Wednesday, July 15, 2015

လ ၏ သဘာဝ၊ အစ္စလာမ့်လဆန်းရက်နှင့် ဆန်းဦးစလမြင်ခြင်းဆိုင်ရာ သိမှတ်ဖွယ်များ


လ " Moon " ၏ သဘာဝ

၁။ လသည် အရှေ့အရပ်မှ ထွက်၍ အနောက်အရပ်တွင် ဝင်ပါသည်။

၂။ လသည် နေမှ ၁ ဒီဂရီရွေ့လျားရန် ၂ နာရီခန့် ကြာပါသည်။

၃။ စတင်ရွေ့လျားပြီးတစ်လခန့် အကြာတွင် နေနှင့် လတို့ ပြန်လည် ဆုံစည်းမိပါသည်။

၎။ နေနှင့် လ ဆုံစည်း နေချိန်တွင် လကို (သဘာဝ မျက်စေ့ဖြင့်) လုံးဝ မမြင်နိုင်ပါ။ ထိုအချိန်ကို လကွယ် ဟုခေါ်ပါသည်။

၅။ နေနှင့် လ ဆုံစည်းပြီးနောက် ပထမဆုံးတွေ့မြင်ရသော လခြမ်းလေးကို လဆန်း ဟုခေါ်ပါသည်။

၆။ ဆန်းဦးစ လ တစ်ကြိမ် မြင်တွေ့ရသည်မှ နောက်တစ်ကြိမ် စ မြင်ရသည့် ကာလကို (အစ္စလာမ့်ပြက္ခဒိန်စနစ်အရ) တစ်လ ဟုခေါ်သည်။

၇။ တစ်လသည် ပျမ်းမျှ ၂၉ ရက် ၁၂ နာရီ ၄၄ မိနစ် ၂.၉ စက္ကန့် ဖြစ်ပါသည်။ (တစ်လနှင့်တစ်လ မတူညီပါ)

၈။ တစ်လသည် အများဆုံး ၂၉ ရက် ၁၉ နာရီကျော် ကြာပြီး အနည်းဆုံး ၂၉ ရက် ၅ နာရီခန့်ကြာပါသည်။

၉။ တစ်လလျှင် ရက်အားဖြင့် ၂၉ သို့မဟုတ် ၃ဝ ရှိတတ်ပါသည်။

၁၀။ ဆန်းဦးစလကို တွေ့မြင်ရန် သဘာဝ၏ အချက် ၁၀ ချက်အပေါ်တွင် မူတည်သည်။ (က)နေနှင့် လ ဆုံစည်းချိန်မှ နေဝင်ချိန်အထိ နာရီပေါင်း (ခ) နေဝင်ချိန်မှ လဝင်ချိန်အထိ မိနစ်ပေါင်း (ဂ) နေဝင်ချိန် လ၏ အမြင့် (ဃ) အီကွေတာမှ တိမ်းစောင်းမှုခြားနားခြင်း ၊ မိုးကုတ်စက်ဝိုင်းတွင် နေဝင်ရာအရပ်နှင့် လဝင်ရာအရပ်တို့၏ ခြားနားခြင်း ဒီဂရီ (င) ကမ္ဘာမှ မြင်နိုင်သည့် လ၏ လင်းဝင်းသော မျက်နှာပြင်ပမာဏ (စ) ကမ္ဘာနှင့် လ အကွာအဝေး (ဆ) ကောင်းကင်မှ လ တည်နေရာနှင့် ကြည့်သူ၏ တည်နေရာ (ဇ) ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့် (ဈ) ရာသီဥတု၊ စိုထိုင်းဆ၊ အလင်းရောင်ပြန့်မှု (ည) လေထုထဲတွင် ပါဝင်သော မြူမှုန်များ (တစ်ခုခြင်းသည် လမြင်နိုင်ခြင်းအပေါ် သက်ရောက်မှုရှိသည်။) (ဆန်းဦးစ လကို (ပကတိ မျက်စေ့ဖြင့်) တွေ့မြင်စေရန် မည်သည့် လူသားကမျှ မတတ်စွမ်းနိုင်ပါ။ ကြည့်ရှုရန်သာ တတ်နိုင်ပါသည်။) ထို့ကြောင့် ဆန်းဦးစလကို မြင်ရန် မျှော်လင့်လို့လည်း မရသလို မမြင်ရလို့လည်း စိတ်ပျက်စရာမရှိ။

