Thursday, May 15, 2014

သယမုမ်အကြောင်း သိကောင်းစရာများ


အလွန်တရာ သနားကြင်နာတော်မူသော မဟာဂရုဏာတော်ရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏အဖန်ဆင်းခံမခ်လူးက်များအပေါ် မရေမတွက်နိုင်သော ကျေးဇူးတော်များကို ပြုထားတော်မူပေသည်။ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတရားများကို ကျွန်ုပ်တို့အနေဖြင့် ရေတွက်မည်ဆိုပါက မည်သည့်အခါတွင်မှ ရေတွက်ရန် လုံးဝတတ်စွမ်းနိုင်မည်မဟုတ်ပါ။ လူသားတစ်ဦးအနေဖြင့် တမန်တော်နူးဟ်(အလိုင်ဟစ္စလာမ်)၏ အသက်နှင့်ညီမျှသည့် သက်တမ်းကို ရရှိပိုင်ဆိုင်ခဲ့သည်ဖြစ်ပါစေ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ရေတွက်ကုန်နိုင်မည်မဟုတ်ပါ။ (တမန်တော်နူးဟ်(အလိုင်)၏ သက်တော်သည် နှစ်ပေါင်း(၁ဝ၅ဝ) ရရှိခဲ့ပါသည်။) အလ္လာဟ်အရှင်မြတ် ကိုယ်တော်တိုင် ကျမ်းတော်မြတ်ကုရ်အာန်၌ မိန့်ကြားထားသည်မှာ "ဝအင်န် သအုဒ်ဒူ နိအ်မသလ္လာဟိ လာသဟ်ဆွူဟာ" (အကယ်၍ အသင်တို့အနေဖြင့် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များ၊ နိအ်မသ်ချီးမြှင့်မှုများကို ရည်တွက်ရန် လိုလားခဲ့မည်ဆိုပါက မည်သည့်အခါတွင်မျှ ထိုကျေးဇူးတော်များကို ရည်တွက်ရန် တတ်စွမ်းနိုင်မည်မဟုတ်ပါ။)

အရှင်မြတ်၏ ကျေးဇူးပြုချီးမြှင့်မှုများတွင် ကျွန်ုပ်တို့အွမ္မသေ မုဟမ္မဒီယာအပေါ်တွင် ချီးမြှင့်ခြင်းသည် ယခင်အွမ္မသ်များထက် မြောက်များစွာ သာပိုပေသည်။ ဤသို့သာပိုရခြင်းသည်လည်း နှစ်ဘဝ၏ခေါင်းဆောင် နဗီအပေါင်းတို့၏ မကိုဋ်သရဖူဖြစ်တော်မူသော မုဟမ္မဒ်မုစ်သွဖား (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်) ကြောင့်သာလျှင် ဖြစ်တော်မူပေသည်။ အကယ်၍များသာ ကျွန်ုပ်တို့သည် တမန်တော်မြတ်၏ အွမ္မသ်မဖြစ်ခဲ့ဘဲ ယခင်အွမ္မသ်များတွင် ပါဝင်ခဲ့ပါက ကျွန်ုပ်တို့၏ ဆိုးသွမ်းမှုများကြောင့် အရှင့်၏ ပြစ်ဒဏ်ခတ်မှုကို ဒွန္နယာ၌ပင် ချက်ခြင်းလက်ငင်း ခံစားနေရမည်ဖြစ်သည်။ ယခုမူ တမန်တော်မြတ်ကြီး(ဆွ)၏ ဆုတောင်းတော်မူခဲ့သည့် ဒုအာများ၏ အကြောင်းခံဖြင့် သက်သာချောင်ချိစွာ နေခွင့်ရနေခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် ချစ်နဗီအတွက် နေ့စဉ်ဒရူးဒ်ဖတ်ခြင်းကို အကျင့်ပြုလုပ်ရမည် ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့ နှစ်သက်စွဲလမ်းအထင်ကြီးနေသည့် အနောက်တိုင်းယဉ်ကျေးမှု၊ ဘာသာခြားတို့၏ ယဉ်ကျေးမှုများ၏နေရာတွင် အွမ္မသ်ကိုချစ်ပြီး အွမ္မသ်အတွက်သာ ငိုခဲ့သည့် ချစ်နဗီမုဟမ္မဒ် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ယဉ်ကျေးမှုကို အစားထိုးကာ ကျင့်သုံးခြင်း၊ ကိုယ်တော်ပြသခဲ့သည့် ယဉ်ကျေးမှုများကို နှစ်သက်စွဲလမ်း အထင်ကြီးခြင်းတို့ဖြင့် အစားထိုးပြုပြင်ကြရမည် ဖြစ်ပါသည်။

