Thursday, June 12, 2014

မိမိတွင်ရှိသော စိတ်အမျိုးအစားများနှင့် ၎င်းတို့အား ပြုပြင်နည်း

နဖ်စ် (၅) မျိုးအကြောင်း 

အာရိဖ်ဗိလ္လာဟ် ဟဇရသ်မော်လာနာ ရှားဟ်ဟကီးမ်မုဟမ္မဒ်အခ်သရ်(ရဟေ့)သခင်ကြီး ဟောကြားတော်မူသော ကျမ်းမြတ်ကုရ်အာန်၌ ပါရှိသည့် ငါးမျိုးသော နဖ်စ်များအကြောင်း

ခပ်သိမ်းကုန်သော စကြာဝဠာအပေါင်းအား စိုးမိုးပိုင်ဆိုတော်မူသော အလ္လာဟ်အရှင်မြတ်သခင်သည် ကျမ်းတော်မြတ်ကုရ်အာန်ထဲ၌ နဖ်စ် (လူသားတို့၏ အတွင်းစိတ်) အား ငါးမျိုးသော အမည်နာမများဖြင့် မှည့်ခေါ်သမုတ် မိန့်ကြားထားတော်မူလေသည်။ ၎င်းတို့မှာ (၁)၊ နဖ်စေအမ္မာရဟ် (၂)နဖ်စေလောဝ်ဝါမာဟ် (၃)နဖ်စေမုသ်မအင်န်နဟ် (၄)နဖ်စေရာဇွီယဟ် (၅)နဖ်စေမရ်ဇွီယဟ် တို့ဖြစ်ပါသည်။

(နဖ်စ် ဟူသည် လူ့နှလုံးသာအတွင်းဖြစ်ပေါ်နေသော စိတ်ကိုခေါ်ဆိုပါသည်။ စိတ်ပိုင်းဆိုင်ရာ ခံယူချက်၊ ခံစားချက်၊ လိုလားချက်တို့ကိုမူတည်ပြီး စိတ်၏အမျိုးအစားများကို ခွဲခြားဖေါ်ပြသည်။ ရှေ့ဆက်တင်ပြမည့် အကြောင်းအရာအားလုံးတွင် ယင်းစိတ်ကို နဖ်စ်ဟူ၍ သုံးနှုံးသွားမည်ဖြစ်သည်။)

(၁)။ နဖ်စေအမ္မာရဟ်

နဖ်စေအမ္မာရဟ်သည် နဖ်စ်၏ ပထမဦးဆုံးအမည်ဖြစ်သည်။ ၎င်းစိတ်သည် လူသားအား ဂုနာဟ်အကုသိုလ်အမှောင်ထဲသို့ ကျရောက်သွားစေရန် အချိန်တိုင်းတွန်းအားပေး ပို့ဆောင်နေလျက်ရှိပေသည်။ အချိန်တိုင်း အလ္လာဟ်အရှင်မြတ်မနှစ်သက်သော ဂုနာအကုသိုလ်များကို ကျူးလွန်စေရန် စေ့ဆော်လျှက်ရှိပေသည်။ တပ်မက်ရန်မသင့်တော်သော ယုတ်ညံ့လှသည့် ရမက်ဆန္ဒများအား ကြံဆောင်မိစေရန် တွန်းပို့နေပေသည်။ ၎င်းစိတ်၏ စေ့ဆော်မှုအောက်၌ အသိမဲ့စွာဖြင့် တပ်မက်ရန်မသင့်သိအရာများအား စွဲလန်းမိနေခြင်း၊ ထိုသို့စွဲလန်းမိခြင်းအား ချိုမြိန်နှစ်လို့ဖွယ် သာယာမှုဟု ထင်မှတ်ခြင်း၊ ၎င်းမက်ဆန္ဒများ၏ ခေါ်ဆောင်ရာသို့ အသိမဲ့စွာ စီးမျောပါဝင်နေခြင်းတို့သည် နဖ်စေအမ္မာရဟ်အား မလွန်ဆန်နိုင်ခြင်းသာ ဖြစ်ပေတော့သည်။ ၎င်း နဖ်စေအမ္မာရဟ်၏ စေ့ဆော်တိုက်တွန်းမှုအောက်တွင် အသိမဲ့စွာရှင်သန်နေခြင်းသည် လောကီ၊ လောကုတ္တရာနှစ်ဌာနစလုံး၌ ဆုံးရှုံးရမည့် အကြောင်းတရားပင် ဖြစ်ပေတော့သည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သခင်နှင့် ဝေးကွာစေမည့် နဖ်စေအမ္မာရဟ်၏တောင်းဆိုစေခိုင်းမှုတို့အား ဥပက္ခာပြုကျောခိုင်းပစ်ရန် အလွန်ပင်အရေးကြီးလှပေသည်။ နဖ်စေအမ္မာရဟ်အား ချိုးနှိမ်ပစ်ရန် အဘယ်မျှအရေးကြီးကြောင်းကို သဘောပေါက်နားလည်သင့်ပေသည်။ ၎င်း နဖ်စေအမ္မာရဟ်၏ ရမက်ဆန္ဒများအား ချိုးနှိမ်စွန့်လွှတ်ပစ်ရန် တခုတည်းသောနည်းလမ်းသာရှိပေသည်။ ၎င်းမှာ အလ္လာဟ့်အချစ်တော် သူတော်စင်သူတော်မြတ်တို့ထံပါးသို့ သွားရောက်ခစားပြီးသကာလ မိမိကိုယ်မိမိ ဆရာသခင်များထံ အပ်နှံ၍ ကုစားမှသာလျှင် ဖြစ်နိုင်ပေသည်။ ထိုသူတော်စင်သူတော်မြတ် အရှင့်အချစ်တော်များရှိရာ ခါန်ကာဟ်(အတွင်းပိုင်းရောဂါများကုသပေးမည့်နေရာ)၌သာ သွားရောက်ခိုလှုံမှသာလျှင် အောင်မြင်နိုင်ပေမည်။

