Thursday, June 12, 2014

သယမုမ်နှင့်သက်ဆိုင်သည့် ပညတ်ချက်များ (၃)

(( ဆက်လက် တင်ပြခြင်းဖြစ်ပါသည် ...... ))
ပညတ်ချက် (၂၁)။ ကြေးဖြင့်ပြုလုပ်ထားသည့် ပန်းကန်၊ ခွက်၊ ခေါင်းအုံး၊ အိပ်ယာခင်း၊ အဝတ်၊ ပိတ်စ အစရှိသည်တို့ဖြင့် သယမုမ်ပြုခွင့်မရှိပေ။ သို့သော် ထိုအရာများအပေါ်တွင် လက်ဖြင့်ရိုက်လိုက်ပါက ဖုန်မှုန့်များ ပြန်ခါထွက်လာပြီး လက်ဖဝါးနှစ်ဖက်လုံးအပေါ် ဖုန်များလူးပေသွားနိုင်သည်အထိ ဖုန်ရှိနေလျှင် သယမုမ်ပြုခွင့်ရှိသည်။ ဖုန်အနည်းငယ်သာရှိလျှင် သယမုမ်ပြုခွင့်မရှိပေ။ မြေအိုး၊ မြေရေတကောင်း၊ စသည့်မြေဖြင့်ပြုလုပ်ထားသည့် အိုးခွက်တို့အပေါ်မှလည်း သယမုမ်ပြုခွင့်ရှိသည်။ ထိုအရာများထဲတွင် ရေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ။ သို့သော် စဥ့်ရည်၊ အရောင်တင်ဆီ စသည့် အရည်တစုံတရာ သုတ်လိမ်းထားခြင်း မရှိရပေ။ သုတ်လိမ်းထားပါက သယမုမ်ပြုခွင့်မရှိပါ။

ပညတ်ချက် (၂၂)။ ကျောက်တုံး၊ ကျောက်ခဲအပေါ်တွင် ဖုန်လုံးဝမရှိသည့်အခါတွင်လည်း ထိုကျောက်ဖြင့် သယမုမ်ပြုခွင့်ရှိသည်။ ထို့အတူ ရေဖြင့်ကောင်းစွာဆေးထားပါကလည်း သယမုမ်ပြုခွင့်ရှိပေသည်။ လက်အပေါ်ဖုန်ပေကပ်ရန် အရေးမကြီးပါ။ ဤအတိုင်းပင် အုတ်ကျက် အပေါ်မှလည်း သယမုမ်ပြုခွင့်ရှိသည်။ ဖုန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ။

ပညတ်ချက် (၂၃)။ ရွှံဖြင့် သယမုမ်ပြုပိုင်သော်လည်း မသင့်လျော်ပေ။ အကယ်၍ ရွှံမှအပ တခြားအရာမရရှိပါက ဤကဲ့သို့ပြုလုပ်ပါ။ မိမိ၏ အဝတ်အစားပေါ်တွင် ရွှံများသုတ်လိမ်းလိုက်ပါ။ ထိုရွှံခြောက်သွားသော်အခါမှ သယမုမ်ပြုလိုက်ပါ။ သို့သော် ရွှံခြောက်သည်အထိစောင့်ဆိုင်းပါက နမားဇ်အချိန် ကဇွာဖြစ်သွားမည်စိုးရိမ်ရလျှင် ရှိသည့်အခြေအနေအတိုင်းပင် သယမုမ်ပြုလိုက်ပါ။ နမားဇ်ကို ကဇွာမပြုပါနှင့်။

ပညတ်ချက် (၂၄)။ မြေပေါ်တွင် ကျင်ငယ် အစရှိသည့် မသန့်သည့်အရာများပေကျံနေသည်။ သို့သော် နေရောင်ကြောင့် ခြောက်သွေ့ပြီး အနံအသက်လည်း မရှိတော့ပါက ထိုမြေသည် သန့်ပေသည်။ ထိုနေရာတွင် နမားဇ်ဝတ်ပြုခွင့်ရှိသည်။ သို့သော် ယင်းမြေဖြင့် သယမုမ်ပြုခွင့်မရှိပါ။ သယမုမ်ပြုခွင့်မရှိခြင်းဟူသည် ထိုမြေနေရာက ယင်းသို့မသန့်ဖြစ်ထားသည်ကို သိရှိထားမှသာလျှင်ဖြစ်သည်။ သိရှိထားခြင်းမရှိပါက မည်သည့်သံသယမျှထားရန် မလိုအပ်ပေ။