ဟဇရသ်ဟုဇိုင်ဖား(ရသွီ)သခင်က တမန်တော်မြတ်(ဆွ)၏ မိန့်ခြွေမှုကို ဆင့်ပြန်ထားသည်မှာ "ငါကိုယ်တော်မြတ်၏ အွမ္မသ်ကို လွန်လေပြီးသောအွမ္မသ်များထက် အချက် (၃)ခုတွင် သာပိုမှုချီးမြှင့်ထားသည်။ ပထမမှာ ဤအွမ္မသ်၏ ဆွဖ်လိုင်းသည် (နမားဇ်၏ လိုင်းဖြစ်စေ၊ ဂျိဟားဒ်၏ လိုင်းဖြစ်စေ) ဖရိရှ်သာတို့၏ဆွဖ်လိုင်းများကဲ့သို့ ရေတွက်သတ်မှတ်ခြင်းခံရပေသည်။ ဒုတိယအချက်မှာ ငါကိုယ်တော်မြတ်တို့ (အွမ္မသေမုဟမ္မဒီယာ) အတွက် မြေပြင်တခုလုံး၊ မည်သည့်နေရာ၌မဆို စဂ်ျဒါပြုခွင့်ပေးထားတော်မူပေသည်။ (မြေပထဝီ၏ ကြိုက်ရာနေရာတွင် နမားဇ်ဆောက်တည်နိုင်ပေသည်။) တတိယအချက်မှာ သန့်ရှင်းမှုရယူရန် ရေကို သုံးစွဲနိုင်ခြင်းမရှိတော့သည့်အခြေအနေတွင် ကျွန်ုပ်တို့အတွက် မြေကြီးဖြင့် သန့်ရှင်းမှုရယူခွင့်ကို ချီးမြှင့်တော်မူထားပေသည်။" (မုစ်လင်မ်ကျမ်း)

ကိုယ်တော်မြတ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အွမ္မသ်ထက်အလျှင် များစွာသောအွမ္မသ်များပေါ်ထွန်းခဲ့သည်။ အွမ္မသေမုဟမ္မဒီယာသည် ထူးမြတ်မှုများ၊ စမ်းသပ်ခံရမှုများ၊ မြင့်မြတ်မှုများတွင် ထိုအားလုံးသောအွမ္မသ်များထက် သာပိုပေသည်။ အွမ္မသေမုဟမ္မဒီယာ၏ မြင့်မြတ်မှု၊ ထွတ်မြတ်မှုများကို အခြားလွန်လေပြီးသော မည်သည့်အွမ္မသ်ကမျှ ယှဉ်နိုင်မည်မဟုတ်ပါ။ ထိုအတူ ရှရီအသေမုဟမ္မဒီယာတွင်လည်း လွန်လေပြီးသော ရှရီအသ်များထက် များစွာသောလွယ်ကူမှုများကို ချီးမြှင့်ခြင်းခံထားရပေသည်။ အကြီးဆုံးသော လွယ်ကူမှုတစ်ခုမှာ ရှရီအသေမုဟမ္မဒီယာတွင် ကိဆွားဆွ် (အကြောင်းမဲ့သတ်ဖြတ်သူအား ပြန်လည်၍ အသက်ရယူခြင်း)တွင် ဒိယသ် (ခေါ်) သတ်သူဖက်မှ အသတ်ခံရသူ၏ ကျန်ရစ်သူများဖြင့် ညှိနှိုင်း၍ အသတ်လျော်ကြေးငွေ ပေးအပ်ခွင့်ရှိခြင်းပင်ဖြစ်သည်။ ယခင်ရှရီအသ်များတွင် ဒိယသ်၏ အခွင့်အရေးမရှိခဲ့ပါ။ ထို့အတူ များစွာသော လွယ်ကူမှုများကို တမန်တော်မြတ်(ဆွ)၏ နောက်လိုက် အွမ္မသ်သားများအတွက် အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ထားပေသည်။ အထက်ပါဟဒီးစ်တော်တွင် ထိုချီးမြှင့်မှုများအနက်မှာ အချို့ကို ကိုယ်တော်မြတ်က မိန့်ကြားထားတော်မူခြင်းဖြစ်သည်။ ယခု ဤနေရာတွင် ဟဒီးစ်တော်၌ပါဝင်သည့် အွမ္မသေမုဟမ္မဒီယာတွင် ချီးမြှင့်ခံရသည့် ထူးမြတ်မှု(၃)ရပ်အနက်မှ တတိယထူးမြတ်မှုဖြစ်သည့် " သန့်ရှင်းမှုရယူရန် ရေကို သုံးစွဲနိုင်ခြင်းမရှိတော့သည့်အခြေအနေတွင် ကျွန်ုပ်တို့အတွက် မြေကြီးဖြင့် (သယမုမ်ပြုလုပ်၍) သန့်ရှင်းမှုရယူခွင့်ကို ချီးမြှင့်တော်မူထားပေသည်။" ဟူသည့်အကြောင်းအရာကို တင်ပြမည်ဖြစ်ပါသည်။

