Saturday, August 8, 2015

ချက်ချင်းလုပ်ပေးနိုင်တာကို လုပ်ပေးလိုက်ပါ


လူတစ်ဦးက သူ့အခက်အခဲပြေလည်ဖို့ ငွေကြေးထောက်ပံ့ပေးပါရန် ပြောလာသည်။ ကိုယ့်ထံတွင် ကူညီရန်ငွေကြေးအဆင်သင့်ရှိနေလျှင် ကူညီလိုက်ပါ။ မရှိလျှင် သူ့ကိုအကူအညီပေးနိုင်မည့် အခြားနေရာကို ညွှန်ပြပေးလိုက်ပါ။ ဤသို့လည်း မကူညီနိုင်ပါက ချိုသာစွာဖြင့်ပင် မိမိမကူညီနိုင်သေးကြောင်း ပြောလိုက်ပါ။ .... ချက်ချင်းပေးနိုင်သည့် အပြုံးချိုတစ်ခုတော့ လက်ဆောင်ပေးလိုက်ပါ။ ချိုသာစွာပြောဆိုမှုက သူ့အတွက် စိတ်သက်သာမှုရနိုင်သည်။ အခက်အခဲဖြစ်နေ၍ စိတ်အားငယ်နေချိန် ကိုယ်ကပါ အော် ဟောက် ငေါက်နေလျှင် ပို၍အားငယ်သွားပါမည်။ ကိုယ့်အပူသောက သူမသိပါ။ သူသိသည်မှာ သူ့အပူသောကသာ ဖြစ်၏။

ရေကူးကန်၏ ရေနက်ပိုင်းတစ်နေရာတွင် လူတစ်ယောက် မြုပ်ချည်ပေါ်ချည်ဖြစ်ကာ ရေနစ်နေသည်။ လူတစ်ယောက် ကန်အစွန်းသို့ အမြန်ပြေးလာ၍ အသက်အောင့်ထား အသက်အောင့်ထားဟု အော်ပြောလိုက်သည်။ နောက်တစ်ယောက်ကလည်း ပက်လက်လှန်ပြီး ကိုယ်ကိုဖော့ထားဟု ဝိုင်းအော်ပေးသည်။ ယင်းအသံတို့က ရေကူးကန်အသက်ကယ်သမားကို သတိပြုမိသွားစေ၏။ လျှပ်ပြက်သကဲ့သို့ တစ်ဟုန်ထိုးပြေးလာပြီး ရေထဲခုန်ချ၍ ရေနစ်နေသူကို ဆွဲယူကယ်ဆယ်လိုက်သည်။ ... ဒီအချိန်မှာ ချက်ချင်းလုပ်ပေးနိုင်ခြင်းက ရေနစ်နေသူကို ရေထဲမှကယ်ထုတ်ပေးခြင်းပင် ဖြစ်သည်။ ရေနစ်နေစဉ် ရေကူးသင်နေချိန်မရပါ။

လူကြီးများနှင့်အတူ မကြာခင်လူကြီးဖြစ်မည့် ငါးနှစ်သားကလေးပါ လမ်းလျှောက်ထွက်လာသည်။ ကလေးလက်ကို တစ်ယောက်ကကိုင်ထားသည်။ လူကြီးလောင်းလေး လမ်းလျှောက်ရင်း ခလုတ်တိုက် မှောက်ရက်လဲသွားတော့သည်။ ဗြဲကနဲ ငို၍ ရှုံမဲ့နေ၏။ လက်ကိုင်ပေးထားသည့် တစ်ယောက်က ကလေးကို ပြန်ပွေ့ထူပေးပြီး ထိခိုက်သွားခြင်းရှိမရှိကြည့်ပေးကာ ခြေထောက်၊ လက်တို့ကို ပွတ်သပ်ပေးလိုက်သည်။ ကလေးကိုလည်း အငိုတိတ်အောင် အမြန်ပင် အာရုံပြောင်းပေးလိုက်သည်။ .... ကလေးက ခလုပ်တိုက် မှောက်ရက်လဲချိန် ချက်ချင်းလုပ်ပေးနိုင်သည်မှာ သူ့ကိုဂရုစိုက်ပေးလိုက်ခြင်းပင် ဖြစ်သည်။ ခလုပ်တိုက်တော့မှ လမ်းကြည့်မလျှောက်ဘူးလားဟု ဆိုပြီး ခေါင်းခေါက်၊ ရိုက်နှက်၍ လမ်းလျှောက်သင်ရမည့် အချိန်မဟုတ်ပါ။

