Thursday, May 15, 2014

ဆွလာသ်တွင် စိတ်ဝင်စားရန် ကြိုးပမ်းအားထုတ်ခြင်း


ဆွလာသ်တွင် စိတ်ဝင်စားရန် ကြိုးပမ်းအားထုတ်ခြင်း

ဗိစ်မစ်လ္လာဟိရ်ရဟ်မာနစ်ရ်ရဟီးမ်

ဆွလာသ်ဆိုတာ အီမာန်ပြီးရင် အိဗာဒသ်အားလုံးရဲ့ ဦးခေါင်းသဖွယ်ဖြစ်ပါတယ်။ တစ်နေ့ကို ငါးကြိမ် ဖရ်သ်ွအဖြစ် တာဝန်ရှိပါတယ်။ ကျနော်တို့ ခန္ဓာကိုယ်ကတော့ နမာဇ်ထဲမှာရှိပြီး စိတ်တွေက နမာဇ်အပြင်ရောက်နေတတ်ကြပါတယ်။ ဒါ့ကြောင့် သူတော်စဉ်တွေက နမာဇ်ဖတ်ရင် ရိုကျိုးစွာ ကျိုးနွံစွာဖတ်ဖို့ နည်းစနစ်တွေ အများအပြား လမ်းညွှန်ကြပါတယ်။ နမာဇ်ဆိုင်ရာ ဖရ်သွ်၊ ဝါဂျိဗ်၊ စွန္နသ်၊ မုစ်သဟဗ် တွေနဲ့ပြည့်စုံသွားရင် နမာဇ်ပိုင်တယ်လို့ မဆ်အလဟ်အရ သတ်မှတ်ပါတယ်။ အကယ်၍ လူတယောက်ဟာ နမာဇ်ဖတ်နေရင်း စိတ်က တခြားနေရာ ပြန့်လွင့်သွားရင် ပြန်ပြီး နမာဇ်ထဲကို ရောက်အောင် ထိန်းချုပ်ရပါတယ်။ စိတ်ပြန့်လွင့်မှုကြောင့် နမားဇ်မပျက်ပါဘူး။ လူ့စိတ်ကတော့ အကောင်အထည် ဒြပ်မရှိတဲ့အတွက် ထိုင်နေရင်း ကမ္ဘာပတ်နိုင်သလို အာကာသအထိ အတွေးနယ်ချဲ့ထွင်နိုင်ပါတယ်။ နမာဇ်ထဲမှာ စိတ်ကို ဘယ်လို ထိန်းချုပ်ကြမလဲ။ ဘာ့ကြောင့် စိတ်ပြန့်လွင့်ရသလဲ။

