Monday, May 18, 2015

စကားပြောဆိုခြင်းဆိုင်ရာ စည်းကမ်းများ


 ၁။ အချို့ပုဂ္ဂိုလ်များသည် စကားပြောဆိုသည့်အခါတွင် ရှင်းလင်းပြတ်သားစွာ မပြောကြဘဲ၊ သွယ်ဝိုက်ကာ ပြောခြင်း၊ ဟန်လုပ်၍ပြောခြင်းကိုပင် ရိုသေခြင်း၊ ယဉ်ကျေးသိမ့်မွေ့ခြင်းဟု ထင်မှတ်လျက် ကျင့်သုံးနေကြသည်။ ဤသို့ မရှင်းမလင်းသည့် စကားမျိုးပြောဆိုခြင်းကြောင့် ရံဖန်ရံခါ တစ်ဖက်သားမှာ စကားနားမလည်ခြင်း၊ နားလည်မှားခြင်းဖြစ်တတ်ပြီး စိတ်ဆင်းရဲရတတ်သည်။ ထို့ကြောင့် စကားပြောဆိုရာတွင် ရှင်းရှင်းလင်းလင်း ပြောသင့်သည်။
 ၂။ စကားပြောသည့်အခါ ပြောသူသည် ရှေ့ဖက်မှထိုင်၍ ပြောရမည်။ နောက်ဘက်မှ မပြောရ။ ကျောဘက်မှပြောခြင်းဖြင့် ကြားရသူမှာ အားမလိုအားမရ ဖြစ်ရတတ်သည်။
 ၃။ တစ်ဦးတစ်ယောက်ထံမှ မိမိလိုလားချက်ကို ဒုတိယအကြိမ်တင်ပြတောင်းဆိုရာတွင် ပထမအကြိမ်၌ ပြီးပြည့်စုံစွာ ဖော်ပြပြီးဖြစ်စေကာမူ ဒုတိယအကြိမ်တွင်လည်း ပြီးပြည့်စုံစွာတင်ပြလျက် တောင်းဆိုသင့်ပေသည်။ အရိပ်၊ အမြွက်၊ တစ်ပိုင်းတစ်စ စကားမဆိုရ။ မိမိက အကူအညီတောင်းခံသောပုဂ္ဂိုလ်သည် ပထမအကြိမ် မိမိပြောပြထားသည့်စကားကို မေ့လျော့ကောင်း မေ့လျော့နေပေမည်။ ထိုအခါ အဆိုပါ ပုဂ္ဂိုလ်သည် စကားကို မှားယွင်းစွာ အဓိပ္ပာယ်ကောက်နိုင်သည်။ သို့မဟုတ် နားလည်ရခက်ပေမည် ... ။
 ၄။ အချို့သူများသည် တစ်ဦးတစ်ယောက်၏ နောက်ကျောဘက်တွင် ချောင်းဟန့်ကြလေသည်။ ချောင်းဟန့်ရသည့်ရည်ရွယ်ချက်မှာ အဆိုပါပုဂ္ဂိုလ်က မိမိအားလှည့်ကြည့်စေရန်နှင့် မိမိအားစကားပြောရန်ဖြစ်သည်။ ဤသို့ပြုမူခြင်းထက် ပို၍ကောင်းမွန်သည်မှာ မိမိစကားပြောလိုသူ၏ရှေ့သို့ သွားရောက်၍ မိမိပြောလိုသည့်စကားကို ပြောဆိုခြင်းပင်ဖြစ်သည်။ မိမိစကားပြောဆိုသူသည် မအားလပ်သူဖြစ်ပါက လွန်စွာအရေးကြီးသည့်ကိစ္စမျိုးပေါ်ပေါက်မှသာလျှင် ၄င်းနှင့်သွားရောက်တွေ့ဆုံ စကားပြောသင့်သည်။ အရေးမကြီး မလိုအပ်ဘဲ သွားရောက်စကားပြောပါက အလုပ်လုပ်နေသူ အနှောင့်အယှက်ဖြစ်မည်။ အလုပ်လုပ်နေသူနှင့် စကားပြောလိုပါက အဆိုပါပုဂ္ဂိုလ်အလုပ်ပြီးသည်အထိ စောင့်ပြီးမှသာ သွားရောက်စကားပြောသင့်၏။
 ၅။ အချို့သူများသည် စကားပြောဆိုရာ၌ စကားတစ်ဝက်ကို အော်ဟစ်ပြောဆိုတတ်ပြီး ကျန်စကားတစ်ဝက်ကို တိုးတိုးဖြစ်စေ မကြားတကြားဖြစ်စေ ပြောဆိုတတ်ကြသည်။ ဤပြောဆိုခြင်းဖြင့် တစ်ဖက်သားသည် စကားကို ကောင်းစွာမကြားသည့်အတွက်ကြာင့် အဓိပ္ပာယ်ကောက်ရာတွင် မှားယွင်းတတ်ပေသည်။ သို့မဟုတ် စိတ်အနှောင့်အယှက် ဖြစ်ရတတ်သည်။ ထို့ကြောင့် စကားပြောရာ၌ အလုံးစုံကို ရှင်းလင်းစွာ ပြောဆိုသင့်သည်။
 ၆။ စကားပြောရာတွင် တိုတိုနှင့် လိုရင်းကိုပြောသင့်သည်။ စကားကို ရှည်လျားအောင် နိဒါန်း မပျိုးသင့်။
 ၇။ မလိုအပ်ဘဲ တစ်ဦးတစ်ယောက်နှင့် စကားလူကြုံမပါးသင့်။ မိမိကိုယ်တိုင် မိမိပြောလိုသူအား ဟန်ဆောင်မှုမပါဘဲ ပြောလိုသည်များကို ပြောလိုသည်များကို ပြောသင့်၏။
 ၈။ စားချိန်၊ သောက်ချိန်တွင် ရွံရှာဖွယ် အရာဝတ္ထုများအကြောင်းမပြောရ။ အကြောင်းကား အချို့သူများသည် ကြားရုံမျှဖြင့် ရွံရှာတတ်ကြပြီး အချို့နူးညံ့သိမ်မွေ့သူများသည် ဤသို့ပြောဆိုခြင်းကြောင့် များစွာစိတ်ဒုက္ခခံစားကြရပေသည်။
 ၉။ ရောဂါသည်၏ရှေ့တွင်ဖြစ်စေ၊ ၄င်း၏အိမ်သူအိမ်သားများ၏ ရှေ့တွင်ဖြစ်စေ ၄င်းတို့အသက်ရှင်ခြင်းမှမက်ကင်းစေမည့်၊ စိတ်ဆင်းရဲစေမည့် စကားမျိုးကို မပြောရပေ။ အဆိုပါပုဂ္ဂိုလ်တို့ စိတ်ချမ်းသာစေမည့် စိတ်သက်သာရာရစေမည့် စကားမျိုး "အလ္လာဟ်အရှင်မြတ်အလိုတော်ဖြင့် ဒုက္ခအပေါင်းချုပ်ငြိမ်းသွားမှာပါ" ဟူသောစကားမျိုးကို ဆိုသင့်သည်။
 ၁ဝ။ တစ်ဦးတစ်ယောက်၏ အခြားသူအားပြောခွင့်ရှိသည့် အတွင်းရေးစကားတစ်ရပ်ရပ်ကို ကာယကံရှင်ကိုယ်တိုင် ရှိနေသည့်အခါမျိုး၌ အခြားသူအား လက်ဟန်ခြေဟန်ဖြင့် မပြောပြသင့်။ ၄င်းကာယကံရှင်သည် ဤသို့လက်ဟန်ခြေဟန်ဖြင့် ပြောခြင်းနှင့်စပ်လျဉ်း၍ ဒွိဟသံသယဝင်နိုင်သောကြောင့် ဖြစ်၏။ အကယ်၍ အဆိုပါစကားရပ်မှာ အခြားသူတစ်ဦးဦးအား ပြောဆိုခွင့်မရှိသည့် စကားမျိုးဖြစ်ပါလျက် လက်ဟန် ခြေဟန်ဖြင့်ပြောဆိုပါက ဂုနာအကုသိုလ်ပင် ဖြစ်လိမ့်မည် .... ။
