Sunday, June 29, 2014

အစ္စလာမ်သာသနာတော်နှင့် ဆွီယာမ်ဥပုသ်သီလ ဆောက်တည်ခြင်းအကြောင်း (၂)


တောင်းဆုဒိုအာများလက်ခံခြင်းနှင့် ရှိုင်သွာန်များအား ချုပ်နှောင်ထားခြင်း

ဟဇ်ရသ်အလီ (ရသွီ့) သခင်က ဆင့်ပြန်ခဲ့သည်။ ရမ်ဿွာန်လ၏ ပထမညသို့ရောက်သောအခါ တမန်တော်မြတ်(ဆွ)သည် တရားစကားများမိန့်ကြားတော်မူရန်အတွက် မတ်တပ်ရပ်တော်မူသည်။ ပြီးနောက် အလ္လာဟ်အရှင်မြတ်အား ချီးမွှမ်းထောပနာပြုပြီး မိန့်ကြားတော်မူသည်မှာ အို . . . . လူသားတို့ အသင်တို့ဘက်မှ အသင်တို့ရန်သူ (ဂျင်န်နာသ်၊ ရှိုင်သွာန်)များအတွက် အလ္လာဟ်အရှင်မြတ်သည် လုံလောက်ပေသည်။ ၎င်းနောက် အလ္လာဟ်အရှင်မြတ်သည် လုံလောက်ပေသည်။ ၎င်းနောက်အလ္လာဟ် အရှင်မြတ်သည် လုံလောက်ပေသည်။ ၎င်းနောက်အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ တောင်းဆုဒိုအာများအား လက်ခံရန် ကတိပြုထားပြီးဖြစ်သည်။ ကျမ်းတော်မြတ်ကုရ်အာန်ထဲတွင် အရှင်မြတ်ကမိန့်မြွတ်ထားသည်မှာ ငါအရှင့်ထံတော်ပါး၌ တောင်းဆိုကြကုန်လော့၊ ငါအရှင်အသင်တို့၏ တောင်းဆုဒိုအာများကို လက်ခံတော်မူအံ့။ (ကုရ်အာန်)
ကောင်းစွာနားဆင်ကြလော့ အလ္လာဟ်အရှင်မြတ်သည် ဆိုးသွမ်းသောရှိုင်သွာန်တိုင်းအပေါ်၌ ဖရစ်ရှ်သာ (၇)ပါးအား ထိန်းသိမ်းရန်အတွက် သက်မှတ်ပေးထားသည်။ ဤသည်ကြောင့် ယခုမှစ၍ ရမ်ဿွာန် ကုန်ဆုံးသည်အထိ ချုပ်နှောင်ထားခြင်းခံရပေမည်။ ၎င်းနောက်ဤသည်ကိုလည်း နားဆင့်လော့ . . . ရမဿွာန်လမြတ်ရဲ့ ပထမဆုံးညမှနောက်ဆုံးညတိုင်အောင် မိုးကောင်းကင်၏ တံခါးများကို ဖွင့်လှစ်ပေးထားမည်။ ၎င်းနောက်ဤလမြတ်၌ တောင်းဆုဒိုအာများ လက်ခံသည်။ ရမ်ဿွာန်လရဲ့ နောက်ဆုံး (၁၀)ရက်၏ ပထမညကို ရောက်သောအခါ တမန်တော်မြတ် (ဆွ) သည် များသောအားဖြင့် မိမိ၏အချိန်အား အေဗာဒသ်၌သာမွှေ့လျော့နေရန်အတွက် မိမိ၏ အိမ်သူသက်ထားများနှင့် တသီးတခြား နေထိုင်ခဲ့သည်။ ညလုံးပေါက်နိုးကြားနေရန်ကြိုးပမ်းခဲ့သည်။

နေ့နှင့်ည လူဦးရေသိန်းပေါင်းများစွာ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း