ကျောင်းသားတစ်ဦး မိမိခွဲတမ်းရရှိသည့် နို့ခွက်ကိုကိုင်၍ လာနေစဉ် မတော်တဆ နို့ခွက်မှောက်ကျသွားတော့သည်။ တစ်ယောက်က ချက်ချင်းပြေးလာပြီး ဖိတ်စင်ပေကျံသွားသည်များ သုတ်ပေးလိုက်သည်။ ဆရာမက နမော်နမဲ့နိုင်ရသလားဟု ဆူကြိမ်းသည်။ ကျန်ရှိသော ကျောင်းသားများက ဝါးဟားဟားပွဲကို အသံထွက်ပေးလိုက်သည်။ ကျောင်းသားလေးကတော့ တစ်ခုခုဆုံးရှုံးသွားသည့်ပုံစံဖြင့် ထိုနေရာ၌ပင် မလှုပ်မယှက်ရပ်နေသည်။ ဘာမှလည်း ကြားရပုံမပေါ်ပါ။ အနားရှိကျောင်းသားတစ်ဦးက ကောင်တာသို့သွား၍ သူ့မုန့်ဖိုးဖြင့် နို့တစ်ခွက်ထပ်ဝယ်ပြီး သူငယ်ချင်းလက်ထဲ ထည့်ပေးလိုက်သည်။ ထိုအခါမှ ကျောက်ရုပ်ဖြစ်သွားသည့် ကျောင်းသားလေးမှာ အနည်းငယ်စိတ်သက်သာရဟန်ဖြင့် ကျေးဇူးတင်သည့် အပြုံးလေးတစ်ခုဖော်ဆောင်နိုင်တော့သည်။ သူ့တွင် နို့ပြန်ဝယ်သောက်ရန် ပိုက်ဆံမရှိတော့ပါ။ ..... သူ့၏ အခက်အခဲကို ချက်ချင်းလုပ်ပေးနိုင်သည်မှာ သူ့ထံမှ ဆုံးရှုံးသွားသည့်အရာကို ပြန်၍ဖြည့်စည်းပေးလိုက်ခြင်းပင် ဖြစ်၏။ ပြစ်တင်ခြင်းနှင့် ရှုံချခြင်းက ဆုံးရှုံးသွားသည့်အရာကို တစ်ဖန်ဖြစ်လာစေသည်မဟုတ်ပါ။

အကျပ်အတည်းတွေ့နေချိန် ချက်ချင်းလုပ်ဆောင်ပေးနိုင်မည့်အရာကို သတိရကြရပါမည်။ တစ်ခုခုပျက်စီးဆုံးရှုံးသွားလျှင် ချက်ခြင်းဘာပြန်လုပ်လို့ရမည်ကို စဉ်စားရမည်။ ပြစ်တင်နေ၍ ဆုံးရှုံးသည့်အရာက ပြန်ဖြစ်မလာပါ။ အခက်အခဲဖြစ်နေလျှင် လွယ်ကူပေါ့ပါးသွားအောင် မည်သို့လုပ်ဆောင်လိုက်လျှင် ရမည်ကို ရှာဖွေရမည်။ ထိုင်၍စိတ်ညစ်နေလျှင်  အခက်အခဲက လွယ်ကူသွားမည်မဟုတ်။ စိတ်ညစ်ခြင်းတွင်သုံးစွဲမည့် အင်အားနှင့်အချိန်ကို ပြေလည်မှုရှာဖွေရာတွင် အသုံးချလိုက်ပါ။ အကျိုးရှိမည်။ မိမိတွင်ဖြစ်ပေါ်သည် ဖြစ်စေ၊ သူတစ်ပါးတွင် ဖြစ်ပေါ်သည် ဖြစ်စေ ဖြစ်လာသည့် အခြေအနေအတွက် မိမိဘက်မှ ချက်ချင်းလုပ်ပေးနိုင်တာကို လုပ်ပေးလိုက်ပါ။

