Thursday, June 12, 2014

သယမုမ်နှင့်သက်ဆိုင်သည့် ပညတ်ချက်များ (၁)


ဗိစ်မိလ္လာဟိရ်ရဟ်မာန်းနိရ်ရဟီးမ်
(မစာအိလ်မလေ့လာမီအလျင် သိရှိထားရမည့် အချက်အချို့)
ယခုတင်ပြမည့်အကြောင်းအရာသည် သယမုမ်ပိုင်းဆိုင်ရာ ပြုခွင့်ရှိခြင်း၊ မရှိခြင်း၊ သယမုမ်ပြုပိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ သာသနာမှပြသထားသည့် ပညတ်ချက်စည်းကမ်း နည်းလမ်းများကို တင်ပြမည်ဖြစ်ပါသည်။ ပညတ်ချက်ဟူသည် တနည်းဆိုရသော် ဥပဒေပင်ဖြစ်သည်။ ဥပဒေဟူသောဆောင်ပုဒ်အောက်၌ ရေးသားထားသောစာသားများသည် သာမာန်စာသား စာပေများနှင့် မတူညီပါ။ စာသားအဓိပ္ပာယ်၊ စကားလုံးသုံးစွဲပုံ အစရှိသည့်အရာတို့သည် နက်နဲပါသည်။ ထို့ကြောင့် ဥပဒေ၊ ပညတ်ချက်များပါဝင်သည့် အကြောင်းအရာတို့ကို ဖတ်ရှုမည်ဆိုပါက သာမာန်အကြောင်းအရာများပါဝင်သည့် စာပေများကဲ့သို့ မြန်ဆန်စွာနှင့် ရုပ်လုံးပေါ်လောက်ရုံသာ ဖတ်ရှုမည်ဆိုပါက နားလည်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် အကြံပေးလို့သည်မှာ မတ်စ်အလာ(ပညတ်ချက်)များကို ဖတ်ရှုလေ့လာမည်ဆိုပါက အေးဆေးစွာနှင့် အကြောင်းအရာ တစ်ခုကို နားလည်သဘောပေါက် မှတ်မိသည်အထိ နှစ်ကြိမ်၊ သုံးကြိမ်ဖတ်ရမည်။ မိမိနားလည်သည့်ပုံစံနှင့် မတ်စ်အလာမှပြသထားသည့် ပုံစံတို့ လွဲနေပါက စစ်မှန်သည့် အဲဟ်လေစွန္နသ်လမ်းစဉ်ကိုကျင့်သုံးပြီး မိမိနှင့် မဇ်ဟဗ်ခြင်းတူညီသည့် အာလင်မ်ကို မေးမြန်းပါ။
အောက်၌တင်ပြမည့် မတ်စ်အလာများတွင် အခြေအနေတစ်ခု၏ ပင်ရင်းအခြေအနေတို့ကို အခြေခံကာ ပညတ်ချက်များ ပြသထားခြင်းဖြစ်သည်။ ဥပမာ ရေတွင်းဟု အများဆုံးသုံးနှုန်းထားသည်။ ထို့အတူ ခရီးထွက်ခြင်းဟု ဆိုရာဝယ် တောလမ်းခရီးမှ ခြေကျင်လျှောက်သွားခြင်း၊ ခရီးသွားယာဉ်တွင် ရထား၊ အစရှိသည့် ပင်ရင်းပုံစံတို့ဖြင့် ပြသထားသည်။ ထို့ကြောင့် ရေတွင်းအမိန့်တွင် ယခုခေတ်၏ ရေစင်များ၊ ရေတိုင်ကီများ ပါဝင်သည်။ ခရီးထွက်ခြင်းတွင် ခရီးထွက်သည့် ပုံစံအားလုံးကိုဆိုလိုသည်။ ရထားခရီးစဉ်ဟု ဆိုထားခြင်းတွင် ရထား၊ ကား၊ လေယာဉ် စသည့် စီးနင်းနိုင်သည့်ယာဉ်အားလုံးကိုဆိုလိုပါသည်။
အောက်၌တင်ပြထားသည့် မတ်စ်အလာ အမိန့်ပညတ်ချက်တို့တွင် ဖတ်ရှုသူအနေဖြင့် နားမလည်၊ သဘောမပေါက်ခြင်း၊ မိမိဖြစ်ပေါ်နေသည့်အခြေအနေသည် တင်ပြထားသည့် ပညတ်ချက်များ၌ ပါဝင်နေခြင်းမရှိ၊ ဖတ်ရှုသူအနေဖြင့်လည်း သိရှိလိုလျှင် မိမိနှင့်နီးစပ်သည့် အာလင်မ်ကိုသော်လည်ကောင်း၊ (သို့မဟုတ်) haroonrangoni@gmail.com သို့လည်ကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