 ၁၁။ တစ်ဦးတစ်ယောက်နှင့် စပ်လျဉ်း၍ ဝမ်းနည်းပူဆွေးစရာ၊ စိတ်ဆင်းရဲစရာ အကြောင်းကိစ္စကြားသိရပါက ပိုင်ပိုင်နိုင်နိုင်၊ ဂဃနဏမသိဘဲ မည်သူ့ကိုမျှ မပြောသင့်။ အထူးသဖြင့် ကာယကံရှင်၏ ဆွေမျိုးသားခြင်းများ၊ မိတ်ဆွေများကို မပြောပြသင့်။
 ၁၂။ မိမိထက်ကြီးသူအား ခေါ်ဝေါ်ရာတွင် လေးလေးစားစား ခေါ်ဝေါ်သင့်သည်။ ဖြစ်နိုင်လျှင် မိမိထက်ကြီးသူများအား အမည်တပ်၍ မခေါ်သင့်။ ဤသည်မှာ အရိုအသေ ပေးခြင်းပင်ဖြစ်သည်။
 ၁၃။ တစ်ဦးတစ်ယောက်ထံသွားရောက်သည့်အခါ ၎င်းသည်အခြားတစ်ဦးနှင့် စကားပြောနေပါက ၎င်းတို့စကားပြော၍ မပြီး၊ သို့မဟုတ် ၎င်းပုဂ္ဂိုလ်က မမေးမြန်းမီအလျင် မိမိ၏ အလုပ်ကိစ္စကို စတင်မပြောသင့်။ ၎င်းတို့စကားပြောပြီးမှ ဖြစ်စေ အဆိုပါပုဂ္ဂိုလ်ကမေးလျှင်ဖြစ်စေ မိမိအလုပ်ကိစ္စကို စတင်ပြောသင့်၏။
 ၁၄။ မိတ်ဆွေတစ်ဦးတစ်ယောက်နှင့် လမ်းခုလတ်တွင်ဆုံစည်းသည့်အခါ တစ်ဦးနှင့်တစ်ဦး ခွဲခွာချိန်ရောက်သည့်တိုင် မပြီးဆုံးနိုင်သည့် အကြောင်းအရာ ဖြစ်ရပ်တစ်စုံတစ်ရာကို အစချီမပြောသင့်။ ခွဲခွာချိန်ရောက်သည့်တိုင် ပြောလက်စအကြောင်းအရာမှာ မကုန်ဆုံးသေးပါက အချိန်ကုန်ခံ၍ ဆုံးသည်အထိ နားထောင်ရပေမည်။ အကယ်၍ ပြောလက်စအကြောင်းအရာကို ဆုံးသည်အထိနားမထောင်တော့ဘဲ လမ်းခွဲလျှင်လည်း ပြောလက်စဖြစ်ရပ်နှင့်စပ်လျဉ်း၍ ရှေ့ဆက်ဘာဖြစ်မည်ဟူသော ပဟေဠိကြောင့် သူတစ်ပါးစိတ်ဒုက္ခရောက်ပေမည်။ အကယ်၍ မိမိက ဤသို့မပြီးပြတ်သော စကားကို မဆိုခဲ့ပါက သူတစ်ပါး စိတ်ဆင်းရဲရမည်မဟုတ်ပေ။
 ၁၅။ အကယ်၍ တစ်ဦးတစ်ယောက်သည် သင့်အား ပုဂ္ဂိုလ်အရသိသော်လည်း အမည်မသိသောကြောင့် မှားယွင်း၍ အခြားအမည်တစ်ခုခုဖြင့် သင့်အားခေါ်သည်ကို သိသောအခါ သင်သည် (ငါ့အမည်ကို ခေါ်နေသည်မဟုတ်၍ လှည့်ကြည့်ရန် မလိုဟူသော အသိဖြင့်) ဆိတ်ဆိတ်မနေသင့်။ ချက်ခြင်းပင် အမည်မှား၍ခေါ်သူအား မိမိအမည်ကို ပြောပြလိုက်ရပေမည်။ ဤသို့မပြောပြဘဲ အသင်က နှုတ်ဆိတ်နေမည်ဆိုလျှင် သူတစ်ပါးစိတ်အနှောင့်အယှက်ဖြစ်ရပေမည်။
 ၁၆။ လူအများစုဝေးနေသောနေရာတွင် "အိမ်သာသွားမယ်၊ အပေါ့အလေး သွားမယ်" စသည့် စက်ဆုပ်ရွံရှာဖွယ်ရာစကားမျိုးကို မပြောအပ်ချေ။ အကယ်၍ ပြောရန်လိုအပ်ပါကလည်း "လိုအပ်ချက်ကို ဖြည့်ဆည်းလိုက်ဦးမယ်၊ အလုပ်လုပ်ရန် သွားလိုက်ဦးမယ်၊ အရေးတကြီးကိစ္စရှိနေတယ်" စသည့် အသုံးအနှုံးန်များကို သုံးသင့်၏။ ထိုနည်းတူ စားသောက်ချိန်တွင် စက်ဆုပ်ရွံရှာဖွယ်စကားမျိုးကို မဆိုသင့်။ အချို့သောပုဂ္ဂိုလ်တို့သည် လွန်စွာရွံရှာတတ်ကြပြီး ရွံရှာစပ်ဆုပ်ဖွယ်စကားကို ကြားရုံမျှနှင့်ပင် အော့အန်တတ်ကြပေရာ အထူးဂရုစိုက်သင့်ပေသည်။
 ၁၇။ လူပုဂ္ဂိုလ်သုံးဦးသာ ရှိနေသည့်အခါမျိုးတွင် ပုဂ္ဂိုလ်နှစ်ဦးသည် တတိယပုဂ္ဂိုလ်မကြားရလေအောင် အချင်းချင်း တီးတိုးစကားမဆိုရပေ။ ထိုနည်းတူပင် တတိယပုဂ္ဂိုလ်အား ပစ်ပယ်၍ ကျန်နှစ်ဦးသည် အချင်းချင်းစကားမပြောရပေ။ အလားတူပင် တတိယပုဂ္ဂိုလ်နားမလည်သည့် ဘာသာစကားဖြင့်လည်း ကျန်ပုဂ္ဂိုလ်နှစ်ဦး အချင်းချင်းစကားမပြောသင့်။ ဤသို့ဆင်ခြင်ခြင်းဖြင့် သူတစ်ပါး စိတ်ဒုက္ခမရောက်တော့ပေ။
 ၁၈။ ပုဂ္ဂိုလ်နှစ်ဦးစကားပြောနေစဉ် တတိယပုဂ္ဂိုလ်သည် မိမိအား မမေးမြန်းဘဲလျက် အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးတို့အကြား ဝင်ရောက်စွက်ဖက် မပြောဆိုရ။
 ၁၉။ ပုဂ္ဂိုလ်တစ်ဦးက အကြောင်းအရာတစ်ခုခုကို မသိသေးဟူသောအထင်ဖြင့် ပြောပြလာသည့်အခါ ပြောပြခံရသူသည် အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ သိပြီးဖြစ်သည့်တိုင် ပြောပြနေသောပုဂ္ဂိုလ် စိတ်ချမ်းသာစေရန်ရည်ရွယ်၍ ဘာမှပြန်မပြောဘဲ နားထောင်နေသင့်သည်။ အပြောခံရသူက ပြောပြနေသူအား " အသင်ပြောသည့် စကားကို ကျွန်ုပ်သိပြီးဖြစ်တယ်။ သင်ဆက်ပြောရန် မလိုတော့" ဟု မဆိုသင့်ချေ။ ဤသို့ပြောလိုက်ခြင်းဖြင့် အဆိုပါအကြောင်းအရာကို ပြောပြနေသူမှာ စိတ်အားငယ်သွားနိုင်ပေသည်။
 ၂ဝ။ မိမိကြည်ညိုလေးစားသောပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်အား တစ်ဦးတစ်ယောက်က ပုတ်ခတ်ပြောဆိုနေသည်ကို မိမိယုံကြည်လေးစားသည့် သူတော်စင်အား ပြန်လည်၍ မပြောသင့်ချေ။ ဤသို့ပြန်ပြောခြင်းကြောင့် သူတော်စင်အဖို့ စိတ်ထိခိုက်စရာ ဖြစ်ပေသည်။
 ၂၁။ မိမိအမှားကို တစ်ဦးတစ်ယောက်က ထောက်ပြလာပါက ချက်ချင်းလက်ခံသင့်သည်။ ဆင်ခြေမပေးသင့်ချေ။