အခက်အခဲ ဖြစ်နေသော ဒေသတစ်ခုသို့ မိတ်ဆွေတစ်စု ချက်ပြုတ်စားသောက်နိုင်သည့်ပစ္စည်းများကို တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံဝေငှ၏။ အိမ်တစ်အိမ်သို့ရောက်သည့်အခါ အိမ်ရှင်ဖြစ်သူက လုံးဝမယူပါဘူးဟု တွင်တွင်ကြီးကို ငြင်းဆိုလိုက်သည်။ အားလုံးက အံ့သြခြင်း စိတ်မကောင်းခြင်းတို့ဖြင့် ပြန်လာလိုက်သည်။ ထိုအိမ်ရှင်အားလည်း မာနရှိသူဟု ခံစားလိုက်ရသည်။ သို့သော် မိတ်ဆွေများထဲမှ တစ်ဦးကတော့ မယူဘူးဆိုတာ မလိုအပ်လို့လား တခြားအခက်အခဲကြောင့်လားဆိုတာကို ရအောင်ပြန်သွားမေးခဲ့သည်။ ထိုအခါမှ အိမ်ရှင်ဖြစ်သူက အိမ်မှာ ချက်ပြုတ်ဖို့ အိုးခွက်၊ မီးဖိုနဲ့ မီးမွှေးဖို့ဘာမှမရှိကြောင်း ပြောသည်။ ကူညီသူတို့က စားသောက်ဖွယ်ရာတို့ကို ဟင်းအဖြစ်ချက်ပြုတ်၍ ထိုအိမ်သို့ ပြန်သွားပေးလိုက်သည်။

မိမိပေးသည့် အကြံဉာဏ်ဖြစ်စေ၊ ပစ္စည်းဖြစ်စေ၊ လက်ဆောင်ဖြစ်စေ တစ်ဖက်ကလက်မခံလျှင် စိတ်အတွင်း မခံချိမခံသာ မဖြစ်ပါနှင့်။ ကိုယ့်ဘက်က လုပ်ဆောင်ပေးနိုင်သည့် အခြားအရာတစ်ခုရှိကောင်း ရှိနိုင်၏။ ထို့ကြောင့် ... ချက်ချင်းမေးလိုက်ပါ။ တအုံနွေးနွေးခံစားနေခြင်းထက် ချက်ချင်းမေး၍ ဖြေရှင်းလိုက်ခြင်းက ပိုကောင်း၏။