ဟဇရသ်မော်လာနာ ရှားဟ်ဟကီးမ်မုဟမ္မဒ်အခ်သရ်(ရဟေ့)သခင်ကြီး၏ ရှိုင်းခ်ဖြစ်သူ ရှားအဗ်ဒုလ်ဂနီဖုလ်ပူရီ(ရဟေ့) သခင်ကြီး မိန့်ဆိုခဲ့သည်မှာ "တစ်ဦးတစ်ယောက်သည် မုန့်အချိုပြုလုပ်သူနှင့် ကာလကြာရှည်စွာ ပေါင်းသင်းနေထိုင် ရင်းနှီးကျွမ်းဝင်မှုရှိနေသော်လည်း မုန့်အချိုတစ်ခုမျှပင် စားဖူးခဲ့ခြင်းမရှိသော် စင်စစ်၎င်းသူသည် မုန့်အချိုပြုလုပ်သူအား တန်ဖိုးမထားခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့ပင် တစ်ဦးတစ်ယောက်သည် အရှင့်အချစ်တော် ဝလီသူတော်စင် သူတော်မြတ်တို့ထံ သွားရောက်ချဉ်းကပ်ကာ ပြုပြင်၍ရနေပါလျှက်အလ္လာဟ်အရှင်မြတ်၏ အကြောက်တရားနှင့်ပတ်သက်၍ စိုးစဉ်းမျှသင်ယူခဲ့ခြင်းမရှိသော် ၎င်းသည် သူတော်စင်သူတော်မြတ်တို့၏ တန်ဖိုးအား မသိတတ်နားမလည်ခြင်းပင်ဖြစ်သည်။ ၎င်းသည် တရားတော်မှတားမြစ်ထားသော မပြုပိုင်သောလုပ်ရပ်များထဲ၌ သတိကင်းလွတ်အသိမဲ့စွာ ပျော်ရွှင်မြဲပျော်ရွှင်နေလျှက် ထိုသူ့ကဲ့သို့ သစ္စာတရားကင်းမဲ့သူ အဘယ်မှာ ရှိနိုင်တော့မည်နည်း။

