Wednesday, May 14, 2014

အိမ်ထောင်ရှင်တိုင်း ကျင့်သုံးရမည့်အရာများ



(၁)။ အဗူမူစာအရှ်အရီး (ရသွီ)သခင်ဆင့်ပြန်ခဲ့သည်။ မိမိထံ၌ရှိသော ကျွန်မတစ်ဦးအား (ဘာသာရေး)ပညာရပ်များကို ကောင်းစွာ သင်ကြားပေးခဲ့သောသူတစ်ဦး၏ ထူးကဲမွန်မြတ်မှုအကြောင်းကို တမန်တော်မြတ်(ဆွ)က ဟောကြားတင်ပြတော်မူခဲ့သည်။(ဗုခါရီကျမ်း)
ဇနီး၏တာဝန်သည် ပို၍အရေးကြီးသည်။ ထို့ကြောင့် ၎င်းကို ဘာသာရေးနှင့် စပ်လျဉ်း၍ သင်ကြားပို့ချပေးလျှင် ပို၍ကုသိုလ်အကျိုး ရရှိမည်ဖြစ်သည်။

(၂)။ ဆွဟာဗဟ်ကြီး အဗူဟုရိုင်ရဟ်(ရသွီ) သခင်ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ)က မိန့်ခဲ့သည်မှာ ဇနီးများနှင့် ကောင်းစွာဆက်ဆံရန် ငါကိုယ်တော် ဆုံးမပါသည်။ အသင်တို့ ယင်းအဆုံးအမကို လက်ခံကြကုန်။ အကြောင်းမှာ မိန်းမများကို နံရိုးကောက်ဖြင့် ဖန်ဆင်းထားခြင်းဖြစ်သည်။ ထိုအကောက်ကို ဖြောင့်စေရန် ကြိုးစားအားထုတ်လျှင် ကျိုးသွားမည်သာဖြစ်သည်။ ယင်းသည် တွလားက် (ကွာရှင်းခြင်း) ပင်ဖြစ်သည်။ ယခင်အတိုင်းထားလျှင် ကောက်မြဲကောက်၍ နေမည်သာဖြစ်သည်။ ထို့ကြောင့်ဇနီးများနှင့် ကောင်းစွာဆက်ဆံရန် ငါကိုယ်တော် ဆုံးမပါသည်။ ယင်းအဆုံးအမကို အသင်တို့ လက်ခံကြကုန်ဟူ၍ဖြစ်၏။ (ဗုခါရီကျမ်း)

သတိပြုရန်
ဇနီးသည် အစစအရာရာ၌ မိမိ၏အလိုတော်ကျ ဖြစ်လာမည်မဟုတ်ကြောင်းကို ဆိုလိုခြင်းဖြစ်သည်။ ထိုသို့ဖြစ်စေလိုလျှင် အချင်းပွား၍ ကွာရှင်းရသည့် အခြေအနေဆိုးသို့ ရောက်သွားနိုင်ပေသည်။ ထို့ကြောင့် မပြောပလောက်သည့် ကိစ္စများတွင် ၎င်းတို့အားခွင့်လွှတ်ရ၏။ ထို့ပြင် အမျိုးသမီးများအား အလွန်ကြပ်မတ်လျှင် သို့မဟုတ် လုံးဝလျှေုာ့ထားလျှင် ရှိုက်တွာန်က ၎င်းတို့၏နှလုံးသား၌ မသင့်တော်သည်များကို ဖြစ်ပေါ်စေရန် သွေးဆောင်ဖြားယောင်း စေတတ်သည်။ အထူးသတိထားရန် လိုအပ်ပေသည်။

(၃)။ ဟကီးမ်ဗင်န်မုအာဝီယာ သခင်က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်က အို-အလ္လာဟ်တမန်တော်(ဆွ) ဇနီးများနှင့် စပ်လျဉ်း၍ ကျွန်တော်မျိုးတို့၌ မည်သို့ တာဝန်ရှိသနည်းဟု လျှောက်ထားရာ တမန်တော်မြတ်
(ဆွ)က သင်တို့စားလျှင် ၎င်းတို့ကိုလည်းကျွေးပါ။ အသင်တို့ဝတ်ဆင်လျှင် ၎င်းတို့ကိုလည်းဝတ်ဆင်စေပါ။ မျက်နှာကို မရိုက်လေနှင့်။ ဆူပူကြိမ်းမောင်းခြင်း မလုပ်လေနှင့်။ ၎င်းတို့နှင့် မဆက်ဆံဘဲ မနေကြလေနှင့် ဟူ၍ မိန့်ကြားတော်မူလေသည်။ (အဗူဒါဝူးဒ်ကျမ်း)

