Saturday, October 29, 2016

အဖြူဆင်းခြင်းဆိုင်ရာ ပညတ်ချက်များ


မွတ်စ်လင်မ်သည် တစ်နေ့တွင် ငါးကြိမ်နမားဇ်ကို မပြုမနေရတာဝန်အဖြစ် ထမ်းဆောင်ရသလို ယင်းနမားဇ်ကိုလည်း သန့်ပြန့်သည့် ခန္ဓာကိုယ်၊ သန့်ရှင်းသည့် အဝတ်အထည်နှင့် စင်ကြယ်သည့် နေရာတို့တွင် ဆောက်တည်ရသည်။ နေ့စဉ်တာဝန်တွင်ပါရှိသည့် နမားဇ်ကိုထမ်းဆောင်ရန် သန့်ရှင်းမှုသည့် အရေးကြီးပေသည်။ အစ္စလာမ်တွင် သန့်ရှင်းမှုပြုလုပ်ရသည့်နည်းကို အဆင့်ဆင့် ပြဌာန်းပေးထားသည်။ ကမ္ဘာ့လူသားထုတစ်ခုလုံးတွင် နှစ်မျိုးသာ ကွဲပြားသည့် ယောက်ျားနှင့် မိန်းမတို့အတွက် မတူညီသည့် ပြဌာန်းချက်များ ချမှတ်ပေးထားသည်။ ထိုထဲမှ ယခုဖော်ပြမည့် အကြောင်းအရာသည် အမျိုးသမီးများ ကြုံတွေ့ရသည့် အခြေအနေနှင့် သက်ဆိုင်ပါသည်။ အမျိုးသမီးဆိုင်ရာ ပညတ်ချက်များကို အမျိုးသားများလည်း လေ့လာထားရမည်။ အမျိုးသားတစ်ဦးသည် အမျိုးသမီးများစွာနှင့် ဆွေမျိုးတော်စပ်သူဖြစ်သည်။ အမျိုးသား၏ မွေးဖွားပေးသူမှာ အမျိုးသမီးဖြစ်သည်။ အဒေါ်များမှာ အမျိုးသမီးဖြစ်သည်။ အမ၊ ညီမများ၊ တပည့်မများ၊ လက်အောက်ဝန်ထမ်းမှ အမျိုးသမီးများ၊ တူမများ၊ ဇနီး၊ သမီး စသည်ဖြင့် အမျိုးသမီးများစွာနှင့် ပတ်သက်ဆက်နွယ်နေရသည်။ ထို့ကြောင့် အမျိုးသမီးနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို အမျိုးသားများပါ ဖတ်ရှုထားမည်ဆိုပါက မိမိနှင့် ပတ်သက်ဆက်နွယ်နေသူတို့အား ပြန်လည် သင်ပြ ပြောပြပေးနိုင်မည်။ ပညာရပ်ပိုင်းဆိုင်ရာကို ပညာသင်ဦးနှောက်ဖြင့် တွေးမြင် သင်ယူပါက ပညာတိုးမည်ဖြစ်ပါသည်။ ထို့ကြောင့် ယခုဖော်ပြမည့် အကြောင်းအရာကို အမျိုးသား၊ အမျိုးသမီးတိုင်း လေ့လာဖတ်ရှုပါ။ ပြန်လည် သင်ပြ၊ ဖြန့်ဝေပါဟု တိုက်တွန်းပါသည်။

