Thursday, August 22, 2013

လူငယ်ဘဝနှင့် စိတ်ဆင်ရိုင်း

လူငယ်ဘဝနှင့် စိတ်ဆင်ရိုင်း (၁)

လူငယ်ဘဝတွင် မိတ်ဆွေသူငယ်ချင်းကောင်းနှင့်ပေါင်းရန် အရေးကြီးသည်။ သာသနာ့ပတ်ဝန်းကျင်တွင်ရှိရန် လိုအပ်သည်။ ပျင်းရိနေခြင်း၊ အလုပ်မလုပ်ပဲနေခြင်းမျိုး မဖြစ်သင့်၊ တဏှာရာဂကိစ္စကို သာသနာက ခွင့်မပြုသော အနေအထားတွင် အသုံးမပြုရန် အရေးကြီး၏။ သာသနာက ခွင့်ပြုသော နေကာဟ် ရှာဒီ ပြုပြီးမှ ဆက်ဆံနိုင်၏။ မိမိစိတ်ဆန္ဒဆိုးဖြင့် မိန်းမရွှင်နှင့် ပျော်ပါးခြင်း၊ နေကာဟ် မလုပ်ရသေးသော (ချစ်သူ၊ ရည်းစား) တို့နှင့် ပျော်ပါးခြင်းတို့ကို ရှောင်ရမည်။ ထိုသို့ လိင်စိတ် ဖြေဖျောက်ခြင်းသည် အမှန်တကယ် နေကာဟ်ရှာဒီဖြစ်သော ကာလ၌ ရရှိခံစားရမည့် ကျေနပ်ကြည်နူးမှုများကို ထိခိုက်ပျက်ပြယ်စေတတ်သည်။ ရောဂါဆိုးများ ရရှိနိုင်သည်။ သာသနာ့အပြင်ဘက်တွင် လိင်ကိစ္စဖြေဖျောက်ခြင်းကြောင့် အဆိုးဝါးဆုံးထိခိုက်မှုမှာ ကိုယ်ခန္ဓာညှိုးခြောက်ခြင်းနှင့် မှတ်ဉာဏ်လျော့ပါးစေခြင်းတို့ ဖြစ်စေလေသည်။ (အကျင့်ယုတ်ညံ့စေသည်။ အကျင့်ပျက်တစ်ဦး၏ အနာဂတ်သည်မကောင်းချေ။)

လူငယ်ဘဝနှင့်စိတ်ဆင်ရိုင်း (၂)

လူငယ်ဘဝ၌ ငယ်နုသောအချိန်၊ ငယ်နုသော အသိပညာကြောင့် စိတ်ဆန္ဒဆိုးအမျိုးမျိုး ဖြစ်ပေါ်တတ်သည်။ ထိုစိတ်ဆိုးစိတ်ယုတ်သည် မသမာမှုအမျိုးမျိုးဆီသို့ တွန်းပို့တတ်သော သဘာဝရှိသည်။ သို့ဖြင့် တစ်ညလုံး အိပ်မပျော် ဖြစ်တတ်လေသည်။ သက်ပြင်းတချချ၊ လေပူတမှုတ်မှုတ်ဖြင့် ချောက်ခြားလျက် ကြက်အိပ်ကြက်နိုး ဖြစ်တတ်သည်။ အိပ်မက်ဆိုးများ မက်တတ်သည်။ ဆီးကျင် ကိုက်ခဲတတ်သည်။ သားသမီးဖြစ်စေသော သဘာဝခွန်အားတို့ ဆုတ်ယုတ် ပျက်စီးတတ်သည်။ ဤသဘာဝကို သိထားပြီး စိတ်ဆန္ဒဆိုး၏ အလိုသို့မလိုက်ဘဲ ထိန်းသိမ်းဆင်ခြင် နေတတ်ခဲ့လျှင် ကိုယ်ကာယ စိုပြေလှပမည်။ ခွန်အားတိုးမည်။ မျက်စေ့ကြည်မည်။ ဉာဏ်ရည် ထက်မြက်သွက်လက်နေမည်။

ထို့ကြောင့် ရှရီအသ် (သာသနာ့စည်းမျဉ်းစည်းကမ်း) က မိဘနှင့် သားသမီးတို့သည် (သားသမီး ၇-နှစ်အရွယ်) ရောက်လျှင် အိပ်ရာခွဲ၍ အိပ်ရမည်ဟု ညွှန်ပြထားခြင်းဖြစ်သည်။

လူငယ်ဘဝနှင့်စိတ်ဆင်ရိုင်း (၃)

သာသနာအရ တရားဝင် အမျိုးသား အမျိုးသမီး လိင်ဆက်ဆံခွင့်ပြုသည်မှာ နေကာဟ် ရှိမှဖြစ်၏။ တရားဝင်လက်ထပ် ထိမ်းမြားခြင်း (နေကာဟ်) မရှိဘဲ လိင်ဆက်ဆံခြင်းသည် ဇေနာ ဖြစ်၏။

ဇေနာ ကျူးလွန်လျှင် ဗရ်ကသ် မင်္ဂလာမရှိဖြစ်တတ်၏။ မျက်နှာပေါ်မှ နူရ် (လင်းဝင်းမှု ကျက်သရေ) မရှိဖြစ်တတ်၏။ အပူအပင်ကြီးလာ၏။ ကြောက်တတ်၏။ ဆီးပူ၏။ ရောဂါရ၏။ တစ်သက်တာလုံး ဆုံးရှုံးမှုများ ကြုံ၏။

“ငါဟာမွတ်စလင်မ်တစ်ဦးဖြစ်တယ်။ မိဘဆွေမျိုးအရှက်ကွဲမယ့်ကိစ္စမလုပ်ဘူး။ ငါ.... တစ်နေ့ လူကြီး (မိဘ) ဖြစ်မယ်။ သားသမီးရမယ်။ ဒီကိစ္စကြောင့် သားသမီးအရှက်မရစေရဘူး၊ အလ္လာဟ်အရှင်မြတ် မကြိုက်တာ မလုပ်ဘူး၊ ” ဟု မိမိ၏ စိတ်ဆင်ရိုင်းကို အသိတရား သတိတရား ချွန်းဖြင့် နိုင်အောင်နှိမ်နင်းရမည်။

မော်လာနာအဗ်ဒွလ်ကာဒိရ် (ဂျာမိအဟ်ဒါရွလ်အိုလူမ် - တာမွေ) ရေးသားသော စံပြမိဘနှင့်ချစ်သားလက်ဆောင် စာအုပ်မှကောက်နုတ်တင်ပြသည်။

သာသနာက ခွင့်ပြုသော နေကာဟ် ဖြင့်သာ တစ်သက်တာ ပျော်ရွှင်မှုရယူမည်ဟု ဆုံးဖြတ်ကြပါစို့။ သာသနာအပေါ်၊ အလ္လာဟ်အရှင်မြတ်အပေါ်၊ မိမိအမျိုးသားတို့အပေါ်၊ မိမိကိုယ်တိုင်အပေါ် သစ္စာရှိကြပါစို့။ အလ္လာဟ်အရှင်မြတ်သည် မွတ်စလင်မ်အမျိုးသား အမျိုးသမီးတိုင်းကို သာသနာက ခွင့်ပြုသော နေကာဟ်ဖြင့် တစ်သက်တာ ပျော်ရွှင်မှုရယူနိုင်စွမ်း သောင်ဖီးက် ပေးသနားတော်မူပါစေ။ ........... အာမီးန်

အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။