Thursday, July 25, 2013

အစၥလာမ္ဘာသာ

အစၥလာမ္ဘာသာ
========

အစ္စလာမ်သည့် စကြဝဠာခပ်သိမ်းကုန်တို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလုံးစုံကို သိမြင်တော် မူ၍ ပြည့်စုံတော်မူသော တစ်ဆူတည်း၊ တစ်ပါးတည်းဖြစ်တော်မူသော မဟာကရုဏာရှင် ဖြစ်တော်မူသောအလ္လာဟ်အရှင်မြတ် ဟောကြားတော်မူအပ်သော ဒေသနာတော်မြတ်ဖြစ်ပေသည်။ နှစ်ဘဝ၏ ငြိမ်းချမ်းသာယာမှုကိုညွှန်ပြသည်။အစ္စလာမ်သည် “နာခံခြင်း”ဟူသော အထူးဝိသေဂုဏ်ပုဒ်တစ်ခုကိုဆောင်လျက်ရှိသည်။ အစ္စလာမ်၏အဓိက ရည်ရွယ်ချက်မှာ မိမိဆောင်ထားသော အစ္စလာမ်တည်းဟူသောဂုဏ်ပုဒ်ကို လူသားအားလုံးအား တပ်ဆင်ပေးရန်ပင်ဖြစ်သည်။ ထို့အတွက်ကြောင့်ပင် ခေတ်မရွေး၊ ပြည်မရွေး၊ လူမျိုးမရွေး၊ အုပ်စုမရွေး၊လူတန်းစားမခွဲ၊ ဖြူနက်မခြား အစ္စလာမ်တည်းဟူသော ဂုဏ်ပုဒ်နှင့်ပြည့်စုံကြကုန်သော ပုဂ္ဂိုလ်မွန်တို့သည်အတိတ်ခေတ်တွင်လည်း မွတ်စလင်များပင်ဖြစ်ကြသည်။ ယခုပစ္စုပ္ပန်တွင်လည်း မွတ်စလင်များပင်ဖြစ်ကြသည်။ နောင် အနာဂတ်တွင်လည်း မွတ်စလင်များပင်ဖြစ်ကြမည်။အစ္စလာမ်ဟူသောပုဒ်သည် “နာခံခြင်း”အဓိပ္ပာယ်ပေးသည် အစ္စလာမ်ဟုအမည်သမုတ်ခြင်းမှာလည်း ဤအယူဝါဒကို လက်ခံနာယူသော မွတ်စလင်တိုင်းသည် အရေးကိစ္စအဝ၀တွင် အလ္လာဟ်အရှင်မြတ်၏ ဒေသနာမြတ်များကို ဦးလည်မသုန် လိုက်နာကျင့်သုံးရခြင်းကြောင့်ပင်ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်သည် စကြဝဠာအဝန်းကို စတင်ပြုစုပျိုးထောင်တော်မူသော ပိုင်ဆိုင်စိုးမိုး စီမံ ကွပ်ကဲအုပ်ချုပ်တော်မူသော အရှင်သခင်ဖြစ်တော်မူပေရာ တစ်နည်းဆိုသော် စကြဝဠာရှင်၏ အမိန့်တော်နာခံခြင်းပင်စကြဝဠာတွင် ငြိမ်းချမ်းသာယာမှုကို ဖန်တီးရာမည်သည်။ သို့ဖြစ်ရာ အစ္စလာမ်သည် ကမ္ဘာ့ငြိမ်းချမ်းရေးဝါဒဖြစ်၍မွတ်စလင်သည် ကမ္ဘာ့ငြိမ်းချမ်းရေးဝါဒီဖြစ်သည်။