သယမွမ်ဟူသည်မှာ
မြေဖြင့် သန့်ရှင်းမှုရယူခြင်းကို အရဗီဘာသာဖြင့် "သယမုမ်" ဟုခေါ်ပေသည်။ ဝုဇူပြုခြင်းနှင့် ရေချိုးရန်ဝါဂျိဗ်ထိုက်သည့်အခြေအနေတွင် ရေကို မသုံးစွဲနိုင်ပါက ယင်းနှစ်ခုလုံး၏အစား သယမုမ်ပြုခွင့်ရှိသည်။ အဘိဓါန်တွင် သယမုမ်၏ အဓိပ္ပါယ်မှာ "ရည်ရွယ်ခြင်း၊ ရည်စူးခြင်း" ဟုလာရှိပြီး ရှရီအသ်၏အသုံးအနှုံးတွင် သယမုမ်၏ အဓိပ္ပာယ်မှာ "သန့်ရှင်းမှုရယူရန် နိယသ်ဖြင့် သန့်ပြန့်သောမြေကြီး (သို့မဟုတ်) ထိုမြေကြီးကဲ့သို့သောအရာ (ဥပမာ ကျောက်ခဲ၊ ထုံး၊ အစရှိသည့်အရာများ)ကို သုံးစွဲခြင်း၊ ၎င်းနောက် သန့်ရှင်းမှုရယူသည့်နိယသ်ဖြင့် ထိုအရာများကို မျက်နှာနှင့် လက်အပေါ်ပွတ်သပ်ခြင်း" ဟု ဖြစ်ပေသည်။

သယမုမ်ပြုခွင့်ရှိခြင်းနှင့် ပတ်သက်သည့် အထောက်အထား
ကုရ်အာန်ကျမ်းတော်မြတ်နှင့် တမန်တော်မြတ်၏သြဝါဒတော် နှစ်မျိုးလုံးတွင် သယမွမ်ပြုခွင့်ရှိခြင်းနှင့် ပတ်သက်သည့် အထောက်အထားသည် ရှင်းလင်းစွာ ပါရှိပါသည်။ ကျမ်းတော်မြတ်ကုရ်အာန် စူရာမာအိဒဟ် အာယသ်အမှတ် (၆) ၌ အလ္လာဟ်အရှင်မြတ်က "ဖလန်(မ်) သဂျိဒူ မာအန်(န်) ဖသယမ်မမူ ဆွအီးဒန်(န်) သွိုင်ယိဗာ" (စူရာမာအိဒဟ်)
" ပြီးနောက် အသင်တို့သည် ရေကိုမရရှိခဲ့ကြပါလျှင် စင်ကြယ်သန့်ပြန့်သော မြေကြီးဖြင့် သယမွန်မ် ပြုလေကုန်။" ဟု မိန့်ကြားထားတော်မူပေသည်။ (အထက်ပါအာယသ်တော်သည် စူရာမာအိဒဟ် အာယသ် အမှတ် (၆) "ယာအိုက်ယုဟလ် လဇီးန အာမနူ အိဇာကုမ်သွန်(မ်) အိလဆ်ွဆွလာသိ၊ ဆွလာသ်ဝတ်ပြုရန် ရည်ရွယ်သည့်အခါ ဝူဇူပြုရန်ဖရ်ဇ်ဖြစ်ခြင်း" အာယသ်တော်နှင့် တစ်ဆက်တည်းပင်ဖြစ်ပါသည်။)
ဟဒီးစ်သြဝါဒတော်တွင် "အင်န်နဆ်ဆွအီးဒသ်သွိုက်ယိဗာ သူဟူးရွလ်မုစ်လိမိ ဝအစ်လ်လမ်(မ်) ယဂျိဒိလ်မာအ ၊ အရှရစိနီးန်" သန့်ပြန့်သောမြေကြီးသည် မုစလ်မာန်ကို သန့်ရှင်းစင်ကြယ်အောင်ပြုပေးသောအရာပင်ဖြစ်သည်။ အကယ်၍ (၁ဝ) နှစ်တိုင်တိုင် ရေသုံးစွဲရန် အခွင့်အရေးမရခဲ့ပါက ထို(၁ဝ) နှစ်လုံးအတွက် သန့်ရှင်းမှုရယူရန် သန့်ပြန့်သော မြေကြီးသည် လုံလောက်ပေသည်။
(မအာရိဖုစ်စုနန် ၁/၄ဝ၆ , သိရ်မီဇီရှရီးဖ် အတွဲ ၁, စာမျက်နှာ ၃၂)

