Wednesday, May 14, 2014

မိအ်ရားဂ်ျအကြောင်း နှင့် ရဂျဗ်လတွင် ပြင်ဆင်ရမည့် အရာများ

မိအ်ရာဂ်ျညအပေါ်သုံးသပ်ခြင်း အယူအဆများအပေါ် ဆုံးဖြတ်ခြင်း။ 

မိအ်ရားဂ်ျဖြစ်ရပ်နောက်ပိုင်းတွင် ကိုယ်တော်မြတ်(ဆွ)သည် ဤလောကကြီးအတွင်းဝယ် (၁၈)နှစ်ကြာသည်အထိ သက်တော်ထင်ရှားရှိခဲ့သည်။ သို့သော်လည်း ကိုယ်တော်မြတ်(ဆွ)သည် ထို(၁၈)နှစ်တာကာလအတွင်း မိအ်ရားဂ်ျနှင့် စပ်လျဉ်း၍ ဤညဥ့်မြတ်အား အလေးထားရန် အထူးတလည်မိန့်ကြားခြင်း (သို့) ဤညဥ့်မြတ်တွင် ကဒရ်ညကဲ့သို့ နိုးကြားနေခြင်းဖြင့် အကျိုးစဝါးဗ် ပိုမိုရရှိစေမည်ဟု မိန့်ကြားခဲ့ခြင်းမျိုးမရှိခဲ့ပါ။ ကိုယ်တော်မြတ်(ဆွ) ၏ အခါသမယတွင် ထိုညဥ့်၌မအိပ်ပဲ နိုးကြားနေခြင်း၊ အလေးအနက်ပြုခြင်းများလည်း မရှိခဲ့ပါ။
ရဂျဗ်လနှင့် စပ်လျဉ်း၍ လူတို့အတွင်း အမျိုးမျိုးသော မှားယွင်းသည့်အယူအဆများ ပျံနှံလျက်ရှိနေသဖြင့် ထိုလမြတ်၏ ဇစ်မြစ်ကို သဘောပေါက်ရန် တင်ပြလိုက်ရပါသည်။

ရဂျဗ်လ၏ ဆန်းဦးစလကို တွေ့မြင်ခြင်းအပေါ် တမန်တော်မြတ်(ဆွ)၏ ကျင့်စဉ်

ဤရဂျဗ်တစ်လလုံးနှင့် စပ်လျဉ်း၍ ဆွဟီးစနဒ် (ကွင်းဆက်မိတိကျစွာ ဆင့်ပြန်သူများ၏ ဆင့်ပြန်ချက်များဖြင့်) တမန်တော်မြတ်(ဆွ)ထံတော်မှ အတည်ဖြစ်သည့် အကြောင်းအရာမှာ ကိုယ်တော်မြတ်(ဆွ)သည် ရဂျဗ်လ၏ ဆန်းဦးစလကို တွေ့မြင်တော်မူသောအခါ
"အလ္လာဟွမ္မ ဗာရိက်လနာ ဖီရဂျဗ ဝရှအ်ဗာန ဝဗလ်လိဂ်နာ ရမဿွန်"
" အိုအလ္လာဟ် ကျွန်တော်မျိုးတို့အား ရဂျဗ်လနှင့် ရှအ်ဗာန်လများ၌ ဗရကသ်မင်္ဂလာတော်များ ချီးမြှင့်တော်မူပါ။ ထို့နောက် ကျွန်တော်မျိုးတို့အား ရမဇာန်လမြတ်သို့ ပို့ဆောင်ပေးတော်မူပါ။" ဟူသော ဒုအာကို တောင်းခံတော်မူလေ့ရှိသည်။ ဆိုလိုသည်မှာ " ကျွန်တော်မျိုးတို့၏ သက်တမ်းကို ရမဇာန်လမြတ်အထိ တိုးမြှင့်ပေးတော်မူပါ " ဟု တောင်းခံခြင်းဖြစ်သည်။ ထို့ပြင်ရမဇာန်လမြတ်အား ကြိုဆိုခြင်းအပေါ် စိတ်ဓာတ်တက်ကြွစေရန် စေ့ဆော်ခြင်းလည်းဖြစ်သည်။ ဤဒုအာသည် ဆွဟီးစနဒ်များအရ အတည်ဖြစ်သည့်အတွက် ဤဒုအာကို တောင်းခံခြင်းသည် စွန္နသ်ဖြစ်သည်။ ရဂျဗ်လအစ၌ ဤဒုအာမတောင်းဖြစ်ခဲ့ပါက ယခု(စတင်သိရှိသည့်အချိန်တွင်) တောင်းလိုက်ရပါမည်။ ထိုအရာမှအပ လူတို့တွင် ကျော်ကြားနေသည့် ရဂျဗ်နှင့် စပ်လျဉ်း၍ အခြားကိစ္စများမှာ ရှရီအသ်တရားတော်တွင် မည်သို့မျှ အခြေအမြစ်မရှိပါ။ 