၁၁။ ကောင်းကင်တွင် လ တည်ရှိရာနေရာကို ခေတ်မီ နည်းပညာဖြင့် တွက်ချက်နိုင်သော်လည်း မြင်နိုင်၏ မမြင်နိုင်၏ကိုမူ ခန့်မှန်းခြင်းမှတပါး အတိအကျ မည်သူမျှ မပြောနိုင်ပါ။

၁၂။ လဝိုင်းလေး၊ လခြမ်းလေး၊ လတစ်ဝက်ကလေးတို့၏ အခြေအနေကို သိရှိရန် အစ္စလာမ့်ပြက္ခဒိန်၏ လစဉ် (၇) (၁၄) (၂၁) (၂၈) ရက်ညများတွင်လည်း စိတ်ဝင်စားသူများ လ ကြည့်သင့်သည်။ (အတွေ့အကြုံ ပိုရမည်)

၁၃။ နက္ခတ္တဗေဒ ပညာ (နက္ခတ်ကြည့်၍ ဗေဒင်တွက်ခြင်း ပညာ) (Astrology) သည် အစ္စလာမ်၌ ဟရာမ်ဖြစ်၍ အာကာသသိပ္ပံပညာ (Astronomy) နှင့် အာကာသ သင်္ချာပညာတို့ကိုမူ လေ့လာဆည်းပူးရန် အားပေးအားမြှောက်ပြုထားသည်။ (ခွဲခြားသိရန်ဖြစ်ပါသည်။)

၁၄။ သင်္ချာနည်းဖြင့် လ၏ တည်နေရာကို တွက်ချက်နိုင်သည်။ သင်္ချာနည်းဖြင့် လ မြင်နိုင်ခြေကို ခန့်မှန်းနိုင်သည်။ သို့သော် သင်္ချာနည်းသည် အထောက်အကူဖြစ်သည်။ ရှာဖွေရန်လွယ်ကူစေသည်။ အဆုံးအဖြတ်မဟုတ်ပါ။

၁၅။ ဆန်းဦးစလ မြင်နိုင်သည့် နေရာသည် ၂၉ ရက်နေ့ နေဝင်ပြီးနောက် အနောက်ဘက် နေဝင်ရာအရပ်၏ အထက်တစ်ဝိုက်တွင် ဖြစ်ပါသည်။ ဆန်းဦးစ လ ကြည့်လျှင် ထိုနေရာကို ကြည့်ရှုရမည်။

ဆန်းဦးစ လမြင်ခြင်းအပေါ် အစ္စလာမ့် ပညတ်ချက်များ

၁။ (ပကတိ)မျက်လုံးဖြင့် လမြင်ခြင်းကိုသာ လက်ခံပါသည်။ သချာင်္နည်းသက်သက်ဖြင့် တွက်ကာ မြင်၏ ဆိုသည်ကို လက်မခံပါ။ (အထက်အပိုဒ် နံပါတ် ၁ဝ ပါ အခြေအနေများအရမြင်ခြင်း ၊ မမြင်ခြင်း ရှိနိုင်သည်။)

၂။ လကို မြင်ချင်ဇောဖြင့် ကြည့်ပါက တိမ်တိုက်၊ မီးခိုးနှင့် အခြားအရာများကိုပါ လ ဟု ထင်မှတ်တတ်သည်။ ထိုသို့ မြင်ခြင်းကို လက်မခံပါ။

၃။ လမမြင်နိုင်သော အခြေအနေတွင် တစ်ချို့က လမြင်သည်ဟု ထွက်ဆိုခြင်းကို လက်မခံဘဲ လူအမြောက်အမြား၏ သက်သေ ထွက်ဆိုမှု လိုအပ်ကြောင်း ယခုခေတ် ဒီးန် ပညာရှင်တို့က မိန့်ကြားသည်။

၎။ သတင်း နှင့် သက်သေထွက်ဆိုချက် မတူညီပါ။ (သက်သေယူမည့် ဒီးန် ပညာရှင်သည် လအကြောင်း သိရှိရုံမက အတွေ့အကြုံပါ ရှိပါက ပိုကောင်းသည်။)