မုဟမ္မဒ်(ဆွ)နှင့်ကုရ်အာန်ကျမ်းတော်မြတ်
========================

အလ္လာဟ်အရှင်မြတ်သည် ယခင်နှစ်ပေါင်း(၁၄၀ဝ)ကျော်က ကမ္ဘာသူ ကမ္ဘာသားအားလုံးကို ကရုဏာ တရားပွားများ၍ နှစ်ဘဝ၏ သုခချမ်းသာအဖြာဖြာကို ရစိမ့်သောငှာ တမန်တော်အပေါင်းတို့၏ အချုပ် ဖြစ်သောတမန်တော်မြတ် မုဟမ္မဒ်အား (ကောင်းချီးမင်္ဂလာအဖြာဖြာသည် တမန်တော်မြတ်အပေါ်သို့ သက်ရောက်ပါစေ)နောက်ဆုံးတမန်တော်အဖြစ် စေလွှတ်တော်မူ၍ ကျမ်းဂန်အပေါင်းတို့၏ အချုပ်ဖြစ်သော ကုရ်အာန်ကျမ်းမြတ် ကိုလည်း တမန်တော်မုဟမ္မဒ်ထံသို့ ချပေးသနားတော်မူခဲ့ပေသည်။ ကုရ်အာန်ကျမ်းမြတ်သည် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်ဖြစ်သည်။ တမန်တော်မြတ်သည်မိမိကျရောက်လာခဲ့သော ကုရ်အာန်ကျမ်းလာ အာယသ်တော်များကို အချိန်မလင့်စေဘဲ စနစ်တကျ ရေးမှတ်စေတော်မူခဲ့သည်။ အာဂုံဆောင်စေတော်မူခဲ့သည်။ ကုရ်အာန်ကျမ်းမြတ်ကို စလယ်ဆုံး အာဂုံဆောင်ထားကြသော (ဟာဖစ်ဇ်)အာဂမဓရတို့၏ နှလုံးသားများတွင်လည်းကောင်း တည်ရှိနေပေသည်။ ကမ္ဘာအရပ်ရပ်တွင် ကုရ်အာန်ကျမ်းမြတ်အစောင်ပေါင်းအသင်္ချေ၊ အသင်္ချာရှိငြားသော်လည်း တစ်စောင်နှင့်တစ်စောင်အကြား ပုဒ်၊ပဒ၊ သရ၊ သုညမှအစ ကွဲပြားမှုအလျင်းမရှိဘဲ ပကတိအတိုင်း လုံးလုံးလျားလျား တစ်မျိုးတည်း တစ်စားတည်းပင်ရှိနေသည်မှာ ကုရ်အာန်ကျမ်းမြတ်၏ ထူးခြားချက်တစ်ရပ်ဖြစ်သည်။ ဤသည် “ကုရ်အာန် ကျမ်းမြတ်ကိုငါအရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူ၍ ယင်းကျမ်းမြတ်ကို ငါအရှင်မြတ်ကိုယ်တော်တိုင် ထိန်းသိမ်း စောင့်ရှောက်တော်မူမည်”ဟူသော ဗျာဒိတ်တော်၏ကျေးဇူးပင်ဖြစ်သည်။ (ကုရ်အာန် ၁၅း၉ ကိုရှု) “ကုရ်အာန်” ဟူသောပုဒ်သည် များစွာရွတ်ရသောကျမ်းဟု အနက်ပေးထားသည်။ ကုရ်အာန်ကျမ်းမြတ်သည် နာမည်နှင့်အညီယနေ့တိုင် ကမ္ဘာတွင်အများဆုံးရွတ်ဖတ်သရဇ္ဈာယ်ရသောကျမ်းတစ်ဆူလည်းဖြစ်ပေသည်။ တမန်တော်မြတ်သည် ကုရ်အာန်ကျမ်းမြတ်ကို ဦးထိပ်ထားကာ အစ္စလာမ်အယူဝါဒကို လက်တွေ့ကျင့်သုံး ပြသတော်မူခဲ့သည်။ တိုတောင်းလှစွာသော (၂၃)နှစ်အတွင်း တိရစ္ဆာန်တမျှ ဆိုးသွမ်းမိုက်မဲ လမ်းလွဲလျက်ရှိနေခဲ့ကြသောသူများအား အမှောင်ခွင်း၍ အလင်းသို့ ဆောင်တော်မူခဲ့သည်။ လူ့ဘဝတွင် လူရိုင်း တို့အားယဉ်ပါးစေတော်မူခဲ့သည်။ လူ့ဘဝတွင် အောက်ဆုံးအဆင့်သို့ရောက်ရှိနေခဲ့ကြသော သူတို့အား လူ့ဘဝအထွတ်အထိပ်သို့ တင်ဆောင်ပေးတော်မူခဲ့သည်။ တမန်တော်မြတ်သည် အစ္စလာမ် အယူဝါဒကို မိမိကိုယ်တိုင်ကျင့်သုံး ပြသတော်မူခဲ့သည်သာမက စံပြမွတ်စလင်အုပ်စုကြီးတစ်ခုလုံးကိုလည်း မွေးထုတ်ထားတော်မူခဲ့ ပေသည်။အစ္စလာမ်အယူဝါဒသည် တစ်နေ့တစ်ခြား ပျံ့ပွားလာခဲ့ပေရာ ယနေ့မွတ်စလင်တို့သည် ကမ္ဘာအရပ်ရပ်တွင် ပျံ့နှံ့လျက်ရှိကြပေသည်။