မိအ်ရားဂ်ျညဥ့် နှင့် အိဗာဒသ်

ဆိုလိုသည်မှာ ရဂျဗ်လ ၂၇ ရက်ညဥ့်သည် မိအ်ရားဂ်ျဖြစ်သည်ဟု ကျော်ကြားနေပြီး ဤညဥ့်တွင်လည်း ကဒရ်ကဲ့သို့ပင် ကျင့်ဆောင်ကြရမည်။ ကဒရ်ညဥ့်မြတ်ကဲ့သို့ ထူးမြတ်မှုများ မိအ်ရားဂ်ျညဥ့်၌လည်း ရှိသည်ဟု ယူဆရုံသာမက မိအ်ရားဂ်ျညဥ့်၏ ထူးမြတ်မှုများသည် ကဒရ်ညဥ့်မြတ် ထူးမြတ်မှုများထက်ပိုသည်ဟူ၍ တစ်နေရာ၌ရေးသားထားသည်ကို ကျွန်ုပ်(မွဖ်သီသကီး) ဖတ်ရှုခဲ့ဖူးသည်။

တစ်ဖန် မိအ်ရားဂ်ျည၌ ရကအသ်မည်မျှဖတ်ရမည်။ ရကအသ်တိုင်းတွင် မည်သည့်စူရဟ်များသာ ဖတ်ရသည်ဟူသော သီးသန့်နမားဇ်များလည်း တီထွင်ထားကြသည်။ လူတို့အတွင်း၌ ဤကဲ့သို့သောနမားဇ်များ ကျယ်ကျယ်ပြန့်ပြန့် မည်သို့တွင်ကျယ်လာသည်ကို အလ္လာဟ်အရှင်မြတ်သာ သိတော်မူလိမ့်မည်။

ဤယူဆချက်အားလုံးသည် ရှရီအသ်တရားတော်တွင် မည်သို့မျှ အခြေအမြစ်မရှိကြောင်း ကောင်းစွာ မှတ်သားထားကြရပါမည်။

မိအ်ရားဂ်ျညဟာ ရဂျဗ်လ (၂၇) ရက်နေ့လား

တမန်တော်မြတ်သည် မိအ်ရားဂ်ျကောင်းကင်ခရီး ကြွမြန်းတော်မူခဲ့သည်။ သို့သော် ရဂျဗ်လ ၂၇ ရက်ည၌ ကိုယ်တော်မြတ်(ဆွ) သည် မိအ်ရားဂ်ျကောင်းကင်ခရီး ကြွမြန်းတော်မူခဲ့သည်ဟူ၍ အတိအကျ မပြောနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် ဤညမြတ်နှင့် စပ်လျဉ်း၍ ရိဝါယသ်ဆင့်ပြန်ချက်များ ကွဲလွဲနေသောကြောင့်ဖြစ်သည်။

အချို့ရိဝါယသ်များ၌ ကိုယ်တော်မြတ်(ဆွ)သည် ရဗီအွလ်အောက်ဝလ်လ၌ မိအ်ရားဂ်ျခရီးကြွမြန်းသည်ဟု ပါရှိပြီး အချို့ရိဝါယသ်များ၌မူ ရဂျဗ်လဟု တင်ပြထားသည်။ ထို့ပြင် အချို့ရိဝါယသ်များတွင် အခြားလများကိုလည်း တင်ပြထားသည့်အတွက် မည်သည့်ညသည် မိအ်ရားဂ်ျညဖြစ်သည်ဟူ၍ ယတိပြတ်မပြောနိုင်ပါ။

မိအ်ရားဂ်ျည၏ ကျင့်စဉ် အဘယ့်ကြောင့် မှတ်တမ်းမရှိခဲ့ရသနည်း ?