 စကားပြောဆိုခြင်းဆိုင်ရာ အချို့သောမတ်စ်အလဟ်များ 
 ၁။ စကားပြောဆိုရာတွင် အလယ်အလတ်တန်းစား စကားမျိုးကို ဆိုသင့်၏။ လူများစိတ်ညစ်သွားလောက်အောင်လည်း စကားမရှည်သင့်။ ရည်ရွယ်ချက်ကို နားမလည်လောက်အောင်လည်း တိုတောင်းသည့်စကားမျိုး မဆိုသင့်..။
 ၂။ အမျိုးသမီးများသည် သူစိမ်းအမျိုးသားများ ကြားလောက်အောင် အသံမြှင့်၍ စကားမပြောရ။ ထိုနည်းတူပင် အမျိုးသားများသည် အမျိုးသမီးများရှေ့တွင် နားဝင်ချိုသည့် အသံမျိုးဖြင့် ကဗျာများ ရွတ်ဆိုခြင်းမှ ရှောင်ရမည် ..။
 ၃။ စကားပြောသည့်အခါ ဟန်လုပ်၍လည်းကောင်း၊ ဝါး၍ မပီတပီအနေအထားဖြင့်လည်းကောင်း၊ မပြောဆိုရ။ ထိုနည်းတူပင် စကားပြောသည့်အခါ စကားချဲ့ကား၍ (တစ်စိတ်ကို တစ်အိတ်လုပ်၍) မပြောသင့် ..။
 ၄။ စကားကို စဉ်းစဉ်းစားစား၊ ဆင်ဆင်ခြင်ခြင် ပြောသင့်၏။ ရံဖန်ရံခါ မဆင်မခြင်ပြောသဖြင့် ဂျဟန္နမ်ငရဲလားစေမည့်စကားမျိုး နှုတ်မှထွက်သွားတတ်သောကြောင့် စဉ်းစားဆင်ခြင်စွာဖြင့် စကားပြောပါ။ ဂျဟန္နမ်ငရဲလားရမည့်ဒုက္ခမှ ချမ်းသာရာရပေမည် ..။
 ၅။ သူတစ်ပါးအား (ဖါစစ်က်)သူယုတ်မာ၊ ကာဖိရ်၊ မလ်အူးန်(အလ္လာဟ်ရဟ်မသ်နှင့် ဝေးရသူ)၊ အလ္လာဟ်အရှင်မြတ်၏ရန်သူ၊ အီမာန်မရှိသူ (သစ္စာမဲ့သူ)ဟု မဆိုရ ..။
 ၆။ အယူဝါဒ နှစ်မျိုးမထားသင့်။ ဆိုလိုသည်မှာ လူတို့အကြိုက်လိုက်၍ (မယုံကြည်ဘဲနှင့်) ရေလိုက်ငါးလိုက် စကားမျိုး မပြောသင့် ..။
 ၇။ ကုန်းချော၊ ကုန်းတိုက် လုံးဝမလုပ်လေနှင့် ..။
 ၈။ မှန်သောစကားကိုသာ ဆိုပါ။ မုသားမပြောလေနှင့်။ သို့ရာတွင် အချင်းချင်း အငြင်းပွားနေသူနှစ်ဦးတို့၏ အချင်းပွား အငြင်းပွားမှုများ ပပျောက်သွားစေရန်နှင့် စေ့စပ်ဖျန်ဖြေရန် လိမ်လည်မုသားဆိုလိုက ဆိုနိုင်သည်။
 ၉။ တစ်ဦးတစ်ယောက်အား အကြိုက်လိုက်သည့်သဘောဖြင့် (စိတ်တွင်မယုံကြည်ဘဲ) မချီးမွမ်းလေနှင့် ..။
 ၁ဝ။ မည်သည့်အခါမှ နောက်ကွယ်အတင်းမပြောလေနှင့်။ နောက်ကွယ်အတင်းပြောခြင်းဖြင့် ဂုနာဟ်အကုသိုလ်ပွားရုံမကဘဲ လောကီရေးရာ ပြဿနာများ၊ ဆုံးရှုံးနစ်နာမှုများ ပေါ်ပေါက်လေသည် ..။
၁၁။ နောက်ကွယ်အတင်းပြောဆိုရာတွင် နှုတ်လျှာနှင့်ပြောခြင်းသာမက တစ်ဦးတစ်ယောက်ကို ဟန်အမူအရာလုပ်ပြပြီး ပြောင်လှောင်သရော်ခြင်းသည်လည်း နောက်ကွယ်အတင်းပြောခြင်း သဘောပင်ဖြစ်သည်။ ဤသို့ပြုမူခြင်းသည် ပို၍ ဆိုးရွားသည့် နောက်ကွယ်အတင်းပြောခြင်းဖြစ်၏ ..။
 ၁၂။ စကားနိုင်မလုနှင့်။ မိမိနှင့် စကားပြောသူသည် အမှန်စကားကို လက်မခံပါက စကားဆက်မပြောဘဲ နှုတ်ဆိတ်နေသင့်သည်။ မိမိဘက်က မှားလျက် စကားနိုင်လုပြောခြင်းမှာ အလွန်ဆိုးရွားသည့်အချက်ဖြစ်သည် ..။