သယမွမ်ပြုခွင့် ချီးမြှင့်ခြင်းခံရသည့်သမိုင်းနှင့် ဖြစ်စဉ်
သယမွမ်ပြုခွင့်ကို ဟစ်ဂ်ျရီ ၅ခုနှစ်၌ ချီးမြှင့်ခြင်းခံရခဲ့သည်။ သယမွန်မ်၏ အာယသ်တော်ကျရောက်လာသည့် ဖြစ်ရပ်ကို တင်ပြရမည်ဆိုလျှင် စစ်ပွဲတစ်ခုသို့ ကိုယ်တော်မြတ် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကြင်ယာတော် ဟဇရသ်အာအိရှာ (ရသွီယလ္လာဟုသအာလာအန်ဟာ) သခင်မနှင့် အတူကြွမြန်းတော်မူခဲ့ပေသည်။ ထိုခရီးမှအပြန် လမ်းတစ်ဝက်တွင်ဆွလ်ဆွလ် အမည်ရှိတောင်၌ ခရီးတစ်ထောက်အနားယူကြလေသည်။ ကိုယ်တော်မြတ်နှင့်အတူ ဟဇရသ်အာအေရှာသခင်မ၊ သခင်မ၏ ဖခမည်းတော်ဖြစ်သူ ဟဇရသ်အဗူဗက္ကရ် (ရသွီ) သခင်နှင့် အခြားသော ဆွဟာဗာကြီးများလည်း ခရီး၌အတူပါဝင်ကြပေသည်။ ဟဇရသ်အာအိရှာသခင်မသည် ဟာဂျသ် (အပေါ့၊ အလေးစွန့်ရန်) အတွက် နားနေသည့်စခန်းနှင့် အတန်ငယ်လှမ်းသည့် တောတွင်းသို့ ကြွမြန်းသွားလေသည်။ ထိုသို့သွားရာတွင် လမ်းတစ်နေရာ၌ သခင်မ၏ လည်တွင်ဆင်မြန်းထားသော ဘယက်မှာပြတ်၍ ကျပျောက်သွားလေသည်။ ကိုယ်တော်မြတ်သည် ဤအချင်းအရာကို သိရှိတော်မူသောအခါ ဟဇရသ်အိုစိုက်ဒ်ဗင်န်ဟဇီးရ် (ရသွီ) သခင်နှင့်တကွ အချို့သောဆွဟာဗာတို့ကို ဘယက်ရှာဖွေရန်စေလွှတ်တော်မူလိုက်သည်။ ဤသို့ဖြင့် ဘယက်ရှာဖွေသူတို့ကလည်း ဘယက်ကို ဆက်တိုက်ရှာဖွေနေကြသည်။ ရှာနေရင်းနှင့်ပင် ဖဂျရ်ဆွလာသ်ဝတ်ပြုရန် အချိန်ကျရောက်လာလေသည်။ ဆွလာသ်ဝတ်ပြုရန်အတွက် စခန်းချထားသည့် အနီးတဝိုက်မည်သည့်နေရာတွင်မှလည်း ရေမရရှိကြပေ။ ဆွဟာဗဟ်သခင် အပေါင်းတို့သည်လည်း အလွန်ပင်စိတ်သောကရောက်ကြရလေသည်။ အချို့ဆွဟာဗဟ်တို့သည် ဟဇရသ်အဗူဗက္ကရ်သခင်အား တိုင်တန်းကြသည်မှာ သခင်၏ သမီးသည် ခရီးသွားတို့ကို အဘယ်ကဲ့သို့သော နေရာမျိုးတွင် ရပ်တန့်စေခဲ့ပါသနည်း။ ဤနေရာမှ အလွန်ဝေးလံသည့်နေရာအထိပင် ရေ၏ အနံအသက်ကိုပင် မရရှိပါ။ ယခု နမားဇ်၏အချိန်လည်း ကျရောက်နေပြီဖြစ်သည်။ ကျွန်ုပ်တို့ ရေမရရှိပဲ အဘယ်ကဲ့သို့ နမာဇ်ဝတ်ပြုကြမည်နည်း။

ဟဇရသ်အဗူဗက္ကရ်သခင်သည် အာအိရှာသခင်မတည်းနေသည့် တဲသို့ရောက်ရှိလာပြီး သခင်မအား ပြောသည်မှာ အသင်မသည် အမြဲတစေလူတို့ကို အခက်အခဲဖြစ်စေသည်။ ဘယက်တခုကြောင့် ကိုယ်တော်မြတ် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤကဲ့သို့ရေဖြင့်အလွန်ဝေးလံသည့် နေရာတွင် စခန်းချလိုက်ရသည်။