၅။ အကယ်၍ မုစ်လင်မ် ယောက်ျား၊ မိန်းမ လူကြီး၊ ကလေး အားလုံးက လစဉ် ၂၉ ရက်နေ့ နေဝင်ပြီးချိန်တွင် လ ကြည့်ရန် ကြိုးစားကြလျှင် အငြင်းပွားရန် အကြောင်းမရှိတော့ပါ။ လ မြင်လျှင် လူအမြောက်အမြားက မြင်ရမည်ဖြစ်ပြီး မမြင်ရလျှင်လည်း မြင်ရန် အကြောင်းမရှိ၍ မမြင်ရခြင်းသာ ဖြစ်ပေသည်။

မုစ်လင်မ်တို့နှင့် ရှေ့ဆောင်အိမာမ်တို့အတွက် တိုက်တွန်းချက်

၁။ ဟဒီးဆ်တော်တွင် လ ကြည့်ပြီး ရိုဇာထားရန် လ ကြည့်ပြီး အီးဒ် လုပ်ရန် ညွှန်ကြားထားပါသည်။ လကြည့်ရသော ကိစ္စမှာ ခက်ခဲနက်နဲသော ကိစ္စမဟုတ်ပါ။ မည်သူမဆို မည်သည့်ပညာပင် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျား၊ မ၊ ကြီး၊ ငယ် မဟူ အားလုံး ကြည့်လျှင် မြင်နိုင်ပါသည်။ မဂ်ရိဘ် ၏ စွန္နသ် နှစ်ရကသ် အပြီးအချိန်သည် လ ကြည့်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။ လသည် ကံထူးရှင်များသာ မြင်နိုင်သည့်အရာမဟုတ်ပါ။

၂။ ဗလီရှေ့ဆောင် အေမာမ်ဆဗ်များသည် လနှင့် ပတ်သက်သော ဗဟုသုတနှင့် မဆ်အလဟ်များကို အများမုစ်လင်မ်တို့အား ရှင်းလင်းပို့ချရန် လိုအပ်သည်။

၃။ မုစ်လင်မ်တို့သည် မိမိတို့ အသိုင်းအဝိုင်းရှိ ဘာသာခြား ညီနောင်များအားလည်း အစ္စလာမ်ဘာသာဝင်တို့ ဆန်းဦးစလ ကြည့်ခြင်းနှင့်ပတ်သက်သော စိတ်ဝင်စားဖွယ်များနှင့် သဘာဝကျမှုများကို တင်ပြပြီး အစ္စလာမ့် အေးရိပ်ဆာယာအောက်သို့ ဝင်ရောက်ရန် ဒအ်ဝသ် လုပ်သင့်ပေသည်။

၎။ လကြည့်ခြင်းနှင့် ပတ်သက်သော ပညာရပ် များစွာကျန်ပါသေးသည်။ ဆက်လက်လေ့လာဆည်းပူးပါ။

အမှန်ရောက်က အမှားပျောက်ရမည်။

တိကျမှန်ကန်သော အိလ်မ်ဖြင့်သာ အွမ္မသ် စုစည်းနိုင်မည်။ ထေ့ငေါ့သောစကားလုံးများဖြင့် အွမ္မသ် မစုစည်းနိုင်ပါ။ ထို့ကြောင့် မိမိရှေ့တွင် ဆန်းဦးစလနှင့် ပတ်သက်ပြီး ထေ့ငေါ့နေမှုများ ကြုံတွေ့ရပါက မိမိ ဆည်းပူးထားသည်များကို ချိုသာနူးညံ့စွာ ပြန်လည်ရှင်းပြပါ။ ရှေ့ကမိတ်ဆွေ လက်ခံကောင်းလက်ခံပေမည်။ လိုအပ်ပါက ဤစာမျက်နှာများကို ဖုန်းထဲတွင် သိမ်းဆည်းထားပါ။

ကိုးကား ။ ။ မြန်မာနိုင်ငံ အရပ်ရပ်၏ နမာဇ်အချိန်ဇယားနှင့် စဟ်ရီ၊ အိဖ်တာရ် အချိန်ဇယားများ ရေးဆွဲပေးသော ဆရာ ဟာဂျီယအ်ကူးဗ်မုဟမ္မဒ်ဒန်ကာ ဆွာဟိဗ်၏ "အစ္စလာမ့်လဆန်းရက်" စာအုပ်ကို မှီးပါသည်။ ပိုမိုသိရှိလိုပါက အဆိုပါစာအုပ်ကို ဝယ်ယူ၍ လေ့လာနိုင်ပါသည်။

အလ်မုဖီးဒ်

ရမ်ဇာန်/၂၈/ ယောင်မုလ် ခမီးစ်/ ဟိဂျရီ ၁၄၃၆

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။