 ၁၃။ လောကီရေးရာဖြစ်စေ၊ လောကုတ္တရာရေးရာဖြစ်စေ၊ အကျိုးမရှိသည့်စကားမျိုးကို လုံးဝမပြောလေနှင့် ..။
 ၁၄။ ခေတ်(အချိန်အခါ)ကို မကောင်းမပြောလေနှင့်။ အကြောင်းကား အချိန်ကာလသည် မည်သည့်ကောင်းကျိုး၊ ဆိုးကျိုးမျှ မပေးနိုင်။ ဤသို့ အချိန်ကာလကို မကောင်းပြောခြင်းသည် အဆုံး၌ အလ္လာဟ်အရှင်မြတ်အား ပုတ်ခတ်ပြောဆိုရာ ရောက်ပေသည်။ (အလ္လာဟ်အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ချမ်းသာပေးတော်မူပါ။)
 ၁၅။ ဘာသာတရား မရိုသေ၊ မကိုင်းရှိင်းသူအား ချီးမွမ်းစကား၊ ဂုဏ်ပေးစကား မဆိုလေနှင့် ..။ 
၁၆။ ကလေးသူငယ်များ၊ ရူးသွပ်နေသူများ၊ ဘာသာခြားများ၏ နောက်ကွယ်အတင်းပြောခြင်း ဟရာမ်ဖြစ်၏။
  ၁၇။ သူတစ်ပါး၏ နောက်ကွယ်အတင်းပြောခြင်းကို သိလျက်နားထောင်ခြင်းသည် မိမိကိုယ်တိုင် သူတစ်ပါး၏ အတင်းပြောသည့်အတိုင်းပင်ဖြစ်သည်။
 ၁၈။ ငယ်ရွယ်သူတိုင်းသည် မိမိထက်ကြီးသူအား အမည်ဖြင့် မခေါ်သင့်။ ကြည်ညိုလေးစားသည့် အသွင်ဆောင်သည့် အခေါ်အဝေါ်ဖြင့် ခေါ်သင့်၏ ..။
 ၁၉။ တစ်ဦးတစ်ယောက်အား ခေါ်ဝေါ်သည့်အခါ ကြည်ညိုလေးစားရာရောက်သည့် အသုံးအနှုန်းများကို သုံးရမည့်တာဝန် ရှိသကဲ့သို့ပင် တစ်ဦးတစ်ယောက်ထံ စာရေးသားရာ၌လည်း ကြည်ညိုလေးစားသည့် အသုံးအနှုန်းဖြင့် စာရေးသားရမည့် တာဝန်ရှပေသည်။ ဖိကဟ်ပညာရပ်များထဲတွင် ရေသားခြင်းသည်လည်း ပြောဆိုခြင်းကဲ့သို့ပင် ဖြစ်၏ ဟု ဆိုထားသည်။ မိမိထက်ကြီးသူများထံ စာရေးသားရာတွင် ကြည်ညိုလေးစားရာရောက်သည့် အခေါ်အဝေါ်အသုံးအနှုန်းဖြင့် မလွဲမသွေ ရေးသားသင့်သည်။ မိမိထက်ကြီးသူများထံ စာရေးသားရာတွင် ၎င်း၏အမည်ကို မရေးသားမီ ကောင်းမွန်သင့်လျော်သည့် ဂုဏ်ပုဒ်များကို ဖေါ်ပြပြီးမှ အမည်ကို ရေးသင့်သည်။ ပြီးလျှင် ၎င်းနှင့်သင့်လျော်သည့် ဒုအာကိုပါ ရေးသားသင့်ပေသည်။ ဗဟစ်ရှ်သီးဇေဝရ်ကျမ်း ပထမတွဲတွင်ပါရှိသော မိမိထက် ကြီးရင်သူများထံ စာရေးရာတွင် သုံးနှုန်းအပ်သည့် ဂုဏ်ပုဒ်၊ ဂုဏ်ဒြပ်စသည်တို့ကို လေ့လာဆည်းပူးထားသင့်ပေသည်။
 ၂ဝ။ မိမိထက်ငယ်ရွယ်သူများထံ စာရေးသားရာ၌လည်း ၎င်းတို့နှင့် လိုက်လျောညီထွေသည့် စကားလုံးများကို သုံးနှုန်းရေးသားသင့်သည်။ မိမိထက်ငယ်ရွယ်သူများထံ စာရေးသားသည့်အခါ ချစ်ခင်ကြင်နာ အားပေးမှုသဘောသက်ရောက်သည့် စကားမျိုးကို ရေးသားသုံးနှုန်းသင့်သည်။ ဤသည်မှာ အချင်းချင်းချစ်ခင်မှုနှင့် ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာစေမည့် အချက်ဖြစ်သည်။ ရှရီအသ်တရားတော်၏ အဆုံးအမလည်း ဖြစ်ပေသည်။