အဗူဗက္ကရ်သခင်မှာ မိမိသမီးတော်ဖြစ်သူ အာအိရှာသခင်မအား ဤသို့ ဆူနေစဉ် သခင်သည်လက်ဖြင့်ခါးကိုလည်း တို့ တို့ ပြီးပြောနေခြင်းဖြစ်သည်။ အာအိရှာသခင်မသည် ဖခင်ဖြစ်သူ၏ စကားအပေါ်မည်သည့်အဖြေမျှ ပြန်မပေးခဲ့သလို မိမိထိုင်နေသည့်နေရာမှလည်း အနည်းငယ်မျှပင် မရွေ့သွားခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် တမန်တော်မြတ်(ဆွ)သည် ထိုအချိန်က ခရီး၏ပန်ပမ်းမှုကြောင့် သခင်မ၏ ပေါင်ပေါ်တွင် ဦးခေါင်းတော်တင်လျှက် အိပ်စက်အနားယူနေတော်မူပေသည်။ ဘယက်ရှာဖွေနေသည့်ဆွဟာဗာများသည်လည်း ဘယက်ကိုမတွေ့ရှိကြ၍ စခန်းချရာနေရာသို့ ပြန်လာလိုက်ကြလေသည်။ အားလုံးသောဆွဟာဗာတို့သည် မတတ်နိုင်သည့်အဆုံးတွင် ဝူဇူမရှိသည့်အခြေအနေဖြင့်ပင် ဖဂျရ်ဆွလာသ်ကို ဆောက်တည်လိုက်ကြပြီး ပြန်လည်ထွက်ခွာရန်ပြင်ဆင်ကြပေသည်။ ထိုအချိန်၌ ဟဇရသ်ဂျိဗ်ရာအီးလ်သခင်သည် တမန်တော်မြတ်(ဆွ)၏ ထံတော်ပါးသို့ကြွမြန်းရောက်ရှိလာပြီး စူရာမာအိဒဟ် ဒုတိယရုကူအ်၌ ပါဝင်သည့်အာယသ်တော်များကို ချပေးတော်မူပြီး အလ္လာဟ်အရှင်မြတ်မှ သယမုမ်မ်ပြုခွင့် ချီးမြှင့်တော်မူလိုက်သည့် အကြောင်းကို ဖတ်ကြားပြသတော်မူပေသည်။ (စူရာမာအိဒဟ် အာယသ်အမှတ် (၆)တွင် "ဝအင်န်ကွန်သုမ် မရ်ဒွာ အောဝ်အလာစဖရင်(န်)" မှစ၍ အာယသ်တော်အဆုံးအထိသည် သယမုမ်ပြုခွင့်ရှိခြင်းကို ချီးမြှင့်တော်မူခဲ့သည့် အာယသ်ဖြစ်ပေသည်။)

သယမုမ်အမိန့် ကျရောက်လာပြီးသည့်နောက် ကိုယ်တော်မြတ် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အလွန်ပင်ဝမ်းသာအားရဖြစ်ကာ အို အာအိရှာ ! အသင်မ၏ ဘယက်တန်ဆာသည် အလွန်ပင် ဗရကသ်ရှိသော် ဘယက်ပင်ဖြစ်ပေသည် ဟုမိန့်ကြားတော်မူလိုက်ပေသည်။ ကိုယ်တော့်၏ ထိုမိန့်ကြားသောစကားများကို ကြားသောအခါ သခင်မ၏ ဖခင်ဖြစ်သူ ဟဇရသ်အဗူဗက္ကရ်သခင်သည် ဝမ်းမြောက်ဝမ်းသာဖြစ်သွားလေသည်။ ထို့နောက် အာအိရှာသခင်မအား အိုသမီးတော်! သမီးသည် အင်မတန်မှ မင်္ဂလာရှိသော်၊ နဖူးစာအလွန်ကောင်းမွန်သော သမီးပင်ဖြစ်သည်ဟု သုံးကြိမ်တိုင်တိုင် ပြောကြားလေသည်။

ဟဇရသ်အိုစိုက်ဒ်(ရသွီ)သခင်သည် ဘယက်ရှာဖွေရင်း အလွန်ပင်မောပန်း၍ ပင်ပမ်းနွမ်းနယ်သူဖြစ်သည်။ သခင်ကလည်း ပြောကြားသည်မှာ အို အဗူဗက္ကရ်၏ သမီး၊ ဤကိစ္စရပ်မှာ အသင်မတို့၏ ပထမဆုံးသော ဗရကသ်ဖြစ်မှုမဟုတ်ပါ။ ဒီ့အရင်ကလည်း အသင်တို့၏ အကြောင်းခံဖြင့် အလ္လာဟ်အရှင်မြတ်သည် အွမ္မသေ မုဟမ္မဒီယာအတွက် လွယ်ကူမှုများစွာကို ချီးမြှင့်တော်မူခဲ့ပါသည်။