သယမုမ်ပြုခွင့်ရမည့် ပုံစံများ
(အောက်၌တင်ပြမည့် ပညတ်ချက်များသည် အဲဟ်လေစွန္နသ်ဝလ်ဂျမာအသ်လမ်းစဉ်မှ ဟနဖီမဇ်ဟဗ်ဝင်များအတွက် ဖြစ်ပါသည်။)

၁။ ဝုဇူ(သို့မဟုတ်) ဂုစုလ်ပြုရာတွင် သုံးစွဲရန် လုံလောက်သည့်ရေကို မိမိရှိသည့်နေရာမှ တစ်မိုင်အတွင်း မရရှိဘဲ၊ တစ်မိုင်ထက် ကွာဝေးသော နေရာတွင်မှ ရရှိနိုင်ခြင်း။ (တစ်မိုင်ဟူသည် ရှရ်အီတစ်မိုင်ကို ခေါ်ဆိုပါသည်။)
ရှင်းလင်းချက်။
ဝုဇူ၊ ဂုစုလ်ပြုရန် လုံလောက်သည့် ရေဟုဆိုရာ၌ အနည်းဆုံး ဖရ်ဇ်အချက်များအတွက်သာ သုံးစွဲရန်ပင် လုံလောက်ခြင်းကို ဆိုလိုသည်။ အကယ်၍ ဖရ်ဇ်အချက်များအတွက်သာ သုံးစွဲနိုင်လျှင် ရေလုံလောက်သည်ဟု မှတ်ယူမည်။ (မိမိ၌ရှိသောရေသည် ဝုဇူပြုရန်သာလုံလောက်ပြီး ရေချိုးခြင်းအတွက်မလုံလောက်ခဲ့ပါက ထိုသူ့အနေဖြင့် ရေချိုးခြင်းအစားတွင် သယမုမ်ပြုလိုက်ပါ။ ပြီးနောက်မှ ဝုဇူပြုပါ။ သယမုမ်ကို အရင်ပြုရမည်ဖြစ်သည်။)
ရေမရှိသောနေရာသို့ ရောက်နေ၍ ရေရရှိနိုင်သည့်နေရာကို သိရှိသူက ပြသ၍ ဖြစ်စေ၊ မိမိကိုယ်တိုင်ခန့်မှန်း၍ ဖြစ်စေ၊ တစ်မိုင်အတွင်း ရရှိနိုင်လျှင် ရေကိုရအောင်ယူ၍ ဝုဇူပြုခြင်းနှင့် ရေချိုးခြင်းကို ပြုရပေမည်။
ရေရှိသောနေရာကို ပြမည့်သူမရှိလျှင်သော်လည်းကောင်း၊ မိမိ၏ ခန့်မှန်းချက်အရလည်း ရေရနိုင်မည့်နေရာမှာ တစ်မိုင် (သို့မဟုတ်) ထို့ထက်ဝေးသည်ဟု ယူဆလျှင်သော်လည်းကောင်း
(ထိုအခြေအနေတွင်) ရေရှာရန် တာဝန်မရှိတော့ပေ။ သယမုမ်ပြုခွင့်ရှိ၏။

** ဤနေရာတွင် မိုင်ဟူသည် ရှရ်အီမိုင်ကို ဆိုလိုပါသည်။ ရှရ်အီမိုင်သည် ကိုက် ၂ဝဝဝ (နှစ်ထောင်) (သို့) (၉) ဖာလုံ (၂၀)ကိုက် (သို့) ၁၆ဝ၉ (တထောင့်ခြောက်ရာကိုး) မီတာ၊ (သို့) ၈.၂၈ ကီလိုမီတာ ၈ဝ စင်တီမီတာ ဖြစ်ပါသည်။ ရှရ်အီမိုင်ဟု ဆိုလိုခြင်းအားလုံးတွင် အထက်ပါအတိုင်းတွက်ယူထားသော မိုင်အရေအတွက်သာဖြစ်သည်။ (မုခ်သဆွရွလ်ကုဒုရီ)