 များစွာမပြောလေနှင့်။ 
 ၁။ အိမာမ်မာလိက်(ရဟ)ထံမှ ဆင့်ပြန်ချက် လာရှိသည်။ အီစာနဗီ(အလိုင်းဟစ်စလာမ်)က သင်တို့ အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသခြင်းမှ လွဲ၍ စကားများစွာ မပြောကြလေနှင့်။ စကားများစွာပြောဆိုပါက သင်တို့၏နှလုံးသားများ မာကြောကုန်လိမ့်မည်။ အလ္လာဟ်အရှင်မြတ်အား အကြောက်တရား ခေါင်းပါးကုန်လိမ့်မည်။ ဤသည်မှာ လက်တွေ့ခံစားရပြီးသည့် အချက်ဖြစ်သည် ဟု မိန့်ကြားတော်မူခဲ့သည်။

 လူတို့နားလည်နိုင်သည့် စကားကိုသာ ဆိုပါ 
 ၂။ အလီ(ရသွီ)သခင်ထံမှ ဆင့်ပြန်သည်။ လူအများ၏ ရှေ့မှောက်တွင် ၎င်းတို့နားလည်သဘောပေါက်နိုင်သည့် စကားမျိုးကိုသာ ဆိုပါ။ ၎င်းတို့ နားမလည် သဘောမပေါက်သည့် စကားမျိုးကိုဆိုပါက ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်မြတ်တို့အား သွေဖီငြင်းဆန်ကြမည်ကို အသင်လိုလားပါသလား ဟူ၍ ဖြစ်၏။
 ၃။ အဗ်ဒုလ္လာဟ်ဗင်န်မတ်စ်အူးဒ် (ရသွီ)သခင်ထံမှ ဆင့်ပြန်ချက် လာရှိသည်မှာ အသင်တို့သည် အမျိုးသားတစ်စုစုအား ၎င်းတို့ဉာဏ်မမှီသည့် စကားရပ်မျိုးကို မဆိုလေနှင့်။ အဘယ့်ကြောင့်ဆိုသော် အဆိုပါစကားရပ်သည် အချို့သူများအဖို့ မုချအန္တရာယ်ပင်ဖြစ်၏။

 ပုံတိုပတ်စ ပြောဆိုနားထောင်ရင်း အချိန်မဖြုန်းရ 
 ၄။ အချို့ပုဂ္ဂိုလ်များသည် ကျွန်ုပ်ထံလာ၍ ပုံတိုပတ်စများ ပြောဆိုလျက် အချိန်ဖြုန်းလေ့ရှိကြ၏။ ကျွန်ုပ်သည် ၎င်းတို့အား ထောက်ထားညှာတာ၍ ဘာမျှပြန်မပြောဘဲ နားထောင်နေလိုက်ပါသည်။ အမှန်မှာ အကျိုးမဲ့သော စကားများကိုမပြောဘဲ အကျိုးရှိမည့် စကားများကိုသာ ပြောဆိုသင့်သည်။

 အချည်းအနှီး မေးခွန်းများ၏အဖြေ မရှိ 
 ၅။ အချို့သူများသည် အကျိုးမရှိသော မေးခွန်းများကို မေးလေ့ရှိကြပြီး ယင်းမေးခွန်းများ၏ အဖြေမရှိပါ။ အမှန်တကယ်နားမလည်၍ သိလိုသူများကို သိအောင်၊ နားလည်အောင်ရှင်းပြနိုင်သော်လည်း စောဒကသပ်သပ်ကိုသာ ရည်ရွယ်၍ မေးသူများကို နားလည်အောင်ရှင်းပြရန် မလွယ်ကူပေ။ ဤသို့သောသူများအား အသင်တို့ နားလည်သဘောပေါက်ချင်သလိုသာ နားလည်သဘောပေါက်ပေတော့ ဟု ပြောရန်သာရှိပေသည်။

 အမေးအမြန်း ထူရသည့် အကြောင်းအရင်း 
 ၆။ အချို့သူများသည် ဘာသာရေးနှင့်ပတ်သက်၍ အမေးအမြန်းထူကြသည်။ အမေးအမြန်းထူခြင်း၏ အကြောင်းအရင်းမှာကား မလိုက်နာမကျင့်သုံးချင်၍သာ ဖြစ်၏။ အမှန်တကယ် လိုက်နာကျင့်သုံးလိုသောသူတို့သည်ကား အမေးအမြန်းမထူတတ်ကြ။ သာသနာ့ပညတ်ချက်များကို သိလျှင် သိခြင်း လိုက်နာကျင့်သုံးတတ်ကြပေသည်။

 မိမိမေးသည့်အဖြေရလျှင် မည်သို့တုံ့ပြန်ရမည်နည်း။ 
 ၇။ အချို့သူများသည် ကျွန်ုပ်ထံလာရောက်၍ မိမိတို့မသိသည့် အချက်အလက်များကို မေးမြန်းတတ်ကြလေသည်။ ၎င်းတို့မေးသည့်အချက်အလက်များကို ကျွန်ုပ်က ဖြေသည့်အခါ နားမလည်၍ မရှင်းလင်းသည်များကို ဆက်မေးခြင်းလည်း မပြု သို့မဟုတ် နားလည်ပါပြီဟူ၍လည်း မပြောကြဘဲ နေတတ်ကြသည်။ ဤသို့ ဘာမှမပြောမဆိုဘဲ နေခြင်းကြောင့် ကျွန်ုပ်စိတ်ဒုက္ခရောက်ရပေသည်။ ဤသည်မှာ စကားပြောခြင်းဆိုင်ရာ စည်းကမ်းနှင့် ဆန့်ကျင်သည့် ကိစ္စပင် ဖြစ်၏။

 တစ်ဝက်တစ်ပျက်စကား မဆိုရ 
 ၈။ များစွာသောလူတို့တွင် စကားကို ပြီးပြည့်စုံအောင်မပြောဘဲ တစ်ဝက်တစ်ပျက် စကားပြောသည့်အကျင့်ဆိုး ရှိနေသည်။ အလ္လာဟ်အရှင်မြတ်က ကယ်တင်၍သာ အချို့ပုဂ္ဂိုလ်များ ဤသို့သောအကျင့်ဆိုးမှ ကင်းလွတ်ကြသည်ကို တွေ့ရသည်။ စင်စစ်သော်ကား ဤအကျင့်ဆိုးသည် လွန်စွာဒုက္ခပေးသည့် အကျင့်ဆိုးပင်ဖြစ်သည်။

 မိမိအိမ်သို့ ဝင်သည့်အခါ 
 ၉။ အချို့သောသူများသည် မိမိတို့၏ နေအိမ်များသို့ ဝင်ရောက်သည့်အခါ အသံမပေးဘဲ ဝင်ရောက်တတ်ကြသည်မှာ မဖွယ်ရသည့်အချက်ပင် ဖြစ်၏။ အိမ်တွင်းရှိ အမျိုးသမီးများသည် မည်သည့်အခြေအနေတွင် ရှိနေကြမည်ကို မသိနိုင်ပေ။ သို့တည်းမဟုတ် ရပ်ကွက်တွင်းမှ သူစိမ်းအမျိုးသမီးတစ်ယောက်ယောက် မိမိအိမ်တွင်ရှိနေသည့်အခါ၌ မိမိလာကြောင်း အသိပေး၍ ဝင်ရောက်သင့်ပေသည်။