ဟဇရသ် အဗ်ဒွလ္လာဟ်ဗင်န်မတ်စ်အူးဒ် (ရသွီ့)သခင်က ဆင့်ပြန်သည်။ ရစူလ်ကိုယ်တော်မြတ် (ဆွ) မိန့်ကြားတော်မူသည်မှာ ရမဿွာန်လ၏ ပထမညသို့ရောက်သောအခါ ဂျန္နသ်၏ တံခါးပေါက်များ ဖွင့်ခြင်းခံရပေမည်။ (၎င်းနောက် တစ်လလုံးလုံး ဤတံခါးများအား ဖွင့်လှစ်ထားမည်။) ထိုတံခါးများမှ တစ်ခုတစ်လေမျှပင် ရမ်ဿွာန်လမကုန်ဆုံးမီ ပိတ်လိမ့်မည်မဟုတ်ပေ။ ၎င်းနောက် ဂျဟန္နမ် တံခါးပေါက်များ ပိတ်ခြင်းခံရမည်။ (၎င်းနောက်တစ်လလုံးလုံး ဤတံခါးများအား ပိတ်ထားမည်။) ဤလအတွင်း၌ ဂျဟန္နမ်၏ တံခါးပေါက်တစ်ခုတစ်လေမျှပင် ဖွင့်လိမ့်မည်မဟုတ်ပေ။ ၎င်းနောက်ဆိုးသွမ်းသော ရှိုင်သွာန်များအား ချုပ်နှောင်ထားလိမ့်မည်။ ၎င်းနောက် ရမ်ဿွာန်လ၏ ညတိုင်း၌ အသံပြုသူတစ်ဦးက တစ်ညလုံး အာရုဏ်ဦးရောက်သည်အထိ အသံပြုနေမည်မှာ အို . . . ကောင်းမှုပြုလုပ်ရန် လိုလားသူအပေါင်းတို့ ကောင်းမှုများပြုလုပ်ရန် ရည်ရွယ်ရင်း ပျော်ရွှင်နေပါလော့။ အို . . . မကောင်းမှုပြုလုပ်သူတို့ မကောင်းမှုများမှ ကြဉ်ရှောင်ကြကုန်လော့။ ၎င်းနောက် ဤကဲ့သို့လည်း အသံပြုနေမည်ဖြစ်သည်။ ပြစ်မှုများမှ လွတ်ငြိမ်းချမ်းသာခွင့် ရယူလိုသူရှိပါ၏လော! ထိုသူ၏ ပြစ်မှုများကို လွတ်ငြိမ်းချမ်းသာခွင့် ချီးမြှင့်တော်မူအံ့။ သောင်ဗဟ်အမှားဝန်ခံလိုသူရှိပါ၏လော!့ ထိုသူ၏ သောင်ဗဟ် အမှားဝန်ခံမှုကို ငါအရှင်လက်ခံတော်မူအံ့။ ဆုမွန်ဒိုအာတောင်းခံလိုသူရှိပါ၏လော!့ ထိုသူ၏ တောင်းဆုဒိုအာကို လက်ခံတော်မူအံ့။ ငါအရှင်ထံမှ တစ်စုံတစ်ရာ တောင်းခံလိုသူရှိပါ၏လော့!ထိုသူ၏တောင်းဆိုမှုကို ပြည့်ဝစေတော်မူအံ့။ ၎င်းနောက် ရမ်ဿွာန်လ၏ နေ့စဉ်နေ့တိုင်း ဝါလွှတ်သည့်အချိန်၌ ခြောက်သောင်းသော လူဦးရေကို ဂျဟန္နမ်မှ လွတ်ငြိမ်းခွင့်ချီးမြှင့်ပေးသနားတော်မူအံ့။ အီဒွလ်ဖိသိရ်နေ့သို့ ရောက်လာသောအခါ အလ္လာဟ်အရှင်မြတ်သည် ရမ်ဿွာန်လအစမှ အဆုံးတိုင် နေ့စဉ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့်အရေအတွက်အားလုံးကို ပေါင်း၍ တစ်ရက်တည်း၌ပင် လွတ်ငြိမ်းချမ်းသာခွင့်ကို ချီးမြှင့်တော်မူအံ့။ (ဆိုလိုသည်မှာ အီးဒ်နေ့တွင် ခြောက်သောင်း အကြိမ်သုံးဆယ် စုစုပေါင်း (၁၈)သိန်းကို တစ်ရက်တည်းတွင် လွတ်ငြိမ်းချမ်းသာခွင့် ချီးမြှင့်တော်မူပေမည်။) (စုဗဟာနလ္လာဟ်)

