Monday, December 14, 2015

ဝတ်ကြီးဝတ်ငယ်ပြုစုခြင်းဆိုင်ရာ စည်းကမ်းများ

[အောက်ပါအကြောင်းအရာများကို ကော်ပီယူ၍ ပြန်လည်ဖြန့်ဝေသူများအနေဖြင့် မူရင်းရေးသားသည့် ဆရာကြီးနှင့် ကျွန်ုပ်တို့ ယခုလို မြန်မာဘာသာဖြင့် လွယ်ကူစွာဖတ်နိုင်အောင် ဘာသာပြန်ဆိုပေးခဲ့သည့် ဆရာကြီးတို့၏ အမည်များကို ထည့်သွင်းရေးပါ။ စာအုပ်အမည်ကိုလည်း ရေးသားပါ။ အပိုဒ်လိုက် ခွဲတင်ပါက တစ်ခါပို့စ်တင်လျှင် တစ်ခေါက်ရေးပါ။ ]

၁။ အကြီးအကဲတစ်ဦးဦး၏ ဖိနပ်ကို သိမ်းဆည်းပေးလိုက အဆိုပါ အကြီးအကဲ ဖိနပ်ချွတ်ပြီးသည့်တိုင်အောင် စောင့်ဆိုင်းရမည်။ ဖိနပ်မချွတ်ရသေးမီဖြစ်စေ၊ ချွတ်နေစဉ်တွင်ဖြစ်စေ ဖိနပ်ကို မယူရပေ။ အကြောင်းမှာ ယင်းသို့သောအချိန်မျိုးတွင် ဖိနပ်ကိုယူလိုက်ပါက ရံဖန်ရံခါ တစ်ဘက်သား လဲကျတတ်သောကြောင့်ပင် ဖြစ်သည်။
၂။ အချို့သူတို့သည် တစ်ခါတရံ အခြားသူတို့၏ ပြုစုယုယမှုကို မခံလိုကြပေ။ ထိုအခါမျိုးတွင် အဓမ္မမပြုစုရပေ။ ဤသို့အဓမ္မပြုစုခြင်းကြောင့် အကြီးအကဲမှာ စိတ်အနှောင့်အယှက်ဖြစ်တတ်ရသည်။ မည်သည့်အခါမျိုးတွင် ပြုစုခြင်းကို ကြိုက်နှစ်သက်သည်/ မည်သည့်အခါတွင်တော့ မကြိုက်နှစ်သက်သည်တို့ကို အကြီးအကဲတို့၏ နှုတ်အားဖြင့် တားမြစ်ခြင်းအရလည်းကောင်း၊ အရိပ်အခြေအနေအရလည်းကောင်း သိနိုင်ပေသည်။
၃။ အကြီးအကဲတစ်ဦးဦးက မိမိအား အလုပ်တစ်ခုခုခိုင်းစေထားပါက အဆိုပါအလုပ်ကို လုပ်ကိုင်ပြီးဆုံးသည့်အခါ သက်ဆိုင်ရာအကြီးအကဲထံသို့ တာဝန်ကိုထမ်းဆောင်ပြီးဖြစ်ကြောင်း သတင်းပို့ရမည်။ ရံဖန်ရံခါ အကြီးအကဲသည် မိမိခိုင်းထားသည့်အလုပ် ဆောင်ရွက်ပြီးစီးခြင်း ရှိ မရှိကို သိလိုသောကြောင့် မိမိထံသတင်းပို့ခြင်းကို စောင့်ဆိုင်းနေတတ်ပေသည်။
၎။ မိမိ၏ ရှိုက်(ခ်) (အတွင်းပိုင်းဆိုင်ရာ ပြုပြင်တည့်မတ်ပေးသည့် ဆရာ) အား ကိုယ်ဖိရင်ဖိ ပြုစုလိုပါက ဆရာသခင်နှင့် ပထမတွေ့ စတွင် မပြုစုအပ်ပေ။ ဆရာသခင်နှင့် ရင်းနှီးမှုမရှိသေးသောကြောင့် အားတုံ့အားနာ ဖြစ်တတ်ပေသည်။ ဆရာသခင်နှင့် ရင်းနှီးမှုရရှိပြီးသည့်နောက်မှ ပြုစုလိုက ပြုစုနိုင်ပေသည်။
၅။ မိမိ၏ဆရာသခင် အကြီးအကဲများအား ယပ်တောင်ဖြင့် ယပ်ခတ်ပြုစုရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ ရှိသည်။ ပထမအချက်မှာ ယပ်တောင်ကို အဝတ်စဖြင့် သုတ်၍သော်လည်းကောင်း ခါ၍သော်လည်းကောင်း သန့်ရှင်းလိုက်သင့်သည်။ ယပ်တောင်မှာ အောက်တွင်ချထားသည့်အတွက် ဖုံ၊ သဲ၊ အမှိုက်များကပ်နေတတ်ပြီး ယပ်ခတ်လိုက်သည့်အခါတွင် မိမိယပ်ခတ်ပြုစုနေသူ၏ မျက်စိထဲဝင်ပြီး ဒုက္ခရောက်စေတတ်သောကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ ယပ်ခတ်သည့်အခါ လက်၏အနေအထားကိုလည်း မျှတစွာထားသင့်သည်။ ယပ်တောင်ကို