 ဘွဲ့ကောင်း အမည်ကောင်းကိုသာ ရွေးချယ်သုံးနှုန်းပါ 
 ၁ဝ။ ဟဒီးစ်သြဝါဒတော်များတွင် တမန်တော်မြတ်က မိန့်ကြားတော်မူသည်။ မုအ်မင်န်တစ်ဦးသည် အခြားသောမုအ်မင်န်တစ်ဦးအား ခေါ်ဝေါ်သည့်အခါ ၎င်းအကြိုက်ဆုံးနှင့် အနှစ်သက်ဆုံးအမည်နှင့် ဂုဏ်ပုဒ်ဖြင့် ခေါ်ဝေါ်သုံးစွဲရမည်။ ဤသည်မှာ မုအ်မင်န်တစ်ဦးအတွက် အခြားမုအ်မင်န်တစ်ဦးအပေါ်ရှိသည့် တာဝန်ဝတ္တရားပင် ဖြစ်၏။ ထို့ကြောင့်ပင် အရဗ်ကမ္ဘာတွင် လူတို့အား ဘွဲ့ထူး ဂုဏ်ထူးကိုတပ်၍ ခေါ်ဝေါ်သုံးစွဲသည့် အစဉ်အလာရှိခဲ့ပေသည်။ တမန်တော်မြတ်ကိုယ်တော်တိုင်လည်း ဤသို့ခေါ်ဝေါ်သုံးစွဲခြင်းကို နှစ်သက်တော်မူခဲ့၏။ တမန်တော်မြတ်က အချို့ဆွဟာဗဟ်သာဝကကြီးများကို ဘွဲ့တော် ဂုဏ်တော်များကို သီးခြားချီးမြှင့်တော်မူထားသည်။ အဗူဗက်ရ်သခင်၏ ဘွဲ့တော်ကို အသီးက် ဟူ၍လည်းကောင်း၊ အုမရ်သခင်၏ ဘွဲ့တော်ကို ဖာရူးက် ဟူ၍လည်ကောင်း၊ ဟမ်ဇဟ်သခင်၏ ဘွဲ့တော်ကို အစဒုလ်လဟ် ဟူ၍လည်းကောင်း၊ ခါလစ်ဒ်ဗင်န် ဝလီးဒ်၏ ဘွဲ့တော်ကို စိုင်ဖုလ်လာဟ် ဟူ၍လည်းကောင်း အသီးသီးမှည့်ခေါ်တော်မူခဲ့၏။
 လက်တွေ့ပညာပေးခြင်း၏ အစဉ်အလာ 
 ၁၁။ လူတစ်ယောက်သည် မော်လာနာထာနဝီသခင်ထံ တစ်စုံတစ်ယောက်နေမကောင်းသဖြင့် ဆားမန်းယူရန်ရောက်လာပြီး စကားပြောရာ၌ မပြည့်မစုံပြောသည့်အတွက် သခင်ကြီးက ဆားမန်းမပေးဘဲ ပြီးပြည့်စုံသည့်စကားကို ဆိုမှ ဆားမန်းပေမည်ဟု ဆိုလေသည်။ ထို့နောက် မိမိထံပါး၌ ထိုင်နေသူများဘက်သို့ လှည့်၍ မိန့်ကြားသည်မှာ ဟဒီးစ်သြဝါဒတော်များတွင် လာရှိသည်မှာ ပုဂ္ဂိုလ်သည် တမန်တော်မြတ်ထံ ကြိုတင်ခွင့်မတောင်းဘဲ ရောက်ရှိလာသောအခါ တမန်တော်မြတ်က အဆိုပါပုဂ္ဂိုလ်အား ဝင်ခွင့်မပေးဘဲ ပြန်ခိုင်းတော်မူလေသည်။ တဖန် မိမိ၏ ဆွဟာဗီသာဝကတစ်ပါးအား စေလွှတ်ကာ ယင်းပုဂ္ဂိုလ်အား မည်သို့မည်ပုံ ခွင့်တောင်းရသည်။ ဝင်ရောက်ရသည်ကို သင်ကြားပြသခိုင်းတော်မူလိုက်လေသည်။ ဤသည်ကို ထောက်ရှုခြင်းဖြင့် မသိနားမလည်သူတို့အား လက်တွေ့ပညာပေးခြင်း၏ အစဉ်အလာသည် တမန်တော်မြတ်၏ စွန်နသ်တော်ဖြစ်ကြောင်း သိရှိရပေသည်။ ဤသို့လက်တွေ့ပညာပေးခြင်းမှာ ပိုမိုထိရောက်မှုရှိပြီး ဘယ်သောအခါမျှ မမေ့နိုင်တော့ပေ။

 ပြီးပြည့်စုံစွာ မိတ်ဆက်ပါ။ 
 ၁၂။ လူတစ်ယောက် မော်လာနာထာနဝီသခင်ထံ လာရောက်ပြီး လက်ဆွဲနှုတ်ဆက်ကာ တစ်ဦးတစ်ယောက် ပါးလိုက်သည့်စာကို ဆရာကြီးအား ပေးလေသည်။ ဆရာကြီးက ထိုပုဂ္ဂိုလ်အား ဦးစွာ အသင်မည်သူဖြစ်သည်။ မည်သည့်အရပ်ဒေသက လာသည်ကို ပြောပြပါ။ ပြီးမှ အခြားသူပါးလိုက်သည့်စာကို ပြပါဟု ဆိုလေသည်။ ထိုပုဂ္ဂိုလ်က နေရာတစ်နေရာရှိ ကျောင်းတစ်ကျောင်း၏ အမည်ကိုဖော်ပြပြီး ယင်းကျောင်းတွင် ပညာဆည်းပူးနေသည့် ကျောင်းသားတစ်ယောက်ဖြစ်ကြောင်း ပြောပြပြီး နှုတ်ဆိတ်သွားလေသည်။ ဆရာကြီးက ခင်ဗျားအထင်အရ ဒီမျှပြောလိုက်ရုံဖြင့် လုံလောက်တယ်လို့ ယူဆသလား ဟု ထပ်မေးလေသည်။ ထိုအခါတွင်လည်း အဆိုပါပုဂ္ဂိုလ်မှာ တိတ်ဆိတ်စွာနေလေသည်။ ဘာမှပြန်ဖြေခြင်းမရှိသည့်အခါ ဆရာကြီးက ဆက်လက်၍ ခင်ဗျားမှာ အမည်တို့ နေရပ်တို့ မရှိဘူးလား ဆက်မေးသော်လည်း ဘာမှပြန်ဖြေခြင်းမရှိဘဲ ဆက်၍ပင် နှုတ်ဆိတ်နေလေသည်။ ထို့နောက် ဆရာကြီးက ကျွန်ုပ်ထပ်တလဲလဲ မေးနေတာတောင် မဖြေဘူးဆိုတော့ ဒီရောဂါရဲ့ဖြေဆေး ကျွန်ုပ်ဆီမှာလည်း မရှိဘူး။ အကယ်၍ ကျွန်ုပ်မေးမြန်းနေတဲ့ မေးမြန်းချက်တွေဟာ အချည်းအနှီးတွေဘဲလို့ ခင်ဗျားယူဆထားတယ်ဆိုရင်တော့ ခင်ဗျားကျွန်ုပ်ဆီလာထိုင်လို့ ဘာမှအကျိုးထူးမှာ မဟုတ်ဘူး။ ထပြီး တစ်ဘက်တစ်နေရာသို့ သွားထိုင်ပါ ဟု ပြောလေသည်။