လမြတ်ရမဇာန်၏ ထွတ်မြတ်မှု

ရမဿွာန်လမြတ်သည် အလွန်မွန်မြတ်သော လတစ်လဖြစ်ရုံသာမက ၎င်းလမြတ်၌ပြုကျင့်သော အမလ်အေဗာဒသ်တိုင်းသည်လည်း အလွန်အကျိုးထူးပေသည်။ ၎င်းလမြတ်၏ အေဗာဒသ်များအနက် သရာဝီးဟ်ဆွလာသ်ဝတ်ပြုခြင်းသည်လည်း အလွန်အရေးကြီး၍ အကျိုးစဝါးဗ်အမြောက်အမြားရရှိသော အေဗာဒသ်တစ်ခုဖြစ်သည်။ ၎င်းဆွလားသ်သည်ရကအသ် (၂ဝ) ဖြစ်လေသည်။ သရာဝီးဟ်ဆွလားသ်ဝတ်ပြုခြင်းသည် စွန္နသ်မုအက္ကဒဟ်ဖြစ်သည်။ အမျိုးသား/အမျိုးသမီးအားလုံးအတွက် အမိန့်ပညတ်ချက်တစ်ခုတည်းပင်ဖြစ်သည်။ သရာဝီးဟ်ဆွလားသ်သည် ရကအသ် (၂ဝ) ဖြစ်သည်။ ၎င်းပြင် ဤရကအသ် (၂ဝ)သည်လည်း တမန်တော်မြတ်(ဆွ)နှင့် အဆ်ွဟာဗ်တော်သာဝကကြီးများမှ အတည်ဖြစ်ခဲ့သည်။ ဒီ့အတွက်ကြောင့် သာဗိအီးန်များ၊ အအိမ်မာအေမုဂ်ျသဟိဒီးန် အိမာမ်အဘူဟနီဖဟ်(ရဟ)၊ အိမာမ်ရှာဖိအီ(ရဟေ့)၊ အိမာမ်အဟ်မဒ်ဗင်န်ဟန်ဗလ်(ရဟေ့) တို့ထံတွင် သရာဝီးဟ်ဆွလာသ်သည် ရကအသ် (၂ဝ) ဖြစ်သည်။ အိမာမ်မာလိက်(ရဟေ့)၏ အဆိုတစ်ခုအရလည်း သရာဝီးဟ်ဆွလာသ်သည် ရကအသ် (၂ဝ) ပင်ဖြစ်သည်။ ထိုမဇ်ဟဗ်ကြီးလေးခု၏ အိမာမ်ကြီးလေးပါးသည် သရာဝီးဟ်ဆွလာသ်အား 
ရကအသ် (၂ဝ)ထက်လျော့နည်း၍ မရွေးချယ်ခဲ့ပေ။ ဤအဆိုသည် ဖေကာဟ်ဓမ္မသတ်ပညာရှင်အများစု၏ အဆိုဖြစ်သည်။ ယနေ့တိုင်အောင် ကမ္ဘာ့အရှေ့ဖျားမှကမ္ဘာ့ အနောက်ဖျားတိုင်အောင် လောကတစ်ခွင်လုံးတွင်  အွမ္မသ်အများအပြား ညီညွတ်သော အမလ်ဖြစ်သည်။ ယနေ့တိုင်အောင် မတ်စ်ဂျိဒ်ဟရာမ်ကအ်ဗဟ်ကျောင်းတော်ကြီးနှင့် မဒီနဟ်ရွှေမြို့တော်ရှိ မတ်စ်ဂျိဒီနဗဝီဝတ်ကျောင်းတော်ကြီးတို့တွင် သရာဝီးဟ်ဆွလာသ်ရကအသ် (၂ဝ)သာလျှင် ဝတ်ပြုကြသည်။ သရာဝီးဟ်ဆွလာသ်(၈) ရကအသ်ဝတ်ပြုသူသည် အလွန်နည်းပါး၍ ဤသည်လည်း မှားယွင်းမှုတစ်ခုသာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အကြင်ရိဝါယသ်တွင်(၈)ရကအသ်ဟုလာရှိသည်။ ထိုရိဝါယသ်သည်သဟ်ဂျွဒ်ဆွလားသ်ကို ဆိုလိုသည်။ သရာဝီးဟ်ဆွလာသ်ကိုဆိုလိုခြင်းမဟုတ်ပေ။ ဤဆွလားသ် (၂)မျိုးသည် သီးခြားစီဖြစ်သည်။
ဟဒီးစ် ဟဇရသ်အိဗ်နုအဗ်ဗါးစ် (ရသွီ)သခင်က ဆင့်ပြန်ခဲ့သည်။ ရမ်ဿွာန်လမြတ်တွင် နဗီတမန်တော်မြတ်(ဆွ)သည် သရာဝီးဟ်ဆွလာသ် ရကအသ်(၂ဝ)နှင့် ဝိသ်ရ်ဆွလားသ်အား ၀တ်ပြုလေ့ရှိခဲ့သည်။ ကြည့် - ဖိက်ဟီးမစာအိလ်ကျမ်း၊ စာမျက်နှာ၊ ၂၇၇-၂၇၈၊ တွဲ-၁
သရာဝီးဟ်ဆွလာသ်သည် ရကအသ် (၂ဝ) ဖြစ်ကြောင်းလာရှိသည့်အခြားသော ဟဒီးစ်တော် အမြောက်အမြားလာရှိပေသေးသည်။ဟဒီးစ်ကျမ်းကြီးများတွင်လေ့လာနိုင်သည်။