မျက်နှာနှင့် သိပ်နီးကပ်စွာထားလျက် ယပ်မခတ်သင့်။ မျက်နှာနှင့် နီးကပ်စွာထားလျက် ယပ်ပါက ရံဖန်ရံခါ မျက်နှာ သို့မဟုတ် ဦးခေါင်းကို ရိုက်မိတတ်သည်။ သိပ်ဝေးကွာသည့် အနေအထားတွင်ထားကလည်း လေရမည်မဟုတ်ပေ။ ထို့ကြောင့် သိပ်လည်းမကပ်၊ သိပ်လည်းမခွာဘဲ ယပ်ခတ်သင့်၏။ ယပ်ခတ်သည့်အခါ စိတ်အနှောင့်အယှက်မဖြစ်စေရန် တအားလွှဲ၍ မခတ်သင့်ပေ။ တတိယအချက်မှာ ယပ်ခတ်သည့်အခါ အနီးအနားတွင် ထိုင်နေကြသည့် အခြားပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုမျှ ဒုက္ခမဖြစ်စေသင့်။ စတုတ္ထအချက်မှာ မိမိပြုစုယပ်ခတ်ပေးနေသည့်ပုဂ္ဂိုလ် ၎င်း၏နေရာမှထရန် ရည်ရွယ်သည့်အခါ ယပ်ခတ်နေခြင်းကို ရပ်ဆိုင်းလိုက်ရမည်။ ဆက်၍ယပ်ခတ်နေပါက ယပ်တောင်ဖြင့် အကြီးအကဲအား ခိုက်မိတတ်သည်။ ပဉ္စမအချက်မှာ အနီးရှိပုဂ္ဂိုလ်ကဖြစ်စေ မိမိပြုစုနေသည့် အကြီးအကဲကဖြစ်စေ စက္ကူတစ်ခုခုထုတ်ယူနေသည့်အခါမျိုးတွင် ယပ်ခတ်ခြင်းကို ရပ်နားထားရမည်။ ဆက်တိုက် ခတ်မြဲခတ်နေပါက စာရွက်စက္ကူများ လေထဲလွင့်သွားတတ်၍ တစ်ပါးသူ ဒုက္ခရောက်ရပေမည်။
ခွင့်မတောင်းဘဲ ထင်ရာမလုပ်အပ်
၆။ လူတစ်ဦးသည် ကျွန်ုပ်အိမ်မှ ဗလီသို့ ဆွလာသ်ဝတ်ပြုရန် ရောက်မလာမီ ကျွန်ုပ်က ဝုဇူရေသန့်စင်မည်အထင်ဖြင့် ရေအိုးကိုဖြည့်လျက် အိုးအပေါ်တွင် ကျွန်ုပ်၏ မိစ်ဝါးက်(တံပူတံ)ကို တင်ထားလေသည်။ ကံအားလျော်စွာ ကျွန်ုပ်သည် အိမ်မှဝုဇူရေသန့်စင်ခဲ့ပြီးဖြစ်သဖြင့် ဗလီရောက်သောအခါ ဝုဇူထပ်မပြုတော့ဘဲ ဗလီအတွင်းသို့ တန်း၍ဝင်ခဲ့သည်။ ဗလီထဲရောက်သောအခါမှ အမှတ်တမဲ့ ကျွန်ုပ်၏တံပူတင်ထားပြီး ရေအပြည့်ဖြည့်ထားသည့် ရေအိုးကို လှမ်းမြင်လိုက်၏။ ကျွန်ုပ်က ရေအိုးနှင့် တံပူတံ မည်သူထားသနည်းဟု စုံစမ်းမေးမြန်းရာ အတန်ကြာမှ ထိုသူက မိမိထားကြောင်း ဝန်ခံလေသည်။ ကျွန်ုပ်က ၎င်းအား ဆွလားသ်ဝတ်မပြုမီ တိုတိုတုတ်တုတ် ဆုံးမစကားဆိုပြီး စွလာသ်ဝတ်ပြုပြီးမှ အောက်ပါအတိုင်း အကျယ်တဝင့် ဆုံးမစကား ဆိုလိုက်သည်။
ခင်ဗျားက ကျွန်ုပ်ဝုဇူသန့်စင်လိမ့်မယ်အထင်နဲ့ ရေအိုးထဲရေထည့်ပြီး တံပူတံကိုပါ ရေအိုးပေါ် အဆင်သင့်တင်ထားတယ်။ ကျွန်ုပ်အိမ်ကနေ ဝုဇူမပြုဘဲ ဗလီရောက်မှ ဝုဇူသန့်စင်ကောင်း သန့်စင်နိုင်တယ်။ ဒါကြောင့် ခင်ဗျားကလည်း ရေအသင့်ထည့်ထားတာကိုး။ ဒါပေမယ့် အိမ်က ဝုဇူရေသန့်စင်ပြီး ကျွန်ုပ်ဗလီလာကောင်းလာနိုင်တယ်။ အဲဒီအခြေအနေမှာ ခင်ဗျားက ရေနဲ့တံပူတံကို မထားသင့်ဘူးပေါ့။ ဖြစ်နိုင်တာက နှစ်ခုလုံးပဲ။ ဒါပေမယ့် ခင်ဗျားက တစ်ဘက်ပဲကြည့်တယ်။ ရေဖြည့်ထားတယ်။ ကျန်တစ်ဘက်ကိုတော့ မကြည့်ဘူး။ ကျွန်ုပ်အိမ်က ဝုဇူရေသန့်စင်ပြီးမှ ဗလီကိုလာတော့ ခင်ဗျားက ရေအိုးထဲ ရေဖြည့်ထားပြီးဖြစ်တယ်။ ကံအားလျော်စွာ ကျွန်ုပ်က တွေ့လိုက်လို့ပေါ့။ ကျွန်ုပ်သာ မတွေ့လို့ မမေးရင် ဘယ်သူမှလည်း ပြောမှာမဟုတ်ဘူး။ ရေဖြည့်ထားတဲ့အိုးကိုလည်း ဘယ်သူမှ ယူသုံးမှာ မဟုတ်ဘူး။ ပိုဆိုးတာက အိုးပေါ် တံပူပါတင်ထားတော့ တစ်ဦးတစ်ယောက်အတွက် အိုးထဲရေဖြည့်ထားတယ်လို့ထင်ကြပြီး ဘယ်သူကမှ အသုံးမပြုကြတော့တဲ့အတွက်ကြောင့် ရေအိုးလှူထားတဲ့ အလှူရှင်ရဲ့ ဆန္ဒနဲ့ ရည်ရွယ်ချက်လည်း အကောင်အထည်မပေါ်တော့ဘူးပေါ့။ လှူထားတဲ့သူက ရေအိုးကို အများမွစ်လင်မ်အသုံးပြုဖို့ လှူထားတာကို လူအများရဲ့ အကျိုးကို လျစ်လျူရှုပြီး တစ်ဦးတစ်ယောက်တည်းအတွက် အသုံးပြုရန် သီးခြားထားခြင်းက ဘယ်လိုလုပ်ပြီးပိုင်ပါ့မလဲ။ ဒါကတော့ ရေအိုးနဲ့ ပတ်သက်ပြီးပြောတာ။ တံပူတံနှင့် ပတ်သက်လို့ပြောချင်တာက တံပူတံကို ခင်ဗျားက လုံခြုံတဲ့နေရာကယူပြီး မလုံခြုံတဲ့နေရာမှာ တင်ထားလိုက်တယ်။ ခင်ဗျားက ကျွန်ုပ်အသုံးပြုပြီးရင် သူ့နေရာမှာသူ ပြန်ထားလိုက်မှာဘဲလို့ ထင်တယ်။ အကယ်၍ ကျွန်ုပ်ကလည်း အသုံးမပြု၊ ခင်ဗျားကလည်း တံပူတံကို သူ့နေရာသူပြန်မထားရင် တံပူတံမပျောက်ပေဘူးလား။ ဒီတော့ ခင်ဗျားနောက် ဘယ်တော့မှ ဒီလိုပြုစုခြင်းမျိုးမလုပ်နဲ့။ ဒီလိုပြုစုခြင်းမျိုးက ဒုက္ခဖြစ်စရာတွေ၊ မပိုင်တဲ့အချက်တွေနဲ့ ပြည့်နှက်နေတယ်။ နောက်ကို တစ်ဦးတစ်ယောက်ကို ပြုစုချင်ရင် ကြိုတင်ပြီးခွင့်တောင်းရမယ်။ ဒါမှမဟုတ်ရင် အကြီးအကဲ၊ ဆရာသမားတစ်ဦးဦး ဝုဇူရေသန့်စင်တော့မယ်လို့ ယူဆလို့ရတဲ့အခါမှ ပြုစုသင့်တယ်။ အဲဒီလို မဟုတ်ဘဲ ကိုယ့်သဘောနှင့်ကိုယ်၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အရမ်းကာရောပြုစုရင် အကြီးအကဲဆရာသမားတို့မှာ မိမိရည်ရွယ်သလို သုခမရဘဲ ဒုက္ခရောက်ကြရမယ်။ ဟု ဆုံးစကား ဆိုလေသည်။

သတိချပ်စရာ အစဉ်အလာ။
အထက်ပါကဲ့သို့ပင် ယနေ့အချို့သူတို့ လုပ်နေကြသည့် ဗစ်ဒ်အသ် လုပ်ငန်းများမှာလည်း အမြင်အားဖြင့် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို နာခံသယောင်ယောင်ရှိသော်လည်း အမှန်စင်စစ်တွင်ကား မကောင်းမှုများ၊ အမိန့်သွေဖီမှုများဖြင့် ပြည့်နှက်နေပေသည်။ သို့ရာတွင် အသိဥာဏ်နည်းပါးသူတို့ကား ဤသည်ကို မသိမမြင် တွေ့တတ်ကြပေ။ အကြီးအကဲတို့အား နည်းစနစ်မကျသည့် အနေအထားဖြင့် ပြုစုခြင်းသည် အပေါ်ယံကိုကြည့်လျှင် ပြုစုနေဟန်ရှိသော်လည်း နည်းစနစ်မကျသဖြင့် တစ်ဖက်သားမှာ ဒုက္ခရောက်ရသည်ကို ပြုစုနေသူတို့ သတိမပြုမိကြချေ။

အကြီးအကဲတို့အား ပြုစုရာတွင်
