Sunday, July 24, 2016

သံပုရာသီးမှ ချိုမြိန်သော သံပုရာရည်သို့ ...။



အသင့်ရဲ့ ခြေလှမ်းတွေနဲ့ ပန်းတိုင်ကို အရယူဖို့ မဖြစ်နိုင်ဖူးဆိုတာ သေချာပြီလား၊ ဒုက္ခတွေပိတ်နေလို့ အလုပ်တွေ လုပ်မရဘူးဆိုတာ သေချာပြီလား။ ဘာမှ လုပ်မရတော့ဘူးဆိုပြီး သေချာနေရင်၊ တွေ့ကြုံနေရာတဲ့ အခက်အခဲတွေကို အောင်မြင်မှုများဆီသို့ ခေါ်ဆောင်မရတော့ဘူးဆိုတာ သေချာနေရင် မမြင်ရတဲ့ အသင့်ရဲ့ အောင်မြင်မှုအတွက် မြင်နေရတဲ့ အခက်အခဲထဲမှပင် ထွက်ပေါက်တစ်ခု ရှိနေကြောင်း ဒီဆောင်းပါက ဖော်ဆောင်ပေးပါလိမ့်မယ်။ စိတ်ညစ်စရာတွေပုံပိပြီး စိတ်မချမ်းသာစရာတွေချည်းပဲ ဖြစ်နေရတယ်လို့ ယူဆထားရင် အဲ့ဒီရဲ့ အခြားတစ်ဖက်မှာ ရှိနေတဲ့ သာယာကြည်နူးဖွယ်မြင်ကွင်းတွေကို ဒီဆောင်ပါးကတစ်ဆင့် ရယူခံစားလိုက်ပါ။ (အလ်မုဖီးဒ်)

သံပုရာသီးမှ ချိုမြိန်သော သံပုရာရည်သို့ ...။

မူရင်း = လာသဟ်ဇန်
ဘာသာပြန်ဆိုသူ = ဘရှီရွလ္လာဟ် ဖာရိုကီ

ဖြတ်ထိုးဥာဏ်ရှိသူ၊ ထက်မြက်သူသည် အရှုံးများကို အမြတ်များအဖြစ်သို့ ပုံသွင်းပြောင်းလဲလိုက်၏။ ရင်ဆိုင်ကြုံတွေ့ရန် သတ္တိမရှိသော ပညာမဲ့သည် ပြဿနာတစ်ခုအား နှစ်ခုဖြစ်အောင် ပြုလုပ်၏။

* မြတ်နဗီ (ဆွလ်လလ္လာဟု အလိုင်းဟိ ဝစလ်လမ်) မက္ကာဟ်မြို့မှ စွန့်ခွာရန် အတင်းအကျပ်ပြုခံခဲ့ရ၏။ သို့ဖြစ်ရာ သမိုင်းလေ့လာသူများ မျက်စိရည်၊ နားရည်ဝလောက်အောင် နာမည်ကြီးပြီး၊ ထင်ပေါ်ကျော်ကြားသော ကိုယ်ပိုင်ဒေသတစ်ခုကို မဒီနဟ်မြို့တွင် တည်ထောင်ခဲ့လေသည်။

* အိမာမ် အဟ်မဒ် ဗင်န် ဟန်ဗလ်သည် (စစ်မှန်သော ပညာရှင်ပီပီ အစ္စလာမ်သာသနာ့အမိန့်အား ဘုရင့်အလိုကျ မပြောခဲ့သည့်အတွက်) အကျဉ်းချခံခဲ့ရပြီး၊ ကြိမ်ဒဏ်သင့်ခဲ့ရ၏။ သို့သော် (မလျှော့သောဇွဲ၊ လုံ့လတို့ဖြင့် ဆက်လက် ကြိုးပမ်းခဲ့ရာ) ဟဒီးဆ်ပါရဂူ အိမာမ်ကြီးတစ်ပါး ဖြစ်ခဲ့လေသည်။

* အလာမဟ် အိဗ်နု သိုင်မိယဟ်သည် (မနာလိုသူများ၏ စွပ်စွဲချက်များကြောင့် ၇ကြိမ် ) အဖမ်းခံခဲ့ရ၏။ သို့သော် ထိုသို့ ထောင်သွင်း၊ အကျဉ်းချခံနေရခြင်းသည် မြောက်မြားစွာသော အစ္စလာမ်သာသနာ့အသိပညာများ ပေါ်ထွက်လာရန် အကြောင်းခံဖြစ်ခဲ့လေသည်။