ကျနော်တို့ နမာဇ် ဖတ်တော့မယ်ဆိုရင် (တနည်း ဆွလာသ် ဆောက်တည်တော့မယ် ဆိုရင်) ခန္ဓာကိုယ်တည်ငြိမ်သွားတယ်။ နေရာ ဆိတ်ငြိမ်တယ်။ ဝုသွူပြုထားတဲ့အတွက် ကြည်လင်လန်းဆန်းတယ်။ စီးပွားရေး သမီးသားရေး လူမှုရေး တိုင်းရေးပြည်ရေး စတဲ့ အရေးတွေ အားလုံးကို ဦးခေါင်းထဲက ခဏထုတ်ပြီး သန့်ပြန့်တဲ့ တနေရာမှာ ရပ်လိုက်ရတယ်။ တနည်းအားဖြင့် အဲဒီလိုအခြေအနေမျိုးဟာ စာရေးဆရာတွေ၊ အတွေးအခေါ်သမားတွေ၊ ဥာဏ်ကြီးရှင်တွေ သိပ်ကြိုက်တဲ့ အခြေအနေမျိုးပေါ့။ သူတို့ဟာ အဲဒီလိုအခြေအနေကို ရအောင်ဖန်တီးကြတယ်။ အဲဒီအခြေအနေမှာ စိတ်ကို လွတ်လပ်စွာ ကျက်စားစေတဲ့အခါမှာ အတွေးအမြင်သစ်တွေ ရလာတယ်။ အဲဒီကနေ သူတို့ ကုန်ကြမ်းတွေရပြီး စာတွေ ရေးကြ၊ တီထွင်ကြ၊ တာပေါ့။ ဦးနှောက်ထဲက အကြံကောင်း ဥာဏ်ကောင်းတွေ အဲဒီလိုအခါမျိုးမှာ ထွက်ပါတယ်။ အခု ဆွလာသ် ဝတ်ပြုဖို့ နီယသ်လုပ်လိုက်တာနဲ့  အချိန်အခါ ကောင်းပြီဆိုပြီး ဦးနှောက်က အကြံကောင်း ဥာဏ်ကောင်းတွေ ထုတ်ပေးပါတော့တယ်။ ဘယ်ဆိုင်က အကြွေးရစရာရှိတယ်။ ဘယ်တင်ဒါကို ဆွဲမယ်။ ဘယ်တိုက်ခန်း ရောင်းမယ်။ ဘယ်က ပြန်ဝယ်မယ်။ ဘယ်လေလံကို အောင်ရင် ဘယ်လောက်ရမယ်၊ ဘယ်သူ့သားနဲ့ ငါ့သမီးကို နေရာချပေးရင်ကောင်းမယ်၊ ဖေ့ဘုတ်ပေါ်မှာ ဘာတွေပွဲခံကုန်ပြီလဲ၊ ငါ့ကောင်လေး ဒီနေ့ ဘယ်ရောက်နေလဲ၊ ငါ့ကောင်မလေး ဒီအချိန် ဘာလုပ်နေမလဲ.... ဒါမှမဟုတ် ကိုယ်အမြဲထိတွေ့လုပ်ကိုင်နေရတဲ့ အလုပ်တွေက တန်းစီပြီး ပေါ်လာတော့တယ်။ ဦးနှောက်က အလိုအလျောက် Solution အဖြေတွေ ထုတ်ပေးနေတာ။ ဒါမှမဟုတ် အတွေးတစ်စဆီကို ဆွဲခေါ်နေတာ။ ဒါမှမဟုတ် တစ်ခုခုကို အဖြေရှာနေတာ။ ဒါကို ဘယ်လို ထိန်းချုပ်မလဲ။

နမာဇ်ဆိုတာ အလ္လာဟ်အရှင်မြတ်ကို ခဝပ်ကိုးကွယ်မှုပြုခြင်းဖြစ်ရုံမက အလ္လာဟ်အရှင်မြတ်ထံက တောင်းခံခြင်း၊ အလ္လာဟ်အရှင်မြတ်နဲ့ စကားစမြည်ပြောခြင်း၊ အလ္လာဟ်အရှင်မြတ်ကို မတ်ရပ်၊ ဦးညွှတ်၊ ဦးချ၊ အထိုင် ပုံစံများဖြင့် ဝတ်ပြုခြင်းပဲဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်က အလ်ဟိုင်းယ် အမြဲရှင်သန်နေတော်မူသော အရှင်ဖြစ်တဲ့အတွက် ကျနော်တို့ ဖတ်ရွတ်သမျှကို အရှင်မြတ် ကြားတော်မူပါတယ်။ ခု နမာဇ်အတွင်းမှာ ခုရှုအ် ခုဇူအ်နဲ့ ဖတ်နိုင်အောင် ဘာတွေ လုပ်မလဲ။ ဆွေးနွေးပါ့မယ်။

ပထမတော့ အစားအသောက်ပဲ။ ဟလာလ်ပိုက်ဆံနဲ့ ဟလာလ်ဖြစ်တဲ့ အစားအသောက်ကို စားထားရင် ဆွလာသ်မှာ အရသာရှိမယ်။ စိတ်ဝင်စားမယ်။