၇။ တစ်ရက်တွင် ကျွန်ုပ်တို့အိရှာစွလားသ်ဝတ်ပြုပြီး ဗလီကျောင်းတော်အတွင်း လဲလျောင်းနေစဉ် ကျွန်ုပ်နှင့် မသိကျွမ်းသည့် ခရီးသည်တစ်ဦးရောက်လာပြီး နှိပ်ပေးလေသည်။ ကျွန်ုပ်မသိသူက လာရောက်ပြုစုပေးသည့်အတွက် ကျွန်ုပ်အနှိပ်ခံရသည်ကို ပင်ပမ်းသလိုခံစားရသဖြင့် မေးသောအခါ ၎င်းက အမည်ကို ပြောပြသည်။ ကျွန်ုပ်မသိသူဖြစ်သောကြောင့် ဆက်လက်မနှိပ်တော့ရန် တားမြစ်လိုက်ပြီး ပြုစုခြင်းနှင့် စပ်လျဉ်းသည့် စည်းကမ်းများကို ပြောပြလိုက်၏။ အကြီးအကဲတစ်ဦးဦးအား ပြုစုလိုလျှင် ဦးစွာပထမ အကြီးအကဲနှင့် တွေ့ဆုံသင့်၏။ ထို့နောက် အကြီးအကဲထံမှ ခွင့်ပြုချက်ယူပြီး အကြီးအကဲအား ပြုစုနိုင်ပေသည်။ ဤသို့မဟုတ်ဘဲ ပြုစုပါက မရင်းနှီးသူတစ်ယောက်၏ ပြုစုခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတတ်သည်။ အကြီးအကဲနှင့် တွေ့ဆုံလျှင် ရည်ရွယ်ပါကလည်း တွေ့ဆုံသည့် နည်းလမ်းမှာ ဤသို့မဟုတ်။ အိရှာပြီးအချိန်သည် အနားယူမည့်အချိန်ဖြစ်သဖြင့် အနားယူရန်နှင့် နံနက်မှတွေ့ရန် ပြောကြားလိုက်၏။ နံနက်တွင်ပြန်လည်တွေ့သောအခါတွင်လည်း ၎င်းအား ထပ်မံဆုံးမစကား ပြောလိုက်သည်။

၈။ ကျွန်ုပ်၏ ညီမောင်ထံမှ ကျွန်ုပ်ထံသို့ အိတ်ပိတ်စာတစ်စောင်ကို အိမ်မှအလုပ်သမားတစ်ဦးအား ပို့ခိုင်းလိုက်သည်။ ယင်းစာကို စာတိုက်မှ အခြားတစ်နေရာသို့ ပို့ပေးရန်ဖြစ်၏။ အလုပ်သမားသည် ကျွန်ုပ်ထံသို့ ယူဆောင်လာစဉ် လမ်းခုလတ်တွင် စာပို့သမား ဘူတာရုံသို့စာများပို့ရန်သွားနေသည်ကို တွေ့သဖြင့် စာမြန်မြန်ရောက်ပါစေတော့ဟူသော ဆန္ဒဖြင့် စာပို့သမားမှတစ်ဆင့် ဘူတာရုံတွင် စာထည့်ခိုင်းလိုက်သည်။ ကျွန်ုပ်ကလည်း အဆိုပါစာမှာ ကျွန်ုပ်နှင့်လည်း သက်ဆိုင်ပတ်သက်နေသဖြင့် အကြောင်းတစ်ခုခုကြောင့် စာတိုက်မှတစ်ဆင့်ထည့်မည်။ စာပို့သမားလက်သို့မထည့်ဟု ကြံရွယ်ထား၏။ အချိန်တန်၍ စာမရောက်လာသောကြောင့် မေးကြည့်ရာ စာပို့သမားနှင့် ဘူတာရုံသို့ပို့လိုက်ကြောင်း သိရသဖြင့် ညီမောင်ခိုင်းလိုက်သည့် အလုပ်သမားကိုခေါ်၍ သင့်အနေနှင့် မိမိထံအပ်နှံလိုက်သည့်စာကို ကျွန်ုပ်ထံပေးရမည့်အစား ကျွန်ုပ်၏ခွင့်ပြုချက်မယူဘဲ မိမိသဘောနှင့် စာပို့သမားအား အဘယ့်ကြောင့်ပေးလိုက်ရတာလဲ။ စာတိုက်ကို မပို့ဘဲ ကျွန်ုပ်ထံတိုက်ရိုက်ပို့ရတဲ့အကြောင်းကို သိလို့လား။ သင်က စာမြန်မြန်ရောက်ပါစေတော့ဆိုပြီး ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ပြီး ဘူတာရုံစာတိုက်တွဲအထိရောက်မယ့် လူကြုံစာပို့သမားနဲ့ ပါးလိုက်တယ်။ သင့်ကိုစာပို့ခိုင်းလိုက်သူက ကျွန်ုပ်ထံသို့ပို့ပေးပါလို့ ပြောလိုက်တာ၊ သင်က စာပို့သမားကတစ်ဆင့် စာတိုက်ပုံးထဲထည့်ခိုင်းလိုက်တာနဲ့ ကွဲပြားခြားနားမနေဘူးလား။ သင်က ကိုယ်လုပ်ရမှာကို မလုပ်ဘဲ မလုပ်ရမှာကို လုပ်တယ်။ ဟု ဆုံးမစကားဆိုသောအခါ အလုပ်သမားက မိမိမှားသွားကြောင်း နောင်မမှားစေရန် ဂရုစိုက်မည်ဖြစ်ကြောင်း ဝန်ခံလေသည်။