(၄)။ အဗ္ဗဒုလ္လာဟ်ဗင်န်ဇမ့်ဟ် (ရသွီ) သခင် ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ) မိန့်ခဲ့သည်မှာ အသင်တို့သည် မိမိတို့၏ ဇနီးမယားများကို ကျွန်များကို ရိုက်ပုတ်သကဲ့သို့ ရိုက်နှက်ခြင်း မပြုကြကုန်လင့်။ နေ့ကုန်၍ ညရောက်လာလျှင် အသင်တို့သည် ၎င်းတို့နှင့် ကာမစပ်ယှက်မှုပြုလျှင်လည်း ပြုကြမည်ဖြစ်သည်။ (ထိုအခါ တစ်ဦး၏မျက်နှာကို တစ်ဦးက မည်သို့ ကြည့်ကြမည်နည်း။ ရှက်ဖွယ်ရာပင်မဟုတ်ပါလော။) (ဗုခါရီကျမ်း)

(၅)။ (တမန်တော်မြတ်(ဆွ)၏ ဇနီးတော်) အွမ္မိစလ်မဟ် သခင်မက ဆင့်ပြန်ခဲ့သည်။ ကျွန်မနှင့် မိုင်မူနာဟ် သခင်မသည် တမန်တော်မြတ်(ဆွ)၏ထံပါး၌ ခစားလျက်ရှိကြ၏။ ထိုစဉ် အိဗ်နိအွမ္မိမ(တ်)က်တူးမ်သခင်
(မျက်မမြင်) ရောက်ရှိလာ၏။ ဤအဖြစ်အပျက်သည် "ပရ်ဒါ" အမိန့်ကျရောက်ပြီး နောက်ပိုင်း၌ဖြစ်ခဲ့သည်။ တမန်တော်မြတ်(ဆွ)က အသင်တို့နှစ်ဦးစလုံးသည် အကွယ်၌သွားလိုက်ကြပါဟု မိန့်လေသည်။ ကျွန်မတို့ နှစ်ဦးက ထိုသူသည် မျက်မမြင်တစ်ဦးဖြစ်သည်။ ကျွန်မတို့အား မြင်တွေ့နိုင်သည်လည်းမဟုတ်၊ သိရှိနိုင်သည်လည်းမဟုတ်ဟု လျှောက်ထားရာ တမန်တော်မြတ်(ဆွ)က အသင်မတို့သည်လည်း မျက်မမြင်များဖြစ်ကြသလော။ ၎င်းကို မမြင်တွေ့ပါသလောဟုအမိန့်ရှိလေသည်။
(သိရ်မီဇီးကျမ်း - အဗူဒါဝူးဒ်ကျမ်း) 

မှတ်သားဖွယ်ရာ
ဇနီးမယားနှင့် တစိမ်းယောက်ျား တစ်ဦးနှင့်တစ်ဦး မမြင်တွေ့နိုင်အောင် ဆောင်ရွက်ခြင်းသည် လင်ယောက်ျား၏ တာဝန်ဖြစ်သည်။ အမျိုးသမီးများကို လုံခြုံစွာထားခြင်း၌ အကျိုးများစွာရှိသည်။ လင်ယောက်ျားနှင့် စပ်လျဉ်း၍ ဇနီးမယား၌ရှိသည့် တာဝန်ဝတ္တရားများအကြောင်းကို အောက်၌ ဆက်လက်ဖော်ပြလိုက်ပေသည်။

(၆)။ ဆွဟာဗဟ်ကြီး အဗူဟုရိုင်ရဟ်(ရသွီ) သခင်က ဆင့်ပြန်ခဲ့သည်။ အကယ်၍ ငါကိုယ်တော်သည် တစ်ဦးနှင့်တစ်ဦး "စဂျီဒဟ်" ဦးချခွင့်ပေးထားခဲ့လျှင် ဇနီးမယားများအား ၎င်းတို့၏ လင်ယောက်ျားကို ဦးချရန် အမိန့်ထုတ်ပြန်မည် ဖြစ်ပါသည်ဟု တမန်တော်မြတ်(ဆွ)က မိန့်ကြားခဲ့သည်။ (သိရ်မီဇီးကျမ်း)