(၂)။ နဖ်စေလောင်ဝ်ဝါမဟ်

အကယ်၍ နဖ်စေအမ္မာရဟ်အား ပြုပြင်ရန်မဖြစ်နိုင်ဖူးဆိုပါက အလ္လာဟ်အရှင်မြတ်သည် လူသားတို့၏ စိတ်အတွင်း၌ ၎င်းနဖ်စေအမ္မာရဟ်အား ထည့်သွင်းဖန်ဆင်းမည်မဟုတ်ပါ။ ထို့ပြင် နဖ်စ်အား ငါးမျိုးသောအမည်နာမများဖြင့် မှည့်ခေါ်သမုတ် မိန့်ကြားမည်လည်းမဟုတ်ပါ။ အကယ်၍ တစ်ဦးတစ်ယောက်သည် နဖ်စေအမ္မာရဟ်၏ စေခိုင်းမှုတို့အား မနာခံလိုပဲ မိမိစိတ်နှလုံးသားကို သန့်စင်ပြုပြင်ရန် ခိုင်မာစစ်မှန်သောရည်ရွယ်ချက်ဖြင့် အလ္လာဟ့်အချစ်တော် သူတော်စင်သူတော်မြတ်တို့ထံပါးသို့ ခစားချဉ်းကပ်အပ်နှံ၍ ပြုပြင်မည်ဆိုသော် ထိုသူ၏ နဖ်စေအမ္မာရဟ်သည် အမ္မာရဟ်အဆင့်မှ လောဝ်ဝါမဟ်အဆင့်သို့ မုချကူးပြောင်းရောက်ရှိသွားပေလိမ့်မည်။ ဆိုလိုသည်မှာ ၎င်းသည် ရှောင်ကြဉ်နေသည့်ကြားမှ ဂုနာဟ်အကုသိုလ်တစ်စုံတစ်ရာ ကျူးလွန်မိသွားပါက ရှက်ကြောက်လာပြီး နောင်တရတတ်ပေလိမ့်မည်။ ထို့ပြင်မိမိကိုယ်ကို ဤကဲ့သို့ အပြစ်ကျူးလွန်မိသွားခြင်းအပေါ် ယူကျူံးမရဖြစ်၍ အပြစ်တင်မိပေလိမ့်မည်။ အရှင်မြတ်သခင်၏ ပေးကမ်းချီးမြှင့်ထားသော စည်းစိမ်များကို ရယူခံစားပြီး၊ အရှင်မြတ်သခင် ပေးကမ်းကျွေးမွေးသော ရိုဇီရိက္ခာများကိုစားသုံးပြီး၊ အရှင်မကြိုက်သော လုပ်ရပ်များကျူးလွန်မိသွားခြင်းအပေါ် ရှက်ရွံနေလျှက် နောင်တကြီးစွာရနေပေလိမ့်မည်။ အလ္လာဟ်အရှင်မြတ်သခင်သည် တစ်ဦးတစ်ယောက်အား မိမိအချစ်တော်ဝလီသူတော်စင် ပြုလုပ်ပေးလိုပါက ၎င်းသူအား ဂုနာဟ်များကျူးလွန်မိခြင်းအပေါ်ရှက်ရွံနောင်တရသည့်စိတ် ထည့်သွင်းပေးသနားတော်မူ၏။ ဤသို့ဖြစ်ခြင်းသည်ပင်လျှင် ဝလီ(အလ္လာဟ်အချစ်တော်) ဖြစ်ခြင်း၏ နမိတ်လက္ခဏာပင်ဖြစ်သည်။ ထို့အတူ စိတ်ရိုင်းကိုချိုးနှိမ်ခြင်း၏ တိုးတက်မှုအစလည်းဖြစ်ပေသည်။ တစ်နည်းဆိုရသော် အမ္မာရဟ်အဆင့်မှ လောဝ်ဝါမဟ်အဆင့်သို့ ကူးပြောင်းရောက်ရှိသွားခြင်းပင်ဖြစ်သည်။ လောဝ်ဝါမဟ်အဆင့်သို့ ကူးပြောင်းရောက်ရှိသွားသူသည် မိမိမှားယွင်းမှုများနှင့် ကျူးလွန်ဖောက်ဖျက်မှုများအပေါ် ရှက်ရွံ၍ နောင်တရလာမည်ဖြစ်ပြီး စစ်မှန်သော သောဝ်ဗာဝန်ချတောင်းပန်မှုပြု၍ ထိုအပြစ်များမှ သန့်စင်မှု ရရှိသွားစေရန် ကြိုးပမ်းပေလိမ့်မည်။ ထိုကဲ့သို့ အမ္မာရဟ်အဆင့်မှ လောဝ်ဝါမဟ်အဆင့်သို့ ကူးပြောင်းသွားခြင်းသည် အလ္လာဟ်အချစ်တော်ဖြစ်စေရန် ပထမဦးဆုံးခြေလှမ်းပင် ဖြစ်ပေတော့သည်။ အထောက်အထားအားဖြင့် " ဝလာအွတ်က်ဆိမု ဗင်န်နဖ်စေ့လ် လောဝ်ဝါမဟ်" ဟူသောအာယသ်တော်သည် ကျမ်းတော်မြတ်ကုရ်အာန်၌ အတိအလင်းလာရှိထားပေသည်။ အရှင်မြတ်သည် နဖ်စေလောဝ်ဝါမဟ်အား ကိုင်တွယ်ကျိန်ဆို၍ မိန့်ထားတော်မူပေသည်။ အဘယ့်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် ဗန္ဒာတို့၏ ကောင်းမှုအစုစုတို့အား အလွန်တန်ဖိုးထားတော်မူသော အရှင်ဖြစ်တော်မူပေသည်။ အလွန်တရာနည်းပါး၍ မပြောပလောက်သော ပြုကျင့်ဆောက်တည်မှုလေးကိုပင် တန်ဖိုးထားတော်မူ၍ မြောက်များစွာသော အကျိုးအစားများ ပေးကမ်းချီးမြှင့်ထားတော်မူပေသည်။ ထို့ကြောင့် အရှင်မြတ်ရွံရှာမုန်းတီးတော်မူသည့် ဂုနာဟ်အကုသိုလ် ဒုစရိုက်များကို အပြီးတိုင်စွန့်လွှတ်၍ အရှင်မြတ်ထံတော်သို့ ဦးလှည့်လာသည်ဆိုယုံနှင့်ပင် အလွန်တရာတန်ဖိုးထားတော်မူသည်ကို ဖော်ပြပါအာယသ်တော်အား ကြည့်ရှုခြင်းဖြင့် သိနိုင်ပေသည်။ ထို့အပြင် "ဂုနာအကုသိုလ်တစ်စုံတစ်ရာကျူးလွန်မိပြီး ရှက်ရွံနောင်တရ၍ ငိုယိုမြည်တမ်းသည့်အသံအား ကျယ်လောင်သော သပ်စ်ဗီဖတ်သံထက်ပို၍ ငါအရှင်နှစ်သက်တော်မူသည်ဟု ဟဒီဆေ့ကုဒုစီတစ်ပုဒ်၌လည်း လာရှိထားပေသည်။