၉။ လူတစ်ယောက်သည် သောကြာနေ့နေ့လည် ၁၂နာရီရထားဖြင့် စဟာရန်ပူးရ်မြို့မှရောက်လာသည်။ ကျွန်ုပ်၏ မိတ်ဆွေတစ်ဦးက ကျွန်ုပ်ထံသို့ ၎င်းနှင့် ရေခဲ လူကြုံပါးလိုက်သည်။ အဆိုပါသူသည် ကျောင်းသားများ ဗလီသို့မသွားကြမီ ကျောင်းသို့ရောက်လာပြီး မိမိနှင့်အတူပါလာသည့် ရေခဲတုံးကို လင်ပန်းတစ်ချက်ထဲတွင် ထည့်၍ ဂျာမေဗလီသို့ သွားလေသည်။ ဂျုမုအဟ်စွလာသ်ဝတ်ပြုပြီးသောအခါ ကျွန်ုပ်က မိတ်ဆွေတစ်ဦးအား တရားဟောကြားပေးရန်တောင်းဆို၍ လွတ်လပ်စွာဟောကြားနိုင်စေရန်လည်းကောင်း၊ ကျွန်ုပ်ရှိနေသည်ကို သိလျှင် ရှက်ရွံမှာကို စိုးရိမ်၍လည်းကောင်း သူ၏တရားစကားကို နားမထောင်တော့ဘဲ ကျွန်ုပ်သည် ကျောင်းသို့ ပြန်လာခဲ့သည်။ ရေခဲရေယူဆောင်လာသည့်ပုဂ္ဂိုလ်သည် ယခုတိုင်ကျောင်းသို့မလာဘဲ တရားစကားနားထောင်ရန်အတွက် ဗလီတွင်ထိုင်နေလေသည်။ အတော်ကြာမှ ၎င်းသူသည် ကျောင်းသို့ရောက်လာပြီး အဝတ်တစ်ထည်နှင့်ပတ်ထားသည့် ရေခဲတုံးအား ကျွန်ုပ်အားပေးလေသည်။ အမှန်မှာ ရေခဲတုံးကို ဂုန်နီ သို့မဟုတ် အခြားစောင်ပိုင်းတစ်ခုခုနှင့် ပတ်၍ ပေးသင့်သည်ကို အဆိုပါပုဂ္ဂိုလ် သတိမူဟန်မတူပေ။ ၎င်းပုဂ္ဂိုလ်မှားယွင်းသည့်အချက်မှာ ရေခဲကို ချက်ချင်း အိမ်သို့မပို့ဘဲ ဗလီသွားလိုက်သည်။ ဗလီထွက်သည်နှင့် ချက်ချင်းကျောင်းသို့လာပြီး ရေခဲအမြန်ပို့သင့်သည်။ အကယ်၍ ဗလီမှာဆက်ပြီး တရားစကား နားထောင်လိုကလည်း ကျွန်ုပ်အား ကျောင်းတွင် ရေခဲကို လင်ပန်းထဲထည့်ထားကြောင်း၊ ကျောင်းရောက်လျှင် ယူလိုက်ရန် ပြောလိုက်နိုင်သော်လည်း မပြောလိုက်ဘဲ နှစ်နာရီကျော်လောက်မှ ရေခဲလည်း အရည်ပျော်ကာမှ ကျွန်ုပ်ထံ ရေခဲလာပို့သည်။ ၎င်းကို ဆုံးမစကားဆိုသော်လည်း ကျွန်ုပ်၏အမြင်တွင် ထိုသူသည် ပြောဆိုဆုံးမရုံလောက်နှင့်လည်း သဘောပေါက်နားလည်မည့် အလားအလာမရှိသည်ကို တွေ့ရသဖြင့် အဆိုပါပုဂ္ဂိုလ် နောင်တွင် ဤသို့အမှားမျိုးမကျူးလွန်စေရန်အတွက်လည်းကောင်း၊ အမြဲတမ်းသတိရှိနေစေရန်အတွက်လည်းကောင်း ထိုသူယူဆောင်လာသည့် ရေခဲကိုပင် မယူတော့ဘဲ ၎င်းအား ပြန်ပေးလိုက်၏။ ထိုအခါမှ ၎င်းသူသည် အလွန်စိတ်မကောင်းဖြစ်လေတော့သည်။ ထို့ကြောင့် ၎င်းအား ခင်ဗျားအနေနဲ့ တစ်ဦးတစ်ယောက်က လူကြုံပါးလိုက်တဲ့ပစ္စည်းကို ဖျက်ဆီးပစ်တယ်။ ပစ္စည်းပျက်မှ ကျွန်ုပ်ကိုလာပေးတယ်။ ခင်ဗျားကို တစ်ယောက်ယောက်က တာဝန်ပေးစဉ်က အဲဒီတာဝန်ကို ထမ်းဆောင်နိုင်ပါမှ တာဝန်ယူသင့်တာပေါ့။ တာဝန်ယူပြီးရင်လည်း ပြည့်ပြည့်ဝဝထမ်းဆောင်သင့်တာပေါ့ဟု ပြောလိုက်လေသည်။
၁ဝ။ အကြီးအကဲ၊ ဆရာသခင်တို့အား ပြုစုရာတွင် ပြုစုခြင်းဆိုင်ရာ စည်းကမ်းချက်များအတိုင်း လိုက်နာပါမှ စစ်မှန်သည့်သုခကို ခံစားရပေမည်။ စည်းကမ်းချက်မှာ (၃)ချက် ရှိသည်။