 မှန်သောစကား ဆိုရာတွင် 
 ၁၃။ မှန်သောစကားကိုသာ ပြောဆိုရမည်။ သို့ရာတွင် ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုရမည်။ သူတစ်ပါး စိတ်မထိခိုက်စေရ။

 အသိရှိသည့်လူ ဖြစ်ရန် မလွယ် 
 ၁၄။ ဆရာကြီးထံသို့ လူသစ်တစ်ယောက်ရောက်ရှိလာသောအခါ ဆရာကြီးသည် မည်သည့်နယ်က လာသည်။ မည်သည့်ကိစ္စနှင့် လာသည်ကို မေးသော်လည်း အဆိုပါလူက ဘာမှပြန်မပြောဘဲနေသောကြောင့် ဆရာကြီးက အို .... ညီတော်မောင်၊ ပြောစရာရှိတာကိုသာ ပြောပါ။ အနည်းဆုံး ညီတော်မောင်သည် မည်သူမည်ဝါဆိုတာရယ်၊ ဘာကိစ္စနဲ့ ဒီကိုလာခဲ့တယ်ဆိုတာရယ်ကို ပြောပြပါ။ အချိန်တွေ အကုန်ခံ၊ ငွေအကုန်ခံ၊ ဒုက္ခခံပြီး လာခဲ့ရတဲ့ အကြောင်းအရင်းကလေးတော့ သိပါရစေလား။ ညီတော်မောင် မပြောပြရင် ကျွန်ုပ်ကလည်း အကွယ်ကိုသိမြင်နိုင်သူ မဟုတ်တော့ ဘယ်မှာသိနိုင်ပါ့မလဲ။ ပြောပြတယ်ဆိုတာလည်း ခက်ခဲတဲ့ကိစ္စမှ မဟုတ်ဘဲ ဟု ဆိုသော်လည်း အဆိုပါပုဂ္ဂိုလ်မှာ ဆက်၍ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေသည်။ ထိုအခါ ဆရာကြီးက ကျွန်ုပ်ထံလာရောက်သူတွေရဲ့ အခြေအနေအရပ်ရပ်ကို လူတွေမသိကြဘူး။ သူတို့ရဲ့ အပြုအမူ၊ စာရိတ္တ၊ ပြောဆိုဆက်ဆံပုံကို ခရေစေ့တွင်းကျ မသိကြဘူး။ ကျွန်ုပ်ဆိုဆုံးမမှုကိုပဲ သိကြတယ်။ ကျွန်ုပ်ပြောဆိုဆုံးမတာကို မကောင်းပြောကြတယ်။ ဥပမာ လူတစ်ယောက်က အခြားလူတစ်ယောက်ကို အပ်နှင့် ထိုးလိုက်လျှင် အပ်နှင့်ထိုးသူကတော့ အသံမထွက်ဘဲ၊ အပ်နှင့်ထိုးခံရတဲ့သူက အသံထွက်လာတဲ့အတွက် အော်သူကိုသာ ကဲ့ရဲ့ ပြစ်တင်ဝေဖန်တတ်ကြတယ်။ အပ်နှင့်ထိုးသူကိုတော့ ဘယ်သူမှ အပြစ်မပြောဘူး။ သူအပ်နှင့်ထိုးလိုက်တဲ့အသံကိုလည်း ဘယ်သူကမှ မကြားလိုက်ရဘဲကိုး။ ဒီတော့ ဒီမှာလည်း ဒီလိုပဲ၊ အပြစ်ကျူးလွန်သူကို အပြစ်မတင်ကြဘူး။ ပြောတဲ့သူရဲ့ အသံကို လူကြားတော့ ပြောသူကိုပဲ အပြစ်တင်ကြတယ်။ အခုလို အဆက်အဆံကို ဘယ်သူမှ သည်းညည်းခံနိုင်ကြမှာ မဟုတ်ဘူး။ ဆင်းရဲ့နုံချာတဲ့ အဖိုးအိုဆိုရင်သာ မတတ်နိုင်လို့ သည်းညည်းခံကောင်း ခံနိုင်မယ်။ ကိုယ့်ကိုကိုယ် ပြုပြင်မယ်၊ ပြုပြင်သင့်တယ်ဆိုတာကိုပဲ လူတွေသိကြတယ်။ ဒါပေမဲ့ ပြုပြင်မှုရဲ့ အခြေခံသဘောအစစ်အမှန်ကို လူတွေနားမလည်ကြတာ အမှန်ဘဲ။ ရုပ်ခန္ဓာအားဖြင့် လူဖြစ်ရတာ လွယ်ပေမဲ့ တကယ့်လူ၊ စစ်မှန်တဲ့လူ၊ မှန်ကန်တဲ့လူဖြစ်ဖို့ မလွယ်ဘူး ဟု မိန့်ကြားလေသည်။

 အကြီးအကဲတို့အား မိမိအကြောင်း တင်ပြရာတွင် 
 ၁၅။ ဆရာကြီးထံ လူတစ်ယောက် ရောက်လာပြီး ဆရာကြီးကို စာရွက်တစ်ရွက်ပေးပြီး နှုတ်မှလည်း ပြောရန်ရည်ရွယ်သောအခါ ဆရာကြီးက စာရွက်ထဲမှာလည်း ရေးပြီးဖတ်ခိုင်း၊ ပြောပြချင်ရင်လည်း မဖတ်ခိုင်းဘဲ ပြောပြ။ အကယ်၍ ရေးတာအပြင် နှုတ်အားဖြင့် ပြောပြချင်ရင်လည်း ပထမ ပြောပြချင်တာကို ပြောပြပြီးမှ ကျန်တာကို ရေးပြရင်လည်း ဖြစ်တာဘဲ။ ခုတော့ တစ်ပြိုင်တည်း ပြောလည်းပြော၊ ရေးထားတာကိုလည်း ပြဆိုတော့ ဘာလုပ်ရမှန်းမသိတော့ဘူး။ လူတွေမှာ အသိဉာဏ် ခေါင်းပါးကုန်ပြီ။ အဲဒီလိုလုပ်ရင် သူတစ်ပါး စိတ်ဒုက္ခရောက်ရတယ်ဆိုတာ မစဉ်းစားဘူးလားမသိ၊ လောကကြီးတစ်ခုလုံး ဒီလိုအသိဉာဏ်မဲ့သူတွေချည်းလားလို့ စဉ်းစားမိတယ်။ ဒါမှမဟုတ်ရင်လည်း အသိဉာဏ်ခေါင်းပါးသူတွေအားလုံး စကာတင်ပြီး ကျွန်ုပ်ဆီရောက်လာသလား မသိပါဘူး ဟု ဆိုလေသည်။ ထိုသို့ ဆရာကြီး၏ ဆုံးမစကားကြောင့် အဆိုပါပုဂ္ဂိုလ်က ဆရာကြီး ကျွန်တော်မှားသွားပါတယ်။ ကျွန်တော့်ကြောင့် ဆရာကြီး စိတ်ဒုက္ခရောက်ရတဲ့အတွက် တောင်းပန်ပါတယ် ဟု ပြောလေသည်။