အကယ်၍ မိအ်ရားဂ်ျညသည်လည်း ကဒရ်ကဲ့သို့ အထူးသတ်မှတ်ခြင်းခံရသောညဖြစ်ပြီး ကဒရ်ညမြတ်ကဲ့သို့ အထူးပညတ်တော်များရှိခဲ့ရိုးမှန်လျှင် ထိုည၏ နေ့ ရက်နှင့် လတို့ကို မှတ်တမ်းတင် ထိန်းသိမ်းရန် အရေးကြီးသည်။ သို့သော် ထိုည၏ နေ့ရက်နှင့် လတို့အား မှတ်တမ်းတင် ထိန်းသိမ်းထားခြင်းမရှိခဲ့ပဲ ရဂျဗ်လ (၂၇) ရက်ညအား မိအ်ရားဂ်ျည ဟူ၍ (ယတိပြတ်) သတ်မှတ်ခြင်းကား မပိုင်။

မိအ်ရားဂ်ျသည် ထူးမြတ်ခဲ့သည် မှန်သော်လည်း

ကိုယ်တော်မြတ်(ဆွ) သည် မိအ်ရားဂ်ျခရီး ကြွမြန်းတော်မူခဲ့သည်။ ထိုညဥ့်၌ပင် ကြီးကျယ်ထူးကဲသော ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့သည်။ ထိုညဥ့်၌ပင် အလ္လာဟ်အရှင်မြတ်သည် ကိုယ်တော်မြတ်(ဆွ) အား အနီးကပ်ဆုံးသော အဆင့်ကို ချီးမြှင့်တော်မူခဲ့သည်။ မိမိထံတော်ပါး၌ ခစားခြင်းဟူသော အခွင့်ထူးကို ချီးမြှင့်တော်မူခဲ့၏။ အုမ္မသ်အတွက် နမားဇ်များကိုပါ လက်ဆောင်ပါးတော်မူခဲ့သည်။ တမန်တော်မြတ်ကြွမြန်းထားသည့် ထိုညသည် ထူးမြတ်ကြီးကျယ်သည့်ည မုချဖြစ်ပြီး ထိုညဥ့်၏ ကြီးမြတ်ထူးကဲမှုအပေါ် မည်သည့်မုစ်လင်မ်ကမျှ ဒွိဟသံသယ ဖြစ်ရန်မလိုပါ။ သို့သော် တမန်တော်မြတ်ကိုယ်တိုင် ကြွမြန်းတော်မူခဲ့သော မိအ်ရားဂ်ျဖြစ်ရပ်ပေါ်ပေါက်ခဲ့သောညသည် ထွတ်မြတ်ခဲ့သည်။ ရဂျဗ် (၂၇) ရက်ကို ထွတ်မြတ်သည်ဟု ဆိုလိုခြင်းမဟုတ်ပါ။

ကိုယ်တော်မြတ်(ဆွ) သည် မိအ်ရားဂ်ျ ဖြစ်ရပ်နောက်ပိုင်း (၁၈) နှစ်တိုင် သက်တော်ထင်ရှားရှိခဲ့သည်။ သို့သော်လည်း ……