[၁] တစ်ဦးတစ်ယောက်အား ပြုစုရာတွင် အိခ်လားစ် စိတ်စေတနာသန့်စင်ရမည်။ ချစ်ခင်မှုတစ်ခုတည်းအပေါ် အခြေခံ၍ ပြုစုရမည်။ တစ်စုံတစ်ရာ လိုလားတောင့်တချက်အပေါ် အခြေခံ၍ ပြုစုခြင်းမျိုးမဖြစ်စေရ။ အချို့သောသူတို့သည် တစ်ဦးတစ်ယောက်အား ပြုစုရာတွင် လိုလားတောင့်တချက်တစ်ခုခုကို ဖြည့်ဆည်းရန် ရည်ရွယ်၍ ပြုစုတတ်ကြသည်။ ဤသို့မပြုအပ်ပေ။
[၂] ပြုစုသူနှင့် ပြုစုခံသူ နှစ်ဦးတို့သည် တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်သူများ ဖြစ်ကြရမည်။ တစ်ဦးနှင့်တစ်ဦး မသိကျွမ်းသူများ မဖြစ်စေရ။ မသိကျွမ်းသူတစ်ဦးက လာရောက်နှိပ်နယ်ပေးလျှင် ဖြစ်စေ၊ ယပ်တောင်ခတ်ပေးလျှင်ဖြစ်စေ၊ မရင်းနှီးသူဖြစ်သဖြင့် ပြုစုခံရသူမှာ စိတ်ပင်ပန်းရပေသည်။
[၃] ပြုစုသူသည် ပြုစုတတ်ရမည်။ ဥပမာ အနှိပ်မကျွမ်းကျင်ဘဲ လာနှိပ်လျှင် အနှိပ်ခံရသူမှာ အညောင်းမပြေသည်သာမက စိတ်ဒုက္ခပင်ရောက်ရသည်။ ပြုစုသူအားလည်း ခင်ဗျား မပြုစုတတ်၊ မနှိပ်တတ်လျှင် ဘေးဖယ်နေပါ။ မပြုစုပါနှင့် မနှိပ်ပါနှင့်ဟူ၍လည်း ပြောမထွက်။ ထောက်ထားနေရပေသည်။ နှိပ်နေသူမှာတော့ မိမိက ပြုစုနေသည်ဟု တွေးကာ ပီတိဖြစ်နေတတ်သည်။ အမှန်စင်စစ် ပြုစုခံနေရသူသည် မလုပ်တတ် လုပ်တတ်နှင့် လာရောက်ပြုစုနေသူအား စိတ်မချမ်းမသာ မဖြစ်စေဘဲ အဓမ္မ အပြုစုခံ၊ အနှိပ်ခံနေရသဖြင့် ပြုစုသူအား မိမိက ပြန်လည်ပြုစုနေသည် မဟုတ်ပါလား။ ပြုစုနေသူ၏ စိတ်တွင်မူ မိမိသည် အကြီးအကဲအား ပြုစုရာတွင် အပင်ပန်းခံနေသည်ဟု ယူဆနေသော်လည်း အမှန်စင်စစ်သော်ကား အကြီးအကဲက မပြုစုတတ်ဘဲ ပြုစုနေသူအတွက် ဒုက္ခဆင်းရဲခံနေရခြင်းသာ ဖြစ်၏။ (ကမာလားသိအရှ်ရဖီ တွဲ ၄၊ စာ ၈၁)

မွတ်စ်လင်မ်များအား ပြုစုခြင်း
၁၁။ ကျွန်ုပ်အနေဖြင့် မွတ်စ်လင်မ်တို့အား ပြုစုရခြင်းကို ရှရီအသ်တရားတော်နှင့် မဆန့်ကျင်လျှင် မိမိ၏ နဖူးစာကောင်းမွန်ခြင်း အလ္လာဟ်အရှင်မြတ်အမိန့်နာခံခြင်းဟု ယူဆသည်။
၁၂။ ကျွန်ုပ်သည် အသက်အရွယ်ကြီးသူများ၊ တမန်တော်မြတ်၏ အနွယ်တော်များနှင့် အလ္လာဟ်အရှင်မြတ်၏ ဇစ်ကိရ် ပြုနေသူများကို အလုပ်ခိုင်းလေ့မရှိပါ။
၁၃။ ကျွန်ုပ် မည်သူ့ကိုမှ မပြုစုခဲ့။ မည်သူ၏ အပြုစုကိုမျှလည်း မခံခဲ့။ သူတော်စင် အကြီးအကဲတို့အားလည်း ကျွန်ုပ်မပြုစုခဲ့။ ဤသည်မှာ ကျွန်ုပ်၏ ပင်ကိုယ်စရိုက်ဖြစ်၏။ အလုပ်ခိုင်းရန် လိုအပ်လာသည့်အခါတွင်လည်း မိမိကိုယ်မိမိ ဆရာကြီးကို ငါပြုစုနေသည်၊ ငါဟာ ဆရာကြီးရဲ့ ထူးခြားစွာရင်းနှီးသူ ဖြစ်သည် ဟူ၍ မထင်၊ မတွေးတတ်သူများကို ရွေးပြီးခိုင်းလေ့ရှိ၏။ ထိုနည်းတူပင် အများက ဒီလူဟာ ဆရာကြီးရဲ့ အနီးကပ်ဆုံးလူ၊ အရင်းနှီးဆုံးလူဟု ထင်မြင်ယူဆနိုင်ကြမည့် လူမျိုးကိုလည်း မခိုင်းဘဲ ရှောင်တတ်သည်။
၁၄။ နည်းစနစ်ကျကျ အလုပ်ခိုင်းမည် ဆိုပါက ညဥ့်တစ်ဝက်တိုင် ကျွန်ုပ် အသင့်ရှိနေမည် ဖြစ်ပြီး၊ နည်းစနစ်မကျဘဲ အလုပ်ခိုင်းလျှင် ကျွန်ုပ်အလုပ်မလုပ်နိုင်ပေ။