လေယာဉ်ပေါ်တွင် ညဖက်မို့ ခရီးသည်များ အိပ်မောကျနေခိုက် ဘေးခုံမှ လူငယ်လေးက စကားပြောခွင့်ပြုပါဟု တိုးညင်းစွာ ပန်ကြားသံကို ကြားလိုက်ရ၏။ ပြောစေဟု ခေါင်းညိတ်ပြလိုက်သည်။ သူ့ဘဝ၏ကြုံဆုံခံစား ဖြစ်ပျက်ခဲ့ရသည်များ၊ ယခုသွားမည့်နေရာမှာ သူ့မွေးရပ်မြေဖြစ်ကြောင်း၊ သူ့၏ စိတ်ညစ်ဝမ်းနည်းဖွယ်ရာများ၊ သူ့၏မျှော်လင့်ချက်များကို တောက်လျှောက်ပြောတော့သည်။ စိတ်ပါဝင်စားစွာ နားထောင်ပေးလိုက်သည်။ စကားဟူသည် နားထောင်မည့်သူရှိခြင်းကြောင့် ပြောရသည်ပဲမဟုတ်ပါလား။ ရင်ထဲမှခံစားချက်များ ပွင့်ထွက်ရာ ဖော်ပြရာသည် စကားများပင်ဖြစ်သည်။ ပြောလိုက်ရလျှင် ပေါ့ပါးသွားသည်။ ထိုလူငယ်သည် စစ်ပြန်တစ်ဦးဖြစ်ရာ စစ်၏နာကျည်းပြင်းပြဖွယ်ရာများ ပြောရင်းဖြင့် စိတ်ခံစားမှုအရှိန် မြင့်တက်လာကြောင်း သူ့၏ တုန်နေသောလက်များကို ကြည့်၍သိနိုင်သည်။ တဖြည်းဖြည်း စစ်ပြန်ကလေးဆင်းရမည့် လေဆိပ်သို့ရောက်ရန်နီးကပ်လာနေပြီ။ သူ့ခံစားချက်၏ ရုပ်လုံးဖော်စကားများကလည်း အရှိန်ကောင်းဆဲဖြစ်သည်။ နှစ်ပေါင်းများစွာ သူ့မွေးရပ်ဇာတိကို ခွဲခွာခဲ့ရသူ စစ်ပြန်ကလေး ..... လေယာဉ်က ပြေးလမ်းပေါ်တွင် အရှိန်လျှော့နေပြီဖြစ်၏။ စစ်ပြန်ကလေး ထိတ်လန့်တကြား ထအော်သည်။ အို .... မြို့ကြီးက ဒီလောက်တောင် ပြောင်းလဲသွားခဲ့ပြီလား။ လေယာဉ်မယ်က ဆင်းရမည့်နေရာရောက်ပြီဖြစ်၍ လေယာဉ်ပေါ်မှ ဆင်းနိုင်ပြီဖြစ်ကြောင်း လာပြော၏။ စစ်ပြန်ကလေးက ငုတ်တုပ်။ မလှုပ်မယှက်။ ဒီမယ် စစ်ပြန် ရှင်ဆင်းရတော့မယ့်နေရာလေ၊ လေယာဉ်မယ်တွင် စိတ်တိုသံစွက်လာသည်။ အခြားခရီးသည်တို့မှလည်း ပူညံ ပူညံအသံများ၊ ဒီကောင်လေး ဘာလို့အေးတိအေးစက်လုပ်နေတာလဲ ..... ရိုက်မိတော့မယ် ဟု ခရီးသည် အမျိုးသားတစ်ယောက်က ပြောသည်။ မဟုတ်ပါဘူး၊ ခဏသည်းခံကြပါဦးဟု သူတို့ကို ကျွန်ုပ်ပြောလိုက်ပြီး လူငယ်လေးဘက်သို့လှည့်၍ အလျင်အမြန်ပင် နှလုံးရောဂါဖောက်လာလို့ လေယာဉ်ပေါ်ကဆင်းဖို့ ကူတွဲပေးပါဦး ဟု ပြောလိုက်သည်။

အထမြောက်သွားပါပြီ။ အလိုက်သိ လိမ္မာလိုက်သည့် လူငယ်ပင်တည်း။ ချက်ခြင်းပင် သူသည် နေရာမှထ၍ ထိုင်ခုံများအကြားမှ ဂရုတစိုက်ခေါ်လာပေးသည်။ လေယာဉ်ပေါ်မှ အဆင်းမှာလည်း သတိထား​၍ ညင်ညင်သာ ဆင်းစေသည်။ ကွင်းအတွင်းသို့ ခြေချမိသည်ဆိုရင်ပဲ သူ့အမည်ကိုခေါ်၍ လူတစ်ချို့ အပြုံးနှင့်ပန်းတို့ ပေါင်းစပ်လျှက် ပြေးလာကြသည်။ ...... ချက်ချင်းလုပ်ပေးနိုင်သည်မှာ သူ ထိုင်နေရာမှ ထပြီး ကွင်းအတွင်းဆင်းသွားဖို့ဖြစ်သည်။