* အလာမဟ် စရခ်စီသည် (ဘုရင်၏ အိဒ်ဒသ်မစောင့်ဘဲ နိကာဟ်ထိမ်းမြားမှုကို ဟရာမ်ဟု ဖသ်ဝါပေးခဲ့သောကြောင့် ၁၅နှစ်တိုင်တိုင်) ရေတွင်းပျက်ထဲတွင် ထောင်ချခံခဲ့ရ၏။ သို့သော် ဖိကဟ်နှင့် ပတ်သက်၍ အတွဲပေါင်း ၂၀ ကို (နှုတ်တိုက် ပြောပြရင်း) ရေးသားစေခဲ့လေသည်။

* အလာမဟ် အိဗ်နု အစီးရ်သည် ကိုယ်ခန္ဓာချို့ယွင်းနေသူ ဖြစ်ခဲ့၏။ သို့သော် ဟဒီးဆ်ပညာရပ်နှင့် ပတ်သက်၍ ရေးသားထားသော စာအုပ်များတွင် တန်ဖိုးအရှိဆုံးနှင့် အကျော်ကြားဆုံး ကျမ်းနှစ်စောင် “ဂျာမိအွလ် အုစူးလ်”ကျမ်း နှင့် “အန်နိဟာယဟ်”ကျမ်းအား ရေးသားပြုစုခဲ့လေသည်။

* အလာမဟ် အိဗ်နု ဂျောင်ဇီသည် ဘဂ်ဒါးဒ်မြို့မှ နယ်နှင်ခြင်း ခံခဲ့ရ၏။ သို့သော် (ခရီးတစ်လျှောက်လုံး မနားတမ်း လေ့လာဆည်းပူးခဲ့ရာ) ကေရာအသ် (၇)မျိုးကို ကျွမ်းကျင် တတ်မြောက်ခဲ့လေသည်။

* မာလိက် ဗင်န် အရ်၊ ရိုင်းဗ်သည် မကွယ်လွန်မီ အလွန်ပြင်းထန်စွာ အဖျားဝေဒနာ ခံစားနေခဲ့ရ၏။ သို့သော် (ထိုသို့ သေလုမြောပါး ခံစားနေရသည့်အချိန်တွင်) အလွန်ကျော်ကြားပြီး၊ ရသမြောက်သော ကဗျာတစ်ပုဒ်ကို ရေးဖွဲ့သီကုံးခဲ့လေသည်။ ယင်းကဗျာသည် အဗ်ဗာစီခေတ်ရှိ ကဗျာဆရာတို့ ရေးဖွဲ့သီကုံးထားသော ကဗျာများ(၏ရသ)နှင့် ညီမျှလေ၏။

* အဗူ ဇိုအိုင်းဗ် အလ်၊ ဟဇလီ၏ သားသမီးများ ကွယ်လွန်ခဲ့ရာ မိမိသားသမီးများအတွက် လွမ်းကဗျာများ ရေးဖွဲ့သီကုံးကာ ဧယင်ကျူး(ဂုဏ်ပုဒ်များ ဖွဲ့ဆို သီကျူး) ခဲ့၏။ ယင်းဧယင်ကျူးသံအား နားသောတဆင်ရန်အတွက် ခေတ်ကာလ၏ဇာတ်ခုံကြီး တိတ်ဆိတ်ငြိမ်သက်ပေးခဲ့ပြီး၊ ကြွမြန်းလာသော ပရိတ်သတ်ကြီးမှာလည်း အရာရာကို မေ့လျော့သွားကာ ကဗျာသံစဉ်များတွင် မျောပါသွားခဲ့၏။ ကဗျာပြီးဆုံးသွားသည့်အခါ ကမ္ဘာ့သမိုင်း၏ လက်ခုပ်သြဘာပေးသံများ ညံသွားခဲ့လေသည်။

** ထို့ကြောင့် အကယ်၍ သင့်အနေနှင့် စိတ်မချမ်းမြေ့ဖွယ် ကိစ္စများကြောင့် ကံဆိုးမိုးမှောင်ကျနေသည်ဟု ထင်ပါက လင်းဝင်းနေသော တဖက်ခြမ်းသို့ ကြည့်လိုက်ပါ။