ရိုဇဟ် ပျက်စေသောအချက်များ

ရိုဇဟ် ပျက်စေသောအချက်များမှာ နှစ်မျိုးရှိ၏။ တစ်မျိုးမှာ - ရိုဇဟ်ပျက်၍ ထို(၁)ရက်အစား ကဿွာ(၁)ရက်သာ ပြန်ဖြည့်ရ၏။ ဒုတိယတစ်မျိုးမှာ ရိုဇဟ်ပျက်၍ ကဿွာဖြည့်ရမည့်အပြင် ကဖွာရာဟ်လည်း ထိုက်၏။
အောက်ပါအချက်များဖြင့် ''ရိုဇဟ်'' ပျက်၍ ကဿွာသာဖြည့်ရ၏။(၁) ရိုဇာစောင့်ထိန်းသောသူ၏ ပါးစပ်အတွင်းသို့ အခြားသူတစ်ဦးဦးက စားစရာတစ်ခုခု အတင်း ထိုးထည့်၍ လည်ချောင်းအတွင်း ဝင်သွားခြင်း။
(၂) ရိုဇာစောင့်ထိန်းထားကြောင်း သတိရှိလျက်နှင့် ဝူဇူလုပ်နေစဉ် (သို့) ရေချိုးစဉ်လည်ချောင်းအတွင်း ရေဝင်သွားခြင်း။
(၃) အန်ထွက်လာသော အန်ဖတ်များကို ပြန်လည်မျိုချခြင်း။
(၄) လက်ထိုး၍ ပါးစပ်အပြည့် အန်ချခြင်း။
(၅) ကျောက်ခဲ (သို့)မြေကြီး (သို့) အုတ်ခဲစ (သို့) သစ်စေ့ (သို့) စက္ကူစ စသည့် လူသားများ စားလေ့ မရှိသောအရာကိုမျိုချခြင်း။
(၆) သွားကြားညှပ်နေသော ကုလားပဲစေ့ခန့်မျှ (သို့) ထိုထက်ကြီးသော အစားအစာ တစ်ခုကို လျှာဖြင့် ကလော်၍ မျိုချခြင်း။
(၇) ရောဂါတစ်စုံတစ်ရာကြောင့် ဤမျှခန့်သွေးများ (သို့) ပြည်များ သွားမှထွက်လာ၍ လည်ချောင်းထဲဝင်သွားခြင်း၊ အကြင်သွေး (သို့) ပြည်သည် အချိန်အဆ၌ တံတွေးနှင့်တန်းတူဖြစ်သွားခြင်း၊ (သို့) တံတွေးထက်ပို၍များသွားခြင်း။
(၈) မေ့လျော့၍ စားသောက်မိပြီး ရိုဇဟ်ပျက်ပြီဟုထင်၍ ထပ်မံစားသောက်ခြင်း။
(၉) အရုဏ်တက်ချိန် (စွတ်ဗ်ဟိစွာဒစ်က်) ရောက်ပြီးသောအခါ မိုးသောက်ချိန် မရောက်သေးဟု ထင်၍ စားသောက်မိခြင်း။
(၁ဝ) ရမ်ဿွန်လမှအပ အခြားရက်တွင်ထားသော နဖစ်လ်ရိုဇဟ်ကို တမင်ဖျက်ခြင်း။
(၁၁) နေ့အချိန်မကုန်သေးဘဲ မိုးသားများကြောင့် နေဝင်ပြီဟုထင်၍ အိဖ်သာရီ ပြုမိခြင်း။
(၁၂) မိမိ၏ဇနီးသည်အား နမ်းရှုံ့ခြင်းကြောင့် သုတ်ရည်ထွက်သွားခြင်း။