အဖြူဆင်းခြင်း
အမျိုးသမီးတို့၏ သားအိမ်အတွင်းတွင်ရှိသော မျိုးဥ၊ ဆဲလ်စသည်တို့သည် သဘာဝအလျောက် ကြွေခြင်း၊ ပျက်စီးသွားခြင်းများ ဖြစ်သည်။ ယင်းသို့ဖြစ်သည့်အခါ သားအိမ်လမ်းကြောင်းမှနေ၍ ပြင်ပသို့ သွေး၊ အရည်ကြည်၊ အချွဲ စသည်များ ဆင်းသက်လာသည်။ အပျိုအရွယ်တွင် အများဆုံး ကြုံတွေ့ရသည်မှာ ရာသီသွေးဆင်းခြင်းဖြစ်သည်။ ရာသီနှင့်အတူ အဖြူဆင်းခြင်းသည်လည်း အမျိုးသမီး (အပျို၊ အိမ်ထောင်ရှင်)တို့တွင် အများအားဖြင့် ဖြစ်လေ့ရှိကြသည်။ အိမ်ထောင်ရှင်ဖြစ်ပြီးနောက် သားသမီးမွေးဖွားလျှင် မီးတွင်းသွေးဆင်းခြင်း ဖြစ်ပေါ်သည်။ ယင်းဖြစ်စဉ်အားလုံးသည် သားအိမ်မှ ဖြစ်ခြင်းဖြစ်၏။ ထိုသို့ဖြစ်လာသည့်အခါ ခဝပ်ဆည်းကပ်မှုဆိုင်ရာများတွင် လျှော့ပေါ့ပေးမှုများ၊ အချို့တာဝန်များကို ရပ်ဆိုင်းပေးခြင်းများရှိသည်။ ရာသီသွေး၊ မီးတွင်းသွေး၊ ယင်းသွေးနှစ်မျိုးတွင် သတ်မှတ်ကာလ ကျော်လွန်မှုတို့ကြောင့် ရောဂါသွေးဟု ပြောင်းလဲခေါ်ရသည့် အခြေအနေ စသည့်အကြောင်းအရာများကို အလ်မုဖီးဒ်မှ ရေးသားပြီးဖြစ်သည်။ ယခု အဖြူဆင်းခြင်းသည်လည်း ယင်းသားအိမ်မှပင် ဖြစ်ပေါ်ခြင်းဖြစ်ရာ ထိုအကြောင်းအရာနှင့် သက်ဆိုင်သည့် ပညတ်ချက်များကို ဖော်ပြမည်။

ဆေးပညာ၏ သတ်မှတ်မှုတွင် အဖြူဆင်းခြင်းသည် ရောဂါကြောင့် ဆင်းခြင်းရှိသလို၊ ကျန်းမာရေး ကောင်းခြင်းကြောင့် ဆင်းရသည်လည်း ရှိသည်ဟု မှတ်သားရသည်။ ကျန်းမာရေးကောင်းခြင်း ကြောင့်ဆိုသည်မှာ အဖြူဆင်းခြင်းကို အမျိုးသမီးတို့၏ သားအိမ်မှ သဘာဝအရ သန့်စင်ပေးသည့်အရည်ဟု ဖော်ပြထားသည်များရှိသည်။ အပျိုတွင်လည်း ဆင်းသလို အိမ်ထောင်ရှင်မများတွင်လည်း ဖြစ်ပေါ် တတ်သည်။

ကျန်းမာရေးချို့ယွင်းမှုကြောင့် အဖြူဆင်းသည်ဖြစ်စေ၊ သားအိမ်သန့်စင်ခြင်းကြောင့် အဖြူဆင်းသည်ဖြစ်စေ အခြေအနေနှစ်မျိုးလုံးကို ရှရီအသ်က မသန့်ဟုသတ်မှတ်သည်။ သားအိမ်အတွင်း ရှိနေစဉ်ကာလသည် ခန္ဓာကိုယ်အတွင်း ရှိသည် ဖြစ်သောကြောင့် ထိုအခြေအနေသည် သန့်နေသည်။ မွေးလမ်းကြောင်းအတွင်း ရှိနေသရွေ့ သန့်၏။ သို့သာမက သားအိမ်အပေါက်ဝတွင် (သားအိမ်ပေါက် အဝိုင်းလေးတည့်တည့်တွင်) ရှိနေသည်အထိ ပြင်ပသို့ရောက်သည်ဟု မသတ်မှတ်သေးပါ။ ခန္ဓာကိုယ်အပြင်ဘက်ထွက်လာလျှင် မသန့်ဟု သတ်မှတ်သည်။ အဖြူဆင်းခြင်းဟု ဆိုရာတွင် အရည်၊ အပျစ်၊ အခဲ၊ အချွဲ အားလုံးကို ဆိုလိုပါသည်။