အလ္လာဟ်အရှင်မြတ်ချီးမြှင့်တော်မူလိုက်သည့် သာသနာ့အတွက်လွယ်ကူမှုတခုရရှိပြီးသည့်နောက် အားလုံးသောဆွဟာဗာတို့သည်လည်း ပျော်ရွှင်စွာဖြင့်ပင် မိမိတို့၏ တိရိစ္ဆာန်များအပေါ် ကုန်းနှီးများတင်၍ ထွက်ခွာရန်ပြင်ဆင်ကြလေတော့သည်။ ဟဇရသ်အာအိရှာသခင်မစီးနင်းသည့် ထမ်းစင်ကိုမလိုက်သည့်အခါ ထိုထမ်းစင်အောက်မှ ဘယက်ကို ပြန်လည်ရရှိခဲ့လေသည်။ သခင်မသည်လည်း အပျော်ပေါ်အပြုံးဆင့်၍ အလွန်ပင်ဝမ်းသာသွားလေသည်။ ကိုယ်တော်မြတ်(ဆွ)သည်လည်း ဘယက်ပြန်လည်တွေ့သွားခြင်းကြောင့် စိတ်တည်ငြိမ်သွားရလေသည်။ အားလုံးသောသူတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များအပေါ် ရှုကုရ်ပြုရင်း ဝမ်းသာမှုအပြည့်ဖြင့် မဒီနာရွှေမြို့တော်သို့ ပြန်လာတော်မူခဲ့ကြပေသည်။ ထိုနေ့မှစ၍ ရေမရှိသည့်အခါတွင် (သို့မဟုတ်) ရေကိုသုံးစွဲရန် မတတ်စွမ်းနိုင်တော့သည့်အခြေအနေတွင် သယမုမ်ပြုခွင့်ကို ရရှိသွားခဲ့ပါသည်။ (အသ်သောဝ်ဒွီးဟုလ်မုမဂ်ျဂျဒ်၊ စာ ၃၃၆)

ထို့ကြောင့် အီမာန်ရှင်မုစ်လင်မ်တို့အတွက် သယမုမ်ပြုခွင့်ရရှိခဲ့ခြင်းသည် အလ္လာဟ်အမိန့်နာခံရန်၊ နမားဇ်ကို ကဇွာပြုစွန့်လွှတ်လိုက်ရန်ကြောက်ရွံ့သူများနှင့် နမားဇ်ဝတ်ပြုရန် စိတ်အားထက်သန်သူတို့အဖို့ အလ္လာဟ်အရှင်မြတ်ဖက်မှ ချီးမြှင့်သည့် အနှိုင်းမဲ့လက်ဆောင်တစ်ခုပင်ဖြစ်ပါသည်။

သယမုမ်ပြုလုပ်ခြင်းဆိုင်ရာ ပညတ်ချက် (အကျဉ်းချုံ)
သယမုမ်သည် ဝုဇူပြုခြင်းနှင့် ရေချိုးခြင်းတို့ အစား ဖြစ်ပါသည်။ ဆိုလိုသည်မှာ ယင်းနှစ်ခုကိုလုပ်ဆောင်ရန် အတွက် ရေသုံးစွဲရန် တတ်စွမ်းနိုင်ခြင်းမရှိတော့သည့်အခြေအနေတွင် သယမုမ်ကို၎င်းတို့နှစ်ခု၏နေရာ၌ အစားထိုးသုံးစွဲခွင့်ရှိပြီး သန့်ပြန့်မှုရရှိသွားခြင်းတွင်လည်း ဝုဇူ၊ ဂုစုလ်ပြုသည့်အတိုင်းပင်ဖြစ်ပေသည်။

သယမုမ်တွင် ဖရ်ဇ်(မပြုမနေရ)ဖြစ်သည့် အချက် (၃)ချက်ရှိပါသည်။
(၁)။ နိယသ်ပြုခြင်း (၂)။ လက်ဝါးနှစ်ဖက်ကို မြေပြင်ပေါ်တွင် ရိုက်ပုတ်၍ မျက်နှာပေါ်တွင် ပွတ်သပ်ခြင်း
(၃)။ တဖန်လက်နှစ်ဖက်ကို မြေပေါ်တွင်ရိုက်ပုတ်၍ လက်နှက်ဖက်ကို တံတောင်ဆစ်အထိ ပွတ်သပ်ခြင်း တို့ဖြစ်သည်။
သယမုမ်၏ နိယသ်မှာ "ကျွန်တော်မျိုး၊ ကျွန်တော်မျိုးမသည် သန့်ရှင်းမှုရရှိရန်အတွက် သယမုမ်ပြုပါသည်။
(သို့မဟုတ်) နမားဇ်ဝတ်ပြုရန်အတွက် သယမုမ်ပြုပါသည်" ဟုရည်စူးလိုက်ပါ။ ရည်စူးခြင်းကို နှုတ်ဖြင့်လည်းရွတ်ဆိုနိုင်သလို စိတ်ထဲမှလည်း မှတ်ယူရည်စူးနိုင်ပါသည်။ နိယသ်ပြုသည့်အချိန်သည် သယမုမ်ပြုရန် လက်နှစ်ဖက်ကို မိမိသယမုမ်ပြုမည့် အရာဝတ္ထုအပေါ်သို့ လက်ဝါးနှစ်ဖက်ဖြင့် ရိုက်လိုက်သည့် အချိန်ဖြစ်ရမည်။ ထိုအချိန်တွင် နိယသ်ရည်စူးမှု ပြုလိုက်ရမည်။