 မဆန်းစစ်ဘဲ မသေချာသည့်စကား မဆိုရ 
 ၁၆။ ပုဂ္ဂိုလ်တစ်ဦးက မဆန်းစစ်ဘဲ မသေချာ၊ မရေရာသည့်စကားကို ပြောလိုက်သဖြင့် ဆရာကြီးက အရေးယူသည့်သဘောဖြင့် အဆိုပါပုဂ္ဂိုလ်အား အောက်ပါအတိုင်း ပြောဆိုဆုံးမလေသည်။ ခင်ဗျား မဆန်းမစစ် ဒီစကားကို ဘာဖြစ်လို့ ပြောရတာလဲ။ ဘာလဲ ခင်ဗျားမှာ စကားများများပြောချင်တဲ့ ရောဂါ ရှိနေလို့လား။ ဘာမှ မလေ့လာမဆန်းစစ်ဘဲနဲ့ ပြောချလိုက်တာပဲလား။ ခင်ဗျားတို့လို ရည်မွန်တဲ့၊ ယဉ်ကျေးသိမ်မွေ့တဲ့သူတွေက ဒီလိုစကားမျိုးတွေ ပြောနေကြရင် အခြားသူတွေဆိုတာတော့ မပြောနဲ့တော့ပေါ့။ ကအ်ဗဟ်ကျောင်းတော်ရှိရာ အရပ်ဒေသမှာပင် အလ္လာဟ်အရှင်မြတ်ကို ငြင်းဆန်တဲ့သူတွေ ပေါ်ပေါက်လာပြီဆိုရင် အလ္လာဟ့်အမိန့်နာခံသူတွေဆိုတာ ဘယ်အရပ်ဒေသမှာ ဖြစ်လာနိုင်ဦးမှာလဲ။

 လုပ်ရပ်တိုင်းကို စဉ်းစဉ်းစားစား လုပ်သင့် 
 ၁၇။ မော်လဝီတစ်ဦး၏ အမေးကို ဖြေကြားရာက ခင်ဗျားတို့ စာအုပ်ကြီး၊ စာအုပ်ငယ်တွေ ဖတ်ပြီးတာတောင် အမေးမတတ်သေးဘဲကိုး၊ စာအုပ်တွေကို ကြက်တူရွေးစာရွတ်သလို ဖတ်တာမျိုးကတော့ အလကားပဲ။ နားလည်အောင်ဖတ်မှလည်း အကျိုးရှိတာ။ နားလည်အောင် ဖတ်ထားရင် ခင်ဗျားအခုမေးတဲ့ အချည်းအနှီး မေးခွန်းမျိုး မမေးဘူး။ ဒီလိုမေးခွန်းတွေကြောင့် စိတ်ဒုက္ခရောက်ရတယ်။ အသင်တို့ ဘာဖြစ်လို့ စဉ်းစဉ်းစားစား မပြောဆိုကြတာလဲ။ အသင်တို့လို ပညာတတ်တွေရဲ့ အခြေအနေက ဒီလိုဆိုရင် ပညာမရှိတဲ့ ပုဂ္ဂိုလ်တွေ ဘယ်လိုနေပါ့မလဲ။ ဟု ဆိုလေသည်။ ထိုအခါ အဆိုပါ မော်လဝီက ဆရာကြီးခင်ဗျား ကျွန်တော်မှားသွားပါတယ်။ အင်ရှာအောလ္လာဟ် နောက်မမှားစေရပါဘူး။ ဒီတစ်ခါ ခွင့်လွှတ်ပါ ဟု တောင်းပန်လေသည်။ ဆရာကြီးက ခင်ဗျားတို့အခြေအနေက ဝမ်းနည်းစရာပဲ၊ ဘယ်လောက်အထိ သည်းညည်းခံရမှာလဲ။ ခင်ဗျားတို့အမှားတွေကို လိုက်ပြုပြင်ရင်လည်း ကျွန်ုပ်နာမည်ပျက်တယ်။ မပြုပြင်ပြန်လည်း ခင်ဗျားတို့ ပျက်စီးမယ်။ ခင်ဗျားနောက်မမှားအောင် ကြိုးစားမယ်ဆိုရင် ကောင်းပြီ အခု ခင်ဗျားမေးတဲ့နေရာမှာ မှားသွားတဲ့အမေးကို ပြန်မေးပါဦး။ မှားသေးသလား ကြည့်ရအောင်ဟု ဆိုလေသည်။ ထိုအခါ အဆိုပါ မော်လဝီက ပြန်မေးရာ အမှားမပါတော့သည့်အတွက် ဆရာကြီးက တွေ့လား၊ စဉ်းစဉ်းစားစား မေးတော့ မမှားတော့ဘူး။ မှားယွင်းခြင်းရဲ့ အဓိကအချက်က အသိဉာဏ်မဲ့မှု မဟုတ်ဘူး။ စဉ်းစားဝေဖန် သုံးသပ်မှုပါးမှုကြောင့် မှားတာပဲ။ ခုပဲကြည့်လေ အသိဉာဏ်နည်းပါးမှုကြောင့်ဆိုရင် ချက်ခြင်း အမှန်ကိုနားမလည်နိုင်ဘူး။ အခုအကြောင်းအရင်းက စဉ်းစားဆင်ခြင်မှု နည်းပါးခြင်းပဲဆိုတာ အားလုံးလက်ခံရမယ်။ အခုသတိထားလိုက်တာနဲ့ အားလုံးမှန်သွားပြီဟု ဆိုလေသည်။
--------။--------။--------
အလ်မုဖီးဒ်
ရဂျဗ်/ ၂၈/ ယောင်မုလ်အိစ်နိုင်းန်/ ဟစ်ဂ်ျရီ ၁၄၃၆


(မုဖ်သီနူးရ်မိုဟမ္မဒ် ဆွာဟိဗ် ဘာသာပြန်သော အစ္စလာမ်နှင့် လူမှုဆက်ဆံရေး စာအုပ်မှ ကူးယူတင်ဆက်သည်။ အထက်ပါ အကြောင်းအရာများကို ကူးယူသူများအနေဖြင့် အကြောင်းအရာ အစမှ အဆုံးအထိ ကူးယူပြီး အလ်မုဖီးဒ်မှ ကူးယူကြောင်း ထည့်သွင်း ဖော်ပြပါ။ မူလ စာရေးသူနှင့် ဘာသာပြန်ဆိုသူအပါအဝင် အလ်မုဖီးဒ်၏ စာမျက်နှာလင့်ခ်တို့ကိုပါ ပူးတွဲ ဖော်ပြပါ။)

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။