(၁) အဖြူဆင်းသူနှစ်မျိုး
အဖြူဆင်းသူတို့တွင် ပုံစံနှစ်မျိုးရှိသည်။

(က) ပထမအမျိုးအစားမှာ တစ်ခါတရံမှ ဆင်းသူဖြစ်သည်။ တစ်နေ့လုံးတွင် တစ်ကြိမ်၊ နှစ်ကြိမ်ဆင်းမည်။ သို့မဟုတ် တစ်နာရီအတွင်းမှာပင် သုံးကြိမ်၊ လေးကြိမ်ဆင်းမည်။ နမားဇ်ကို သန့်ရှင်းမှုဖြင့် ဖတ်နိုင်သည့် အချိန်မျှ ရပ်တန့်မှုရှိသည်။ အဖြူဆင်းရာတွင် ပမာဏ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ထိုသို့သောသူမျိုးကို တစ်ခါတစ်ရံမှ အဖြူဆင်းသူဟု သတ်မှတ်သည်။

(ခ) ဒုတိယအမျိုးအစားမှာ အချိန်တိုင်း ဆက်တိုက် အဖြူဆင်းနေသူဖြစ်သည်။ ရာသီလာသကဲ့သို့ ဆင်းနေသည်။ ရပ်တန့်ချိန်နည်းပါးသည်။ နမားဇ်ကို သန့်ရှင်းမှုဖြင့် ဖတ်နိုင်သည့် အချိန်ခန့်မျှပင် ရပ်တန့်ခြင်းမရှိ။ ဆင်းသည့် ပမာဏ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ဆင်းသည့် အချိန်သည် ဆက်တိုက်ဖြစ်နေလျှင် ထိုသို့သောသူမျိုးကို ဆက်တိုက်ဆင်းသူဟု သတ်မှတ်သည်။

(၂) တူညီသည့် ပညတ်ချက်
နှစ်မျိုးလုံးအတွက် တူညီသည့် ပညတ်ချက်များကို ဦးစွာ ဖော်ပြမည်။ အဖြူဆင်းခြင်းကို မသန့်ဟု သတ်မှတ်သည့်အတွက် အဖြူဆင်းလျှင် ဝုဇူပျက်သည်။ ဝုဇူပျက်ခြင်းသာ ဖြစ်မည်။ ရေချိုးရန် ဝါဂျိဗ်မထိုက်ပါ။ ရိုဇဟ်ထားခွင့်ရှိသည်။ ရိုဇဟ်စောင့်ထိန်းနေစဉ် အဖြူဆင်းလျှင် ရိုဇဟ် မပျက်ပါ။ ဇနီးမောင်နှံ နေထိုင်ခွင့်ရှိသည်။ ကုရ်အာန် သိလာဝသ် လုပ်ခွင့်ရှိသည်။ ကုရ်အာန်ကျမ်းကို ထိတွေ့ကိုင်တွယ်လိုလျှင် ဝုဇူပြုရမည်။ ရေးသားလိုလျှင်လည်း ဝုဇူပြုရမည်။