ရေရှိသည့်နေရာကိုတော့ သိရှိလိုက်ရသည်။ သို့သော် တစ်မိုင်ထက် ပိုဝေးပါက ထိုမျှအကွာအဝေးထိ သွား၍ ရေကိုရယူရန် ဝါဂျိဗ်မဖြစ်ပါ။ သယမုမ်ပြုလိုက်ခွင့်ရှိသည်။

၂။ ရေရှိသော်လည်း သူတစ်ပါးထံမှ လုယူထားသောရေဖြစ်နေမည်။ (သို့မဟုတ်) တစ်ဦးတစ်ယောက်မှ အပ်နှံထားသောရေဖြစ်နေမည် ဆိုပါက အခြားသော သုံးစွဲရန် ရေမရှိသည့်အခြေအနေတွင် ရေမရှိဟု မှတ်ယူပြီး သယမုမ်ပြုရမည်။ (တစ်နည်းနည်းဖြင့် ရေရနိုင်ပါက သယမုမ်ပြုခွင့်မရှိပါ။)

၃။ ရေ၏ ဈေးနှုန်းတန်ကြေးသည် သာမာန်ထက် အဆမတန် မြင့်မားနေခြင်း။

၎။ ရေဝယ်ယူရန် တန်ကြေးငွေမရှိခြင်း။ (ထိုရေကို အကြွေးရယူနိုင်သည်ဖြစ်စေ၊ မရနိုင်သည်ဖြစ်စေ) ကြွေးရနိုင်သည့်ပုံစံတွင် ထိုအကြွေးကို ပြန်ဆပ်နိုင်သည်ဖြစ်စေ၊ မဆပ်နိုင်သည်ဖြစ်စေ။

သို့သော် မိမိထံတွင် လက်ရှိငွေကြေးရှိနေမည်။ (သို့မဟုတ်) သတ်မှတ်ကာလ တစ်ခုဖြင့် အကြွေးရယူနိုင်ပါက ရေကို အကြွေးရယူရမည်ဖြစ်သည်။

ရေကိုဝယ်ယူသုံးစွဲရမည့်အခြေအနေတွင် ဦးစွာအလကားတောင်းကြည့်ပါ။ မရလျှင် တန်ကြေးပေးဝယ်ပါ။ အကြွေးပေးဝယ်စရာမလိုအပ်ပါ။ ဝယ်လိုက ဝယ်နိုင်ပါသည်။ အကြွေးဖြင့်ဝယ်ကိုဝယ်ရမည်ဟု သတ်မှတ်မထားပါ။ တန်ကြေးသည်လည်း တတ်နိုင်သည့်တန်ကြေးကို ဆိုလိုပါသည်။ မတန်တဆဈေးမြှင့်ထားခြင်းကို မဆိုလိုပါ။

၅။ ရေသုံးစွဲလိုက်ခြင်းဖြင့် ရောဂါတစ်ခုခုဖြစ်သွားနိုင်ခြင်း၊ သို့မဟုတ် ရောဂါထပ်တိုးသွားနိုင်မည်ဟု စိုးရိမ်ရခြင်း။
အကယ်၍ ရေသုံးစွဲပါက ကျန်းမာရေးရရှိမှုတွင် နှောင့်နှေးကြန့်ကြာနိုင်မည်ဟု စိုးရိမ်ရပါက သယမုမ်ပြုခွင့်ရှိသည်။ (ထိုအခြေအနေအတွက် ဆရာဝန်၏ တိကျသောညွှန်ကြားချက်နှင့် ခိုင်လုံသည့် အခြေအနေရှိရမည်ဖြစ်သည်။)

၆။ အအေးဓာတ် အလွန်ပြင်းထန်နေမည်။ ထိုအချိန် ရေသုံးစွဲပါက ကိုယ်ခန္ဓာအစိတ်အပိုင်း တစ်ခုခုတွင် ချို့ယွင်းမှုဖြစ်သွားမည်။ သို့မဟုတ် ရောဂါဖြစ်သွားမည်ကို စိုးရိမ်ရမည်။ ရေနွေးလည်း မရရှိနိုင်ပါက ထိုအခြေအနေတွင် သယမုမ်ပြုခွင့်ရှိသည်။ (ရေနွေးရရှိနိုင်ပါက သယမုမ်ပြုခွင့်မရှိပါ။)