ဤ မိအ်ရားဂ်ျဖြစ်ရပ်သည် နဗဝီသက္ကရာဇ် (၅) ခုနှစ်၌ဖြစ်ပေါ်ခဲ့သည်။ ဆိုလိုသည်မှာ ကိုယ်တော်မြတ်(ဆွ) နဗီဖြစ်တော်မူပြီး (၅) နှစ်မြောက်သောနှစ်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ဤဖြစ်ရပ်နောက်ပိုင်းတွင် ကိုယ်တော်မြတ်(ဆွ)သည် လောက၌ (၁၈)နှစ်တိုင် သက်တော်ထင်ရှားရှိတော်မူခဲ့သည်။ သို့သော်လည်း ဤ (၁ဂ)နှစ်တာ ကာလအတွင်း ကိုယ်တော်မြတ်(ဆွ)သည် ဤ မိအ်ရားဂ်ျနှင့် စပ်လျဉ်း၍ အထူးမိန့်ကြားခြင်း၊ ဤည၌ ကဒရ်ညကဲ့သို့ နိုးကြားနေခြင်းဖြင့် ဆဝါးဗ်အကျိုးများပြားနိုင်သည် ဟူသော မည်သည့်မိန့်ကြားချက်မျှ မိန့်ကြားတော်မမူခဲ့ပါ။ ထိုခေတ်ထိုအခါက ဤည၌နိုးကြားခြင်း၊ အလေးထားခြင်းများလည်း မရှိခဲ့ပါ။ တမန်တော်မြတ်(ဆွ) ကိုယ်တော်တိုင်လည်း နိုးကြားခြင်း ပြုတော်မမူခဲ့ပါ။ ဆွဟာဗဟ်များအား နိုးကြားရန် မိန့်ကြားခြင်းလည်း မပြုခဲ့ပါ။

နဗီတမန်တော်မြတ်(ဆွ) ကွယ်လွန်တော်မူပြီး နောက်နှစ် ၁၀၀ အထိ ဤလောကတွင် ဆွဟာဗာများ ရှိနေကြသေးသည်။ ထိုရာစုတခုလုံးအတွင်း ဆွဟာဗဟ်များက ရဂျဗ်လ (၂၇)ရက်ညတွင် အထူးအလေးထားသည့် ဖြစ်ရပ်များ မရှိခဲ့ပါ။

ကိုယ်တော်မြတ်(ဆွ)နှင့် ဆွဟာဗာများပြုတော်မူခြင်းမရှိခဲ့သော ကိစ္စရပ်များကို သာသနာ့အစိတ်အပိုင်းအဖြစ်သတ်မှတ်ခြင်း (သို့) စွန္နသ်ဟုသတ်မှတ်ခြင်း (သို့) ထိုလုပ်ရပ်အား စွန္နသ်ကဲ့သို့ အရေးတယူပြုလုပ်ခြင်းများမှာ ဗိဒ်အသ်ဖြစ်၏

ထိုညဥ့်တွင် အရေးတယူအိဗာဒသ်ပြုခြင်း ဗိဒ်အသ်ဖြစ်သည်
အထက်ပါအကြောင်းများအရ ထိုညတွင် အိဗာဒသ်ပြုခြင်း အလေးအနက်ထားခြင်းမှာ ဗိဒ်အသ်ဖြစ်သည်။ ညတိုင်း ညတိုင်းတွင် အိဗာဒသ်ပြုနိုင်စွမ်း အလ္လာဟ်အရှင်မြတ်က ချီးမြှင့်တော်မူပါက အကောင်းတကာ့ အကောင်းဆုံးပင်ဖြစ်သည်။ ညစဉ်နိုးကြားလျှက် အိဗာဒသ်ပြုပြီး အလားတူ (၂၇)ရက်ညတွင်လည်း နိုးကြားလျက် အိဗဒသ်ပြုမည်ဆိုပါက မည်သို့မျှဆိုရန် အကြောင်းမရှိပါ။

ရဂျဗ်လ (၂၇) ရက်နေ့တွင် ရိုဇာဟ်ရှိ / မရှိ

အချို့သူတို့သည် "ရဂျဗ်လ (၂၇) ရက်နေ့၏ ရိုဇာဟ်ကို အာရှူရဟ် နှင့် အရာဖဟ်နေ့များ၏ ရိုဇာဟ်များကဲ့သို့ ထူးမြတ်မှုရှိသည် " ဟု ယူဆနေကြသည်။ ထိုနေ့၏ ရိုဇာဟ်နှင့် စပ်လျဉ်း၍ ဆွဟီးစနဒ်ဖြင့် ဆင့်ပြန်ထားသော မည်သည့်ရိဝါယသ် ဆင့်ပြန်ချက်မျှ မရှိပါ။