(၃) ပထမအမျိုးအစားအတွက် ပညတ်ချက် (တစ်ခါတရံမှဆင်းသူ)
ပထမ အမျိုးအစားသည် တစ်ခါတရံမှ အဖြူဆင်းသူဖြစ်သဖြင့် အဖြူဆင်းသည်နှင့် ဝုဇူပျက်သွားမည်။ ခန္ဓာကိုယ်တွင် ပေကျံလျှင် ဆေးကြောရမည်။ အဝတ်အစားတွင် ပေကျံလျှင် ယင်းအဝတ်အစားသည် မသန့်ဖြစ်၏။ ဆေးကြော သန့်စင်ရမည်။
(မသန့်ပေကျံရာတွင် လက်ဖဝါးအချိုင့်လေး၏ အပြန့်အတိုင်းအတာထက် နည်းလျှင် မသန့်စင်ဘဲ နမားဇ်ဖတ်ခွင့် ပြုထားသည်။ သို့သော် ယင်းခွင့်ပြုချက်သည် သန့်စင်ရန် ရေအခက်အခဲ၊ လဲလှယ်ရန် အဝတ်အစား အခက်အခဲ ရှိသည့်ကာလအတွက် ဖြစ်၏။ ယနေ့အခါတွင်မူ အလ္လာဟ်အရှင်မြတ် အသနားတော်ဖြင့် အားလုံးသည် အသင့်အတင့် ချောင်လည်နေပြီ ဖြစ်သည်။ ထိုသို့ချောင်လည်ပါလျှက် ခန္ဓာကိုယ်ကို မဆေးကြော၊ အဝတ်အစား မလဲလှယ်ဘဲ နေခြင်းသည် မက္ကရူဟ်ဖြစ်ပါသည်။ လက်ဖဝါးအချိုင့်လေး၏ အပြန့်အတိုင်းအတာမျှ သို့မဟုတ် ထို့ထက်များလျှင် မဆေးကြောဘဲ နမားဇ်မပိုင်ပါ။)

နမားဇ်အတွင်း ရှိနေစဉ် ဆင်းလျှင် (အဖြူဆင်းသည်နှင့် ဝုဇူပျက်သွားပြီ ဖြစ်သောကြောင့်) ယင်းနမားဇ်ပျက်သည်။ နမားဇ်အစပြုချိန်က အသန့်ဖြစ်သည်။ (အဖြူဆင်းခြင်း မရှိ) နမားဇ်တဝက်တွင် အဖြူဆင်းလျှင် ခန္ဓာကိုယ်နှင့် အဝတ်အစားကို သန့်ရှင်းအောင်ပြုပြီးနောက် အစမှ ပြန်ဖတ်ရမည်။ နမားဇ်ဟု ဆိုရာတွင် ဖရ်ဇ်၊ ဝါဂျိဗ်၊ စွန္နသ်၊ နဖိလ်၊ ကဇွာ အားလုံးပါဝင်ပါသည်။

(၄) ဒုတိယအမျိုးအစားအတွက် ပညတ်ချက် (ဆက်တိုက်ဆင်းသူ)

ဒုတိယအမျိုးအစားသည် အချိန်တိုင်း အဖြူဆင်းနေသူဖြစ်သည်။ နမားဇ်ကို သန့်ရှင်းမှုဖြင့် ဖတ်နိုင်သည့် အချိန်ခန့်မျှပင် အဖြူဆင်းခြင်းသည် ရပ်တန့်မှု မရှိပေ။ ထိုသို့သော အခြေအနေရှိသူကို ရှရီအသ်တွင် مَعْذُوْرٌ အခွင့်ရှိသူဟု သတ်မှတ်သည်။ သဘောမှာ နမားဇ်ကို သန့်ပြန့်မှုနှင့်တကွ ဖတ်နိုင်စွမ်းမရှိသူ ဖြစ်သည်။ ထိုသို့ဖြစ်သူအတွက် သီးသန့်သတ်မှတ်မှုများ ရှိပါသည်။

(၅) အခွင့်ရှိသူ ( مَعْذُوْرٌ ) အတွက် စည်းကမ်းချက်နှင့် ပညတ်ချက်

အခွင့်ရှိသူနှင့် သက်ဆိုင်သည့် ရှရီအသ်၏ စည်းမျဉ်းကို ဖော်ပြမည်။ အခွင့်ရှိသူဖြစ်ရန်အတွက် စည်းကမ်းချက် နှစ်ခုရှိသည်။ စည်းကမ်းချက် တစ်ခုမှ အခွင့်ရှိသူဖြစ်ရန်အတွက် ဖြစ်သည်။ ဒုတိယစည်းကမ်းချက်မှာ အခွင့်ရှိသူအဖြစ် ရှိနေရန်အတွက် ဖြစ်၏။