ဤသည်ဖြင့် ဇနီး၌ ခင်ပွန်းနှင့် စပ်လျဉ်း၍ အဘယ်မျှ တာဝန်ကြီးကြောင်း သိရပေသည်။

(၇)။ ဆွဟာဗဟ်ကြီး အိဗ်နိအဘီအောင်ဖာ သခင်က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ) မိန့်ခဲ့သည်မှာ မိုဟမ္မဒ်(ဆွ)၏အသက်ကို စိုးပိုင်တော်မူသော အရှင်မြတ်ကို တိုင်တည်၍ ငါကိုယ်တော် မိန့်ကြားပါ၏။ လင်ယောက်ျား၏ တာဝန်ကို မကျေပြွန်သည့်အမျိုးသမီးသည် အလ္လာဟ်အရှင်မြတ်၏ တာဝန်ကိုလည်း ကျေပြွန်သူ မဟုတ်ဟူ၍ဖြစ်၏။ (အိဗ်နိမာဂျဟ်ကျမ်း)

နမာဇ် - ရိုဇာဟ်နှင့် စပ်လျဉ်း၍ တာဝန်ကျေလေပြီဖြစ်ရာ အလ္လာဟ်အရှင်မြတ်၏ တာဝန်ကျေပါပြီဟု မယူဆရ။ လင်ယောက်ျား၏ တာဝန်မကျေလျှင် ထိုတာဝန်သည်လည်း လက်ခံခြင်းခံရလိမ့်မည်မဟုတ်ကြောင်းကို အထူးသတိထားရပေမည်။

(၈)။ ဆွဟာဗဟ်ကြီး အိဗ်နိအိုမရ်(ရသွီ) သခင်က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ)မိန့်ခဲ့သည်မှာ လင်ယောက်ျား၏အမိန့်ကို မနာခံသည့် အမျိုးသမီး၏ နမားဇ်သည် လက်ခံအတည်ပြုခြင်းခံရသည် မဟုတ်ဟူ၍ဖြစ်၏။ (တွိဗ်ရာနီကျမ်း - အောင်စွာတ်)

ထိမ်းမြားခြင်းနှင့် ဇနီးမောင်နှံတို့၏ တာဝန်ဝတ္တရားများအကြောင်းကို တင်ပြခဲ့ပြီးဖြစ်သည်။ အကြောင်းတစ်ခု, ခုက ထိမ်းမြားလက်ထပ်မှုကို အဟန့်အတားပြုနေလျှင် ထိုအခါမျိုး၌ အမျိုးသားအပေါ်၌လည်းကောင်း၊ အမျိုးသမီးအပေါ်၌လည်းကောင်း ထိမ်းမြားလက်ထပ်ရန် တာဝန်မရှိ။ ရှေ့၌ ဤအကြောင်းအရာနှင့် ပတ်သက်သော ဟဒီးစ်တော်အချို့ကို တင်ပြထားပါသည်။

(၉)။ ဆွသာဗဟ်ကြီး အဗူစအီးဒ်(ရသွီ)သခင်က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးသည် မိမိ၏သမီးကို တမန်တော်မြတ်(ဆွ)ထံ ခေါ်ဆောင်ခဲ့သည်။ ကျွန်တော်မျိုး၏ ဤသမီးသည် ထိမ်းမြားရန် ငြင်းဆိုလျက်ရှိသည်ဟု လျှောက်ထားလေသည်။ တမန်တော်မြတ်(ဆွ)က ထိုမိန်းကလေးအား အသင်မသည် (ထိမ်းမြားမှုနှင့်စပ်လျဉ်း၍) ဖခင်၏စကားကို နားထောင်ပါဟု အမိန့်ရှိရာ ၎င်းက ကျွန်မသည် တမန်တော်မြတ်(ဆွ)အား စစ်မှန်သည့်သာသနာတော်ကို ချီးမြှင့်၍ စေလွှတ်တော်မူသော အရှင်မြတ်ကို တိုင်တည်၍ပြောပါ။ ခင်ပွန်းနှင့်ပတ်သက်ပြီး ဇနီး၌မည်သည့်တာဝန်ရှိသည်ကို ကိုယ်တော်မြတ် မ, တင်ပြသမျှ ကာလပတ်လုံးကျမ ထိမ်းမြားမည်မဟုတ်ပါဟု လျှောက်ထားလေသည်။ ထိုအခါ တမန်တော်မြတ်(ဆွ)သည် အရေးကြီးသည့် တာဝန်ဝတ္တရားအချို့ကို ၎င်းအားတင်ပြလိုက်သည်။ ထိုစကားကိုကြားပြီးနောက်အမျိုးသမီးက" ကိုယ်တော်မြတ်ကို စစ်မှန်သည့် သာသနာတော်ဖြင့် စေလွှတ်တော်မူသော အရှင်မြတ်ကို တိုင်တည်ပြီး ကျမပြောပါ၏။ ကျွန်မသည် မည်သည့်အခါမျှ ထိမ်းမြားမည်မဟုတ်ပါ" ဟု လျှောက်ထားလေသည်။ ထိုအခါ တမန်တော်မြတ်(ဆွ) က "အမျိုးသမီးများကို ၎င်းတို့၏ခွင့်ပြုချက်မရရှိဘဲ ထိမ်းမြားပေးခြင်း မပြုလေနှင့်" ဟု အမိန့်ရှိလေသည်။ (ဘဇားရ်)