ဟဇရသ်အုမရ် (ရသွေ့)က ဗိဒ်အသ်ဖြစ်ကြောင်း အတိအလင်းတားမြစ်ခြင်း

ဟဇရသ်အုမရ်(ရသွေ့)လက်ထက်တွင် အချို့သူတို့သည် ရဂျဗ်လ (၂၇) ရက်နေ့ ရိုဇဟ်ကို အထူးအလေးထား၍ စောင့်ထိန်းနေကြောင်း ကြားသိရသည်။ ဟဇရသ်အုမရ်သည် ချက်ခြင်းအိမ်မှ ထွက်၍ လူတစ်ဦးခြင်းကို တွေ့ဆုံပြီး " အသင်ကျွန်ုပ်ရှေ့၌ စားသောက်ပြီး ရိုဇဟ်မရှိကြောင်း သက်သေပြ " ဟု ပြောပြီး ဇွတ်အတင်း စားသောက်စေသည်။ ထိုသို့ တိတိကျကျ လူတို့အား စားသောက်စေမှသာ လူတို့က ယနေ့အတွက် ရိုဇဟ်နှင့် ပတ်သက်၍ အထူးသတ်မှတ်ချက်နှင့် ထူးမြတ်မှုများမရှိပဲ အခြားသောနေ့များ၌ နဖိလ်ရိုဇဟ်စောင့်ထိန်းနိုင်သကဲ့သို့ ဤနေ့တွင်လည်း နဖိလ်ရိုဇဟ်ထားနိုင်ပြီး မည်သို့မျှ ကွာခြားချက်မရှိ ဟု သိရှိလာကြစေရန်ဖြစ်သည်။ ဟဇရသ်အုမရ်သည် ရဂျဗ်လ (၂၇) ရက်နေ့ရိုဇဟ်စောင့်ထိန်းခြင်းအား ဗိဒ်အသ်ဟု အတိအလင်းတားမြစ်ခဲ့ပြီး သာသနာတော်အတွင်း မိမိဘက်မှ အပိုလုပ်ဆောင်ချက်များမရှိစေရန် ဆောင်ရွက်ခဲ့သည်။

ထိုည၌သာ နိုးကြားလိုသူတို့၏ စောဒက

အချို့သူတို့က " အဲ့ဒီညမှာ နိုးနိုးကြားကြားနဲ့ အိဗာဒသ်ပြုလုပ်ပြီး နေ့ဘက်မှာ ရိုဇဟ်ထားတာပဲ၊ အပြစ်ကျူးလွန်တာမှ မဟုတ်ပဲ၊ ခိုးမှုကျူးလွန်တာမှ မဟုတ်ပဲ၊ အရက်သောက်တာမှ မဟုတ်ပဲ၊ ဓားပြတိုက်တာမှ မဟုတ်ပဲ၊ အိဗာဒသ်ပြုကြတာပဲ၊ နေ့ဘက်မှာ ရိုဇဟ်ထားရင်လည်း မကောင်းတာလုပ်တာမှ မဟုတ်ပဲ " ဟု စောဒက တတ်ကြသည်။

သာသနာဟူသည် " နာခံခြင်း " ၏ အမည်ဖြစ်သည်

ဟဇရသ်အုမရ်(ရသွေ့)က ထိုနေ့၌ ရိုဇဟ်စောင့်ထိန်းရန် အလ္လာဟ်အရှင်မြတ်က မိန့်တော်မူခြင်းမရှိပဲ မိမိဘက်မှ ဖန်တီးပြီး အလေးအနက်ထားဆောင်ရွက်ခြင်းသည် အဓိက မကောင်းခြင်းဖြစ်သည်ဟု မိန့်တော်မူသည်။

