Wednesday, July 1, 2015

အမျိုးအစားမတူသော အစာများ စုံသွားခြင်း၏ ဆုံးရှုံးမှုများ


စဖရွဒ်စအာဒသ်ကျမ်း၌ ရေးသားထားသည်မှာ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် အမျိုးအစားမတူသော အစားအစာနှစ်ခုကို မည်သည့်အခါမှ စုပေါင်း၍ စားသုံးတော်မူလေ့မရှိခဲ့ပါ။ ဥပမာအားဖြင့် ငါးနှင့် နို့ကို တစ်ကြိမ်တည်း စုပေါင်းစားသုံးတော် မမူပေ။ အချဉ်နှင့် နို့ကိုလည်းကောင်း၊ ပူသောအစာနှင့် အေးသောအစာတို့ကိုလည်းကောင်း တစ်ကြိမ်တည်းတွင် အတူတကွ သုံးဆောင်တော်မမူပါ။ ဤအတိုင်းပင် ဝမ်းချုပ်စေသော အစာနှင့် ဝမ်းသွားစေသော အစာတို့ကိုလည်း စုပေါင်းမသုံးဆောင်ခဲ့ပါ။
စုပေါင်း၍ဟူသော အလိုသဘောမှာ အစာအိမ်တွင် သွားရောက်စုပေါင်းခြင်းကို ဆိုလို၏။ သဘောမှာ ကိုယ်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် သည် ငါးကိုစားသုံးပြီး ၎င်းအရာ အစာကြေသွားခြင်း မရှိသေးဘဲ ထပ်၍ နို့ကိုသုံးဆောင်လိုက်ခြင်းမျိုး မည်သည့်အခါမှ မရှိခဲ့ပေ။ ထို့အတူ နို့နှင့် ဥ၊ နို့နှင့် အသားတို့ကိုလည်း မည်သည့်အခါမျှ တစ်ကြိမ်တည်း သုံးဆောင်တော်မူလေ့မရှိခဲ့ပေ။

ဆိုလိုရင်းမှာ အစာတစ်မျိုး ကြေသွားခြင်းမရှိသေးဘဲ ၎င်းအပေါ်မှ နောက်ထပ်တစ်မျိုးကို မစားသုံးပေ။ ဤအတိုင်းပင် ချုပ်စေသော အစာနှင့် သက်စေသော အစာ၊ အစာကြေရန် လွယ်ကူသောအရာနှင့် အစာကြေရန် မလွယ်ကူသော အရာ၊ ချက်ထားသော အသားနှင့် ကင်ထားသော အသား၊ ကြွင်းကျန်သော အစာနှင့် လတ်ဆတ်သောအစာတို့ကို တစ်ပြိုင်တည်း သုံးဆောင်တော်မူခဲ့ခြင်း မရှိပေ။

ဆုံးရှုံးမှု >> (ဓါတ်သဘော) ကွဲပြားခြားနားသော အစာနှစ်မျိုးအား အစာကြေစေရန်အတွက် အစာအိမ်သည် အလွန်ပင် တာဝန်ကြီးမားရလေသည်။
(အစာအိမ်အတွက် အားဖြစ်ရမည့်နည်းကို တမန်တော်ကိုယ်တိုင် ကျင့်သုံးပြခဲ့သည်။ ကျွန်ုပ်တို့လည်း တမန်တော်၏နည်းကို အတုယူရမည်။ ကမ္ဘာ့စံနမူနာရှင်၏ လုပ်ဆောင်မှုကို လိုက်နာနိုင်ရန် တင်ဆက်ခြင်းဖြစ်၏။)

.. ကာရီယူစွဖ်(အဆ်အဒီ) ဒါမသ်ဗရကားသုဟူ ဘာသာပြန်ဆိုသည့် "တမန်တော်မြတ်၏ ကုထုံးလမ်းညွှန်" မှ ကောက်နှုတ်တင်ဆက်ပါသည်။..

အလ်မုဖီးဒ်
ရမ်ဇာန်/ ၁၃/ ယောင်မုလ်အရ်ဗာအ်/ ဟစ်ဂ်ျရီ ၁၄၃၆