(၃)။ နဖ်စေမုသ်မအင်န်နားဟ်

နဖ်စေမုသ်မအင်န်နားဟ်သည် တတိယအဆင့်ဖြစ်သည်။ ဒုတိယအဆင့်ဖြစ်သော လောဝ်ဝါမာဟ်မှ တဆင့်တက်လာ၍ မုသ်မအင်န်နားဟ်အဆင့်သို့ ရောက်ရှိသည့်အခါ ဖြစ်ပေါ်လာသောလက္ခဏာသည် အရှင်မြတ်အား တသသတိရနေလျှက် တည်ငြိမ်အေးချမ်းမှုကို ခံစားရပေမည်။ အရှင်နှစ်သက်ခြင်းမှ ဝေးကွာစေမည့် ဂုနာဟ်ဒုစရိုက်တို့အား မုန်းတီးရွံရှာတတ်လာပေမည်။ ဂုနာများကို တစ်ခုမကျန်စွန့်လွှတ်ပစ်၍ မြူမှုန်ခံမျှပင်ရှိသော်ဂုနာအား စိတ်အတွင်းသို့ပင် ဝင်ရောက်ခွင့် ပြုနိုင်တော့မည်မဟုတ်ပေ။ တိတိကျကျရှောင်ကြဉ်နေသည့်ကြားမှ မတော်တဆကျူးလွန်မိသွားပါကလည်း စိုးစဉ်းမျှ တည်ငြိမ်နေလိမ့်မည်မဟုတ်သည့်အပြင် ဆတ်ဆတ်ခါတုန်လှုပ်ခြောက်ခြားသွားပေလိမ့်မည်။ အရှင်မြတ်အားမေ့လျော့လျှက် မျက်တမှိတ်တစ်စက္ကန့်မျှပင် နေနိုင်လိမ့်မည်မဟုတ်ပါ။ မိမိအာရုံနှလုံးသွေးကြောများထဲမှပင် အရှင်မြတ်အား အမြဲမပြတ်သတိရတသနေပေလိမ့်မည်။ အရှင်မြတ်အား စွဲလန်းတသ သတိရနေခြင်းသည်သာလျှင် ထိုသူ၏ဘဝနှင့် ရှင်သန်ခြင်းဖြစ်ပြီး အရှင်မြတ်အား မေ့လျော့နေခြင်းသည် သေဆုံးခြင်းနှင့် တူနေပေလိမ့်မည်။ အရှင်မြတ်အား မေ့လျော့လျှက်နေမည်ဆိုပါက လောက၌ရှိရှိသမျှသော စည်းစိမ်အရသာအမျိုးမျိုးတို့သည် ထိုသူ့အတွက် မည်သို့မျှ စွဲဆောင်မှုပေးနိုင်တော့မည်မဟုတ်ပါ။ အလ္လာဟ်အရှင်မြတ်အား ကျေးဇူးမတင်ရမခြင်း မည်သည့်စည်းစိမ်ကိုမျှ စည်းစိမ်ဟုပင် ထင်မှတ်တော့မည်မဟုတ်ပေ။ အရှင်မြတ်အား တသ သတိရနေလျှက် တည်ငြိမ်အေးချမ်းနေသော စိတ်နှလုံးသားကိုပင် နဖ်စေမုသ်မအင်န်နားဟ်ဟု ခေါ်လေသည်။ ဆိုလိုသည်မှာ နဖ်စေအမ္မာရဟ်နှင့် နဖ်စေလောဝ်ဝါမာတို့ကြောင့် ဖြစ်ပေါ်ခံစားနေရသည့် မတည်မငြိမ်မှုများ၊ မခံမရပ်နိုင်ဖြစ်မှုများသည် အရှင်မြတ်အား အောက်မေ့တသ သတိရလိုက်သောအခါ တည်ငြိမ်အေးချမ်းမှုနှင့် ပြောင်းလဲသွားခြင်းပင်ဖြစ်သည်။ ၎င်းပြင် အရှင်မြတ်အား တသသတိရခြင်းတွင် မြဲမြံစွာရပ်တည်သွားနိုင်ပေလိမ့်မည်။ သို့ဆိုလျှင် ၎င်းစိတ်အား နဖ်စေမုသ်ွမအင်န်နားဟ်ဟု ခေါ်ဆိုနိုင်မည်ဖြစ်သည်။