သာသနာတစ်ခုလုံး၏ အချုပ်မှာ " အမိန့်နာခံ " ခြင်းပင်ဖြစ်သည်။ နမားဇ်ဝတ်ပြုပါဟု မိန့်ကြားသည့်အခါ နမားဇ်ဝတ်ပြုခြင်း အိဗာဒသ်ဖြစ်သည်။ နမားဇ်ဝတ်မပြုနှင့်ဟု မိန့်သည့်အခါ နမားဇ်ဝတ်မပြုခြင်းမှာ အိဗါဒသ်ဖြစ်သည်။ ရိုဇဟ်မထားနှင့်ဟု မိန့်လျှင် ရိုဇဟ်မထားခြင်း အိဗာဒသ်ဖြစ်သည်။ အကယ်၍ ထိုအချိန်၌ ရိုဇဟ်ထားလိုက်မည်ဆိုပါက ဒီးန်သာသနာနှင့် ဆန့်ကျင်ခြင်းဖြစ်သွားမည်။ သာသနာ၏ လုပ်ဆောင်ချက်ဟူသ၍တို့သည် အမိန့်နာခံခြင်းအတွင်း၌သာ ရှိ၏။

သာသနာတော်၌ အပိုကိစ္စများ

အကယ်၍ လူတစ်ဦးသည် ထိုနေ့၏ ရိုဇဟ်ကို များစွာအလေးထားခြင်းပြုနေလျှင် ထိုသူသ်ည မိမိဘက်မှ အပိုကိစ္စများကို သာသနာတော်အတွင်း သွတ်သွင်းဖြည့်စွက်နေသူဖြစ်သည်။ သာသနာတော်အား မိမိနည်း မိမိဟန်ဖြင့် ပြုလုပ်နေသူဖြစ်သည်။ ထို့ကြောင့် ဤပုံစံဖြင့် ရိုဇဟ်ထားခြင်း မပိုင်ပါ။ သို့သော် ပုဂ္ဂိုလ်တစ်ဦးသည် များသောအားဖြင့် အခြားရက်များ၌ ရိုဇဟ်ထားသကဲ့သို့ ထိုနေ့၌လည်း ရိုဇဟ်ထားလိုပါက ထားပါ။ ထိုသူ့အတွက် တားမြစ်ချက်မရှိပါ။ သို့ရာတွင် ထိုနေ့၏ ရိုဇဟ်သည် ပို၍ထူးမြတ်သည်၊ ပို၍ ကုသိုလ်ဆဝါဗ်းရရှိမည်ဟု ယူဆပြီး စောင့်ထိန်းလျှင် (သို့) ထိုည၌သာ နိုးကြား၍ အိဗာဒသ်ပြုခြင်းဖြစ်လျှင် ဗိဒ်အသ်ဖြစ်သည်။

မုန့်အချိုများပြုလုပ်ခြင်း

ရဂျဗ်လ (၂၇) ရက်နေ့၌ အခြားသော ဓလေ့တစ်ခုရှိနေပြန်သည်။ ယင်းညတွင် နဇရ်ကိုး၍ မုန့်အချိုများပြုလုပ်ကြခြင်းဖြစ်သည်။ အကယ်၍ ထိုနေ့တွင် လူတစ်ဦးသည် မုန့်အချိုမပြုလုပ်ပါက ထိုသူသည် နမားဇ်ဖတ်သူဖြစ်စေ၊ ရိုဇဟ်ထားသူဖြစ်စေ၊ မထားသူဖြစ်စေ၊ အပြစ်ရှောင်ကြဉ်သူဖြစ်စေ၊ မရှောင်ကြဉ်သူဖြစ်စေ မုစ်လင်မ်မဟုတ်သကဲ့သို့ပင်။ အကယ်၍ လူတစ်ဦးသည် ကိုယ်တိုင်မုန့်အချိုမပြုလုပ်ပဲ (သို့) မုန့်အချိုပြုလုပ်သူများအား မပြုလုပ်ရန်တားမြစ်ပါက ထိုသူ့အပေါ် လအ်နသ်ကျိန်ဆဲခြင်း၊ မကောင်းပြောခြင်း များဖြင့် ရှုတ်ချကြတော့၏။ ဤကိစ္စသည် မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို မသိရ၊ အလ္လာဟ်အရှင်မြတ်သာ သိပါလိမ့်မည်။ ဤကိစ္စနှင့် စပ်လျဉ်း၍ ဆွဟာဗဟ်များ၊ သာဗိအီးန်များ၊ သဗ္ဗအ်သာဗီအီးန်များနှင့် သာသနာ့ရှေ့ဆောင်ကြီးများ၏ မည်သည့်ညွှန်ကြားမိန့်ဆိုချက် ပြုလုပ်ဆောင်ရွက်ချက် တစ်ခုမျှမရှိခဲ့ပါ။

