Thursday, June 12, 2014

သယမုမ်နှင့် သက်ဆိုင်သည့် ပညတ်ချက်များ (၂)

ဗိစ်မိလ္လာဟိရ်ရဟ်မာန်းနိရ်ရဟီးမ်
(မစာအိလ် မလေ့လာမီ သိရှိထားရမည့် အချက်အချို့)
ယခုတင်ပြမည့်အကြောင်းအရာသည် သယမုမ်ပိုင်းဆိုင်ရာ ပြုခွင့်ရှိခြင်း၊ မရှိခြင်း၊ သယမုမ်ပြုပိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ သာသနာမှပြသထားသည့် ပညတ်ချက်စည်းကမ်း နည်းလမ်းများကို တင်ပြမည်ဖြစ်ပါသည်။ ပညတ်ချက်ဟူသည် တနည်းဆိုရသော် ဥပဒေပင်ဖြစ်သည်။ ဥပဒေဟူသောဆောင်ပုဒ်အောက်၌ ရေးသားထားသောစာသားများသည် သာမာန်စာသား စာပေများနှင့် မတူညီပါ။ စာသားအဓိပ္ပာယ်၊ စကားလုံးသုံးစွဲပုံ အစရှိသည့်အရာတို့သည် နက်နဲပါသည်။ ထို့ကြောင့် ဥပဒေ၊ ပညတ်ချက်များပါဝင်သည့် အကြောင်းအရာတို့ကို ဖတ်ရှုမည်ဆိုပါက သာမာန်အကြောင်းအရာများပါဝင်သည့် စာပေများကဲ့သို့ မြန်ဆန်စွာနှင့် ရုပ်လုံးပေါ်လောက်ရုံသာ ဖတ်ရှုမည်ဆိုပါက နားလည်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် အကြံပေးလို့သည်မှာ မတ်စ်အလာ(ပညတ်ချက်)များကို ဖတ်ရှုလေ့လာမည်ဆိုပါက အေးဆေးစွာနှင့် အကြောင်းအရာ တစ်ခုကို နားလည်သဘောပေါက် မှတ်မိသည်အထိ နှစ်ကြိမ်၊ သုံးကြိမ်ဖတ်ရမည်။ မိမိနားလည်သည့်ပုံစံနှင့် မတ်စ်အလာမှပြသထားသည့် ပုံစံတို့ လွဲနေပါက စစ်မှန်သည့် အဲဟ်လေစွန္နသ်လမ်းစဉ်ကိုကျင့်သုံးပြီး မိမိနှင့် မဇ်ဟဗ်ခြင်းတူညီသည့် အာလင်မ်ကို မေးမြန်းပါ။
အောက်၌တင်ပြမည့် မတ်စ်အလာများတွင် အခြေအနေတစ်ခု၏ ပင်ရင်းအခြေအနေတို့ကို အခြေခံကာ ပညတ်ချက်များ ပြသထားခြင်းဖြစ်သည်။ ဥပမာ ရေတွင်းဟု အများဆုံးသုံးနှုန်းထားသည်။ ထို့အတူ ခရီးထွက်ခြင်းဟု ဆိုရာဝယ် တောလမ်းခရီးမှ ခြေကျင်လျှောက်သွားခြင်း၊ ခရီးသွားယာဉ်တွင် ရထား၊ အစရှိသည့် ပင်ရင်းပုံစံတို့ဖြင့် ပြသထားသည်။ ထို့ကြောင့် ရေတွင်းအမိန့်တွင် ယခုခေတ်၏ ရေစင်များ၊ ရေတိုင်ကီများ ပါဝင်သည်။ ခရီးထွက်ခြင်းတွင် ခရီးထွက်သည့် ပုံစံအားလုံးကိုဆိုလိုသည်။ ရထားခရီးစဉ်ဟု ဆိုထားခြင်းတွင် ရထား၊ ကား၊ လေယာဉ် စသည့် စီးနင်းနိုင်သည့်ယာဉ်အားလုံးကိုဆိုလိုပါသည်။
အောက်၌တင်ပြထားသည့် မတ်စ်အလာ အမိန့်ပညတ်ချက်တို့တွင် ဖတ်ရှုသူအနေဖြင့် နားမလည်၊ သဘောမပေါက်ခြင်း၊ မိမိဖြစ်ပေါ်နေသည့်အခြေအနေသည် တင်ပြထားသည့် ပညတ်ချက်များ၌ ပါဝင်နေခြင်းမရှိ၊ ဖတ်ရှုသူအနေဖြင့်လည်း သိရှိလိုလျှင် မိမိနှင့်နီးစပ်သည့် အာလင်မ်ကိုသော်လည်ကောင်း၊  (သို့မဟုတ်) haroonrangoni@gmail.com သို့လည်ကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