ဒုတိယက အဝတ်အစား၊ အဝတ်အစားက ဟလာလ်ငွေနဲ့ ဝယ်တဲ့ အဝတ်ဖြစ်ရမယ်။ ကိုယ့်ဝင်ငွေကို သံသယရှိရင် တစ်ဦးဦးဆီက ပိုက်ဆံချေးပါ။ အဲဒီငွေနဲ့ အဝတ်အစားဝယ်ပါ။ ပြီးရင် သံသယရှိတဲ့ငွေနဲ့ ပြန်ဆပ်လိုက်ပါ။ အဲဒီအဝတ်အစားကို နမာဇ်ဖတ်တဲ့အခါ ဝတ်ဖတ်ပါ။ တစ်စုံလုံးနော်။ အမျိုးသမီးတွေ ပရ်ဒါရှင်ရဲ့ နမာဇ်နဲ့ ပရ်ဒါမဲ့ရဲ့ နမားဇ် အရသာမတူပါဘူး။ ယောက်ျားလေးလဲ ထားသင့်တဲ့ ပရ်ဒါရှိတယ်နော်။ အမြဲ ဘောင်းဘီအကျပ်နဲ့ ရှပ်အင်္ကျီကို ဘောင်းဘီထဲထည့်ဝတ်တဲ့သူရဲ့ နမာဇ်နဲ့ ပုဆိုးဝတ်၊ ကုရ်သာကို ဒူးအောက်ဝတ်သူရဲ့ နမာဇ်လဲ အရသာမတူဘူး။ အကောင်းဆုံးကတော့ အပေါ်ရုံကို ဒူးအောက်အမြဲဝတ်တဲ့သူရဲ့ နမာဇ်က အရသာ အရှိဆုံးပဲ။ မျက်စေ့ထိန်းသူရဲ့ နမာဇ်က အရသာရှိမယ်။ မျက်စေ့မထိန်းသူက နမာဇ်ထဲမှာ စိတ်ကစားမယ်။

တတိယက အချိန်ပေးမှု ။ အချိန်ယူပြီး နမာဇ်ဖတ်ဖို့ပြင်ဆင်တဲ့သူရဲ့ နမာဇ်က တည်ငြိမ်ပြီး အနှစ်သာရရှိမယ်။ အချိန်မလောက်မငနဲ့ ဒုန်းဒိုင်းဖတ်တဲ့ နမာဇ်က ဘာမှန်းကို သိမှာမဟုတ်ဘူး။

စတုတ္ထက ဇိက်ရ်လုပ်သူနဲ့ မလုပ်သူ၊ ဇိက်ရ်များများဖတ်သူရဲ့ နမာဇ်က အရသာရှိမယ်။ ဇိက်ရ်မလုပ်သူရဲ့ နမာဇ်က ဟိုပြေးဒီပြေး လိုက်ဖမ်းနေရမယ်။ ကုရ်အာန်သိလာဝသ်လဲ ဒီလိုပဲ။

အထက်ပါအချက်တွေကတော့ ရေရှည် ပြုပြင်သွားရမယ့်အချက်တွေပါ။ အခု နမာဇ်အတွင်းမှာ ဘယ်လို အာရုံထားရမလဲ ဆွေးနွေးပါ့မယ်။

၁။ အလ္လာဟုအပ်က်ဗရ် ဆိုတာနဲ့ အလ္လာဟ်အရှင်မြတ်သည် အကြီးဆုံးနဲ့ အမြင့်မြတ်ဆုံးဖြစ်တော်မူ၏ လို့ စိတ်ထဲမှာ မှတ်ယူလိုက်ပါ။ မတ်တပ်ရပ်နေစဉ် အလ္လာဟ်အရှင်မြတ်ရှေ့ဝယ် ရပ်နေသည်ဟု ခံစားပါ။ ဆနာ ဖတ်နေစဉ် အဓိပ္ပာယ်ကို တွေးတောနေပါ။ ... အိုအရှင် အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါ၏။ ချီးမွမ်းခံထိုက်ပါ၏၊ အရှင့်နာမတော်ဟာ ဗရ်ကသ်ရှိလှပါ၏၊ အရှင့်တန်ခိုးတော်သည် ကြီးမားလှပါ၏၊ အရှင့်မှတပါး အခြားခဝပ်ကိုးကွယ်ရာမရှိပါ၊ .... ဟူသော ဆနာ၏ အဓိပ္ပာယ်များကို တွေးနေပါ။ အအူးဇု ဖတ်တဲ့အခါမှာ .... အိုအရှင် ရှိုင်သွာန့်ရန်မှ အရှင့်ထံ ခိုလှုံပါ၏၊ ... ဟုတွေးပါ။  ဗိစ်မစ်လ္လာဟ် ဖတ်တဲ့အချိန်မှာ .... အိုအရှင် အရှင့်နာမတော်ဖြင့်အစပြုပါသည်။ အရှင်သည် သနားကြင်နာတော်မူသော အရှင်ဖြစ်တော်မူပါသည်။ အထူးသနားတော်မူသော အရှင်ဖြစ်တော်မူပါသည် .... ဟုတွေးပါ။