၁၅။ လူတို့နှင့် ဆက်ဆံရာတွင် ၎င်း၏အခြေအနေ အဆင့်အတန်းနှင့် လျော်ညီစွာ ပြုမူဆက်ဆံသင့်၏။ လူအားလုံးကို တစ်ပြေးညီ ဆက်ဆံရန် မသင့်ချေ။
၁၆။ တစ်ဦးတစ်ယောက်သည် အခက်အခဲအကျပ်အတည်း တစ်ခုခုနှင့် ရင်ဆိုင်နေရသည်ကို တွေ့ရှိက မိမိတတ်နိုင်သည့်ဘက်မှ ကူညီပါ။
၁၇။ လိုအပ်နေသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အတတ်နိုင်ဆုံး ကြိုးစားပါ။ မိမိမတတ်နိုင်ပါက တတ်ကုန်နိုင်သူများထံ လိုအပ်နေသူများ၏။ အကျိုးအတွက် အသနားခံတင်ပြပေးနိုင်လျှင် တင်ပြပေးလိုက်ပါ။ သို့သော် ယင်းသို့ အသနားခံတင်ပြရာတွင် အဆိုပါတတ်နိုင်သူတို့အား ဆုံးရှုံးမှု ဒုက္ခ တစ်စုံတစ်ရာမဖြစ်စေရ။ အကယ်၍ ၎င်းတို့အား ဆုံးရှုံးမှု ဒုက္ခ ဖြစ်စေနိုင်ပါက အသနားခံ မတင်ပြရ။
၁၈။ အရွယ်မရောက်မီ ဖခင်ဆုံးသွားသည့် ကလေးသူငယ် ယသီးမ်ကို ဆွေမျိုးအသိုင်းအဝိုင်းက ဖြစ်စေ၊ တခြားသူများက ဖြစ်စေ တာဝန်ယူကျွေးမွေးစောင့်ရှောက်ထားပါက တာဝန်ယူ ကျွေးမွေးစောင့်ရှောက်သူသည် ဂျန္နသ်တွင် တမန်တော်မြတ်နှင့်အတူ နေထိုင်စံမြန်းရမည်။
၁၉။ အကြင်သူသည် မုဆိုးမများ၊ ဆွေမျိုးသားချင်းများအား ကျွေးမွေးစောင့်ရှောက်ထားပါက အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် စစ်ပွဲဆင်နွှဲသည့်ကုသိုလ်ကို ရရှိမည်။
၂ဝ။ ညှင်းပန်းနှိပ်စက်သူ၊ နှိပ်စက်ခံရသူနှစ်ဦးလုံးနှင့် ပတ်သက်၍ အကောင်းကို လိုလားပါ။ ညှင်းပန်းနှိပ်စက်သူနှင့် ပတ်သက်၍ အကောင်းလိုလားရမည့် သဘောမှာ ထိုနှိပ်စက်သည့် လုပ်ရပ်မှ တားဆီးပိတ်ပင်ပါ။ နှိပ်စက်ခံရသူနှင့် ပတ်သက်၍ အကောင်းလိုလားရမည့် သဘောမှာ ၎င်းအား ကူညီစောင်မပါ။ ဤသို့ ကူညီရန်မှာ ပို၍ အရေးကြီးသည်။
၂၁။ သူတစ်ပါးအား ရေတိုက်ခြင်းမှာ ကုသိုလ်အလွန်ရသည်။ ရေပေါများသည့် နေရာမျိုးတွင် ရေတိုက်ပါက ငွေဝယ်ကျွန်တစ်ယောက်အား သူကောင်းပြုသည့် အကျိုးရရှိပြီး ရေရှားပါးသည့်နေရာဒေသမျိုးတွင် ရေတိုက်ပါက သူသေအား အသက်ရှင်အောင်ပြုလုပ်လိုက်သည့် အကျိုးရရှိ၏။
၂၂။ ထမင်း၊ ဟင်း ချက်ပြုတ်ရာတွင် လိုအပ်သည့် မီးမွှေးရန် ထင်း၊ မီးခြစ် စသည်တို့ကို သူတစ်ပါးအား ပေးခြင်း၊ ဟင်းထဲတွင် ထည့်ရန် ဆားအနည်းငယ်မျှကို သူတစ်ပါးအား ပေးခြင်းဖြင့် ထမင်းဟင်း တစ်အိုးလုံးပေးလိုက်သည့်အလား အကျိုးကုသိုလ်ရရှိသည်။
၂၃။ မိဘနှစ်ပါးအား ဘာသာခြားဖြစ်နေစေကာမူ ပြုစုစောင့်ရှောက်ရမည်။ အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်၏ ပညတ်ချက်များနှင့် မဆန့်ကျင့်လျှင် မိဘ၏ အမိန့်ကို လိုက်နာရမည်။ မိဘ၏ အမိန့်သည် အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ်၏ အမိန့်ပညတ်များနှင့် ဆန့်ကျင်နေပါက လိုက်နာမှု မပြုရပါ။