သယမုမ်ပြုခွင့်ရမည့် ပုံစံများ
(အောက်၌တင်ပြမည့် ပညတ်ချက်များသည် အဲဟ်လေစွန္နသ်ဝလ်ဂျမာအသ်လမ်းစဉ်မှ ဟနဖီမဇ်ဟဗ်ဝင်များအတွက် ဖြစ်ပါသည်။)

သယမ်မုမ်ပြုခြင်းနှင့် စပ်လျဉ်၍ ထပ်မံသိရှိထားရမည့် ပညတ်တော်များ

ပညတ်ချက် (၁)။ တောထဲသို့ရောက်သွားသည်။ ရေဘယ်မှာရှိသည်ကိုလည်း လုံးဝမသိရှိပေ။ လမ်းညွှန်ပြောပြပေးမည့်သူလည်း မရှိ။ မေးမြန်းစုံစမ်းရန်လည်း ဘယ်သူမျှမရှိပေ။ ထိုသို့သော်အခြေအနေတွင် သယမုမ်ပြုခွင့်ရှိသည်။

အကယ်၍ ရေရှိသည့်နေရာကို လမ်းညွှန်ပေးနိုင်သည့် သူကိုတွေ့မည်။ ၎င်းကလည်း ရှရီအသ်မှ သတ်မှတ်ထားသည့် တစ်မိုင်ပတ်လည်အတွင်း ရေရှိသည့်နေရာကိုပြောပြမည်။ သို့မဟုတ် တခြားသောအကြောင်းခံတစ်ခုခုဖြင့် ရေရှိနိုင်ကြောင်းသိရှိရမည်။ (တိရိစ္ဆာန်တို့၏ ခြေရာကို အကြောင်းခံ၍၊ ငှက်များပျံသန်းသည့် ဘက်ကိုအခြေခံ၍) ရှရ်အီတစ်မိုင်အတွင် ရေရှိနိုင်ကြောင်း တိကျစွာမှတ်ယူနိုင်မည်ဆိုပါက ရေကိုဤမျှရှာဖွေရမည်။ ထိုသူနှင့် အပေါင်းအပါတို့ ရေရှာဖွေရာတွင် မည်သည့်အခက်အခဲမျှ မရှိနိုင်ပါက ရေမရှာဖွေပဲ သယမုမ်ပြုခွင့်မရှိပေ။ ရှရ်အီတစ်မိုင်အတွင်း ရေမုချရှိမည်ဟု ယုံကြည်ရပါက ရေရှာဖွေရန် ဝါဂျိဗ်ဖြစ်ပါသည်။
ရှရ်အီ ၁မိုင်သည် အင်္ဂလိပ်မိုင်နှင့် ၈ ပုံ ၁ ပုံ ပိုပါသည်။ (၉ ဖာလုံနှင့် ၂ဝ ကိုက်ဖြစ်ပါသည်။)

ပညတ်ချက် (၂)။ ရေရှိသည့်နေရာကိုသိသွားသည်။ သို့သော် ရှရ်အီ ၁မိုင်ထက် ပိုဝေးပါက ဤမျှလောက် ဝေးလံသည့်နေရာသို့ သွားရောက်၍ ရေရယူရန် အရေးမကြီးပေ။ သယမုမ်ပြုခွင့်ရှိသည်။

ပညတ်ချက် (၃)။ မြို့နှင့် ၁ မိုင်ဝေးသည့်နေရာသို့ရောက်ရှိနေသည်။ မိမိရောက်ရှိနေသည့်နေရာ၏ ၁ မိုင်အတွင်းတွင် ရေမရရှိနိုင်ပါကလည်း သယမုမ်ပြုခွင့်ရှိသည်။ ခရီးသည်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ။

ပညတ်ချက် (၄)။ မိမိသွားနေသည့် လမ်းတွင် ရေတွင်းတွေ့သည်။ သို့သော် ခပ်ယူရန် ကြိုး၊ ပုံး အစရှိသည်တို့ကို မရရှိပါကလည်း သယမုမ်ပြုခွင့်ရှိသည်။

ပညတ်ချက် (၅)။ ရေရရှိလိုက်သည်။ အလွန်နည်းသည်။ သို့သော် မျက်နှာ၊ လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်တို့ကို တစ်ကြိမ်စီဆေးနိုင်လောက်သည်အထိ ရေရှိပါက သယမုမ်ပြုခွင့်မရှိပေ။ ဝုဇူ၏ ဖရ်ဇ်အစိတ်အပိုင်းအားလုံးကို တစ်ကြိမ်စီဆေး၍ ဦးခေါင်းကို မစဟ်ပြုလိုက်ပါ။ အကယ်၍ ထိုမျှခန့်ပင်မရှိပါက သယမုမ်ပြုပါ။