ပညတ်ချက် (၂၅)။ ဝုဇူပြုခြင်း၏ အစားတွင် သယမုမ်ပြုခွင့်ရှိသလို ရေချိုးခြင်းကို မတတ်စွမ်းနိုင်သည့် အခါတွင်လည်း သယမုမ်ပြုခွင့်ရှိသည်။ ဤအတိုင်းပင် အမျိုးသမီးအနေဖြင့် ရာသီသွေးကာလပြီးဆုံးသွားခြင်း၊ မီးတွင်းသွေး ပြီးဆုံးသွားသည့်အခါ ရေချိုးရန် အခက်အခဲရှိပါက သယမုမ်ပြုခွင့်ရှိသည်။ (ရေကိုမသုံးစွဲနိုင်ခြင်း၏ စည်းကမ်းချက်တို့နှင့်ကိုက်ညီရပေမည်။) ဝုဇူနှင့် ဂုစူလ်၏ သယမုမ်ပြုနည်းမှာ နည်းစနစ်တစ်ခုတည်းပင်ဖြစ်သည်။

ပညတ်ချက် (၂၆)။ သင်ကြားပေးရန်အတွက် သယမုမ်ပြုလုပ်ပြသည်။ စိတ်ထဲတွင် မိမိအတွက် သယမုမ်ပြုလုပ်သည်ဟု ရည်စူးထားခြင်းမရှိ။ သင်ကြား၊ ပြသရန်အတွက်သာ ရည်ရွယ်သည်။ သို့ဆိုလျှင် ထိုသူ(သင်ကြားပေသူ) အတွက် သယမုမ်အထမမြောက်ပေ။ သယမုမ်အထမြောက်ရန် ရည်စူးချက်သည် ဖရ်ဇ်ဖြစ်သည်။ မိမိအတွက် သယမုမ်ပြုလုပ်သည်ဟု ရည်စူးချက်မရှိဘဲ တခြားသူအား သင်ကြားပြသပေးသည့် ရည်ရွယ်ချက်သာရှိလျှင် သယမုမ်အထမမြောက်ပါ။

ပညတ်ချက် (၂၇)။ သယမုမ်ပြုလုပ်သည့်အချိန် စိတ်ထဲမှ " ကျွန်ုပ်သည်သန့်ရှင်းမှု ရရန်အတွက် သယမုမ်ပြုပါသည်။ (သို့) နမားဇ်ဝတ်ပြုရန်အတွက် သယမုမ်ပြုပါသည်။" ဟု ရည်စူးခြင်းဖြင့် လုံလောက်သည်။ သယမုမ် အတည်ဖြစ်သည်။ ဝုဇူ၏အစား၊ ရေချိုးခြင်း၏အစား သယမုမ်ပြုပါသည်ဟု ရည်စူးရန်မလိုအပ်ပေ။

ပညတ်ချက် (၂၈)။ ကုရ်အာန်ကိုင်တွယ်ရန်အတွက် ပြုလုပ်ထားသော သယမုမ်ဖြင့် နမားဇ်ဖတ်ခွင့်မရှိပါ။ နမားဇ်တစ်ကြိမ်အတွက် ပြုလုပ်ထားသော သယမုမ်ဖြင့် နောက်ထပ်နမားဇ်ဖတ်ခွင့်ရှိသည်။ ထိုသယမုမ်ဖြင့် ကုရ်အာန်ကိုလည်း ကိုင်တွယ်ခွင့်ရှိသည်။

ပညတ်ချက် (၂၉)။ ရေချိုးခြင်း၊ ဝူဇူပြုခြင်း နှစ်မျိုးစလုံးဝါဂျိဗ်ထိုက်နေသူအတွက် နှစ်ခုလုံး၏အစား သယမုမ်တစ်ကြိမ်ပြုလျှင် လုံလောက်ပေသည်။ နှစ်ခုအတွက် သီးခြားစီသယမုမ်ပြုရန် မလိုအပ်ပေ။