၇။ ရေရယူရာတွင် ရန်သူကို စိုးရိမ်ရမည်။ သားရဲတိရိစ္ဆာန်၏ အန္တရာယ်ကို ကြောက်ရွံ့ရမည်။ ဥပမာ ရေရှိသည့်နေရာသို့ သားရဲတိရိစ္ဆာန်များ လာရောက်ကြသည်။ သို့မဟုတ် ရှိနေမည်။ သို့မဟုတ် ရေရှိသည့်နေရာကို သွားပါက သူခိုး၊ ဓားပြတို့၏ရန်ကို စိုးရိမ်ရမည်။ သို့မဟုတ် မိမိသည် တစ်ဦးတစ်ယောက်အား အကြွေးပေးရန် တာဝန်ရှိနေသည်။ ထိုနေရာသို့ သွားပါက ထိုအကြွေးရှင်က သိက္ခာကျအောင်လုပ်မည် (သို့) မိမိအပေါ် တစ်ဦးဦးက ရန်ညှိုးထားသည်။ အကယ်၍ မိမိအနေဖြင့် ရေသွားရောက်ယူငင်ရာတွင် ၎င်းတို့က မိမိအား ဖမ်းချုပ်လိုက်မည်ကို စိုးရိမ်ရလျှင်။ (သို့) ဒုက္ခတစ်စုံတစ်ရာပေးလိုက်မည်။ (သို့) ရေသည် ဆိုးသွမ်းယုတ်မာသူ ထံတွင်သာရှိနေမည်။ အမျိုးသမီးအနေဖြင့် ၎င်းထံသွား၍ ရေယူပါက မိမိ၏ အရှက်သိက္ခာကို ထိခိုက်လိုက်နိုင်သည်ဟု စိုးရိမ်ရလျှင်။ အထက်ပါ အခြေအနေအားလုံးတွင် သယမုမ်ပြုလုပ်ခွင့်ရှိသည်။

၈။ ရေတော့ရှိသည်။ သို့သော် အစားအသောက် ချက်ပြုတ်ရာတွင် သုံးစွဲရန်၊ သောက်သုံးရန် အတွက်လောက်သာ ရှိသည်။ ထိုရေဖြင့် ဝုဇူ၊ ဂုစုလ် ပြုလိုက်ပါက စားသောက်၊ ချက်ပြုတ်ရာတွင် အခက်အခဲဖြစ်သွားမည်။ (သို့) ရေရှိသည်။ ထိုရေဖြင့် ဝုဇူ၊ ဂုစုလ်ပြုလိုက်ပါက ရေသောက်ရန် မရှိတော့ပေ။ ရေဆာလောင်မှုကို ခံစားရမည်။ ကိုယ်တိုင် ရေဆာလောင်သည်ဖြစ်စေ၊ အခြားသူက ရေဆာလောင်သည်ဖြစ်စေ။ တိရိစ္ဆာန်များအတွက် တိုက်ကြွေးဖို့ ရေမလုံလောက်တော့သည်ဖြစ်စေ။ (အကယ်၍ တိရိစ္ဆာန်များအတွက် သုံးစွဲပြီးသားရေ (ဥပမာ ဝုဇူပြုပြီး ကျသောရေကို ခံ၍တိုက်ကြွေးနိုင်ပါက တိရိစ္ဆာန်အတွက် ရေမလုံလောက်ဟု မမှတ်ယူပါ။) အထက်ပါအခြေအနေများတွင် သယမုမ်ပြုခွင့်ရှိသည်။

၉။ ရေတွင်းထဲမှ ရေငင်ရန် မည်သည့်ပစ္စည်းမျှ မရှိပေ။ ရေတွင်းထဲသို့ အဝတ်တစ်စုံတစ်ရာကို ထည့်၍ ရေဆိုစေပြီး ထိုအဝတ်ကို ပြန်ယူကာ ညှစ်၍ ကျလာသောရေဖြင့် သန့်ရှင်းမှု ရယူနိုင်သည်။ သို့သော် ထို့သို့ပြုလုပ်ရန် အဝတ်အထည်လည်း မရှိပေ။ (သို့) ရေတိုင်ကီ၊ ရေစင်၊ စဥ့်အိုး အစရှိသည့် အရာများတွင် ရေရှိသည်။ သို့သော် ထိုအရာတို့မှ ရေထုတ်ယူရန် မည်သည့်ပစ္စည်းမှ မရှိပေ။ ရေရှိနေသည့် အိုး၊ တိုင်ကီ၊ ရေစင်တို့ကိုလည်း စောင်း၍၊ မှောက်၍ ရေယူရန်လည်းမဖြစ်နိုင်ပေ။ ထိုပုံစံများတွင် သယမုမ်ပြုနိုင်သည်။

