၏ စိတ်ချမ်းသာမှုကို ရှေ့ရှုသင့်၏ 

 ၁ဝ။ မော်လာနာ အရှ်ရဖ်အလီ ထာနဝီ သခင် စွလာသ်ဝတ်ပြုပြီးနောက် နေရာမှ မထမီအလျင် ဆရာကြီးအား ပုဂ္ဂိုလ်တစ်ယောက်က သွားရောက်လက်ဆွဲနှုတ်ဆက်ရန် ဟန်ပြင်လိုက်သောအခါ ဆရာကြီးက ၎င်းအား မင်းတို့တွေ ဘယ်လိုဖြစ်ကုန်ကြတာလဲ၊ ငါ စွလာသ်ဝတ်ပြုတဲ့နေရာက မထတော့ဘူး ထင်လို့ ဒီလောက်လောနေကြတာလား။ ငါ အနားမယူရတော့ဘူးလား ဟု ဆုံးမစကားဆိုလေသည်။ ထိုအခါ အဆိုပါပုဂ္ဂိုလ်က မိမိဘက်က မှားကြောင်း ဝန်ခံပြောဆိုသောအခါ ဆရာကြီးက ဒီနေရာက အသင်ဘေးကို ဖယ်လိုက်ပါ။ အသင်မှားသွားသည်ဆိုပါကလည်း ကျွန်ုပ်ထံက ဘာဖြစ်လို့ ထွက်မသွားသေးတာလဲ သွားပါတော့လား ဟု ဆိုလေသည်။ (အိဖာဒွါသ် (အတွဲ-၆၊ စာ-၁၇၈)
 ၁၁။ မော်လာနာ အရှ်ရဖ်အလီ ထာနဝီ သခင် ဂျုမုအဟ် စွလာသ် ဝတ်ပြုပြီးနောက် စွလာသ်ဝတ်ပြုသည့် နေရာမှ ထ၍ အပြင်သို့ ကြွမြန်းလာသည့်အခါ လူအများက ဝိုင်း၍ လက်ဆွဲနှုတ်ဆက်ကြလေသည်။ လူများ အုံတိုးနေသည်ကို မြင်ရသဖြင့် ဆရာကြီးက ယခုလက်ဆွဲနှုတ်ဆက်ရန် ရောက်ရှိနေသူများ လက်ဆွဲနှုတ်ဆက်၍ ပြီးပါက ဘေးတစ်ဖက်သို့ ဖယ်ရှားပေးကြပြီး ကျန်ရှိသူများသည် လက်ဆွဲနှုတ်ဆက်လိုက မိမိတို့ ရပ်လက်စနေရာ၌ပင် ရပ်လျက်စောင့်ဆိုင်းကြရန်၊ အချိန်မည်မျှပင် ကုန်စေကာမူ ၎င်းကိုယ်တိုင် တစ်ယောက်မကျန် လိုက်လံနှုတ်ဆက်မည်ဖြစ်ကြောင်း ပြောသော်လည်း မည်သူမှ မလိုက်နာဘဲ သူ့ထက်ငါအလျင် လက်ဆွဲနှုတ်ဆက်လိုသည့် ဆန္ဒကိုယ်စီဖြင့် ဇွတ်အတင်းတိုးဝှေ့နေကြလေသည်။ ဆရာကြီးမှာ စိတ်ဆင်းရဲ၍ တစ်ဦးတစ်ယောက်နှင့်မှ လက်ဆွဲနှုတ်ဆက်ခြင်းမပြုတော့ဘဲ ဗလီအပြင်ဘက်သို့ထွက်လာပြီး အောက်ပါအတိုင်း မိန့်ကြားလေသည်။