အလ္လာဟ်မာဟ်ကာဇီစနာအွလ္လာဟ် ပါနီပသီသခင်ကြီးက သဖ်စီးရေ့မဇ်ွဟရီကျမ်းတါင် မိန့်ဆိုထားသည်မှာ အလ္လာဟ်အရှင်မြတ်ကိုသာ အမြဲမပြတ်သတိရတသနေလျှက် အရှင်မြတ်၏ အမိန့်နာခံမှုအတွင်း၌သာ ပျော်မွေ့တည်ငြိမ်အေးချမ်းလျှက်ရှိသောစိတ်ကို နဖ်စေမုသ်ွမအင်န်နားဟ်ဟု ခေါ်ပေသည်။ ပမာဆိုသော် ငါးဟူသောသတ္တဝါသည် ရေအတွင်း၌သာ ရှင်သန်ပျော်မွေ့လေ့ရှိသည်။ အကယ်၍ ၎င်းတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်စုံတစ်ရာသည် ရေပြင်သို့ရောက်ရှိနေပါက မုချသေလုမြောပါးခံစားရပေမည်။ ထို့ကြောင့်ငါးသည် ရေထဲ၌ရှိနေလျှက် တည်ငြိမ်အေးချမ်းရှိနေသကဲ့သို့ပင် မုအ်မင်န်၏ ခေါင်းအစခြေအဆုံး အစိတ်အပိုင်းအားလုံးသည်လည်း အရှင်မြတ်အား သတိရ တသနေခြင်း၌သာ ပျော်ဝင်နေလျှက် တည်ငြိမ်အေးချမ်းမှုကို ရယူရန်အရေးကြီးသည်။ အကယ်၍ မိမိခန္ဓာကိုယ်အစိတ်အပိုင်းတခုခုသည် ဖီဆန်ခြင်းအမှု၌ နစ်မြောပါဝင်သွားသော် ငါးသည် ရေနှင့်ကင်းကွာသွားသကဲ့သို့ သေလုမျောပါးခံစားရပေမည်။

ဗိဇိက်ရိလ္လာဟ် ဟူသောစာပိုဒ်အား အပေါ်ယံအဓိပ္ပာယ်ဖွင့်ဆိုရမည်ဆိုပါက အရှင်မြတ်အား သတိရတသခြင်းဖြင့်ဟု အဓိပ္ပာယ်ရသော်လည်း စင်စစ်မှာမူ ဖီဇိက်ရိလ္လာဟ် အရှင်မြတ်အားသတိရတသခြင်း၌ ဟု အဓိပ္ပာယ်ရပေသည်။ ဆိုလိုသည်မှာ သတိရတသခြင်းအမှုအတွင်းသို့ ထဲထဲဝင်ဝင် နက်ရှိုင်းစွာ နစ်မျောစီးဝင်ရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် နဖ်စေမုသ်ွမအင်န်နားဟ်သည် အရှင်မြတ်သခင်အား အောက်မေ့တသ သတိရခြင်းဟူသော ကိစ္စရပ်၌ နစ်မျောစီးဝင်သောစိတ်အစုံကို ခေါ်ဆိုပေသည်။အဘယ်မျှစီးဝင်နေသနည်းဆိုသော် ၎င်းစိတ်နှလုံးသားပိုင်ရှင်သည် ခမ်းနားထည်ဝါ ကြီးကျယ်လွန်းလှပါသည်ဆိုသော ထီးနန်းစည်းစိမ်များ၊ ရာထူးဂုဏ်ရှိန် ဥစ္စာဓနများကိုပင် စိုးစဉ်းမျှ မက်မောနေတော့မည်မဟုတ်။ အချုပ်အားဖြင့်ဆိုရသော် နဖ်စေမုသ်ွမအင်န်နားဟ်ဆိုသည်မှာ သိမ်ဖျဉ်းယုတ်ညံ့သောစိတ်အဖြစ်မှ ကောင်းမြတ်တည်ငြိမ်သောစိတ်အဖြစ်သို့ ကူးပြောင်းသွားခြင်း၊ တစ်နည်းဆိုရသော် အမိန့်ဖီဆန်ခြင်းပြုရန် သိမ်းသွင်းစည်းရုံးခြင်းခံရသောဘဝမှ လွတ်မြောက်၍ ထာဝရအေးချမ်းတည်ငြိမ်သောဘဝသို့ ကူးပြောင်းရောက်ရှိသွားသော စိတ်နှလုံးသားကို ခေါ်ဆိုပေသည်။

(၄) နဖ်စေရာဇွီယဟ်

နဖ်စေရာဇွီယဟ်ဆိုသည်မှာ လူသား၏ဘဝသက်တမ်းကုန်ဆုံးချိန်သို့ရောက်လာသောအခါ ခန္ဓာကိုယ်မှ ဝိဉာဉ်မထွက်မီ အရှင်မြတ်ဘက်တော်မှ " ယာအိုင်ယ်ယသုဟန်(န်)နဖ်စုလ် မုသ်ွမအင်န်နားဟ် အိရ်ဂျေအီ အိလာရဗ်ဗိကိ ရာဒွိရသမ်မရ်ဒွီးယားဟ်"