ထိုအရာတို့တွင် ရေအပြည့်ရှိသည်။ သို့သော် ခပ်ယူသုံးစွဲရန် မိမိ၏ လက်နှစ်ဖက်စလုံးတွင် အညစ်အကြေးများ ရှိနေပြီး သူ့၏ လက်ကို (ရေခပ်၍) ဆေးကြောပေးမည့်သူလည်းမရှိပေ။ ယင်းအခြေအနေတွင် ဦးစွာ မြေကြီးဖြင့်လက်နှစ်ဖက်အား သန့်စင်ပြီးခါထုတ်ပါ။ ပြီးလျှင် ဘယ်ဘက်လက်၏ လက်ချောင်းထိပ်လေးများဖြင့် ရေထဲနှိုက်ပြီး ညာလက်အားသန့်စင်အောင်ဆေးပါ။ ပြီးလျှင် ညာလက်ဖြင့်ဘယ်လက်အားဆေးကြောပါ။ ထို့နောက်သေချာစွာရေခပ်ယူပြီး ဝုဇူပြု သန့်စင်မှုကိုရယူရမည်ဖြစ်သည်။

၁၀။ ဝုဇူ (သို့) ဂုစုလ်ပြုရာတွင် ကဇာပြန်ဖတ်လို့မရမည့် နမားဇ် လွတ်သွားမည်ကို စိုးရိမ်ရခြင်း။ ဥပမာ အီးဒ်နမားဇ်၊ ဂျနာဇာနမားဇ်

၁၁။ ရေရှိသည်ကို မေ့လျော့နေခြင်း။ (မိမိထံပါးတွင် ရေရှိသည်ကို မေ့နေ၍ ရေမရှိဟုသာ မှတ်ယူထားပြီး သယမုမ်ပြုလုပ်လိုက်သည်။ နမားဇ်အချိန်အတွင်း၌ပင် ရေကိုသတိရပါကလည်း ပထမဖတ်ရွတ်ခဲ့သည့် နမားဇ်သည် မှန်ကန်ပေသည်။ ပြန်လည်ဖတ်ရွတ်ရန် မလိုအပ်ပါ။)

** သယမုမ်ပြုလုပ်သည့်အချိန် သတိပြုရမည့် အချက်များ **
၁။ သယမုမ်ပြုသည့်အခါ နိယသ်ပြုရန် ဖရ်ဇ်ဖြစ်သည်။ မသန့်ရှင်းမှုကြောင့် သယမုမ်ပြုခြင်းဖြစ်လျှင် ထိုအရာမှ သန့်ရှင်းမှုရယူပါသည်ဟု နိယသ်ပြုရမည်။ သို့မဟုတ် တစ်ခုတစ်ခုအတွက် ရည်စူးပြီး သယမုမ်ပြုခြင်းဖြစ်ပါက ထိုအရာအတွက် နိယသ်ပြုရမည်။ ဥပမာ ဂျနဇာနမားဇ်အတွက် သယမုမ်ပြုပါသည်။ ကုရ်အာန်ဖတ်ရွတ်ရန်အတွက် သယမုမ်ပြုပါသည်။ (ယင်းကဲ့သို့ ရည်စူးခြင်းကို ဆိုလိုပါသည်။) မသန့်ရှင်းမှုကြောင့် ပြုထားသည့်သယမုမ်နှင့် သန့်ရှင်းမှုရှိမှ ပြုပိုင်ခွင့်ရှိသည့် အေဗာဒသ်တို့အတွက် ပြုလုပ်ထားသည့် သယမုမ်တို့ဖြင့်သာ နမားဇ်ဝတ်ပြုခွင့်ရှိသည်။