" လူတွေမှာ စည်းကမ်းရယ်၊ နည်းစနစ်ရယ် မရှိတော့ပါလား။ ကျွန်ုပ် သည်လောက်ပြောနေတာတောင် ဘယ်သူမှ ဂရုမစိုက်ကြဘူး။ ပြီးတော့ ကျွန်ုပ်က လူတွေနဲ့ နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ မဆက်ဆံဘူးဆိုပြီး နာမည်ဖျက်ကြတယ်။ လူတွေ စည်းမဲ့ကမ်းမဲ့နိုင်တာကို သည်းညဉ်းခံရင်း ကျွန်ုပ်သေသွားမှသာ သိမ်မွေ့စွာ နူးညံ့စွာဆက်ဆံသူလို့ ပြောကြမှာဘဲ။ ကြည့်ပါဦး ကျွန်ုပ်ကိုယ်တိုင်လာပြီး လက်ဆွဲနှုတ်ဆက်ပါ့မယ်။ တစ်နာရီဆိုတဲ့ အချိန် ကုန်စမ်းပါစေ။ ဒါပေမဲ့ မတိုးဝှေ့ကြပါနဲ့လို့ ပြောနေတာလဲ လူရိုင်းတွေဆိုတော့ စကားနားမဝင်ကြဘူး။ အို အရှင် ကယ်တော်မူပါ။ သူတစ်ပါးရဲ့ သုခ၊ သူတစ်ပါးရဲ့ ဒုက္ခတို့ကို နားမလည်ဂရုမစိုက်တော့ပါလား။ ထင်ရာစိုင်းနေကြတယ်။ သူတစ်ပါး သေသေ ရှင်ရှင် ကိုယ့်လိုအင်ဆန္ဒကိုသာ ရှေ့တန်းတင်ကြတယ်။ သည်လိုတိုးဝှေ့နေချိန်မျိုးမှာ ဘယ်သူရပ်နေနိုင်မှာလဲ ကျွန်ုပ်လဲကျသွားမှာကို စိုးရိမ်ရတယ်။ တစ်မိနစ်တောင် ဒီနားမှာ ရပ်မနေနိုင်ဘူး။ ဒီဗစ်ဒ်အသ် (ရှရီအသ် တရားတော်မှာမရှိဘဲ လူတွေက အရေးကြီးတယ်ထင်လို့ သတ်မှတ်ပြီး လုပ်နေကြတဲ့ လုပ်ရပ်) တွေမှာ ဒုက္ခနဲ့ ပြည့်နှက်နေတယ်ဆိုတာ လက်တွေ့ပဲ။ စွလာသ်ဝတ်ပြုပြီးတိုင်း လုပ်တဲ့ လက်ဆွဲနှုတ်ဆက်ခြင်းဟာ ဗစ်ဒ်အသ်ဖြစ်တယ်။ တမန်တော်မြတ်ကျင့်သုံးခဲ့တဲ့ စွန်နသ်တော်တွေ အားလုံးထဲမှာ ကျတော့ လောကီ၊ လောကုတ္တရာ နှစ်ဌာနလုံးရဲ့ အကျိုးတွေရှိတယ်။ ကျွန်ုပ်ကို လူတွေနဲ့ လူတွေနဲ့ နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ဆက်ဆံပါလို့ အကြံပြုတိုက်တွန်းကြတဲ့ ပုဂ္ဂိုလ်တွေ သည်မြင်ကွင်းကို လာကြည့်စေချင်တယ်။ နောက်တစ်ချက် ကျွန်ုပ်ရဲ့ ပင်ကိုယ်စိတ်ဓါတ်ကိုက သည်လိုတိုးဝှေ့ တွန်းတိုက် ဆူညံတဲ့ပွဲမျိုးကို မကြိုက်ရုံမက စက်ဆုပ်ရွံရှာတယ်။ လူဆိုတာက တစ်ဘက်သား ဒုက္ခမဖြစ်အောင် ကျင့်ကြံနေထိုင်တတ်ရမယ်။ သူတစ်ပါးကို ဒုက္ခဖြစ်စေမဲ့ အကျင့်၊ အမူအရာ၊ လုပ်ဆောင်ချက်တွေကို ရှောင်ရမယ်။ ခုတော့ သည်လိုမဟုတ်ဘဲ တိုးလိုက် ဝှေ့လိုက်ကြတာ သည်နေရာမျိုးမှာ လူမပြောနဲ့ အင်အားရှိလှတဲ့ နွားသိုးတစ်ကောင်တောင် လဲကျသွားနိုင်တယ်။ အားလုံး ကျွန်ုပ်ပြောသလို ကိုယ့်နေရာမှာ ကိုယ်ရပ်နေကြရင် ကျွန်ုပ်ကိုယ်တိုင်လာပြီး လက်ဆွဲနှုတ်ဆက်မှာပေါ့။ ခုတော့ အားလုံးက ရပ်နေကြတယ်။ လက်ဆွဲနှုတ်ဆက်စဉ်ကတော့ အနောက်က ရန်သူလိုက်လာသလို သူ့ထက်ငါ အဆောတလျင် တိုးဝှေ့နှုတ်ဆက်ကြတယ်။ ကျွန်ုပ်ကတော့ သည်လိုစည်းမဲ့ကမ်းမဲ့ လုပ်ဆောင်ချက်တွေကို မကြိုက်ပါ။ ကျွန်ုပ်အနေနဲ့ ကျွန်ုပ်ရဲ့အကြီးအကဲတွေ၊ ဆရာတွေကို တွေ့ခဲ့ မြင်ခဲ့တယ်။ သူတို့တတွေရဲ့ အနေအထိုင် ဘယ်လောက်ရိုးသားကြသလဲဆိုရင် လူကြီးတွေ၊ သူတော်စင်တွေဖြစ်ပါလျက် တစ်နေရာရာမှာ သူတို့ရှိမှန်းတောင် မသိရအောင် ရိုးရိုးသားသား တိတ်တိတ်ဆိတ်ဆိတ် နေကြတယ်။

မော်လာနာအရှ်ရဖ်အလီ(ထာနဝီ)သည် အထက်ပါအတိုင်း လူတို့အား ဆုံးမစကားပြောကြားနေဆဲမှာပင် တောသားတစ်ယောက်သည် ထိုင်ဝိုင်းရှိပုဂ္ဂိုလ်တို့၏ ပုခုံးပေါ်မှ ခွကျော်၍ ဆရာသခင်ကြီးနှင့် လက်ဆွဲနှုတ်ဆက်ရန် လာနေသည်ကို မြင်သောအခါ ဆရာကြီးက ၎င်းအား ထိုနေရာမှာပင်ရပ်၍ မိမိလာသည့်ကိစ္စကိုပြောရန်၊ ထိုင်ဝိုင်းတွင် ထိုင်နေသည့် မွစ်လင်မ်များကို ဒုက္ခမပေးရန် မိန့်သောအခါ ၎င်းက ဆရာကြီးနှင့် လက်ဆွဲနှုတ်ဆက်ရန် လာကြောင်း ဖြေ၏။ ထိုအခါ ဆရာကြီးက ထိုသူအား အောက်ပါအတိုင်း မိန့်ကြား၏။

အို ..... အလ္လာဟ်အရှင်မြတ်၏ ကျေးကျွန်၊ ယခု ဒီလက်ဆွဲနှုတ်ဆက်တဲ့ အကြောင်းပြောနေတာ၊ ဘာလဲ လက်ဆွဲနှုတ်ဆက်ခြင်းဟာ မလုပ်မနေရ တာဝန်လား၊ ဖရ်သ်ွလား၊ ဝါဂျိဗ်တာဝန်လား၊ ဝါဂျိဗ်တာဝန်လည်း မဟုတ်၊ ဖရ်သွ်(မလုပ်မနေရတာဝန်) လည်း မဟုတ်တဲ့ လက်ဆွဲနှုတ်ဆက်ဖို့အတွက် ဒီမှာထိုင်နေကြတဲ့ မုစ်လင်မ်တွေကို ဒုက္ခပေးတယ်။ လက်ဆွဲနှုတ်ဆက်ခြင်းဟာ မွတ်စ်သဟဗ် အဆင့်သာရှိတယ်။ လုပ်ရင် အကျိုးစဝါးဗ်ရပြီး မလုပ်ရင် အပြစ်မရှိဘူး။ မွတ်စ်လင်မ်တစ်ဦးတစ်ယောက်ကို ဒုက္ခမပေးခြင်း၊ စိတ်ဆင်းရဲအောင် မလုပ်ခြင်းဟာ ဖွရ်သ်ွတာဝန်ဖြစ်တယ်။ မွတ်စ်သဟဗ်အကျိုးရဖို့အတွက် ဖရ်သ်ွတာဝန်ကို လက်လွှတ်တယ်။ ဖရ်သ်ွတာဝန်ကို လုံးဝဂရုမမူကြဘူး။ လူတွေမှာ တစ်ပါးသူမွတ်စ်လင်မ် ဒုက္ခဖြစ်စေမဲ့ လုပ်ရပ်မျိုးကို မကျင့်ကြံ၊ မလုပ်ဆောင်ရဘူးဆိုတဲ့ တာဝန်တွေကို မေ့နေကြပြီ။ သူတစ်ပါးကို ဒုက္ခရောက်အောင် လုပ်ဆောင်ခြင်းဟာ ဂုနဟ်(အကုသိုလ်) မကောင်းမှုဖြစ်တယ်။ လူတွေမှာ ဆင်ခြင်တုံတရား ကင်းမဲ့ကုန်ကြပြီ။ ပိုင်တဲ့လုပ်ရပ်၊ မပိုင်တဲ့လုပ်ရပ်တို့ကိုလည်း ခွဲခြားမသိကြတော့။ (အိဖာဿွါသ် အတွဲ - ၁၊ စာ - ၂၉၈)

 လက်ဆွဲနှုတ်ဆက်ရာ၌ သတိချပ်ဖွယ် 

 ၁၂။ တနေ့ ဆရာကြီးထံမှ ညနေသုံးနာရီရထားဖြင့် မိမိတို့နေရပ်ဌာနေသို့ ပြန်ကြမည့် ပုဂ္ဂိုလ်များသည် ဝုဇူရေသန့်စင်ပြီး ဆရာကြီးနှင့် လက်ဆွဲနှုတ်ဆက်ကြလေသည်။ ဆရာကြီးလည်း အားလုံးနှင့် လက်ဆွဲနှုတ်ဆက်ပြီးနောက် မိန့်ကြားသည်မှာ အချို့ပုဂ္ဂိုလ်တို့သည် ရိုသေမှုကို ရှေ့ရှုလျက် ဝုဇူရေသန့်စင်ပြီး ကျွန်ုပ်နှင့် လက်ဆွဲနှုတ်ဆက်ကြသည်။ ဝုဇူရေသန့်စင်ထားခြင်းကြောင့် အချို့ပုဂ္ဂိုလ်တို့၏ လက်များသည် ရေခဲသဖွယ်အေးစက်နေသည့် အတွက်ကြောင့် လက်ဆွဲနှုတ်ဆက်ရာတွင် ကျွန်ုပ်၏လက်များ ထုံ၍ပင်သွားလေသည်။ ဇုဟုရ်ဆွလားသ်ပြီးသည်မှာ မကြာသေး။ လူတို့ရဲ့ဝုဇူ ဒီလောက်မြန်မြန် ဘာဖြစ်လို့ပျက်သွားရသလဲ။ ဝုဇူရေသန့်စင်၍ လက်ဆွဲနှုတ်ဆက်ခြင်းမှာ ရိုသေမှုကို ရှေ့တန်းတင်ခြင်းဖြစ်သော်လည်း ပို၍ဂရုစိုက်သင့်သည့် အချက်မှာ တစ်ဘက်သား၏ စိတ်ချမ်းသာမှု၊ သက်သာမှုကို ရှေးရှုကာ လက်ဆွဲနှုတ်ဆက်ခြင်း ဖြစ်သည်။ ဟူ၍ ဖြစ်၏။