ပညတ်ချက် (၆)။ ကျန်းမာရေးအရ ရေသုံးစွဲနိုင်ခြင်းမရှိ။ ရေသုံးစွဲပါက ရောဂါထပ်တိုးမည်။ နေကောင်းရန် နှောင့်နှေးကြန့်ကြာမည်ကို စိုးရိမ်ရပါက သယမုမ်ပြုခွင့်ရှိသည်။ သို့သော် ရေအေးမဟုတ်ဘဲ ရေနွေးကို သုံးစွဲနိုင်ပါက ရေနွေးဖြင့် ဝုဇူ၊ ဂုစုလ်ပြုရန် ဝါဂျိဗ်ဖြစ်ပေသည်။ သို့သော် ရေနွေးလည်း မရရှိနိုင်သည့် နေရာဖြစ်ပါက သယမုမ်ပြုခွင့်ရှိသည်။

ပညတ်ချက် (၇)ရေသည် အနီးအနားတွင်ရှိသည်။ ရှရ်အီတစ်မိုင်မျှလည်း မဝေးပေ။ ရေယူ၍ ဝုဇူပြုရန် ဝါဂျိဗ်ဖြစ်သည်။ အမျိုးသမီးများအနေဖြင့် ယောကျာ်းများရှိခြင်းကို ရှက်၍ ရေမယူဘဲ သယမုမ်ပြုခွင့်မရှိပါ။ ရှရီအသ်၏ အမိန့်တစ်ခုကိုလက်လွှတ်ဆုံးရှုံးဖို့ ပရ်ဒါကို အကြောင်းခံခြင်းသည် မပြုပိုင်သည်သာမက ဟရာမ်လည်းဖြစ်ပေသည်။ ဗုရ်ကအ်ခြုံ၍ (သို့) လုံခြုံသည့် ခြုံထည်ကို ခြုံကာ ရေသွားယူရန် ဝါဂျိဗ်ဖြစ်သည်။ ယင်းသို့ယူဆောင်ရာတွင်လည်း မျက်နှာ၊ လက်၊ ခြေ တို့ကို အကြောင်းမဲ့ မဖော်ရပေ။

ပညတ်ချက် (၈)။ ရေဖြင့် ဝုဇူမပြုနိုင်သရွေ့ သယမုမ်ကို ဆက်တိုက်ပြုနေခွင့်ရှိသည်။ သယမုမ်ပြုရသည့်ရက်သည် မည်မျှပင်ကြာရှည်ပါစေ မည်သည့်သံသယမျှ ရှိစရာမလိုပါ။ ဝုဇူပြုခြင်းနှင့် ရေချိုးခြင်းတို့ကြောင့် ရရှိသည့် သန့်ရှင်းမှုအတိုင်းပင် သယမုမ်ကသန့်ရှင်းမှုကို ပေးပါသည်။ သယမုမ်ပြုခြင်းဖြင့် ကောင်းစွာမသန့်ရှင်းနိုင်။ အနည်းငယ်သာ သန့်ရှင်းသည်ဟု မမှတ်ယူရပါ။

ပညတ်ချက် (၉)။ ရေကို ဝယ်ယူသုံးစွဲရမည်။ ရေ၏ တန်ကြေးသည် မြင့်မားနေပါက သယမုမ်ပြုခွင့်ရှိသည်။ သို့သော် မိမိထံပါးတွင် ငွေရှိသည်။ ခရီးစရိတ်ထက်လည်း ပိုလျှံနေသည်ဆိုပါက ရေဝယ်ယူရန် ဝါဂျိဗ်ဖြစ်သည်။ ရေရောင်းသည့်ဈေးနှုံးန်းသည် မည်သူမျှမရောင်းသည့်ဈေးဖြင့် မတန်တဆ ဈေးတင်ရောင်းနေပါက ထိုအခြေအနေတွင် ရေဝယ်ယူရန် ဝါဂျိဗ်မဖြစ်ပေ။ သယမုမ်ပြုခွင့်ရှိသည်။ မိမိထံတွင်ရှိသည့် ငွေကြေးသည် လမ်းခရီးစရိတ်ထက် အပိုမရှိပါက သယမုမ်ပြုခွင့်ရှိသည်။