(သန့်ရှင်းမှုရှိမှ ပြုပိုင်ခွင့်ရှိသည့် အေဗာဒသ်တို့အတွက် ပြုလုပ်ထားသည့် သယမုမ်ဆိုသည်မှာ ဥပမာ ဂျနာဇာနမားဇ်ဝတ်ပြုရန်၊ သွဝါးဖ်လှည့်ရန်၊ ကုရ်အာန်ကျမ်းမြတ်တွင် စဂ်ျဒဟ်အာယသ်ဖတ်၍ စဂ်ျဒဟ် သိလာဝသ်ပြုရန်အတွက် သယမုမ်ပြုထားခြင်း အစရှိသည်တို့ကို ဆိုလိုသည်။ စလာမ်ပေးရန် ပြုထားသော သယမုမ်ဖြင့် နမားဇ်ဝတ်ပြုခွင့်မရှိပါ။ စလာမ်ကို သန့်ရှင်းမှု မရှိလျှင်လည်း ပေးခွင့်၊ ယူခွင့် ရှိသောကြောင့်ဖြစ်သည်။)

၂။ သယမုမ်ပြုလုပ်သည့်အခါ လက်ဖြင့် ပွတ်သပ်ရသည့် ခန္ဓာကိုယ်အစိတ် အပိုင်းတို့မှ မြေကြီးရောက်ရှိရန် အဟန့်အတားဖြစ်စေသော အရာများကို ဦးစွာဖယ်ရှားပစ်ရန် ဖရ်ဇ်ဖြစ်သည်။ ဥပမာ အဆီများပေကျံနေခြင်း၊ စီးကပ်သောအရာများပေကျံနေခြင်း

၃။ ကြပ်နေသောလက်စွပ်၊ နှာခေါင်းကပ်၊ နားကပ်၊ လက်ကောက်၊ လက်ပတ်တို့ကို ချွတ်ပြီးမှ သယမုမ်လုပ်ရန် ဝါဂျိဗ်ဖြစ်ပါသည်။

၎။ ရေရှိသည် (သို့မဟုတ်) ရေရရှိနိုင်မည်ဟု အကြောင်းခံ၊ နမိတ်လက္ခဏာတစ်ခုခုဖြင့် သိရှိရပါက ရေကို ခြေလှမ်းပေါင်း တစ်ရာအထိ ကိုယ်တိုင်သွားရောက်ရှာဖွေခြင်း (သို့) ရှာဖွေရန်စေလွှတ်ခြင်းသည် ဝါဂျိဗ်ဖြစ်ပါသည်။

၅။ အခြားသူတစ်ယောက်ထံတွင် ရေရှိသည်။ တောင်းလျှင် ပေးမည်ဟုလည်း မျှော်လင့်ရပါက တောင်းခံရန် ဝါဂျိဗ်ဖြစ်သည်။

၆။ တမန်တော်မြတ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်) သယမုမ်ပြုလုပ်ခဲ့သည့် အစီအစဉ်အတိုင်း သယမုမ်ပြုခြင်းသည် စွန္နသ်ဖြစ်သည်။ ဦးစွာ မျက်နှာကို မစဟ်ပြုရမည်။ ထို့နောက် လက်နှစ်ဖက်ကို မစဟ်ပြုရမည်။

၇။ မျက်နှာကိုမစဟ်ပြုသည့်အခါ ဒါရီ(မုတ်ဆိတ်)ကိုပါ ခိလာလ်ပြုခြင်းသည် စွန္နသ်ဖြစ်သည်။

၈။ နမားဇ်အချိန်နောက်ဆုံးအထိ ရေရရှိနိုင်သည်ဟု ယုံကြည်ချက်များနေပါက နောက်ဆုံးအချိန်အထိ ရေကိုစောင့်ဆိုင်းခြင်းသည် မုစ်သဟဗ်ဖြစ်သည်။ (ဥပမာ ရေတွင်းထဲမှ ရေခပ်ယူရန် ကြိုး၊ ပုံးတို့ကို ရရှိနိုင်သည်။ ရထားခရီး၊ ကားဖြင့် ခရီးသွားနေရာတွင် ဘူတာ (သို့) ကားရပ်နားမည့်နေရာတွင် ရေရရှိနိုင်မည်ဟု မျှော်လင့်ရခြင်းတို့ဖြစ်သည်။) ယင်းသို့ရရှိနိုင်ခြင်းကို နမားဇ်အချိန်ကုန်ခါနီးမှ ဖြစ်နိုင်သည်ဟု မှတ်ယူရပါက စောင့်ဆိုင်းရန် မုစ်သဟဗ်ဖြစ်၍ ကုန်ဆုံးသွားသည်အထိ မဖြစ်စေရပေ။