 ၁၃။ တစ်ခါက ဆရာကြီးထံ လူတစ်ယောက်ရောက်လာပြီး စလာမ်မေတ္တာပို့၊ လက်ဆွဲနှုတ်ဆက်ကာ ဘာမျှမပြောမဆိုဘဲ ထွက်သွားလေသည်။ ထိုအခါ ဆရာကြီးက တစ်ချို့လူတွေဟာ သူတို့အကြီးအကဲရယ်လို့ ယူဆတဲ့ပုဂ္ဂိုလ်တွေကို ကျောက်နဲ့ထုထားတဲ့ ရုပ်ထုတွေလို့များ ယူဆကြသလားမသိဘူး။ ရောက်လာတာနဲ့ ဘာမပြောညာမပြော လက်ဆွဲနှုတ်ဆက်ပြီး ထွက်သွားကြတယ်။ လူသစ် (မတွေ့မမြင်ဘူးတဲ့ ပုဂ္ဂိုလ်) တစ်ဦးဦး လာပြီး လက်ဆွဲနှုတ်ဆက်ကြတယ်ဆိုရင် အဲဒီပုဂ္ဂိုလ်နဲ့ပတ်သက်ပြီး ဘယ်ကလဲ၊ ဘယ်သူလဲဆိုတာ လူတိုင်းသိချင်ကြမှာ ဓမ္မတာပဲ၊ ခုတော့ ဘာမှမပြောဘဲ လက်ဆွဲနှုတ်ဆက်ပြီး ပြန်ထွက်သွားကြတယ်။ အဲဒီပုဂ္ဂိုလ်တွေရဲ့အနေအထားက လူတွေဟာ တို့ရဲ့ သဘောထားအတိုင်း လိုက်နာနေထိုင်ကြရမယ်။ တို့ပြောပြရင် နားထောင်လိုက်၊ တို့မပြောပြရင်လည်း ကျေနပ်နေလိုက်ဆိုတဲ့သဘောပဲ ဟု မိန့်ကြားလေသည်။

 မိမိဆန္ဒကို ပြောပြပါ 

 ၁၄။ ပုဂ္ဂိုလ်တစ်ဦးသည် မော်လာနာအရှ်ရဖ်အလီ(ထာနဝီ)သခင်ထံ မည်သည့်စကားမှလည်း မဆို၊ ထိုင်လည်းမထိုင်၊ နှုတ်ဆိတ်စွာရပ်လျက်နေသည်ကို တွေ့သောအခါ ဆရာကြီးက ခင်ဗျားဘာကိစ္စနဲ့ ဒီကိုလာတာလည်း ၊ ခင်ဗျားက ထိုင်လည်းမထိုင်၊ စကားလည်း မပြော မတ်တပ်ကြီးရပ်နေတော့ ကျွန်ုပ်အနေရခက်တယ် ဟု မိန့်ကြားလိုက်သောအခါ အဆိုပါပုဂ္ဂိုလ်က ကျွန်တော် ဆရာကြီးနဲ့ လက်ဆွဲနှုတ်ဆက်ချင်လို့ ဒီမှာ ရပ်နေတာပါ ဟု ပြန်လျှောက်ရာ ဆရာကြီးက ဆက်၍မိန့်သည်မှာ ခင်ဗျားဘာကိစ္စနဲ့ ဒီမှာလာရပ်နေတယ်ဆိုတာ ခင်ဗျားမပြောပြဘဲ ကျွန်ုပ်ဘယ်လိုသိနိုင်မှာလဲ ပြောမှဘဲ သိနိုင်တော့မှာပေါ့ဟု မိန့်ကြားသောအခါ အဆိုပါပုဂ္ဂိုလ်က ကျွန်တော် လက်ဆွဲနှုတ်ဆက်ချင်လို့ ဒီမှာ ရပ်နေတာပါ ဟု ပြန်ဖြေ၏။ ဆရာကြီးက ကျွန်တော်ပြောတာ ခင်ဗျားနားမလည်သေးဘဲကိုး၊ ကျွန်ုပ်စကားက ရှင်းရှင်းကလေးဘဲ၊ ခင်ဗျားလက်ဆွဲနှုတ်ဆက်လိုတယ်ဆိုတာ ခင်ဗျားကိုယ်တိုင်ပြောမပြဘဲ ရပ်နေလို့ ကျွန်ုပ်က ဘယ်လိုသိနိုင်မှာလဲ၊ ခင်ဗျားက ရှင်းနေတဲ့စကားကို ရှုပ်အောင်လုပ်နေပြန်ပြီ၊ ကျွန်ုပ်မေးတာကိုလည်း ဖြေစမ်းပါ ဟု မိန့်ကြားလိုက်သောအခါ အဆိုပါပုဂ္ဂိုလ်က ဟုတ်ကဲ့ခင်ဗျား ကျွန်တော်မှားသွားပါတယ်။ ဟု လျှောက်ထားပြန်၏။ ထိုအခါ ဆရာကြီးက ကျွန်ုပ်မေးတဲ့ အဖြေကိုသာ ပြောစမ်းပါ။ ခင်ဗျားအခုပြောလိုက်တာ ကျွန်ုပ်စကားရဲ့ အဖြေမဟုတ်သေးပါဘူး။ နောက်ပြီး ခင်ဗျားရဲ့ ဒီအမှားကြောင့် ကျွန်ုပ်စိတ်ဆင်းရဲရတယ်။ သူတစ်ပါး စိတ်ဆင်းရဲအောင် မလုပ်ရဘူး။ ဟူ ထပ်ပြန်မိန့်ကြားသောအခါ အဆိုပါ ပုဂ္ဂိုလ်က ဟုတ်ကဲ့ ကျွန်တော့်ရဲ့ ဒီအမှားကြောင့် ဆရာကြီးသာမကဘဲ ကျွန်တော်ပါ စိတ်ဒုက္ခရောက်ရပါတယ် ဟု ပြောကြားလေ၏။
 ၁၅။ မုချဧကန် အသင်တို့၏ စလာမ်မေတ္တာပို့ခြင်းကို ပြီးပြည့်စုံအောင် ပြုပေးသည့်အရာသည် လက်ဆွဲနှုတ်ဆက်ခြင်းပင် ဖြစ်၏ ဟူသော တမန်တော်မြတ်၏ သြဝါဒတော်အရ သိရသည်မှာ လက်ဆွဲနှုတ်ဆက်ခြင်းသည် စလာမ်မေတ္တာပို့သခြင်း၏ နောက်ဆက်တွဲကျင့်စဉ်ဖြစ်၏။ ထို့ကြောင့် မူရင်းကျင့်စဉ်တစ်ရပ်ဖြစ်သော စလာမ်မေတ္တာပို့သရာ၌ စည်းကမ်းချက်များ (ဥပမာ၊ အဇာန်ဆိုနေချိန်၊ ထမင်းစားသုံးနေချိန်၊ မည်သည့်အလုပ်၌မဆို မွေ့လျော်နေသည့်အချိန်တွင် စလာမ်မပေးရဟူသည့် စည်းကမ်း) ရှိသည့်အတိုင်း စလာမ်၏နောက်ဆက်တွဲကျင့်စဉ်ဖြစ်သည့် လက်ဆွဲနှုတ်ဆက်ခြင်း၌ ပို၍ပင် စည်းကမ်းစနစ် ရှိသင့်ပေသည်။ ထို့ကြောင့် ပုဂ္ဂိုလ်တစ်ယောက်ယောက် အလုပ်တစ်ခုခု၌ မွေ့လျော်နေသည့် အချိန်အခါမျိုးတွင် ၎င်းနှင့်လက်ဆွဲနှုတ်ဆက်ခြင်း မပြုအပ်ကြောင်း ဆရာကြီးက မိန့်ကြားခဲ့သည်။