၂။ စူရာဖွာသိဟဟ် ဖတ်နေစဉ် အဓိပ္ပာယ်ကို တွေးပါ။ အဓိပ္ပာယ်မသိပါက ခု ကျက်လိုက်ပါ။ အလ်ဟမ်ဒုလိလ္လာဟိ ရဗ်ဗိလ်အားလမီးန် = ချီးမွမ်းထောပနာ ဟူသမျှ အလ္လာဟ့်အတွက်ပါ။ အရ်ရဟ်မာနစ်ရ်ရဟီးမ် = အရှင်သည် သနားတော်မူသော အရှင်ဖြစ်တော်မူပါသည်။ မာလိကိယောင်းမိဒ်ဒီးန် = အရှင်သည် ကိယာမသ်နေ့ကို ပိုင်ဆိုင်တော်မူပါသည်။ အိယားက နအ်ဗုဒု ဝအိယားက နတ်စ်သာအီးန် = အရှင့်ကို ကိုးကွယ်ပါ၏ အရှင့်ထံမှ တောင်းခံပါ၏။ အိဟ်ဒိနတ်စ် ဆွိရာသွလ် မုစ်သကီးမ် = အိုအရှင် ဖြောင့်မတ်မှန်ကန်သော တရားလမ်းကို ပြသတော်မူပါ။ ဆွိရာသွလ် လဇီးန အန်(န်)အမ်သ အလိုင်းဟင်မ် = အရှင့်ကျေးဇူးပြုခြင်းခံရသူတို့၏ တရားလမ်းမှန်ကို ညွှန်ပြတော်မူပါ။ ဂိုင်းရိလ် မဂ်ဒူးဗိ အလိုင်းဟိမ် ဝလဒ်ဒွားလီမ်း = လမ်းမှားသူများနှင့် အဇားဗ်ခံရသူများ လမ်းကြောင်းမှ လွဲပါစေသတည်း။ အာမီးန် = ဤအတိုင်းဖြစ်ပါစေသား။ (စာအုပ်ထဲမှအတိုင်းမဟုတ်ပဲ ချုံ့ရေးထားသည်။ အဓိပ္ပာယ်မရသေးပါက နံပါတ် ၃ ပုံစံ ဖတ်ပါ။)

၃။ ကိရာအသ်ဖတ်ရာမှာ အရဆုံး စူရာကို ဖတ်ပါ။ အလ္လာဟ်အရှင်မြတ်ရှေ့တော်ဝယ် ကိရာအသ်ဖတ်ပြနေသည်ဟု မှတ်ယူပြီးဖတ်ပါ။ သံနေသံထားကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ပြီးဖတ်ပြပါ။ ဖတ်နေစဉ် စာလုံးများကို မြင်ယောင်လာသည်အထိ တိကျစွာဖတ်ပါ။ ထိုအမလ်လုပ်ရန် သဂ်ျဝီးဒ်ပညာရပ်အား သင်ယူထားရန်အရေးကြီးသည်။ ကိရာအသ်၏ အဓိပ္ပာယ်များ သိက အကောင်းဆုံးဖြစ်သည်။ မသိပါကလည်း အရှင့်ကလာမ်တော်ကို ရွတ်ဖတ် သရဇ္ဈာယ်နေသည်ဟု မှတ်ယူပါ။