ပညတ်ချက် (၃၀)။ သယမုမ်ပြုလုပ်၍ နမားဇ်ဝတ်ပြုလိုက်သည်။ ပြီးနောက် နမားဇ်အချိန်မကုန်ဆုံးမီမှာပင် ရေရရှိလာသည်ဆိုလျှင် နမားဇ်ကိုပြန်လည်ဝတ်ပြုရန် ဝါဂျိဗ်မဖြစ်ပေ။ သယမုမ်ဖြင့်ဖတ်ခဲ့သည့် နမားဇ်သည်မှန်ကန်ပေသည်။

ပညတ်ချက် (၃၁)။ ရေရှိသည့်နေရာသည် ရှရ်အီတစ်မိုင်ထက်မဝေးပေ။ သို့သော်နမားဇ်အချိန်ကုန်ရန် အလွန်နီးကပ်နေသည်။ ရေယူရန်သွားပါက နမားဇ်ကဇွာဖြစ်သွားမည်ကို စိုးရိမ်ပြီး သယမုမ်ပြုခွင့်မရှိပေ။ ရေရအောင်သွားယူရမည်။ ထို့နောက် ကဇွာနမားဇ်ဖတ်ရမည်။

ပညတ်ချက် (၃၂)။ ရေရှိပါလျှက် ရေကိုသုံးစွဲနိုင်ပါလျှက် ကုရ်အာန်ကျမ်းမြတ်ကိုင်တွယ်ရန် သယမုမ်ပြုခွင့်မရှိပါ။

ပညတ်ချက် (၃၃)။ အချိန်အနည်းငယ်စောင့်ဆိုင်းလျှင် ရေရနိုင်မည်ဟု မျှော်လင့်ရပါက အကောင်းဆုံးပုံစံမှာ နမားဇ်ကို ပထမဦးဆုံးမုစ်သဟဗ်အချိန်တွင် ဝတ်မပြုပါနှင့်။ ရေရသည်အထိ စောင့်ပါ။ သို့သော် မက္ကရူးဟ်အချိန်အထိ မရောက်ရှိစေပါနှင့်။ ရေရသည်အထိမစောင့်ပဲ ပထမဆုံးအချိန်မှာပင် ဝတ်ပြုလိုက်ပါကလည်း နမားဇ်ပိုင်ပေသည်။

ပညတ်ချက် (၃၄)။ ရေသည် အနီးအနား၌ပင်ရှိနေသည်။ ရေသွားယူပါက ကား၊ ရထားထွက်သွားမည်ကို စိုးရိမ်ရသည်။ ထိုအခြေအနေမျိုးတွင်လည်း သယမုမ်ပြုခွင့်ရှိသည်။ (ဥပမာ ကားဖြင့်သွားရာတွင် ခရီးတထောက်ရပ်နားသည်။ ရထားသည် ဘူတာတစ်ခုခုတွင်ရပ်လိုက်သည်။ ထိုအခါ မိမိအနေဖြင့် ရေရှိသည့်နေရာသို့သွား၍ ရေယူသည့်အချိန် ကား၊ ရထားတို့ ပြန်လည်ထွက်ခွာသွားမည်ကို စိုးရိမ်ရပါက ထိုအခါ သယမုမ်ပင်ပြုလိုက်ပြီး နမားဇ်ဖတ်နိုင်သည်ကို ဆိုလိုပါသည်။) မြွေအစရှိသည့် အသက်အန္တရာယ်ပြုမည့် အရာများကြောင့် ရေကိုရယူနိုင်ခြင်း မရှိပါကလည်း ထိုအခြေအနေတွင် သယမုမ်ပြုခွင့်ရှိပေသည်။