 ၁၆။ တစ်ခါတွင် ဆရာကြီးက မဂ်ရိဗ်ဆွလားသ်ကို တည်းခိုရိပ်သာ၌ပင် ဝတ်ပြုပြီး ၎င်းည တစ်နာရီရထားဖြင့် မအူအမည်ရှိသော မြို့သို့ ခရီးဆက်ရန် တည်းခိုရိပ်သာတွင် ဘူတာရုံသို့ လိုက်ပါပို့ဆောင်ကြမည့် ပုဂ္ဂိုလ်များနှင့် လက်ဆွဲနှုတ်ဆက်လေသည်။ လိုက်ပါပို့ဆောင်သူများသည် ဘူတာရုံရောက်သည့်အခါတွင်လည်း ဆရာကြီးနှင့် ဒုတိယအကြိမ် လက်ဆွဲနှုတ်ဆက်ရန် လာသောအခါ ဆရာကြီးက ကသံကျယ်လောင်စွာဖြင့် အို မိတ်ဆွေတို့ အသင်တို့ကို အဖြစ်အပျက်ကလေးတစ်ခုနဲ့ သာသနာ့ပညတ်ချက်တစ်ရပ်ကို ပြောပြမယ်။ နားထောင်ကြပါ။
" ထာနဗဝန်းရွာကလေးမှာ တစ်ခါက ဆိုးသွမ်းလူငယ်တစ်စုက တစ်ရွာလုံးကို စိုးမိုးအုပ်ချုပ်ဖို့ ဆုံးဖြတ်ကြပြီး ကော်မတ်ီဖွဲ့စည်းခဲ့ကြတယ်။ နောက်ပြီး ဘယ်သူက ဘယ်အဝိုင်းကို တာဝန်ယူ အုပ်ချုပ်မယ်ဆိုတာကိုလည်း ခွဲတမ်းချခဲ့ကြတယ်။ အဲဒီအခါ ထာနဗဝန်းကို ရောက်နေတဲ့ အပြင်က ဧည့်သည်ပုဂ္ဂိုလ်ကြီးတစ်ယောက်လည်း ရှိတယ်။ အဲဒီမှာ စိုးမိုးအုပ်ချုပ်နေတဲ့ ဆိုးသွမ်းလူငယ်ထဲက တစ်ယောက်က အဆိုပါ ဧည့်သည်ပုဂ္ဂိုလ်ကြီးကို ဒုက္ခပေးခဲ့တယ်။ ဒုက္ခပေးတာကတော့ တစ်ခြားမဟုတ်ဘူး။ အဲဒီ ဆိုးသွမ်းလူငယ်ဟာ ဧည့်သည်ပုဂ္ဂိုလ်ကြီးကို အနောက်ကလိုက်ပြီး စလာမ်ပေးနေတော့တာပဲ။ နောက်ဆုံးတော့ ဧည့်သည်ပုဂ္ဂိုလ်ကြီးဟာ ဆိုးသွမ်းလူငယ်က စလာမ်ပေးလွန်းလို့ စိတ်ပျက်လက်ပျက်ဖြစ်ပြီး ထာနဗဝန်းရွာကနေ ထွက်သွားရတော့တာပဲ။ (သခင်ကြီးက ပြုံးလျက် ဆက်၍မိန့်သည်မှာ) အဲဒီအဖြစ်အပျက်ထဲက ဆိုးသွမ်းလူငယ်က အပြင်က ဧည့်သည်အဖြစ်နဲ့ ရောက်နေတဲ့ ပုဂ္ဂိုလ်ကြီးကို တကောက်ကောက်နောက်ကလိုက်ပြီး စလာမ်ပေးလို့ ဧည့်သည်ပုဂ္ဂိုလ်ကြီး ထာနဗဝန်းမှ ထွက်သွားရတဲ့ အဖြစ်မျိုးရောက်ခဲ့သလို ကျွန်ုပ်ကိုလည်း နောက်ကတကောက်ကောက်လိုက်ပြီး လက်ဆွဲနှုတ်ဆက်ကြတဲ့သဘောက အလိမ္မာနည်းနဲ့ ကျွန်ုပ်ကို ဒီကအမြန်ဆုံး နှင်ထုတ်တာလား။ နှင်ထုတ်စရာမလိုပါဘူး။ ယခုကျွန်ုပ် ဒီကထွက်တော့မှာဘဲ။ "