(က) ပထမစည်းကမ်းချက် (အခွင့်ရှိသူဖြစ်ရန်)
အခွင့်ရှိသူဖြစ်ရန်အတွက် ၎င်းသည် နမားဇ်အချိန်ပြည့်တစ်ခုလုံး၌ သန့်ပြန့်မှုနှင့်တကွ နမားဇ်ဖတ်ရန် အခွင့်အရေးမရပေ။ (ပမာ ဇုဟုရ်အချိန်သည် မွန်းတိမ်း ၁၂နာရီက စပြီး အဆွရ်အချိန် ညနေ ၄နာရီအထိ ဖြစ်သည်။ ထိုအတောအတွင်း ဆက်တိုက် အဖြူဆင်းနေသည်။ အနည်းငယ်မျှ ရပ်တန့်ခြင်းမရှိ။) သို့ဆိုလျှင် ၎င်းသူသည် مَعْذُوْرٌ အခွင့်ရှိသူ ဖြစ်၏။

အခွင့်ရှိသူ၏ ပညတ်ချက်မှာ နမားဇ်အချိန်တိုင်းတွင် တစ်ကြိမ် ဝုဇူပြုလုပ်ပါ။ ထိုနမားဇ်အချိန် မကုန်မချင်း (အခွင့်ရသည့် အကြောင်းအရာမှအပ အခြားသော ဝုဇူပျက်စေသည့် အခြား အကြောင်းအရာမဖြစ်ပေါ်လျှင်) ဝုဇူရှိနေသူ ဖြစ်မည်။ ထိုသို့ဝုဇူပြုပြီးနောက် အဖြူဆင်းလျှင်လည်း ဝုဇူမပျက်ပါ။ ထိုနမားဇ်အချိန် ကုန်သွားလျှင် ဝုဇူပျက်သွားမည်။ နောက်ထပ်နမားဇ်အချိန်အတွက် နောက်ထပ်ဝုဇူတစ်ခု ပြုလုပ်ရမည်။

မှတ်ချက်။ အခွင့်ရသည့် အကြောင်းအရာမှအပ အခြားသော ဝုဇူပျက်စေသည့် အခြား အကြောင်းအရာမဖြစ်ပေါ်လျှင် ... ဟူသည်မှာ အဖြူဆင်းခြင်းသည် ဝုဇူပျက်စေသည့် အကြောင်းအရာဖြစ်သည်။ သို့သော် ယခု ဆက်တိုက်အဖြူဆင်းနေသဖြင့် အခွင့်ရှိသူ ဖြစ်သွားသည်။ ထို့ကြောင့် အဖြူဆင်းခြင်းသည် အခွင့်ရသည့် အကြောင်းအရာဖြစ်သည်။ နမားဇ်အချိန် တစ်ခုတွင် ဝုဇူပြုပြီးနောက် အဖြူဆင်းလျှင် ဝုဇူမပျက်ပါ။ အကြိမ်မည်မျှပင် ဆင်းသည်ဖြစ်စေ ဝုဇူမပျက်ပါ။ လေလည်ခြင်း၊ အန်ခြင်း၊ ကျင်ကြီး၊ ကျင်ငယ်စွန့်ခြင်း။ ခန္ဓာကိုယ်တစ်နေရာရာမှ သွေး၊ ပြည်ထွက်၍ စီးကျသွားခြင်းတို့သည် ဝုဇူပျက်စေသည့် အခြားအကြောင်းအရာ ဖြစ်သည်။ ထိုအကြောင်းအရာများ ဖြစ်ပေါ်လျှင် ဝုဇူပျက်မည်။

နမားဇ်အချိန်တစ်ခုအတွက် ပြုလုပ်ထားသော ဝုဇူဖြင့် ယင်းနမားဇ်အချိန်အတွင်း စွန္နသ်၊ နဖိလ်၊ ကဇွာ အကုန်ဖတ်နိုင်သည်။ သိလာဝသ်လည်း ပြုနိုင်ပါသည်။ နမားဇ်အချိန်ကုန်လျှင် အခွင့်ရှိသူ၏ ဝုဇူ ပျက်သွားမည်။ နောက်နမားဇ်အချိန်တစ်ခုအတွက် ဝုဇူအသစ်ပြုလုပ်ရမည်။

