Saturday, December 10, 2016

အလုပ်တွေကနေ ခဏအားသွားရင်


ဒွန္နယာရဲ့ အလုပ်တွေကနေ အချိန်နည်းနည်း အားသွားပြီလား၊ အလုပ်တွေကနေ ခဏနားခွင့် ရသွားပြီလား ....
အဲ့ဒီ့အားချိန်လေး၊ နားခွင့်ရချိန်လေးကို အာခိရသ်ရဲ့ဘဏ်အတွက် စဝါးဗ်စုပါ ...။

- ခဏလေးအချိန်ရတာနဲ့ ကိုယ်နှုတ်လွတ်ရထားတဲ့ စူရဟ်တွေကို သိလာဝသ်လုပ်ပါ။
ဝုဇူပါရှိခဲ့မယ်ဆိုရင် ကုရ်အာန်ကျမ်းကို စာအုပ်ကိုင်ပြီးပဲဖြစ်ဖြစ်၊ ဖုန်းထဲကပဲဖြစ်ဖြစ် စာသားကြည့်ရှုပြီး သိလာဝသ်လုပ်ပါ။ တစ်အာယသ်ပဲဖြစ်ပါစေ၊ တစ်မျက်နှာပဲဖြစ်ပါစေ အချိန်အားတိုင်း ဖွင့်ဖွင့်ဖတ်ပါ။

- အချိန်နည်းနည်းအားတာနဲ့ ကိုယ်သိထားတဲ့ အလ္လာဟ်ဂုဏ်တော်တွေ၊ သပ်စ်ဗီဟ်တွေကို ပါးစပ်လှုပ်ပြီး ဇိကိရ်လုပ်ပါ။

- အချိန်အားတာနဲ့ အိစ်သိဂ်ဖာရ်ကို ရသလောက်အချိန်ထဲမှာ များနိုင်သလောက် များအောင် ဖတ်ပါ။ ဂုနဟ်လွတ်တဲ့နေ့ဆိုတာ မရှိလောက်အောင်ရှားပါတယ်။ ဒီတော့ အိစ်သိဂ်ဖာရ် မလုပ်တဲ့နေ့ဆိုတာ မရှိလောက်အောင် ရှားသွားတဲ့အထိ နေ့စဉ် အားတဲ့အချိန်တိုင်း အိစ်သိဂ်ဖာရ်ကို ဖတ်ပါ။ ပါးစပ်လှုပ်ပြီး နှုတ်လျှာနဲ့ တိုက်ရိုက်ရွတ်ဆိုပါ။

- အချိန်အားတာနဲ့ ဒရူးဒ်ရှရီးဖ် ဖတ်ပါ၊ ဘယ်စကားလုံးနဲ့မဆို တမန်တော်မြတ် ဆွလ္လလ္လားဟု အလိုင်းဟိ ဝစလ္လမ်အတွက် ဒရူးဒ်ဖတ်ပါ။ တမန်တော်က အွမ္မသ်ကို အပျော်ဆုံးအချိန်မှာ၊ စိတ်ဒုက္ခရောက်နေတဲ့ အချိန်၊ စကရားသ်ရဲ့ အခြေအနေမှာ ... ဘယ်အခြေအနေမှာမှ မမေ့ခဲ့ပါဘူး။

- ကုရ်အာန်ဘာသာပြန်စာအုပ်ကို ကိုယ့်အနားမှာ ယူထားနိုင်ရင် ပိုကောင်းပါတယ်။ အချိန်အားတာနဲ့ တစ်နေ့ကို သုံးအာယသ်မျှ လေ့လာပါ။ အမှန်တကယ်အသုံးဝင်တဲ့ ပညာရပ်ကို စုဆောင်းပြီးသား ဖြစ်ပါမယ်။

- အစ္စလာမ့်ရဲ့ ပညာရပ်တွေ စည်းမျဉ်းစည်းကမ်းတွေ နည်းစနစ်တွေကို ရေးသားဖော်ပြထားတဲ့ စာအုပ်တစ်ခုခုကို ယူထားပြီး အချိန်ရတာနဲ့ နည်းနည်းရရင် နည်းနည်းဖတ်ပါ။ အချိန်များများရရင် များများဖတ်ပါ။ မစာအိလ်တွေ၊ လူနေမှုစနစ်တွေ၊ ဖသာဝါကျမ်းတွေ အလွန်များစွာ ထုတ်ဝေထားပါတယ်။ တစ်အုပ်ဝယ်ပြီး တစ်အုပ်ပြီးအောင် ဖတ်ပါ။ အဲ့ဒီ့လိုဖတ်ပြီးရတဲ့ ပညာရပ်က ဒီလိုဖေ့စ်ဘုတ်ပေါ်မှာ ပညာလာရှာတာထက် ပိုပြီး သိပ်သည်းကျစ်လစ်မှု ရှိပါတယ်။

- အားလပ်ချိန်တွေထက်ပိုပြီး အားလပ်ရက်တွေ ရခဲ့ရင် ကဇွာနမားဇ်တွေကို ပြန့်ဖြည့်ပါ။ ကဇွာရိုဇဟ်တွေထားပါ။ ဒီထက်ပိုပြီး အချိန်ရလာရင် နဖိလ်နမားဇ်တွေကို နည်းနည်းစီ ဖတ်ကျင့်လုပ်ပါ။