ဤအုမ္မသ်သည် အကျိုးမဲ့ကိစ္စများအတွင်း နစ်မြှပ်သွားပြီး

ဤကိစ္စများက ကျွန်ုပ်တို့အုမ္မသ်သားများအား အကျိုးမဲ့သော လုပ်ဆောင်ချက်များ၌ နစ်မြှပ်သွားစေခဲ့ပါပြီ။ အကျိုးမဲ့ကိစ္စများကို အရေးကြီးသည်ဟု မှတ်ယူလိုက်ကြသဖြင့် အစစ်အမှန်ကိစ္စရပ်များ မှေးမှိန်ပျောက်ကွယ်သွားရတော့၏။ ထိုအချက်များနှင့် စပ်လျဉ်း၍ မိမိနောင်တော် မုစ်လင်မ်များအား တဖြည်းဖြည်းခြင်း သဘောပေါက်သည်အထိ ရှင်းပြရန်လိုအပ်ပါသည်။ အချို့သူတို့မှာ နားမလည်ကြခြင်းကြောင့်သာ ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့စိတ်အတွင်း၌ မည်သို့မျှ အတိုက်အခံပြုလိုမှု မရှိကြပါ။ ကုရ်အာန်နှင့် ဟဒီးစ်တော်များအရ မည်သို့မျှ အခြေအမြစ်မရှိသော ကိစ္စရပ်များဖြစ်သည့်အတွက် လူတို့အား ချစ်ခင်ကြင်နာစိတ်ဖြင့် သဘောပေါက် နားလည်အောင်ရှင်းပြရမည်။ ထိုအခမ်းအနားများ၌ ကိုယ်တိုင်ပါဝင်ခြင်းကိုလည်းရှောင်ကြဉ်ကြရမည်။

နိဂုံးချုပ်တင်ပြရလျှင် ရဂျဗ်လသည် ရမဇာန်လ၏ အကြိုလဖြစ်သည့်အတွက် ရမဇာန်လအတွက် မိမိကိုယ်တိုင် ကနဦးကပင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန်လိုအပ်ပါသည်။ ထို့ကြောင့် ကိုယ်တော်မြတ်(ဆွ)သည် ရမဇာန်မရောက်မီ နှစ်လအရင်ကပင် ဒုအာတောင်းခံခဲ့သည်။ ထို့ပြင် ဤလမြတ်ရမဇာန်အတွက် မိမိကိုယ်မိမိ ယခုကတည်းက ပြင်ဆင်ကြ၊ ဤလမြတ်သို့ရောက်ရှိလာလျှင် မိမိတို့၏ အချိန်များကို အလ္လာဟ်အရှင်မြတ်အား သတိရတသရာတွင် များမြောင်စွာ သုံးစွဲရန်၊ အိဗာဒသ်အတွက် သုံးစွဲရန် အချိန်ဇယားဆွဲ၍ အသင့်ပြင်ကြ ဟူ၍ လူတို့အား ကြိုတင်လှုံဆောင်တော်မူခဲ့ခြင်းဖြစ်သည်။

အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ဂရုဏာတော်ဖြင့် ဖတ်ရှုသူတို့အား နားလည်သဘောပေါက်နိုင်စွမ်း ချီးမြှင့်တော်မူပါစေ။ မှန်ကန်သောနည်းဖြင့် အမလ်ဆောက်တည်နိုင်စွမ်း ချီးမြှင့်တော်မူပါစေ။ (အာမီးန်) 
---------------------------------------------------------------------------------------------------------
((မုဖ်သီသကီး (အုဆ်မာနီ) ဒု-ဥက္ကဌ၊ ကမ္ဘာ့ဖိကဟ်ပညာရှင်များအဖွဲ့ချုပ် ရေးသားသည်ကို မုဖ်သီအာဒမ်
(မဇွာဟေရီ) ပြန်ဆိုတင်ပြထားသည့် အလ်မီဇားန် အတွဲ-၈၌ပါဝင်သည့်ဆောင်းပါးအား အလ်မုဖီးဒ်မှ ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။))

(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။