၂၄။ မိဘနှစ်ပါးကွယ်လွန်ပြီးနောက် ၎င်းတို့သက်ရှိထင်ရှားရှိစဉ်က ၎င်းတို့နှင့် လာရောက်တွေ့ဆုံနေကြဖြစ်သည့် အပေါင်းအသင်း၊ ရောင်းရင်းမိတ်ဆွေများအား ကောင်းမွန်စွာဆက်ဆံခြင်း၊ ရိုင်းပင်ကူညီခြင်းသည် မိဘနှစ်ပါးအား ပြုစုစောင့်ရှောက်ခြင်းနှင့် အလားတူဖြစ်သည်ဟု ယူဆသင့်သည်။
၂၅။ မိဘနှစ်ပါးသည် သားသမီးတစ်ဦးဦးအပေါ် မကျေမနပ်ဖြစ်လျက် ကွယ်လွန်သွားခဲ့သော် အဆိုပါ သား၊ သမီးများသည် မိဘအတွက် အမြဲတန်း ဒုအာလုပ်ပေးနေလျှင် ဖြစ်စေ၊ မိဘအတွက် အိစ်သိဂ်ဖါရ် အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ရရန် အလ္လာဟ်အရှင်မြတ်၏ထံတွင် အမြဲတန်း တောင်းခံပေးနေလျှင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်၏ ဂရုဏာတော်ဖြင့် မိဘနှစ်ပါး၏ ကျေနပ်နှစ်သက်မှု ရရှိလိမ့်မည်။
၂၆။ ဆွေမျိုးသားချင်းများနှင့် ကောင်းစွာဆက်ဆံပါ။ ၎င်းတို့က ကောင်းစွာ မဆက်ဆံသော်လည်း မိမိက ကောင်းစွာ ဆက်ဆံရမည်။
{မော်လာနာ အရှ်ရဖ်အလီထာနဝီသခင် ရေးသားပြုစုပြီး မုဖ်သီနူးရ်မုဟမ္မဒ်ဆွာဟိဗ်မှ မြန်မာဘာသာသို့ ပြန်ဆိုထားသော "အစ္စလာမ်နှင့် လူမှုဆက်ဆံရေး" စာအုပ်မှ ကူးယူတင်ဆက်သည်}

တခြားသော မုအာရှရသ်ပိုင်းဆိုင်ရာ လေ့လာစရာများ
*** အစ္စလာမ်၏ လူမှုဆက်ဆံရေး ***
မြတ်နဗီပြသခဲ့သည့် မုအာရှရသ်
http://aaitee.blogspot.com/2014/10/blog-post_79.html
အစ္စလာမ့်ရှရီအသ်မှ လူမှုဆက်ဆံရေးအကြောင်း
http://aaitee.blogspot.com/2015/04/blog-post_30.html
ရှရီအသ်၏ ကဏ္ဍငါးရပ်
http://aaitee.blogspot.com/2015/05/blog-post.html
စလာမ်မေတ္တာပို့သခြင်းဆိုင်ရာ စည်းကမ်းချက်များ
http://aaitee.blogspot.com/2015/05/blog-post_10.html
လက်ဆွဲနှုတ်ဆက်ခြင်း၏ စည်းကမ်းချက်များ
http://aaitee.blogspot.com/2015/05/blog-post_30.html
ထိုင်ဝိုင်းနှင့် စပ်လျဉ်းသည့် စည်းကမ်းချက်များ
http://aaitee.blogspot.com/2015/05/blog-post_21.html
စကားပြောဆိုခြင်းဆိုင်ရာ စည်းကမ်းချက်များ
http://aaitee.blogspot.com/2015/05/blog-post_18.html
စကားနားထောင်ခြင်းဆိုင်ရာ စည်းကမ်းများ
http://aaitee.blogspot.com/2015/05/blog-post_26.html
စောင့်ဆိုင်းခြင်းဆိုင်ရာ စည်းကမ်းများ
http://aaitee.blogspot.com/2015/05/blog-post_11.html
အချင်းချင်း တွေ့ဆုံခြင်းဆိုင်ရာ စည်းကမ်းများ
http://aaitee.blogspot.com/2015/05/blog-post_0.html
ဧည့်သည်နှင့် စပ်လျဉ်းသည့် စည်းကမ်းများ
http://aaitee.blogspot.com/2015/06/blog-post_13.html
အိမ်ရှင်နှင့် စပ်လျဉ်းသည့် စည်းကမ်းများ
http://aaitee.blogspot.com/2015/06/blog-post_77.html

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။