ပညတ်ချက် (၃၅)။ ခရီးဆောင်ပစ္စည်းများနှင့်အတူ ရေကိုထား ထားသည်။ ရေရှိနေသည်ကို သတိမရဘဲ သယမုမ်ဖြင့် နမားဇ်ဝတ်ပြုလိုက်သည်။ ပြီးမှ မိမိ၏ ပစ္စည်းများနှင့်အတူ ရေရှိသည်ကိုသတိရလျှင် သယမုမ်ဖြင့် ဖတ်ခဲ့သောနမားဇ်ကို ပြန်ဖတ်ရန် ဝါဂျိဗ်မဖြစ်ပေ။

သယမုမ်ပျက်စေသည့်အချက်များ
ပညတ်ချက် (၃၆)။ ဝုဇူပျက်စေသည့်အချက်အားလုံးဖြင့် သယမုမ်လည်း ပျက်ပေသည်။ ထို့အတူ ရေသုံးစွဲနိုင်ခြင်းကြောင့်လည်း သယမုမ်ပျက်စေသည်။ ဤအတိုင်းပင် သယမုမ်ပြု၍ (ခရီးတွင်) ရှေ့ဆက်သွားရာ ရှရ်အီတစ်မိုင်အတွင်း ရေတွေ့ရှိခြင်းဖြင့်လည်း သယမုမ်ပျက်သွားပေသည်။

ပညတ်ချက် (၃၇)။ ဝုဇူအတွက်ပြုထားသောသယမုမ်သည် ဝူဇူပြုနိုင်သည်ခန့်ရေရရှိပါက သယမုမ်ပျက်မည်။ ဂုစုလ်၏အစားဖြစ်မူ ဂုစုလ်ပြုနိုင်သည်ခန့် ရေရရှိလျှင် သယမုမ်ပျက်၏။ ရေအနည်းငယ်သာရရှိခြင်းဖြစ်ပါက သယမုမ်မပျက်ပေ။ (ဝုဇူပြုနိုင်သည်ခန့်၊ ဂုစုလ်ပြုနိုင်သည်ခန့်ဟု ဆိုရာဝယ် ဖရ်ဇ်အချက်ကို လုပ်ဆောင်နိုင်သည်ကို ဆိုလိုသည်။ ဝုဇူ၏ ဖရ်ဇ် လေးချက်ကို တစ်ကြိမ်ဆီဆေးကြောနိုင်လျှင် ဝုဇူပြုနိုင်သည်ဟု မှတ်ယူမည်။ ခန္ဓာကိုယ်တစ်ခုလုံး ဆံချည်မျှင်တစ်မျှင်မကျန် ရေတစ်ကြိမ်ချိုးနိုင်လျှင် ဂုစုလ်အတွက် လုံလောက်သည်ဟု မှတ်ယူမည်။)

ပညတ်ချက် (၃၈)။ လမ်းခရီးတွင် ရေရသည်။ သို့သော် သယမုမ်ပြုထားသူသည် ရေရသည်ကို မသိရှိပေ။ ထို့အတူ ၎င်းရောက်နေသည့်နေရာတွင် ရေရရှိနေသည်ကိုလည်း မသိရှိမူ ထိုသူ့၏ သယမုမ်မပျက်ပေ။ ဤအတိုင်းပင် လမ်းခရီးတွင် ရေရရှိသည်။ ရေရသည်ကိုလည်းသိရှိသွားသည်။ သို့သော် ကား၊ ရထား အစရှိသည့် စီးနင်းနေသည့်ယာဉ်မှ ဆင်းသက်ရန် အခွင့်အရေးမရပါကလည်း ထိုသူ့၏ သယမုမ်မပျက်ပေ။

ပညတ်ချက် (၃၉)။ ကျန်းမာရေးချို့ယွင်းမှုကြောင့် သယမုမ်ပြုသည်။ ကျန်းမာမှုရရှိလာသည့်အခါ ရေချိုးခြင်း၊ ဝုဇူပြုခြင်းတို့က ထိခိုက်မှုမဖြစ်စေတော့သည့်အချိန်တွင် သယမုမ်ပျက်၏။ ဝုဇူ၊ ဂုစုလ်ပြုရန် ဝါဂျိဗ်ဖြစ်သည်။