၎။ အလ္လာဟုအပ်က်ဗရ် ဖတ်ချိန် အရှင့် ကြီးကျယ်မှု ထွတ်မြတ်မှု မြင့်မြတ်မှု စကြဝဠာအပေါင်းကို ဖန်ဆင်း ထိန်းချုပ်ထားမှု တို့ကို စိတ်အတွင်းဝယ် တွေးတောပါ။ ခန္ဓာကိုယ်ဦးညွှတ်ချိန်မှာ အရှင့်အမိန့်တော်များကို တသဝေမတိမ်း ထမ်းဆောင်ပါ့မယ်။ စွန္နသ်တော်ပုံစံအတိုင်း ဦးညွတ်ပါတယ်။ အရှင်မြတ် လက်ခံကဗုလ်ပြုတော်မူပါ ဟုရည်စူးပါ။ စွဗ်ဗဟာန ရဗ္ဗိရလ်အဇွည်းမ် ဖတ်ချိန် အရှင်မြတ်၏ ကြီးကျယ်မှု သန့်ရှင်းစင်ကြယ်မှုများကို နှလုံးသွင်းပါ။ ထို့အတူ တစ်လောကလုံးကို ဖန်ဆင်းစိုးပိုင် အုပ်ချုပ်တော်မူသော် အလ္လာဟ်အရှင်မြတ်၏ ရှေ့မှောက်တွင် မိမိအနေဖြင့် ဦးညွှတ်ခွင့်ရနေသည်ဟု မှတ်ယူပါ။ ခန္ဓာကိုယ်၏ အမြင့်မြတ်ဆုံးဖြစ်သော ဦးခေါင်းကို အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်၌ ဦးညွှတ်ခွင့်ရသည့် အတွက် ဂုဏ်ယူပါ။(ရှရီအသေမုဟမ္မဒီယာတွင် အလ္လာဟ်မှအပ မည်သည့်အဖန်ဆင်းခံ၏ ရှေ့တွင်မှ ခေါင်းညွှတ်ခွင့်မရှိပါ။)

၅။ ဦးညွတ်ရာမှ ပြန်ရပ်ချိန် စမိအလ္လာဟုလိမန်ဟမိဒဟ် ဖတ်ချိန် အရှင်မြတ်သည် ကျွန်ုပ်၏ ချီးကျူးထောမနာပြုသံကို ကြားတော်မူပါ၏ ဟု စဉ်းစားပါ။ ရဗ္ဗနာလကလ်ဟမ်ဒ် ဖတ်ချိန် ချီးမွမ်း ထောပနာ ဟူသမျှ အလ္လာ့ဟ်အတွက်ဖြစ်ပါ၏ ... ဟု တွေးပါ။ သစ္စာရှိမည်၊ ရိုးသားဖြောင့်မတ်မည်ဟု ရည်စူး၍ ဖြောင့်မတ်စွာ ခေတ္တ (ငါးစက္ကန့်ခန့်) တည်ငြိမ်စွာရပ်ပါ။

၆။ စဂ်ျဒဟ် သို့သွားစဉ် အလ္လာဟုအပ်က်ဗရ် ဖတ်ရာ၌ အရှင်မြတ်သည် အကြီးမားဆုံး။ ကျွန်ုပ်နှင့်တကွ ကျန်သည့်အရာအားလုံး အသေးကွေးဆုံး ဟုမှတ်ယူပါ။ စဂ်ျဒဟ်တွင် စွန္နသ်များကို ဂရုစိုက်ပါ။ စွဗ္ဗဟားန ရဗ္ဗိယလ် အအ်လာ ဖတ်ချိန် အလ္လာဟ်အရှင်မြတ်သည် အသန့်ရှင်းဆုံး ၊ အမြင့်မြတ်ဆုံး ဖြစ်တော်မူပါ၏ဟု စဉ်းစားပါ။ အီမာန်ရှင်မုအ်မင်န်၏ စဂ်ျဒဟ်သည် အလ္လာဟ်အရှင်မြတ်၏ ဒီဒါရ်ပင်ဖြစ်သည်။ စဂ်ျဒဟ်သည် အလ္လာဟ်အရှင်မြတ်နှင့် အနီးကပ်ဆုံးအချိန်ပင်ဖြစ်သည်။ စဂ်ျဒဟ်၌ ဖတ်ရသည့် ဇိကိရ်ကို တစ်လုံးခြင်းစီ ပီသစွာနှင့် ဖြေးညှင်းစွာ ရွတ်ဆိုပါ။

၇။ စဂ်ျဒါ နှစ်ခုကြားတွင် တည့်မတ်စွာထိုင်ပါ။ ငါးစက္ကန့်ခန့် တည်ငြိမ်စွာ ထိုင်ပါ။ အရှင့်ရှေ့တော်ဝယ် ခစားလျက်ရှိသည်ကို သတိပြုပါ။