သယမုမ်ပြုရန်အတွက် လုံးဝမြေကြီးဖြစ်နေရန် အရေးမကြီးပါ။ အကယ်၍ သယမုမ်ပြုမည့်သူအတွက် မြေကြီးသက်သက်ရှိခဲ့လျှင်လည်း သယမုမ်ပြုခွင့်ရှိသလို မြေကြီးအမျိုးအစားဖြစ်သည့် ပစ္စည်းများအပေါ်တွင်လည်း သယမုမ်ပြုခွင့်ရှိပါသည်။ စဥ့်ရည် (သို့မဟုတ်) အရောင်တစ်စုံတရာနှင့် အဆီများသုတ်ထားခြင်းမရှိသည့် မြေအိုး၊ မြေတကောင်းများအပေါ်တွင်လည်း သယမုမ်ပြုခွင့်ရှိသည်။ ထို့အတူ ကျောက်ခဲ၊ ထုံး၊ အုတ်ခဲ၊ အင်္ဂတေ၊ သဲ၊ စုရ်မာ၊ မြေနီမှုန့် အစရှိသည်တို့အပေါ်တွင်လည်း သယမုမ်ပြုခွင့်ရှိပေသည်။ မြေကြီးအမျိုးအစားဖြစ်သည့် ပစ္စည်းဟုဆိုရာ၌ ဂျုံ၊ ပြောင်းဆန်၊ သစ်သား၊ အဝတ်စ၊ ကောက်ပဲသီးနှံတို့အပေါ်တွင် သယမုမ်ပြုခွင့်မရှိပါ။ ဖန်ထည်၊ မှန်ထည်များပေါ်တွင်လည်း သယမုမ်ပြုခွင့်မရှိပါ။ ကြွေပြားပေါ်တွင်မရပါ။

အချုပ်ဆိုရသော် သယမုမ်သည် မြေကြီးအမျိုးအစားဖြစ်သည့် အရာပေါ်တွင်သာပြုခွင့်ရှိခြင်းဖြစ်ပြီး မြေအမျိုးအစားမဟုတ်သည့်အရာပေါ်တွင့် သယမုမ်ပြုခွင့်မရှိပါ။ အရာဝတ္ထုသည် မီးထဲထည့်လိုက်ပါက လောင်ကျွမ်းသွားနိုင်လျှင် ထိုအရာသည် မြေအမျိုးအစားထဲမှ မဟုတ်ပါ။ မီးထဲထည့်လိုက်သည့်အခါ လောင်ကျွမ်းမှုမရှိသည့် ပစ္စည်းသာလျှင် မြေအမျိုးအစားပါဝင်သည့်ပစ္စည်းဖြစ်ပါသည်။ ဥပမာ ရွှေ၊ ငွေ၊ ကြေး၊ သတ္တု၊ သစ်သား အစရှိသည့်အရာများသည် မီးထဲထည့်လိုက်လျှင် လောင်ကျွမ်းသွားသဖြင့် ထိုအရာတို့သည် မြေအမျိုးအစားတွင်မပါဝင်ပါ။ အထက်တွင်တင်ပြခဲ့သည့် ကျောက်ခဲ၊ ထုံး၊ မြေအိုး အစရှိသည့်အရာတို့ကို မီးထဲထည့်လျှင် လောင်ကျွမ်းပြာကျသွားခြင်းမရှိသဖြင့် ထိုအရာတို့သည် မြေအမျိုးအစားထဲမှဖြစ်သည်။ ထို့အတူ ပြာအပေါ်တွင်လည်း သယမုမ်ပြုခွင့်မရှိပါ။