မထင်မှတ်သည့်ဆုံရှုံးမှု၊ ဆိုးကျိုးတို့ဖြစ်လာလျှင် ထိုအရာတို့ ကောင်းမွန်အစဉ်ပြေရန် ချက်ချင်းဘာများလုပ်ပေးနိုင်မည်ကိုသာ စဉ်းစားရန်ရှိသည်။ လူတို့အားကူညီရန် ပုံသေနည်း တစ်ခုမျှမရှိပါ။ ချက်ချင်းလုပ်ဆောင်ပေးနိုင်သည်ကို အနီးစပ်ဆုံးစဉ်းစား၍ လုပ်ပေးလိုက်ရမည် ဖြစ်၏။ ရုတ်တရက်ဖြစ်ပေါ်လာသည့် အခက်အခဲအတွက် သင်ကြားမှုများ၊ ဆုံးမမှု၊ ပြစ်တင်ပြောဆိုမှု၊ ရှုံချမှုတို့ပြုနေလျှင် အသုံးဝင်မည်မဟုတ်ပါ။ လူတစ်ဦး စိတ်ပျက် အားငယ်နေချိန် အပြစ်များသာ ပြောဆိုနေလျှင် ပို၍စိတ်ညစ်ရမည်သာ ဖြစ်၏။ မှားခဲ့သည့်တိုင် ဖြစ်နိုင်ချေလေးများ ရှိသေးကြောင်း ချပြပေးလျှင် အနည်းနှင့်အများ စိတ်သက်သာရာ ရပေမည်။ ကျောင်းစာမေးပွဲမှာ မအောင်လိုက်သူကို ပြစ်တင်ကြိမ်းမောင်းနေမည့်အစား သူ့ကို စာမေးပွဲကျစေသည့်အရာက ဘာတွေလဲဆိုသည်ကို လေ့လာပြီး ဖြေရှင်းပေးလိုက်ခြင်းက ပို၍အသုံးဝင်သည်။ .... ရေနစ်နေချိန် ရေကူးသင်လို့ မရသလို ..... ကလေးတစ်ယောက် ခလုပ်တိုက်လဲကျချိန် လမ်းလျှောက်သင်လို့မရပါ။ သူတို့ကြုံလိုက်ရသည့် အခက်အခဲကို ဖြေရှင်းပေးရန်သာ ရှိ၏။ ..... ကူညီနေချိန် ငြင်းဆိုလိုက်ခြင်းက မာနကြီးခြင်းမဟုတ်။ တခြားအကူအညီကို ပို၍လိုအပ်နေခြင်းလည်း ဖြစ်နိုင်သည်။ ..... စိတ်ခံစားချက် ပြင်းထန်၍ မှင်သေနေသူကို ခိုင်းစေ၍မရပါ။ ၎င်းသူစိတ်ပါလာမည့် အခြားကိစ္စတစ်ခု ပြောင်းပြောခြင်းဖြင့်သာ လှုပ်ရှားစေနိုင်ပါသည်။ ...... မထင်မှတ်ထားသည့် အခြေအနေ၊ အကြောင်းကိစ္စတို့ကို ကြုံဆုံလိုက်ရလျှင်၊ တောင်းဆိုလာလျှင် ....... ချက်ချင်း လုပ်ပေးနိုင်တာကို လုပ်ပေးလိုက်ပါ။

{ "ရေနစ်နေစဉ် ရေကူးသင်နေချိန်မရ" ဆောင်းပါးကို ကိုးကားတင်ဆက်ပါသည်။}

အလ်မုဖီးဒ်
ရှောက်ဝါလ်/ ၂၂/ ယောင်မုလ်အဟဒ်/ ဟိဂျရီ၁၄၃၆

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။