၈။ အသ်သဟီးယားသ်ဖတ်ချိန်တွင် တမန်တော်မြတ်၏ မိအ်ရားဂ်ျခရီးကို စဉ်းစားပါ။ ပထမအပိုဒ် အသ်သဟိယားသု လိလ္လာဟိ ဝပ်စလာဝါးသု ဝပ်သွိုင်းယိဗားသု = ကိုယ်၊ နှုတ်၊ ပစ္စည်းဥစ္စာဖြင့် ပြုအပ်သော ကောင်းမှုများသည် အလ္လာဟ်အရှင်မြတ်အတွက် ဖြစ်ပါသည်။ (ထိုစကားသည် မိအ်ရားဂ်ျတွင် တမန်တော်မြတ်ကြီး ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ် က အလ္လာဟ်အရှင်မြတ်ကို လျှောက်ထားသောစာပိုဒ်ဖြစ်သည်။) ဒုတိယအပိုဒ် အပ်စလာမုအလိုင်းက အိုင်ယူဟန်နဗိယု ဝရဟ်မသွလ္လာဟိ၊ ဝဘရကာသုဟူ = အိုနဗီ အလ္လာဟ်အရှင်မြတ်ထံတော်မှ ချမ်းသာသုခသည်လည်းကောင်း ၊ ကရုဏာသည်လည်းကောင်း မင်္ဂလာအဖြာဖြာတို့သည်လည်းကောင်း အသင့်ထံသက်ရောက်ပါစေ။ (ထိုစကားသည် အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်ကို မိန့်ကြားတော်မူသောစကားဖြစ်သည်။) တတိယအပိုဒ် အပ်စလာမုအလိုင်းနာ ဝအလာအိဗာဒိလ္လာဟစ်ဆွားလိဟီးန် = ချမ်းသာသုခ ဟူသမျှသည် ကျွန်တော်မျိုးတို့အပေါ်သို့လည်းကောင်း၊ အရှင့် သူတော်ကောင်း ဗန္ဒဟ်တို့အပေါ်သို့ လည်းကောင်း သက်ရောက်ပါစေ၊ (ထိုစကားသည် တမန်တော်မြတ်၏ ဆုတောင်းဖြစ်သည်။) စတုတ္ထအပိုဒ် အရှ်ဟဒု အန်လ်လားအိလားဟ အိလ္လလ္လာဟု ဝအပ်ရှ်ဟဒုအန်းန မုဟမ္မဒန် အဗ်ဒုဟူ ဝရစူးလုဟူ = အလ္လာဟ်အရှင်မြတ်မှ တပါး အခြား ခဝပ်ကိုးကွယ်ရာမရှိကြောင်းနှင့် မုဟမ္မဒ်သခင် ဆွလ္လလ္လာဟုအလိုက်ဟိဝစလ္လမ်သည် အရှင့်ဗန်ဒဟ်နှင့် တမန်တော်ဖြစ်ကြောင်း ကျွန်တော်မျိုး သက်သေခံအပ်ပါသည်။ (အထက်ပါစာပိုဒ်ကို အရှင်မြတ်နှင့် အရှင့်တမန်တော်တို့ ပြောဆိုနေသည်ကို မြင်တွေ့သော ကောင်းကင်တမန်ဂျိဗ်ရီးလ် အလိုင်ဟစ္စလာမ်က မြွက်ဆိုခြင်းဖြစ်သည်။) သရှ်ဟွဒ်ထိုင်ရာတွင် အထက်ပါအတိုင်း စိတ်ထဲမှ မှတ်ယူထားပြီး အသ်သဟိယားသ် ဖတ်ကြည့်ပါ။ ဖုန်းလာသည်ကိုပင် မကြားနိုင်အောင်ဖြစ်သွားလိမ့်မည်။ ထိုင်နေချိန်တွင် အရှင်မြတ်၏ အမိန့်တော်များ နှင့် တမန်တော့်စွန္နသ်တော်များအပေါ်တွင် တည်တည်တံ့တံ့ ရပ်တည်သွားမည်ဟု စိတ်ထဲက နိယသ်လုပ်ပါ။