ပညတ်ချက် (၁၀)။ အအေးဓာတ် အလွန်ပြင်းထန်နေမည်။ ရေများပင် ခဲနေမည်။ ထိုအခြေအနေမျိုးတွင် ရေချိုးပါက သွေးခဲ၍ သေနိုင်မည်။ နာမကျန်းဖြစ်သွားမည်ကို စိုးရိမ်ရသည်။ ရေတော့ချိုးနိုင်သည်။ သို့သော် ရေချိုးပြီးနောက် အနွေးဓာတ်ရယူရန် စောင်၊ အစရှိသည့်အရာများလည်း မရှိပါက ဤသို့သော် အခြေအနေတွင် သယမုမ်ပြုခွင့်ရှိပေသည်။

ပညတ်ချက် (၁၁)။ ခန္ဓာကိုယ်တစ်ဝက်ထက်ပို၍ ဒဏ်ရာများရှိနေမည်။ သို့မဟုတ် ရေယုံ၊ ရေကျောက် ကဲ့သို့ အနာများပေါက်နေပါကလည်း ထိုအခြေအနေတွင် ရေချိုးရန် ဝါဂျိဗ်မဖြစ်ပေ။ သယမုမ်ပြုနိုင်ပါသည်။

ပညတ်ချက် (၁၂)။ ကွင်းပြင်တစ်ခုတွင် သယမုမ်ပြု၍ နမားဇ်ဖတ်လိုက်သည်။ သို့သော် ရေသည် ၎င်းနှင့် အနီးအနားမှာပင်ရှိနေသည်။ ရေရှိသည်ကို မသိပေ။ သယမုမ်ဖြင့် ၎င်းတို့ဖတ်လိုက်သည့် နမားဇ်သည် မှန်ကန်ပေသည်။ ၎င်းတို့၏ အနီးအနား၌ပင် ရေရှိသည်ကို သယမုမ်ဖြင့် နမားဇ်ဝတ်ပြုပြီးမှ သိရှိလျှင်လည်း နမားဇ်ပြန်ဖတ်ရန် အရေးမကြီးပေ။

ပညတ်ချက် (၁၃)။ ခရီး၌ တစ်ဦးတစ်ယောက်ထံတွင် ရေရှိပါက ၎င်းထံမှတောင်းခံလျှင် မုချပေးမည်ဟု စိတ်ထဲမှ ယုံကြည်ချက်ခိုင်မာလျှင် ရေမတောင်းပဲ သယမုမ်ပြုခွင့်မရှိပေ။ ဤသို့မဟုတ်ဘဲ တောင်းလျှင် မပေးနိုင်ဟု စိတ်ထဲမှ ယုံကြည်နေလျှင် ရေမတောင်းပဲ သယမုမ်သာပြု၍ နမားဇ်ဝတ်ပြုခွင့်ရှိသည်။ သို့သော် နမားဇ်ဖတ်ပြီးသည့်နောက် ၎င်းသူထံမှ ရေတောင်းလိုက်သည်။ ထိုသူကလည်း ရေပေးလိုက်သည်ဆိုပါက ပထမဖတ်ခဲ့သည့်နမားဇ်ကို ဝူဇူဖြင့် ပြန်လည်ဖတ်ရွတ်ရမည်။

ပညတ်ချက် (၁၄)။ ဇမ်ဇမ်ရေပုံးများတွင် ဇမ်ဇမ်ရေများရှိနေလျှက်ဖြင့် သယမုမ်ပြုခွင့်မရှိပေ။ ဇမ်ဇမ်ပုံးများကိုဖွင့်၍ ထိုရေဖြင့် ရေချိုး၊ ဝုဇူပြုခြင်းများကို ပြုရမည်ဖြစ်သည်။

ပညတ်ချက် (၁၅)။ ရေရှိသည့်သူထံ ရေတောင်းရန်သွားသောအခါ လမ်းတွင် အခက်အခဲဖြစ်မည်။ သို့မဟုတ် သွားနေရင်း ရေဆာလောင်မှုကြောင့် အခက်အခဲတစ်ခုခု၊ အသက်အန္တရာယ် စိုးရိမ်ရပါက ထိုအခြေအနေတွင် ဝုဇူမပြုဘဲ သယမုမ်ပြုခွင့်ရှိသည်။ ထို့အတူ မိမိထံတွင်ရှိနေသောရေကို သုံးစွဲလိုက်ပါက ရေဆာလောင်မှုအတွက် သောက်သုံးရန် ရေမကျန်ရှိနိုင်တော့ပါက ထိုအခြေအနေတွင် သယမုမ်ပြုခွင့်ရှိသည်။