"အို ငါအရှင်မြတ်အား အမြဲမပြတ်သတိရလျက် အစဉ်အမြဲပျော်ရွှင်အေးချမ်းတည်ငြိမ်လျှက်ရှိသော နှလုံးသားပိုင်ရှင်၊ အသင်၏ အရှင်မြတ်ဘက်တော်သို့ ပြန်လာလော့။ ယခုအသင့်အား စမ်းသပ်မှုပြီးဆုံးခဲ့လေပြီ။ ထို့ကြောင့် ယခုစမ်းသပ်ခံနေရာ(စာမေးပွဲခန်း)မှ ပြန်လာလော့။ မိမိအား ဖန်ဆင်းမွေးမြူစောင့်ရှောက်တော်မူသော အရှင်မြတ်ဘက်တော်သို့ ပြန်လာလေလော့" ဟု မိန့်ကြားတော်မူလိမ့်မည်။ အရဗီဘာသာစကား၌ အိရ်ဂျေအီသည် အမိန့်ပေးကြိယာဖြစ်သည်။ ပြန်လာပါဟု အဓိပ္ပာယ်ရသည်။ ယင်းကြိယာပုဒ်သုံးနှုံးထားခြင်းဖြင့် ကျွန်ုပ်တို့သည် ယခုစာမေးပွဲဖြေဆိုလျှက်ရှိနေကြသည်။ ဤဒွန္ဒယာလောကသည် ကျွန်ုပ်တို့အတွက် စာမေးပွဲခန်းပင်ဖြစ်သည်ဟု သိရှိရပေသည်။ အချုပ်ဆိုရသော် နဖ်စေရာဇွီယဟ်ဆိုသည်မှာ အရှင်မြတ်သခင်၏ ရက်ရောစွာပေးကမ်းချီးမြှင့်ထားသော စည်းစိမ်များကြောင့် ကျေနပ်ပျော်ရွှင်လျှက်ရှိသောစိတ်အစုံကို ခေါ်ဆိုပေသည်။

(၅)။ နဖ်စေမရ်ဇွီယဟ် 

နဖ်စေမရ်ဇွီယဟ်ဆိုသည်မှာ အရှင်မြတ်ကျေနပ်နှစ်သက်ခြင်းခံရသော စိတ်ကို ခေါ်ဆိုပေသည်။ ဤနေရာ၌ အလ္လာဟ်အရှင်မြတ်သည် ရာဇွီဆိုသောစာပိုဒ်အား အရင်မိန့်ကြားတော်မူ၍ ဗန်ဒဟ်၏ ပျော်ရွှင်ကျေနပ်ခြင်းကို ဦးစားပေးရှေ့တန်းတင် မိန့်ကြားထားပေသည်။ ထို့နောက်တွင်မူ မရ်ဇွီယဟ်စာပိုဒ်အားမိန့်ကြား၍ မိမိ၏ပျော်ရွှင်ကျေနပ်မှုအား နောက်၌ထား၍ မိန့်ထားပေသည်။ စင်စစ်ကျွန်ုပ်သည် အရှင်သခင်ထက်နိမ့်ကျသကဲ့သို့ ကျွန်ုပ်၏ပျော်ရွှင်နှစ်သက်မှုသည်လည်း သခင်၏ ပျော်ရွှင်နှစ်သက်မှုထက် နိမ့်ကျသည်မှာ အထင်အရှားပင်ဖြစ်သည်။ ထိုသို့အရှင်မြတ်၏ ကျေနပ်နှစ်သက်ခြင်းသည် မြင့်မြတ်နေပါလျက် အဘယ့်ကြောင့်နောက်၌ထား၍ မိန့်ကြားထားရပါသနည်းဆိုသော် နိမ့်ရာမှ မြင့်ရာသို့လှမ်းတက်ရသည့် သဘောတရားအတိုင်းပင်ဖြစ်သည်။ ပမာဆိုရသော် တက္ကသိုလ်ဝင်တန်းသို့ တက်ရောက်ပြီးမှသာ တက္ကသိုလ်အဆင့်သို့ ရောက်ရှိသကဲ့သို့ပင် ဖြစ်ပေသည်။ နောက်တနည်း ပမာပေးရသော် အကြီးနှင့် အငယ်ယှဉ်လာသည့်အခါ အကြီးသည် အငယ်အား ဦးစားပေးငှဲ့ညှာတတ်သည့် သဘောသဘာဝရှိပေသည်။ ဖခင်ဖြစ်သူသည် မိမိ၏သားငယ်အား မုန့်ပေး၍ ပျော်ရွှင်စေပြီး မိမိပျော်ရွှင်မှုထက် သားငယ်၏ပျော်ရွှင်မှုအား ဦးစားပေးသကဲ့သို့ပင် အရှင်မြတ်သည်လည်း ဗန်ဒဟ်၏ပျော်ရွှင်မှုကို ဦးစားပေးရှေ့တန်းတင် မိန့်ဆိုထားခြင်းဖြစ်ပေသည်။

နဖ်စ်အား မည်သို့ပြုပြင်တည့်မတ်ရမည်နည်း

နဖ်စ်အား အောင်မြင်စွာအနိုင်ယူချိုးနှိမ်ပစ်ရန် အကောင်းဆုံးနည်းလမ်းစနစ်ပုံစံမှာ

(၁) အလ္လာဟ်အချစ်တော် ဝလီသူတော်စဉ်တစ်ပါးပါးထံတွင် မိမိကိုယ်မိမိ ဝကွပ်အပ်နှံပစ်လိုက်ရမည်။