၉။ ဒရူးဒ်ရှရီးဖ် ဖတ်နေချိန်တွင် တမန်တော်မြတ် ဆွလ္လလ္လာဟု အလိုက်ဟိဝစလ္လမ် ကိုယ်တော့်အပေါ်သို့ ဒရူးဒ်မေတ္တာများ ပို့သပါသည် ဟု သဘောထားပါ။ အဓိပ္ပာယ်ကို စဉ်းစားနေပါ။ (အိုအလ္လဟ်အရှင် ... အရှင်မြတ်သည် အိဗ်ရာဟီးမ် တမန်တော်နှင့် ၎င်း၏ ဆွေတော်မျိုးတော်များအား ရဟ်မသ် ပေးသနားတော်မူခဲ့သည့်အတိုင်း တမန်တော်မုဟမ္မဒ်သခင်နှင့် ၎င်း၏ ဆွေတော်မျိုးတော်များအားလည်း ရဟ်မသ် ပေးတော်မူပါ။ ဧကန်အမှန် အရှင်မြတ်သည် ချီးမွမ်းထောပနာပြုခြင်း ခံယူထိုက်တော်မူသောအရှင် မြင့်မြတ်တော်မူသောအရှင် ဖြစ်တော်မူပါသည်။ .... အိုအလ္လဟ်အရှင် ... အရှင်မြတ်သည် အိဗ်ရာဟီးမ် တမန်တော်နှင့် ၎င်း၏ ဆွေတော်မျိုးတော်များအား ဗရ်ကသ် ပေးသနားတော်မူခဲ့သည့်အတိုင်း တမန်တော်မုဟမ္မဒ်သခင်နှင့် ၎င်း၏ ဆွေတော်မျိုးတော်များအားလည်း ဗရ်ကသ် ပေးတော်မူပါ။ ဧကန်အမှန် အရှင်မြတ်သည် ချီးမွမ်းထောပနာပြုခြင်း ခံယူထိုက်တော်မူသောအရှင် မြင့်မြတ်တော်မူသောအရှင် ဖြစ်တော်မူပါသည်။)

၁ဝ။ ဒိုအာ တောင်းချိန်တွင် အိုအရှင် ကျနော်မျိုးသည် မိမိကိုယ်ကို များစွာနှိပ်စက်ခဲ့ပါသည်။ တကယ်တော့ အရှင်မြတ်မှတပါး မည်သူမျှ အပြစ်ငရဲမှ ချမ်းသာခွင့်မပေးနိုင်ပါ။ သို့ပါ၍ အရှင်မြတ်သည် အထူးကရုဏာသက်၍ အပြစ်ငရဲမှ ချမ်းသာခွင့် ပေးသနားတော်မူပါ။ ဧကန်အမှန် အရှင်မြတ်သည်သာလျှင် ချမ်းသာခွင့်ပေးတော်မူ၍ အထူးသနားကြင်နာတော်မူသော အရှင်ဖြစ်ပါသည်။ .. ဟု စဉ်းစားနေပါ။

၁၁။ စလာမ် လှည့်ချိန်တွင် အလ္လာဟ်အရှင်မြတ်ထံတော်မှ ငြိမ်းချမ်းသာယာမှုနှင့် မဟာ ကရုဏာတော်သည် လူတို့နှင့် မလာအိကဟ်အပေါင်းတို့အပေါ်ဝယ် သက်ရောက်ပါစေသား ... ဟုစဉ်းစားပါ။

၁၂။ နမာဇ်တွင် ဖတ်ရွတ်ရသမျှသည် အနည်းဆုံး နှုတ်လျှာ လှုပ်ရှားပြီး ဖတ်မှ အထမြောက်မည်ဖြစ်သည်။ နှုတ်ကို လုံးဝကြီး ပိတ်၍ စိတ်ထဲမှ ရွတ်ခြင်းဖြင့် နမာဇ်လုံးဝ မပိုင်ပါ။ နမာဇ်အထမမြောက်ပါ။ (ထို့အတူ တစ်ကိုယ်တည်း နမာဇ်ဖတ်သည့်အခါတွင် အသံအနည်းငယ်ထုတ်၍ ဖတ်သင့်ပါသည်။ အသံအနည်းငယ်ထုတ်လိုက်ခြင်းဖြင့် အာရုံဝင်စားမှု ပိုရှိလာသည်။ အမျိုးသမီးများအနေဖြင့်လည်း မိမိသာကြားနိုင်လောက်သည့် အသံအနည်းငယ်ဖြင့် နမာဇ်ဖတ်ရမည်ဖြစ်သည်။) အရဗီဖြင့် မဖတ်ဘဲ မြန်မာအဓိပ္ပာယ်၊ အခြားဘာသာစကားတို့ဖြင့် ဖတ်ပါကလည်း နမာဇ် မပိုင်ပါ။ အရဗီဖြင့်သာ ဖတ်ရမည်။ အထက်ပါ အချက်များသည် နမာဇ်အတွင်း စိတ်ဝင်စားလာအောင် အားထုတ်ခြင်းသာ ဖြစ်သည်။ အဓိပ္ပာယ်တစ်လုံးမှ မသိပါကလည်းနမာဇ်တော့ပိုင်မည်ဖြစ်သည်။ သို့သော် ထိုသို့ ဝတ်ပြုခြင်းသည် အစဉ်အလာ ထုံးစံ ဆန်သည့်သဘောဖြစ်သည်။ ထိုသို့ အော်တို ဝတ်ပြုခြင်းများလာသည့်အခါ ဘယ်စာက ဘာကို ဆိုလိုမှန်းမသိဖြစ်တော့သည်။ နမာဇ်ဖတ်ပြီးလျှင် မိမိ၏ နမာဇ်သည် အော်တို ဖတ်သည့် နမာဇ်များဖြစ်သွားပြီလားဟု အမြဲဆန်းစစ်ပါ။ ဂျမာအသ်နှင့် ဖတ်သည့်အခါ နောက်လိုက်များက ကိရာအသ် မဖတ်ရပါ။ အိမာမ်၏ ကိရာအသ်ဖတ်ရွတ်သံကို အာရုံအပြည့်ဖြင့် နားထောင်နေရပါမည်။