ခင်ပွန်း၏တာဝန်ကို ကျေပြွန်နိုင်မည်ဟု ၎င်းအမျိုးသမီးအနေဖြင့် မယုံကြည်ခဲ့ချေ။ ​ဤသည်ပင်၎င်း၏ အကြောင်းပြချက်ဖြစ်ပါသည်။ တမန်တော်မြတ်(ဆွ)သည် ၎င်းအား ထိမ်မြားရန်အကြပ်မကိုင်ခဲ့ချေ။

(၁၀)။ ဆွဟာဗဟ်ကြီး အောက်ဖ်ဗင်န်မာလစ်က်အရှ်ဂျအီး သခင်က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ) မိန့်သည်မှာပင်ပန်းမှုကြောင့် မျက်နှာအရောင်အသွေးပင် ပြောင်းလဲသွားသည့် အမျိုးသမီးများနှင့် ငါကိုယ်တော်မြတ်(ဆွ)သည် ကိယာမသ်နေ့၌ လက်ညှိုးနှင့်လက်ခလယ် နီးကပ်စွာရှိနေသကဲ့သို့ နီးကပ်စွာရှိနေမည်။ အလွန်ချောမောလှပသည့် မုဆိုးမကိုဆိုလိုသည်။ (၎င်း၏အချောအလှကို ကြည့်၍ ထိန်းသိမ်းစောင့်ရှောက်သည့်အတွက် မိမိဘဝကို မြှုပ်နှံထားလိုက်သည်။ သူမသည် ထိုကလေးများ အရွယ်ရောက်၍ ခွဲခွါသွားသည့်အထိ (သို့မဟုတ်)သေဆုံးသွားသည့်အထိ ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။
(အဗူဒါဝူးဒ်ကျမ်း)

ဒုတိယ အိမ်ထောင်ပြုလျှင် ကလေးများ ဒုက္ခရောက် ပျက်စီးမည်ကို စိုးရိမ်ရသောအခါမျိုးနှင့် စပ်လျဥ်း၍ အထက်ပါ ဟဒီးစ်တော်က ဆိုထားခြင်းဖြစ်သည်။ ဖော်ပြပါ ဟဒီးစ်တော်နှစ်ပါး၌ အမျိုးသမီးများ၏ အကြောင်းကြီး , ငယ်များနှင့်စပ်လျဉ်း၍ တင်ပြထားသည်။

(၁၁)။ ဆွဟာဗဟ်ကြီး ယဟ်ယားဗင်န်ဝါကစ်ဒ်သခင်က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ)မိန့်ခဲ့သည်မှာ နှစ်ပေါင်းတစ်ရာ့ရှစ်ဆယ် ရောက်ရှိလာသောအခါ (တမန်တော်မြတ်၏ ခေတ်အခါသမယမှစ၍ နှစ်ပေါင်းတစ်ရာ့ရှစ်ဆယ် ကျော်လွန်ခဲ့သောအခါ) ကမ္ဘာလောကကြီး၌ ရှုပ်ထွေးပွေလီမှု များပြားလပေလိမ့်မည်။ ထိုအခါ ငါကိုယ်တော်မြတ်၏ အွမ္မသ်များအနေဖြင့် တစ်ကိုယ်တည်း (ထိမ်းမြားခြင်းမပြုဘဲ) နေထိုင်ပြီး တောင်ထိပ်များသို့ သွားရောက်နေထိုင်ရန် ငါကိုယ်တော်မြတ်က ခွင့်ပြုထားတော်မူသည်ဟူ၏။ (ရဇင်းန်)
ဟဒီးစ်တော်၏ အသေးစိပ်အလိုသဘောကို ရှေ့၌တင်ပြထားသည်။

(၁၂)။ ဆွဟာဗဟ်ကြီးအိဗ်နိမတ်စ်အူးဒ်(ရသွီ)သခင်နှင့် အဗူဟုရိုင်ရဟ်သခင်တို့က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ်(ဆွ)က မိန့်ခဲ့သည်မှာ ခေတ်တစ်ခေတ် ဤသို့ ရောက်ရှိလာပေလိမ့်မည်။ ထိုခေတ်၌ လူတို့သည် မိမိတို့၏ ဇနီးမယားများကြောင့်လည်းကောင်း၊ သားသမီးကြောင့်လည်းကောင်း၊ မိဘကြောင့်လည်းကောင်း၊ ပျက်စီးခြင်းသို့ ရောက်ရှိကြလိမ့်မည်။ ၎င်းမထမ်းဆောင်နိုင်သည့် တာဝန်များကို ထမ်းဆောင်ရန် ၎င်းအား တိုက်တွန်းလိမ့်မည်။ သို့ဖြင့် ထိုသူသည် ထိုလုပ်ငန်းကို လုပ်ဆောင်လေတော့သည်။ နောက်ဆုံး၌ သာသနာကိုပါ လက်လွှတ် ဆုံးရှုံးရတော့သည်။ ထို့နောက် ထိုသူသည် ပျက်စီးခြင်းမလှ ပျက်စီးသွားရတော့သည်။ (ဗိုင်ဟကီကျမ်း)

သာသနာနှင့် အီမာန်ယုံကြည်မှုကို ထိခိုက်စေလိမ့်မည်ဟု စိုးရိမ်ရသော အချိန်အခါမျိုး၏အကြောင်းကို ဟဒီးစ်တော်က ဖော်ပြထားသည်။ ထိုအခါမျိုး၌ ကြံ့ခိုင်မှု နည်းပါးသူများသည် ထိမ်းမြားခြင်းမပြုဘဲ နေကြသည်။ ၎င်းတို့နှင့် စပ်လျဉ်း၍ ဟဒီးစ်တော်လာရှိခြင်းပင် ဖြစ်သည်။

(၁၃)။ ဆွဟာဗဟ်ကြီး အိယားဇွ်(ရသွီ) သခင်က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ)က မိန့်ခဲ့သည်မှာ ငါးဦးသောသူသည် ဂျဟန္နမ် ငရဲဘုံသားဖြစ်သည်။ ၎င်းတို့အနက်မှ တစ်ဦးသည် ဇွဲ သတ္တိဟူ၍မရှိသူဖြစ်သည်။ သူ့ထံ၌ (သာသနာ့) အသိတရားဟူသည်မှာ မရှိ၊ အခြားသူများထံ မှီခိုစားသောက်သည်။ သူ့တွင် ဇနီးသားမယားလည်းမရှိ၊ ဥစ္စာပစ္စည်းလည်းမရှိ။(မွတ်စ္စလင်မ်ကျမ်း)

ဇနီးနှင့်စပ်လျဉ်း၍ လင်ယောက်ျားတစ်ဦးအပေါ်၌ တာဝန်ဝတ္တရားများရှိသလို သားသမီးများနှင့်ပတ်သက်၍လည်း မိဘ၌ တာဝန်ဝတ္တရားများရှိသည်။ ထိုတာဝန်များကိုကျေပြွန်မှ သားသမီးများကမိဘကို ပို၍ ပြုစုစောင့်ရှောက်မည်ဖြစ်သည်။ ဘာသာရေးဆိုင်ရာ တာဝန်ဝတ္တရားများအကြောင်းကို အထက်တစ်နေရာ၌ တင်ပြခဲ့ပြီးဖြစ်သည်။ သားသမီးများ၏ ဘဝသာယာရေးအတွက် လောကီရေးဆိုင်ရာ အတတ်ပညာကို သင်ကြားပေးရန်လည်း ဖခင်ဖြစ်သူထံ၌ တာဝန်ရှိပေသည်။

(၁၄)။  ဆွဟာဗဟ်ကြီး အိဗ်နိအုမရ်(ရသွီ) သခင်က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ)မိန့်ခဲ့သည်မှာ မိမိတို့၏သားများကို လေးပစ်ခြင်းအတတ်၊ ရေကူးခြင်းအတတ်ကို သင်ကြားပေးကြကုန်။ ထို့ပြင် အမျိုးသမီးများကို ဗိုင်းငင်ခြင်းအတတ် သင်ကြားပေးကြကုန်ဟူ၍ဖြစ်၏။ (ဗိုင်ဟကီးကျမ်း)

ဖော်ပြပါ အတတ်ပညာ သုံးမျိုးကို စံနမူနာ သဘောဖြင့်သာ တင်ပြခြင်းဖြစ်သည်။လောကီရေးဆိုင်ရာ၌ လိုအပ်သည့် အတတ်ပညာကို သင်ကြားပေးရန်လည်း ဟဒီးစ်တော်က ဆိုလိုခြင်း ဖြစ်သည်။ 

------------------------------- မုစ်လင်မ်ဘဝလမ်းစဉ် ----------------------------
(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။