(၂) သူတော်စင်ဆရာသခင်ဖက်မှ ရွတ်ဖတ်ရန်သတ်မှတ်ပေးထားသော ဇိကိရ်များကို အာရုံတစိုက် မပျက်မကွက်ဖတ်နေရမည်။

(၃) ဂုနာဟ်အပြစ်ဟူသ၍မှ ရာနှုံးပြည့်ရှောင်ကြဉ်လျက်ရှိနေရမည်။

(၄) ဂုနာဟ်ဖြစ်ပေါ်လာနိုင်စရာ အကြောင်းခံများမှလည်း အထူးတလည် ရှောင်ကြဉ်လျက်ရှိနေရမည်။

(၅) ကိုယ်တော်မြတ် (ဆွလ္လားဟုအလိုင်ဟိဝစလ္လမ်)၏ စွန္နသ်လမ်းစဉ်အပေါ် မြဲမြံခိုင်မာစွာ ရပ်တည်လျက် ကျင့်ဆောင်အကောင်အထည်ဖော်ရမည်။

(၁) အလ္လာဟ်အချစ်တော် ဝလီသူတော်စဉ်တစ်ပါးပါးထံတွင် မိမိကိုယ်မိမိ ဝကွပ်အပ်နှံပစ်လိုက်ရမည်။

မိမိနှင့်သင့်တော်ရာ မိမိစိတ်အားထက်သန်ရာ သူတော်စင်တစ်ပါးပါး၏ထိုင်ဝိုင်းကို သေချာကျနစွာရွေးချယ်ပါ။ ၎င်းသူတော်စင်ဆရာသခင်၏ထံပါး၌ အတူရှိနေလျှက် မိမိနဖ်စ်ကို ချိုးနှိမ်နိုင်ရန် ကြိုးစားအားထုတ်ပါ။ အမျိုးသမီးများအတွက်မူ ထိုဆရာသခင်၏ ဩဝါဒမိန့်မှာချက်များအား ဂရုတစိုက်နားထောင်မှတ်သားပြီး ဆရာသခင်ရေးသားထားသော စာအုပ်စာပေများကို အစဉ်တစိုက်ဖတ်ရှုလျက်နေပါ။ သို့မှာသာ အမျိုးသားများနည်းတူ အမျိုးသမီးများလည်း သောတအာရုံဖြင့် အကျိုးခံစားခွင့်ရရှိပေလိမ့်မည်။ စကားလုံးများ၏အကြောင်းခံဖြင့် သောတအာရုံမှတဆင့် နှလုံးသားထဲသို့ အကျိုးထူးအကျိုးမြတ်များ စီးဝင်ရောက်ရှိလာပေလိမ့်မည်။ ထိုမှတဆင့် တဖြည်းဖြည်းတရွေ့တရွေ့တိုးတက်လာမည်မှာ သူတော်စင်မကြီး ရာဗိအဟ်ဗတ်ဆ်ွရီယဟ်သခင်မကြီးကဲ့သို့ပင် ဖြစ်သွားနိုင်ပေမည်။ (အင်န်ရှာအလ္လာဟ်)

ဟဇရသ်ဂျလာလွဒ်ဒီးန်ရူမီး(ရဟ)သခင်ကြီး မိန့်တော်မူထားသည်မှာ အလ္လာဟ်အချစ်တော်များထံ ချဉ်းကပ်ခစား၍ မိမိစိတ်ရိုင်း၏ တောင်းဆိုမှုများအား အောင်မြင်စွာချိုးနှိမ်ပစ်ရန် ကြိုးပမ်းပါ။ စိတ်ရိုင်းမှ တောင်းဆိုလျက်ရှိနေသော ဆိုးရွားလှသည့်ရမက်များအား လုံးဝကျောခိုင်းစွန့်လွှတ်ပစ်ရန် အားထုတ်ပါ။ တပ်မက်ရန်မသင့်သော စိတ်အလိုရမက်များ၏ ညှို့ယူခံနေရခြင်းမှ လွတ်မြောက်မှုရရန် လေ့ကျင့်အားထုတ်လျက် သာယာလှပသော အနာဂတ်လာကသစ်တစ်ခုစီသို့ လျှောက်လှမ်းပါ။ လှပသော အနာဂတ်လောကသစ်တစ်ခု ဖန်တီးပါ။ မလျော်ကန်သော ရမက်ဆန္ဒများအား ချိုးနှိမ်ပစ်လိုက်ရမည်ဆိုပါက မိမိဘဝတွင် ကြည်နူးပျော်ရွှင်ဖွယ်ရာ တစ်ခုမျှပင် ကျန်တော့မည်မဟုတ်ဟု မထင်မှတ်လိုက်လေနှင့်။ ဦးစွာ အသင်၏ နဖ်စ်အား ချိုးနှိမ်ပစ်လိုက်ပါ။ သို့မှသာ စစ်မှန်သောပျော်ရွှင်မှုများစွာဖြင့် အသင့်ဘဝနှင့် အနာဂတ်သည် ရှင်သန်လန်းဆန်းလာမည်မှာ အမှန်ပင်ဖြစ်သည်။ တဆက်တည်းမှာပင် အနာဂတ်လောကသစ်တစ်ခုသည်လည်း ပီပြင်စွာရုပ်လုံးပေါ်လာပေလိမ့်မည်။ ဆိုလိုသည်မှာ အသင်ကိုယ်တိုင် အရှင့်အချစ်တော်သူတော်စင်တစ်ပါး မုချဖြစ်သွားပေလိမ့်မည်။ အသင့်၏ ဗရကသ်ဖြင့် သိန်းပေါင်းများစွာသော အရှင့်အချစ်တော် သူတော်မွန် သူတော်မြတ်များ ပေါ်ပေါက်လာနိုင်စရာအကြောင်းရှိပေသည်။ မိမိ၏ နဖ်စ်ကိုချိုးနှိမ်မှသာ အလွန်လှပသော ဘဝသစ်တစ်ခု ပေါ်ပေါက်လာပေလိမ့်မည်။