ဖဂျရ်ချိန်တွင် ဝုဇူပြုထားလျှင် နေထွက်ပြီးနောက် ယင်းဝုဇူပျက်သွားသည်။ နေထွက်ပြီးနောက် ဝုဇူပြုထားလျှင် ထိုဝုဇူဖြင့် ဇုဟုရ်နမားဇ် ဖတ်ခွင့်ရှိသည်။ (အခြားအကြောင်းတစ်ခုခုကြောင့် ဝုဇူမပျက်သေးပါက) ဇုဟုရ်အချိန်တွင် ဝုဇူအသစ် ထပ်လုပ်ရန် မလိုအပ်ပါ။ အဆွရ်အချိန်ဝင်လျှင် ဇုဟုရ်၏ ဝုဇူပျက်သည်။ အဆွရ်အတွက် ဝုဇူအသစ်ထပ်လုပ်ရမည်။ ထိုပုံစံအတိုင်း အခြားနမားဇ်အချိန်များကိုလည်း မှတ်ယူပါ။ (ဗဟစ်ရှ်သီး ဇေဝရ်ကျမ်း၊ တွဲ ၁၊ စာ ၅၄၊ မအ်ဇူးရ်ကေးအဟ်ကားမ် မတ်စ်အလဟ်အမှတ် ၂)

(ခ) ဒုတိယစည်းကမ်းချက် (အခွင့်ရှိသူအဖြစ် ရှိနေရန်)
အခွင့်ရှိသူအဖြစ် ရှိနေရန်အတွက် အခွင့်ရသည့်အကြောင်းအရာသည် နမားဇ်အချိန်တစ်ခုတွင် အနည်းဆုံးတစ်ကြိမ် ဖြစ်ရမည်။ ထိုသို့ဖြစ်မှသာ အခွင့်ရှိသူအဖြစ် ရှိနေမည်။ လက်ရှိနမားဇ်အချိန်အတွက် အခွင့်ရှိသူ ဖြစ်နေမည်။ ထို့အတူ ရှေ့လာမည့် နမားဇ်အချိန်အတွက်လည်း အခွင့်ရှိသူ ဖြစ်နေမည်။

(၆) အခွင့်ရှိသူ မဖြစ်တော့ခြင်း
နမားဇ်အချိန်တစ်ခုတွင် အခွင့်ရသည့် အကြောင်းအရာသည် တစ်ကြိမ်မျှပင် ဖြစ်ပေါ်ခြင်း မရှိတော့လျှင် ၎င်းသည် အခွင့်ရှိသူ မဖြစ်တော့ပါ။ လက်ရှိနမားဇ်အချိန်အတွက်လည်း အခွင့်ရှိသူမဟုတ်တော့သလို လာမည့်နမားဇ်အချိန်အတွက်လည်း အခွင့်ရှိသူမဟုတ်တော့ပါ။ ထို့ကြောင့် ပထမအမျိုးအစား၏ ပညတ်ချက်များအတိုင်း လိုက်နာရမည်။ နောက်ထပ်နမားဇ်အချိန်များတွင် ပုံမှန်အတိုင်း ဝုဇူပြုလုပ်ပါ။ ထိုအချိန်တွင် အဖြူဆင်းပါက ဝုဇူပျက်မည်။ (အဘယ့်ကြောင့်ဆိုသော် အခွင့်ရှိသူ မဖြစ်တော့သောကြောင့် ဖြစ်၏။)

မှတ်ချက်။ အဖြူဆင်းသူ အမျိုးအစားနှစ်ခုကို သေချာစွာ နားလည်အောင် ဖတ်ပါ။ အမျိုးအစားနှစ်ခုမတူသလို အမိန့်သတ်မှတ်ပုံခြင်းလည်း မတူပါ။