" ကျွန်ုပ်ပြောပြချင်တဲ့ သာသနာ့ပညတ်ချက်တစ်ရပ်ကတော့ ဟဒီးစ်တော်မှာ တမန်တော်မြတ်က မိန့်တော်မူတယ်။ သင်တို့၏ စလာမ်မေတ္တာပို့သခြင်း၏ အဆုံးသတ်သည် လက်ဆွဲနှုတ်ဆက်ခြင်းပင် ဖြစ်၏ လို့ မိန့်တော်မူထားတယ်။ ဒီတော့ စလာမ်မေတ္တာပို့ခြင်းမှာ စည်းကမ်းချက်တွေရှိသလို လက်ဆွဲနှုတ်ဆက်ခြင်းမှာလည်း စည်းကမ်းချက်တွေရှိတယ်။ အဲဒီစည်းကမ်းချက်တွေအနက် စည်းကမ်းချက်တစ်ရပ်ကတော့ တစ်ဦးတစ်ယောက် အလုပ် လုပ်နေချိန်မှာ လက်ဆွဲနှုတ်ဆက်ခြင်းမပြုဖို့နှင့် လက်ဆွဲနှုတ်ဆက်ရာမှာ သူတစ်ပါး ဒုက္ခရောက်လောက်အောင် ဇွတ်အတင်းလက်ဆွဲနှုတ်ဆက်ခြင်းမပြုဖို့ ဖြစ်တယ်။ " ဟု ပြောကြားလေသည်။

 လက်မတွင် အချစ်ကြောရှိသည်ဆိုသည့်စကား မှန်သလား 

 ၁၇။ မော်လာနာအရှ်ရဖ်အလီ(ထာနဝီ)သခင်က မိန့်သည်မှာ လက်ဆွဲနှုတ်ဆက်ရာ၌ လက်မများကို ဖိလိုက်ရမည်။ သို့မှာသာ အချစ်တိုးပွားမည်။ လက်မတွင် အချစ်ကြောရှိသည် ဟူသော စကားမှာ အခြေအမြစ်မရှိသော စကားဖြစ်သည်။ အကြောင်းကား လက်မတွင် အချစ်ကြောရှိသည် ဆိုသည့်ဟဒီးစ်မှာ လုပ်ကြံဖန်တီ်းထားသည့် စကားသာဖြစ်၏။ ဟု မိန့်လေသည်။
---0---0---0---0---
အလ်မုဖီးဒ်
ရဂျဗ်/ ၂၆ ယောင်မုလ် စဗ်သိ/ဟစ်ဂ်ျရီ ၁၄၃၆

(မုဖ်သီနူးရ်မိုဟမ္မဒ် ဆွာဟိဗ် ဘာသာပြန်သော အစ္စလာမ်နှင့် လူမှုဆက်ဆံရေး စာအုပ်မှ ကူးယူတင်ဆက်သည်။ အထက်ပါ အကြောင်းအရာများကို ကူးယူသူများအနေဖြင့် အကြောင်းအရာ အစမှ အဆုံးအထိ ကူးယူပြီး အလ်မုဖီးဒ်မှ ကူးယူကြောင်း ထည့်သွင်း ဖော်ပြပါ။ မူလ စာရေးသူနှင့် ဘာသာပြန်ဆိုသူအပါအဝင် အလ်မုဖီးဒ်၏ စာမျက်နှာလင့်ခ်တို့ကိုပါ ပူးတွဲ ဖော်ပြပါ။)

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။