** တစ်ဦးတစ်ယောက်က အသင့်အား သံပုရာရည်တစ်ခွက် ပေးခဲ့ပါက ထို(သောက်မရသော) သံပုရာရည်တွင် သကြားအနည်းငယ် ထည့်လိုက်ပါ။

** တစ်ဦးတစ်ယောက်က အသင့်အား မြွေတစ်ကောင် လက်ဆောင်ပေးခဲ့ပါက ထိုမြွေ၏ တန်ဖိုးရှိသော အရေခွံကိုယူ၍ ကျန်အရာများကို ပစ်လိုက်ပါ။

** အကယ်၍ သင့်အား ကင်းမြီးကောက်တစ်ကောင် ကိုက်လိုက်ပါက ကင်းဆိပ်သည် ကာကွယ်ဆေးဖြစ်ကြောင်း၊ အခြား မြွေဆိုး၊ ကင်းဆိုးများ ထပ်မံ၍ ကိုက်မည်ဆိုပါကလည်း အဆိပ်သင့်ခြင်းမှ ကာကွယ်ပေးမည်ဖြစ်ကြောင်း မှတ်ယူလိုက်ပါ။

** သင့်အနေနှင့် ခက်ခဲ၊ ကြမ်းတမ်းသော အခြေအနေဆိုးများကို ရင်ဆိုင်နေရပါက မိမိကိုယ်မိမိ ယင်းအခြေအနေနှင့် သင့်လျော်အောင် အသင့်ပြင်ဆင်လိုက်ပါ။

(ပမာအားဖြင့် ဆူးကြားတိုး၍ ပန်းခူးရမည်ဆိုပါက ဆူးမတိုးသည့် အဝတ် ဝတ်ဆင်ကာ) နှင်းဆီဖြစ်စေ၊ စံပယ်ဖြစ်စေ ခူးလိုရာပန်းကို ခူးယူလိုက်ပါ။

** သို့ရာတွင် အသင်တို့သည် တစ်စုံတစ်ရာကို ရွံရှာစက်ဆုပ်သော်လည်း စင်စစ်မှာ ထိုအရာသည် အသင်တို့အဖို့ အကောင်းဖြစ်တန်ရာ၏။

** ပြင်သစ်တော်လှန်ရေးမဖြစ်မီ ကဗျာရေးစပ်ရာတွင် အလွန်တော်သော ကဗျာဆရာနှစ်ဦး အဖမ်းခံခဲ့ရ၏။ တစ်ဦးမှာ အကောင်းမြင်ဝါဒီဖြစ်ပြီး၊ ကျန်တစ်ဦးမှာ အဆိုးမြင်ဝါဒီဖြစ်၏။ တစ်ညတွင် ၎င်းတို့နှစ်ဦးလုံးသည် ထောင်ပြတင်းပေါက်မှ အပြင်သို့ ခေါင်းထုတ်၍ ကြည့်မိကြရာ အကောင်းမြင်ဝါဒီ ကဗျာဆရာက ကြယ်တာယာများကို ကြည့်ပြီး ရယ်မောလေ၏။ အဆိုးမြင်ဝါဒီ ကဗျာဆရာကမူ ထောင်ဘေးလမ်းပေါ်ရှိ ရွှံ့ဗွက်များကို ကြည့်ပြီး ငိုကြွေးလေ၏။

ထို့ကြောင့် စိတ်ညစ်၊ ကြေကွဲဖွယ်ဖြစ်သော အလွန်ခံစားရသည့်ဘက်ကို မကြည့်ပဲ အခြားတစ်ဖက်ကိုသာ ကြည့်ပါလေ။ အဘယ်ကြောင့်ဆိုသော် အဆိုးသက်သက်ဟူ၍ မရှိ၊ အကျိုး၊အမြတ်များနှင့် အောင်မြင်မှုတို့သည်လည်း ဒွန်တွဲလျက် ရှိနေပါသည်။
Credit, ဗရှီရွလ္လာ ဖာရိုကီ ရေးသားသော ဆောင်းပါးအား အလ်မုဖီးဒ်က ကူးယူ တင်ဆက်ပါသည်။

ဘ၀ရဲ့ ရှေ့ခြေလှမ်းတိုင်းအတွက် အင်အားဖြည့်ပေးမယ့် “လာသဟ်ဇန်” ဆောင်းပါးများအား ဤ page တွင် ဖတ်ရှုနိုင်ပါပြီ ....။
https://web.facebook.com/latahzan.mm/?fref=nf