(၇) အဖြူဆင်းခြင်း၏ အရောင်ဆင်း
အဖြူဆင်းခြင်းသည် အရည်၊ အချွဲ၊ အပျစ်အခဲ မည်သို့ပင် ဖြစ်စေ အဖြူရောင်ဖြစ်ရမည်။ အဝါရောင်၊ အညို၊ အမဲရောင်များဖြစ်လျှင် ရှရီအသ်၌ ရာသီသွေးဟုသတ်မှတ်သည်။ ထို့ကြောင့် ရာသီသွေး၏ ရက်အတွင်း ဆင်းခြင်းဖြစ်လျှင် ရာသီဟု သတ်မှတ်သည်။ ရာသီ၏ ရက်မဟုတ်ဘဲ ဆင်းသည့်အရာသည် ထိုအရောင်များဖြစ်လျှင် (اِسْتِحَاضَهْ အိစ်သိဟာဇွဟ်) ရောဂါသွေးဖြစ်သည်။

(က) မွေးလမ်းကြောင်း (သားအိမ်လမ်းကြောင်း) မှ စဆင်းသည့် အချိန်က အရောင်ကို အတည်ယူသည်။ ဂွမ်းစ၊ အတွင်းခံ စသည်များနှင့် ထိပြီးအရောင်းပြောင်းသွားခြင်း၊ ခြောက်သွေ့ပြီး ပြောင်းသွားသောအရောင်ကို အတည်မယူပါ။

(ခ) သားအိမ်အတွင်းမှ ဆင်းသက် အရည်၊ အချွဲ စသည်များကိုသာ မသန့်ဟု သတ်မှတ်သည်။ ခန္ဓာကိုယ်ပြင်ပ အရှက်အင်္ဂါတို့တွင် ချွေးကြောင့် စိုစွတ်ခြင်းကို မသန့်ဟု မသတ်မှတ်ပါ။ ချွေးကို မသန့်ဟု သတ်မှတ်မထားပါ။

အဖြူဆင်းသူများအနေဖြင့် အဝတ်အစားလဲရန် ခက်သည့်နေရာမျိုးနှင့် ကြုံရမည်ဆိုလျှင် အဖြူဆင်းသူများအတွက် ထုတ်လုပ်ထားသည့် တစ်ခါသုံးဂွမ်းကပ်များကို သုံးပါ။ ဂွမ်းကပ်တွင်သာ ပေကျံသဖြင့် အဝတ်အစားကို တိုက်ရိုက်မပေတော့ပါ။ နမားဇ်ဖတ်ခါနီး ဂွမ်းကပ်အဟောင်းကို ထုတ်ပစ်လိုက်ပြီး အသစ်ဝတ်ဆင်၍ နမားဇ်ဆောက်တည်နိုင်သည်။

(ကိုးကားကျမ်းများ၊ بهشتى زيور، آپ کےمسائل اور ان کا حل ،جلد 3 ، ص 581، خواتین اسلامی انسائیکلو پیڈیا ، ص 349 )

Credit ; အလ်မုဖီးဒ်က ရေးသားသည်။
မုဟရ်ရမ်လ၊ ၂၈၊ ဟိဂ်ျရီ ၁၄၃၈
29. 10. 2016 (စနေနေ့)

အမျိုးသမီးများဆိုင်ရာ အသိပညာများကို အောက်ပါလင့်များတွင် ဖတ်နိုင်ပါသည်။
ရာသီသွေးဆိုင်ရာ ပညတ်ချက်
http://aaitee.blogspot.com/2015/10/blog-post_84.html
မီးတွင်းသွေးဆိုင်ရာ ပညတ်ချက်
http://aaitee.blogspot.com/2015/10/blog-post_74.html
သားအိမ်အတွက် ဒုအာ
http://aaitee.blogspot.com/2015/10/blog-post_2.html
အမျိုးသမီးများ နမားဇ်ဆောက်တည်ရာတွင် သတိပြုရမည့် အချက်များ
http://aaitee.blogspot.com/2014/10/blog-post_16.html