ပညတ်ချက် (၁၆)။ ရေချိုးလျှင် ကျန်းမာရေးထိခိုက်နိုင်သည်။ ဝုဇူပြုလျှင် အခက်အခဲမရှိပါက ရေချိုးခြင်း၏ အစား သယမုမ်ပြုလိုက်ပါ။ (သယမုမ်ကို ဦးစွာပြုပါ။ ထို့နောက်မှ ဝုဇူပြုပါ။) ဂုစုလ်အတွက် သယမုမ်ပြုပြီးသည့်နောက် ဝုဇူပျက်သွားပါက ဝုဇူအတွက် သယမုမ်မပြုရပေ။ ဝုဇူသာပြန်လုပ်ရမည်။

ပညတ်ချက် (၁၇)။ သယမုမ်ပြုသည့် နည်းလမ်းမှာ လက်နှစ်ဖက်ကို သန့်ပြန့်သော မြေကြီးပေါ်တွင် ရိုက်ပုတ်လိုက်ပါ။ ထို့နောက် မျက်နှာတစ်ခုလုံးကို ပွတ်သပ်လိုက်ပါ။ ဒုတိယအကြိမ် မြေကြီးကို ရိုက်ပုတ်ပါ။ လက်နှစ်ဖက်ကို တံတောင်ဆစ်အပါအဝင် ပွတ်လိုက်ပါ။ လက်ချောင်းများကိုလည်း ခိလာလ်ပြုပါ။ ကျပ်နေသည့် လက်စွပ်တို့ကို ချွတ်ထားပါ။ ပွတ်သပ်ရာတွင် ဆံချည်မျှင် တစ်မျှင်စာမျှ မကျန်ရှိအောင် ဂရုပြုရမည်။ ကျန်ရှိခဲ့ပါက သယမုမ် မပိုင်ပါ။

ပညတ်ချက် (၁၈)။ မြေကြီးအပေါ်လက်ရိုက်ပြီးသည့်နောက် လက်ကိုပြန်ခါလိုက်ရမည်။ သို့မှသာ လက်နှင့် မျက်နှာတို့တွင် ဖုံမှုန့်များပေကပ်မည်မဟုတ်ပေ။ ဖုံနှင့် မြေကြီးများပေ၍ မျက်နှာပုံစံမပျက်သွားစေရန်ဖြစ်ပေသည်။

ပညတ်ချက် (၁၉)။ မြေကြီးအပြင် မြေကြီးအမျိုးအစားမှဖြစ်သည့် အုတ်၊ သဲ၊ ကျောက်၊ ထုံး၊ ဘိလပ်မြေ၊ မြေနီမှုန့်၊ စုရ်မာ၊ အစရှိသည့်အရာတို့ဖြင့် သယမုမ်ပြုခွင့်ရှိသည်။ မြေအမျိုးအစားမှ မဟုတ်သည့်အရာတို့ဖြင့် သယမုမ်ပြုခွင့်မရှိပေ။ ရွှေ၊ ငွေ၊ ကြေး၊ သတ္တု၊ ထို့အတူ အသီးအနှံများ။ အကယ်၍ ထိုအရာများအပေါ်တွင် မြေကြီး ဖုန်မှုန့်များပေကျံနေပါက ထိုပုံစံမျိုးတွင် ထိုအရာများပေါ် သယမုမ်ပြုခွင့်ရှိသည်။

ပညတ်ချက် (၂ဝ)။ မီးတွင် လောင်ကျွမ်းသွားခြင်း၊ ပျော်ဝင်သွားခြင်းမရှိသည့်အရာသည် မြေအမျိုးအစားဖြစ်သည်။ လောင်ကျွမ်းပြာဖြစ်သွားသောအရာသည် မြေအမျိုးအစားမှ မဟုတ်ပေ။ ထို့အတူ ပြာအပေါ်တွင်လည်း သယမုမ်ပြုခွင့်မရှိ။
(တတိယအပိုင်းကို ဆက်လက် လေ့လာပါရန်)

ကျမ်းကိုး။ ။ ဗဟစ်ရှ်သီးဇေဝရ်ကျမ်း(အခ်သရီ) ပထမတွဲ အခန်း(၂) စာ၊ ၆၆ မှ ၇၁
((အလ်မုဖီးဒ် မှ ဘာသာပြန်ဆိုသည် / အမှားအယွင်းနှင့် ချွတ်ချော်မှု တစုံတရာတွေ့ရှိပါက ဘာသာပြန်ဆိုသူ၏ အားနည်းမှုကြောင့်သာ ဖြစ်ပါသည်။ အီးမေးလ် (သို့) Page ချက်ဘောက်စ် မှ မေးမြန်းနိုင်ပါသည်။))
အလ်မုဖီးဒ်
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။