(၂) သူတော်စင်ဆရာသခင်ဖက်မှ ရွတ်ဖတ်ရန်သတ်မှတ်ပေးထားသော ဇိကိရ်များကို အာရုံတစိုက် မပျက်မကွက်ဖတ်နေရမည်။

ဆရာသခင်ဘက်မှပေးသော ဇိကိရ်များအား အမြဲမပျက်မကွက်ဖတ်ရွတ်လျက်နေပါ။ သို့သော် ဇိကိရ်တော်များကို အကြိမ်အရေအတွက်များပြားခြင်းကြောင့် မပြုနိုင်လျှင် လျော့၍ပြုပါ။ ပမာဆိုသော် အကြိမ် ၁ဝဝ မဖတ်နိုင်ပါက ၁ဝ ကြိမ်ခန့်ဖတ်လိုက်ပါ။ ပျက်ကွက်ခြင်းအလျဉ်းမပြုပါနှင့်။

(၃) ဂုနာဟ်အပြစ်ဟူသ၍မှ ရာနှုံးပြည့်ရှောင်ကြဉ်လျက်ရှိနေရမည်။

မိမိထံမှ ဂုနာအပြစ်တခုခုမဖြစ်ပေါ်စေရန်နှင့် မိမိကိုယ်တိုင်လည်း ဂုနာဟ်ပြစ်မှုများမှ ကင်းဝေးစွာရှောင်ကြဉ်၍ နေထိုင်ရန် အထူးသတိထားဆောင်ရွက်ရပေမည်။

(၄) ဂုနာဟ်ဖြစ်ပေါ်လာနိုင်စရာ အကြောင်းခံများမှလည်း အထူးတလည် ရှောင်ကြဉ်လျက်ရှိနေရမည်။
အဘယ့်ကြောင့်ဆိုသော် လောက၌ ဂုနာအကုသိုလ်များ ဖြစ်ပေါ်စေနိုင်သောနေရာများနှင့် အကြောင်းခံများ အလွန်များပြားလှသည့်အတွက်ကြောင့် လွယ်ကူစွာပြစ်မှုများဖြစ်ပေါ်နိုင်လေသည်။ ထို့ကြောင့် ထိုပြစ်မှုကိစ္စရပ်များမှ ရှောင်ရှားနေထိုင်ရန် အရေးကြီးပေသည်။ အချို့နေရာများ၌ ရှောင်ရှားနေရခြင်းကြောင့် လောကအမြင်ဖြင့် ဆုံးရှူံးခံရမည်ဆိုသော် ခံယူလိုက်ပါ။ သို့သော် အရှင်မြတ်၏ စိတ်ဆိုးမှုကို မခံယူပါနှင့်။

(၅) ကိုယ်တော်မြတ် (ဆွလ္လားဟုအလိုင်ဟိဝစလ္လမ်)၏ စွန္နသ်လမ်းစဉ်အပေါ် မြဲမြံခိုင်မာစွာ ရပ်တည်လျက် ကျင့်ဆောင်အကောင်အထည်ဖော်ရမည်။

ကိုယ်တော်မြတ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ လမ်းစဉ်အပေါ် မြဲမြံခိုင်မာစွာ ရပ်တည်လျက်နေပါ။ ဤသည်မှာ အစ္စလာမ့်တရားတော်မြတ်နှင့် အရှင့်အချစ်တော်တို့၏ လမ်းစဉ်အတွက် မရှိမဖြစ်အသက်သွေးကြောပင်ဖြစ်သည်။ ထို့အပြင် အလ္လာဟ်အရှင်မြတ်၏အချစ်တော်ဖြစ်စေရန် အလွယ်ကူဆုံးနှင့် အနီးစပ်ဆုံးလမ်းစဉ်လည်းဖြစ်ပေသည်။

အလ်မုဖီးဒ်