(၁၃) နားနှင့်နှာခေါင်းတွင်းသို့ စိုသောဆေးအားထည့်ခြင်း၊ (သို့) ခြောက်သွေ့သော ဆေးမှုံ့ထည့်ခြင်း၊ ၎င်းဆေးသည် လည်ချောင်းနှင့်ဦးနှောက်ထဲသို့ ရောက်သွားရန် ယုံကြည်ချက်ရှိနေခြင်း။
(၁၄) အိမ်ပျော်နေသူ အေဟ်သေလာမ် (အိမ်မက်မက်ပြီး) ဖြစ်၍ရိုဇာဟ်ပျက်ပြီထင်၍ဝါဖြေလိုက်ခြင်း။
(၁၅) ပါးစပ်အပြည့်အံခြင်း။
(၁၆) လောဘန် (သို့) အမွှေးတိုင်၊ ခြင်ဆေးခွေ၊ ဆေးတံအခိုး၊ ဆေးလိပ်အငွေ့ အစရှိသည့်အရာများ၏ အငွေ့ကိုရည်ရွယ်ပြီး နှာခေါင်းတွင်းသို့ ရှုရှိုက်ခြင်း၊ လည်ချောင်းတွင်းသို့ဝင်သွားခြင်း။
(၁၇) ပါးစပ်ထဲသို့ မျက်ရည်(သို့) ချွေးစက်များဝင်ရောက်သွားခြင်း၊ ၎င်းအရာများ၏ အရသာကို သိရှိခံစားရပြီးနောက် မျိုချလိုက်ခြင်း။
(၁၈) မိမိ၏လက်ကို အကြောင်းပြု၍ မိမိ၏ ရှဟ်ဝသ် (ရမ္မက်ဆန္ဒ) အားဖြည့်ဆည်းခြင်း။
(၁၉) သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ပြင်ပရှိအရာတစ်ခုခုကို ပါးစပ်တွင်ထည့်၍ မျိုချခြင်း။
(၂၀) ဂက်(စ)ပန့် (INHALER) ရင်ကြပ်ပန်းနာ ဝေဒနာရှင်များအရေးပေါ်အသုံးပြုရသော ရှုသွင်းဆေးအသုံးပြုခြင်း။
(၂၁) နစ်ဝါးရ် (ကွမ်းစားဆေး) ငုံထားခြင်း။

(ရိုဇာကဖ္ဖာရာထားရခြင်းသည် အချက် ၂ချက်ကြောင့်ဖြစ်သည်။ 
(၁) ရမဇာန်လမြတ်၏ ရိုဇာအား တမင်တကာ (မည်သည့်အကြောင်းခံမှ မရှိဘဲ) ဖျက်လိုက်ခြင်းနှင့် (၂) ရိုဇာရှိသည်ကို သိလျှက်နှင့် ဇနီးမောင်နှံပေါင်းသင်းဆက်ဆံလိုက်ခြင်းတို့ကြောင့် ဖြစ်သည်။)

*********************************
ရမ်ဇာန်လမြတ်၏ ရိုဇာဆိုင်ရာ မတ်စ်အလာများကို အင်န်ရှာအလ္လာဟ် ထပ်မံတင်ပြပါ့မည်။ ရေးသားသူနှင့် ဖတ်ရှုသူအားလုံးကို ရမဇာန်လမြတ်၏ အခွင့်ထူးများကို အပြည့်အဝရရှိနိုင်ခွင့် အလ္လာဟ်အရှင်မြတ်ချီးမြှင့်တော်မူပါစေ။ အာမီးန်

အလ်မုဖီးဒ်
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။