၉။ သယမုမ်ပြုရသည့်အကြောင်းခံသည် လူတို့ကြောင့်ဖြစ်ခဲ့ပါက ယင်းအကြောင်းခံမရှိတော့သည့်အခါ သယမုမ်ဖြင့် ဖတ်ခဲ့သည့်နမားဇ်အားလုံးကို ပြန်ဖတ်ရမည်။ ဥပမာ ထောင်ကျနေသူကို ထောင်မှုးက ရေမပေးပေ။ သို့မဟုတ် အသင်ဝူဇူလုပ်ပါက အသင့်ကို ရိုက်နှက်မည်။ ထိုကဲ့သို့သော် အခြေအနေမျိုးကို ဆိုလိုပါသည်။

၁၀။ နေရာတစ်ခုတည်းမှ မြေကြီးခဲ၊ အုတ်ခဲ (သယမုမ်ပြုခွင့်ရှိသည့်မည်သည့်အရာမဆို) တို့မှ လူများစွာ တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက် သယမုမ်ပြုခွင့်ရှိသည်။

၁၁။ အကြင်သူအနေဖြင့် ဝူဇူပြုရန်၊ သယမုမ်ပြုရန် နှစ်ခုစလုံးအပေါ်တွင် လုပ်ဆောင်နိုင်စွမ်းမရှိပေ။ (ရေမရှိသည်ဖြစ်စေ၊ သယမုမ်ပြုရန် မည်သည့်ပစ္စည်းမှ မရှိ၍ဖြစ်စေ၊ ကျန်းမာရေးကြောင့်ဖြစ်စေ) ထိုအခြေအနေမျိုးတွင် သွဟာရသ်မရှိဘဲ နမားဇ်ဝတ်ပြုလိုက်ရမည်။ တဖန် သွဟာရသ်ရယူနိုင်သည့် အခြေအနေတွင် ဖတ်ခဲ့သည့်နမားဇ်ကို ပြန်ဖတ်ရမည်။

ဥပမာ ကား၊ ရထား၊ လေယာဉ် စီးနင်းသွားနေသည်။ နမားဇ်အချိန်လည်းကျရောက်လာသည်။ သို့သော် ဝူဇူပြုရန် ရေလည်းမရှိ၊ သယမုမ်ပြုနိုင်သည့် မည်သည့်ပစ္စည်းမှလည်း မရှိပေ။ ခရီးစဉ်ပြီးဆုံးသည်အထိစောင့်ဆိုင်းပါကလည်း နမားဇ်အချိန်ကုန်ဆုံးသွားမည်။ ထိုကဲ့သို့အခြေအနေတွင် သွဟာရသ်မပါဘဲနှင့် နမားဇ်ကို ဆောက်တည်လိုက်ရမည်။ ထို့အတူ ထောင်အကျဉ်းကျနေသူ၊ ယင်းနည်းတူ အခက်အခဲထဲတွင် ကျရောက်နေသူများသည် နမားဇ်ကို မလွှတ်ဘဲ သွဟာရသ်မရှိသည့်အတိုင်းပင် ဆောက်တည်လိုက်ရမည်။ သွဟာရသ်ပြုနိုင်သည့်အခါတွင် ထိုဖတ်ခဲ့သည့်နမားဇ်အားလုံးကို ပြန်ဖတ်ရမည်ဖြစ်ပါသည်။
(မဇွာဟိရိဟတ်က် ဂျဒီးဒ် တွဲ ၁/ ဗာဗွသ်သယမုမ်/ စာ ၃၈၃၊ ၄၊ ၅ )
((အလ်မုဖီးဒ် မှ ဘာသာပြန်ဆိုသည် / အမှားအယွင်းနှင့် ချွတ်ချော်မှု တစုံတရာတွေ့ရှိပါက ဘာသာပြန်ဆိုသူ၏ အားနည်းမှုကြောင့်သာ ဖြစ်ပါသည်။ အီးမေးလ် (သို့) Page ချက်ဘောက်စ် မှ မေးမြန်းနိုင်ပါသည်။))
အလ်မုဖီးဒ်
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။