- အချိန်ရတာနဲ့ ဗယာန်တစ်ပုဒ်ကို မိနစ်မှတ်ပြီး ဖွင့်နားထောင်ပါ။ အချိန်ငါးမိနစ်ရရင် ငါးမိနစ်စာ မှတ်ပြီး ဗယာန်နားထောင်ပါ။ ဗယာန်တွေမှာ ကိုယ်သိပြီးသားတွေ ဘယ်လောက်ပါသည်ဖြစ်စေ ကိုယ်မသိတာ တစ်လုံးပါခဲ့ရင် အဲ့ဒီတစ်လုံးက ပညာပါပဲ။

- စိတ်မတည်မငြိမ်ဖြစ်နေရင်၊ စိတ်ညစ်နေရင်၊ စိတ်တွေရှုပ်ထွေးနေရင် သပ်စ်ဗီဟ်၊ အိစ်သိဂ်ဖာရ်၊ နမားဇ်နဲ့ စိတ်တည်ငြိမ်မှု ယူပါ။ အခက်အခဲ ဖြစ်နေရင် ဒုအာနဲ့ ဖြေရှင်းပါ။

ဒွန္နယာရဲ့အလုပ်တွေကနေ အချိန်အားတာနဲ့ .....

- ဂိမ်းဖွင့်ပြီး မဆော့ပါနဲ့။ အဲ့ဒီမှာ သုံးလိုက်တဲ့အချိန်အတွက် ဟရှရ်မှာ ဖြေရှင်းချက်ပြန်ပေးရပါမယ်။

- အချိန်အားတာနဲ့ ရုပ်ရှင်၊ သီချင်း၊ ကာတွန်းကားတွေကြည့်ပြီး ကိုယ့်ရဲ့ အချိန်တွေ ငွေတွေနဲ့ ဂျဟန္နမ်ရဲ့ မီးကို မဝယ်ပါနဲ့။

-အချိန်အားတာနဲ့ ဒီဖေ့စ်ဘုတ်ရဲ့ နယူးဖိစ်ကိုပဲ အပေါ်အောက် ဆွဲနေပြီး အချိန်ကုန်မခံပါနဲ့။

- အချိန်အားတာနဲ့ ဘောလုံးပွဲ၊ ကစားပွဲ၊ တီဗီအစီအစဉ်တွေ ကြည့်ပြီး အချိန်မဖြုန်းပါနဲ့၊ သူများလုပ်တာကိုပဲ ထိုင်ကြည့်နေသရွေ့ ကိုယ့်ကိုယ်ကိုယ်မှာ ဘာမှ ဖြစ်မလာဘူး။ ကိုယ်တိုင် ကြိုးစားမှ အလုပ်ဖြစ် အောင်မြင်မှာပါ။

- အချိန်အားတာနဲ့ ဓါတ်ပုံတွေရိုက်ပြီး ဓါတ်ပုံတွေထဲမှာပဲ ပျော်မွေ့မနေပါနဲ့။ တကယ်အလှဆိုတာ မွတ်စ်လင်မ်ပီသခြင်း၊ အစ္စလာမ့်စည်းကမ်းများကို သိခြင်း။ ထိုအတိုင်း နေထိုင်နိုင်ခြင်းပါ။

အာခိရသ်အတွက် ဒွန္နယာကိုပဲ အရင်းတည်ပြီး ကိုယ့်လုပ်ရပ်တွေနဲ့ အမြတ်ထုတ်ရမှာပါ။ ဘယ်နေ့သေရမှာမသိတဲ့ လူသားတိုင်းမှာ အသိဉာဏ်ပိုရှိသူကတော့ ချက်ချင်းပြောင်းလဲ လုပ်ဆောင်သူပါပဲ။ အလုပ်တွေများပြီး အချိန်တွေနည်းတယ်လို့ ခံစားနေရတဲ့ ဒီကနေ့အခါမှာ အဲ့ဒီ့မအားတဲ့ အချိန်တွေထဲကပဲ အာခိရသ်ရဲ့ ဘဏ်အတွက် စဝါးဗ်စုပါ။ အားတဲ့အချိန်လေးတွေကနေ ဂုနဟ်တွေ ယူမယ့်အစား စဝါးဗ်လေးတွေ စုဆောင်းခဲ့ရင် မိတ်ဆွေတို့ရဲ့ အာခိရသ်ဘဏ်မှာ ရတနာတွေ ပြည့်နေပါလိမ့်မယ် ....... စဝါးဗ်ရမယ့် အလုပ်တွေကို အများကြီး မလုပ်နိုင်ခဲ့ရင်တောင် ကိုယ်လက်နဲ့ကိုယ် ဂုနဟ်တွေ ဝယ်ပြီး ဂျဟန္နမ်ရဲ့ မီးကို မစုဆောင်းပါနဲ့ ..... ချစ်မိတ်ဆွေ။

Credit; အလ်မုဖီးဒ်