နမာဇ် တစ်ကြိမ်၏ အရသာသိသွားလျှင် နောက်နမာဇ် တစ်ကြိမ်ကို လွှတ်မည်မဟုတ်ပေ။ ဖဇာအိလေ့နမာဇ်ကျမ်းတွင် လာရှိသည်မှာ နမာဇ်ဖတ်လျှင် မိမိက အလ္လာဟ်အရှင်မြတ်ကို မြင်နေသကဲ့သို့ ဒါမှမဟုတ် မိမိကို အလ္လာဟ်အရှင်မြတ်က မြင်နေသည်ဟု သဘောထားပြီး ဖတ်ရန်တိုက်တွန်းထားသည်။ စွန္နသ်များကို ဂရုပြုခြင်းသည် နမာဇ်တွင် စိတ်ဝင်စားစေမည့် အကြောင်းခံဖြစ်သည်။ ( မိမိတို့အိမ်တွင် နမာဇ်ဝတ်ပြုရန် သီးသန့် အခန်းတစ်ခန်းထားသင့်သည်။ အမျိုးသမီးများသည် ထိုအခန်းတွင် ဝတ်ပြုရမည်။ ကုရ်အာန်သိလာဝသ်၊ သအ်လီမ်၊ ဇိက်ရ် စသည်တို့ကို ထိုအခန်းတွင်လုပ်သင့်သည်။ အမျိုးသားများလည်း အိမ်တွင် စွန္နသ်၊ နဝါဖိလ်များကို ထိုနေရာတွင် ဝတ်ပြုသင့်သည်။)

အထက်ပါ နမာဇ်၏ မရှ်က် ကြိုးစားအားထုတ်မှုကို စွန္နသ်၊ နဖိလ်နမားဇ်များမှ အစပြုကြိုးစားသင့်ပါသည်။ အိရှ်ရားက်၊ ကျားရှ်သ်၊ အောက်ဝါဗီးန်၊ ဆွလာသွလ်ဟာဂျာသ်၊ ဆွလာသွသ်သောင်ဗာ၊ သဟ်ဂျွဒ်၊ ဆွလာသွသ်သပ်စ်ဗီးဟ် စသော နဖိလ်များမှ အစပြု၍ ကြိုးစားပါ။ မိမိ ဟာဂျာသ်အတွက် ဖတ်သော ဆွလာသွလ်ဟာဂျာသ်မှ စတင်ကြိုးပမ်းလျှင် အင်ရှာအလ္လာဟ် ထိရောက်မှုရှိပါသည်။

ရေးသားတင်ပြသူနှင့် ဖတ်ရှုသူအပေါင်းကို အလ္လာဟ်အရှင်မြတ် လက်ခံတော်မူသည့် အသက်ပါသော နမာဇ်ဖတ်နိုင်တဲ့စွမ်းအား အရှင်မြတ်ပေးသနားတော်မူပါစေ။ .... အာမီးန်။

အလ်မုဖီးဒ်