သယမုမ်ပြုလုပ်နည်း
(မိမိသယမုမ်ပြုမည့်ပစ္စည်းအပေါ်တွင် မသန့်သည့်အရာများ ကပ်နေခြင်းမရှိရပါ။)
သယမုမ်တွက် ရိုက်ပုတ်ချက် နှစ်ချက်ပါဝင်သည်။
(ပထမရိုက်ပုတ်ချက်)။ ဗိစ်မစ်လ္လာဆို၍ နိယသ်ပြုပြီးနောက် လက်နှစ်ဖက်ကိုဖြန့်၍ လက်ဖဝါးဘက်ဖြင့် မိမိ သယမုမ်ပြုမည့် အရာဝတ္ထုအပေါ်သို့ ရိုက်ပုတ်လိုက်ပါ။ ထို့နောက်လက်နှစ်ဖက်ကိုမ၍ ခါလိုက်ပါ။
(ဖုန်များစွာကပ်လာသည့်အခါ လက်ကိုပြန်ခါရမည်။ ခါရမည့်ပုံစံမှာ လက်ဝါးမှောက်လျှက်အတိုင်း မလိုက်သည့်အခါ ညာဘက်လက်မနှင့် ဘယ်ဘက်လက်မ ဘေးချင်းထိလျှက် ရိုက်ခတ်ပြီး တစ်ချက်ခါရမည်ဖြစ်ပါသည်။) ပြီးနောက် လက်ဖဝါးနှစ်ဖက်လုံးဖြင့် မျက်နှာကို ဆံချည်မျှင် တစ်မျှင်မျှမကျန်အောင် ပွတ်သပ်ရမည်။ မျက်ခုံးထူသူ၊ ဒါရီရှိသူတို့သည် ခိလာလ် (လက်ချောင်းများဖြင့် ဖီးသင်ခြင်း) ကိုလည်းပြုလုပ်ရမည်ဖြစ်သည်။ မျက်နှာ၏ နေရာတစ်ခုလုံးကို အပြည့်အဝပွတ်သပ်လိုက်ရမည်။
(ဒုတိယရိုက်ပုတ်ချက်)။ တဖန်ပထမပုံစံအတိုင်း သယမုမ်ပြုမည့်ပစ္စည်းအပေါ်လက်ဖြင့် ရိုက်၍ ခါပြီးနောက် ဘယ်ဘက်လက်၏ လက်မ၊ လက်ညှိုးနှင့် လက်ဖဝါးကိုချန်၍ ကျန်လက်ချောင်းသုံးချောင်းဖြင့် ညာလက်ကို လက်ချောင်းကလေးများ ထိပ်မှစ၍ တံတောင်ဆစ်အပါအဝင် လက်ဖမိုးဘက်မှနေ၍ ပွတ်သပ်ဆွဲချလိုက်ပါ။ (ဤသို့ဆွဲချရာတွင် ဘယ်ဘက်လက်၏ လက်ချောင်းသုံးချောင်းကို ကန့်လန့်ထား၍ ဆွဲချရမည်။) ထိုပုံစံအတိုင်းပင် ညာလက်ဖြင့် ဘယ်ဘက်လက်ကိုလည်း ပွတ်သပ်လိုက်ပါ။ ထို့နောက် ကျန်ရှိနေသည့် လက်မ၊ လက်ညှိုးနှင့် လက်ဖဝါးတို့ဖြင့် ကျန်ရှိနေသေးသည့် ညာလက်နှင့် ဘယ်လက်တို့၏ လက်ဖဝါးဖက်တစ်လျှောက်လုံးကို ပွတ်သပ်လိုက်ပါ။ (လက်ဖဝါးဖက်ကို သယမုမ်ပြုရာတွင် လက်မနှင့် လက်ညှိုးကို ကွေး၍ လက်ဖျံရိုး၏ ဘေးဘက်အခြမ်းများပါ ပါဝင်စေရန် သတိပြု၍ ပွတ်သပ်ရမည်ဖြစ်သည်။)
သယမုမ်ပြုခွင့်ရရှိမည့် အဓိကအချက်မှာ ရေကို သုံးစွဲနိုင်ခြင်းမရှိရပေ။ ရိုးရိုးရေမဟုတ်ဘဲ ရေနွေးကို သုံးစွဲနိုင်သည့် အခြေအနေတွင် ရေနွေးကို သုံးစွဲရမည်ဖြစ်သည်။ ဝုဇူနှင့် ဂုစုလ် နှစ်မျိုးလုံးအတွက် သယမုမ်ပြုလိုပါက သယမုမ်တစ်ကြိမ်တည်းသည် ၎င်းနှစ်မျိုးလုံးအတွက် လုံလောက်ပါသည်။ (မဇွာဟိရိဟပ်က်ဂျဒီးဒ်)
(သယမုမ်နှင့်သက်ဆိုင်သည့် ပညတ်ချက်အကျယ်တဝန့်ကို အင်န်ရှာအလ္လာဟ် ထပ်မံတင်ပြသွားမည်ဖြစ်ပါသည်။) အလ်မုဖီးဒ်မှ ရေးသားသည်။

Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။