ပညတ်ချက် (၄၀)။ ရေမရသည့်အတွက် သယမုမ်ပြုလိုက်သည်။ တဖန် ရေသုံးစွဲလျှင် ပိုမိုဆိုးရွားနိုင်သည့် ရောဂါမျိုးဖြစ်လာသည်။ ထိုရောဂါရရှိပြီးသည့်နောက်မှ ရေရရှိလာလျှင် ရေမရှိခြင်းကြောင့်ပြုလုပ်ထားသော သယမုမ်သည် ပျက်သွားမည်ဖြစ်သည်။ သယမုမ်အသစ်ပြန်လုပ်ရမည်။

ပညတ်ချက် (၄၁)။ ရေချိုးရန်ဝါဂျိဗ်ထိုက်နေသည့်အတွက်ကြောင့် ရေချိုးလိုက်သည်။ သို့သော် ခန္ဓာကိုယ်တစ်နေရာတွင် ရေမရောက်ရှိဘဲ ခြောက်သွေ့ပြီးကျန်နေခဲ့သည်။ ရေလည်းကုန်သွားပြီဖြစ်သည်။ ယခုထိုသူသည် သန့်ပြန်သူမဖြစ်သေးပေ။ ထို့အတွက်ကြောင့် သယမုမ်ပြုရမည်ဖြစ်သည်။ အကယ်၍ တစ်နေရာရာမှ ရေရရှိပါက ထိုခြောက်သွေ့နေသည့်နေရာကို ဆေးကြောလိုက်ပါ။ အစအဆုံး ရေပြန်ချိုးရန် မလိုအပ်ပါ။

ပညတ်ချက် (၄၂)။ (အပေါ်ပညတ်ချက်နှင့် တဆက်တည်းဖြစ်သည်။) ဝုဇူပျက်သွားပြီးသည့်နောက်မှ ရေရရှိလာသည်။ သို့ဆိုလျှင် ဦးစွာခြောက်သွေ့ကျန်ခဲ့သည့်နေရာကို ဆေးကြောလိုက်ပါ။ အကယ်၍ရေသည် ဝုဇူအတွက်သာလုံလောက်ပြီး ခြောက်သွေ့ကျန်ခဲ့သည့်နေရာကို ဆေးကြောရန်မလုံလောက်ပါက ဝုဇူသာလျှင်ပြုလိုက်ပါ။ ထိုနေရာအတွက် ဂုစုလ်၏ သယမုမ်သာပြုလိုက်ပါ။ အကယ်၍ ဂုစုလ်အတွက် သယမုမ်ကို ပြုပြီးဖြစ်ပါက ထပ်မံပြုလုပ်ရန်မလိုအပ်တော့ပေ။ ပထမပြုထားသည့် သယမုမ်သည် လုံလောက်ပါသည်။

ပညတ်ချက် (၄၃)။ အဝတ်အစား (သို့) ခန္ဓာကိုယ်သည် ညစ်ပေနေသည်။ ဝုဇူပြုရန်လည်း လိုအပ်နေသည်။ သို့သော် ရေအနည်းငယ်သာရှိပေသည်။ (နှစ်မျိုးလုံးပြုလုပ်ရန် မလုံလောက်ပေ။) သို့ဆိုလျှင် ခန္ဓာကိုယ်၊ အဝတ်အစား၏ ညစ်ပေမှုကို ဆေးကြောလိုက်ပါ။ ဝုဇူအစား သယမုမ်ပြုလုပ်ပါ။
*********
ကျမ်းကိုး။ ။ ဗဟစ်ရှ်သီးဇေဝရ်ကျမ်း(အခ်သရီ) ပထမတွဲ အခန်း(၂) စာ၊ ၆၆ မှ ၇၁
((အလ်မုဖီးဒ် မှ ဘာသာပြန်ဆိုသည် / အမှားအယွင်းနှင့် ချွတ်ချော်မှု တစုံတရာတွေ့ရှိပါက ဘာသာပြန်ဆိုသူ၏ အားနည်းမှုကြောင့်သာ ဖြစ်ပါသည်။ အီးမေးလ် (သို့) Page ချက်ဘောက်စ် မှ မေးမြန်းနိုင်ပါသည်။))
အလ်မုဖီးဒ်
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။