အစ္စလာမ်၏ယုံကြည်ချက်များမှာ
=================

(၁) အလ္လာဟ်အရှင်မြတ်အား ယုံကြည်ခြင်း။

(၂) ထိုအရှင်မြတ်၏ ကောင်းကင်တမန်များကို ယုံကြည်ခြင်း။

(၃) ထိုအရှင်မြတ်၏ ကျမ်းဂန်များကို ယုံကြည်ခြင်း။

(၄) ထိုအရှင်မြတ်၏ တမန်တော်များကို ယုံကြည်ခြင်း။

(၅) စကြဝဠာပျက်ဆီးဆိတ်သုဉ်းမည့်နောက်ဆုံးနေ့ကို ယုံကြည်ခြင်း။

(၆) သေပြီးနောက် ရှင်ပြန်ထရမည်ကိုယုံကြည်ခြင်းဟူ၍ဖြစ်သည်။

အစ္စလာမ်၏ အမြစ်တရားငါးပါးမှာ
==================

(၁) အလ္လာဟ်အရှင်မြတ်မှတပါး ကိုးကွယ်ရာဟူ၍အလျဉ်းမရှိသည်ကိုလည်းကောင်း၊ တမန်တော်မြတ် မုဟမ္မဒ်သည် ထိုအရှင်မြတ်၏ တမန်တော်ဖြစ်သည်ကိုလည်း ယုံကြည်သက်သေခံခြင်း။

(၂) ဆွလာသ်ဆောက်တည်ခြင်း (ဝတ်ပြုခြင်း)။

(၃) ဇကားသ်ပေးလှူခြင်း။

(၄) ဆွီယာမ် ဥပုသ်ဆောက်တည်ခြင်း။

(၅) ဟဂ်ျပြုခြင်းဟူ၍ဖြစ်လေသည်။

အစ္စလာမ်၏ယုံကြည်ချက်များကို လက်ခံယုံကြည်သူ မွတ်စလင်တစ်ဦးသည် တမန်တော်မြတ် ချမှတ်တော်မူသည့် ကျင့်စဉ်ကျင့်ရပ်များနှင့်အညီ တစ်နေ့လျှင်ငါးကြိမ် ဆွလာသ်ဆောက်တည်ရသည်။ စားဝတ်နေရေးအတွက်လိုအပ်သည်ထက်ပိုသော ဥစ္စာပစ္စည်းများထဲမှ ဆင်းရဲသားများအား ဇကားသ် ပေးလှူရသည်။ တစ်နှစ်တွင် တစ်လ ဆွီယာမ်ဥပုသ်ဆောက်တည်ရသည်။ ခရီးစရိတ်တတ်နိုင်လျှင် တစ်သက် တစ်ခါမက္ကာမြို့တော်သို့ သွားရောက်၍ ဟဂ်ျပြုရသည်။ ဤသည်ကား အစ္စလာမ်၏ အခြေခံယုံကြည်ချက်များနှင့်ကျင့်စဉ်များဖြစ်ပေသည်။

လူတန်းစားမခွဲ
========

အစ္စလာမ်အယူဝါဒတွင် လူတန်းစားခွဲခြားမှုအလျဉ်းမရှိ။ အဖြူသည် အနက်ထက်မသာ၊ ကိုယ်ကျင့်တရား ကောင်းခြင်းအားဖြင့် တစ်ဦးထက်တစ်ဦးသာနိုင်ပေသည်။ “အို-လူသားအပေါင်းတို့၊ အသင်တို့အရှင်သခင်သည် တစ်ပါးတည်း၊ အသင်တို့၏ဖခင်သည် တစ်ဦးတည်း၊ အာရဗ်လူမျိုးသည် အခြားလူမျိုးထက်မသာ၊ အနီသည် အနက်ထက်မသာ၊ အနက်သည် အနီထက်မသာ၊ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေခန့်ညား၍ စင်ကြယ်သန့်ရှင်း အပြစ်ကင်းခြင်း အားဖြင့်သာလျှင် တစ်ဦးထက်တစ်ဦးသာသည်။ ”

“စလာမ်”မေတ္တာ
========

မွတ်စလင်များသည် တစ်ဦးနှင့်တစ်ဦးတွေ့ဆုံကြသည့်အခါ (အတ်စ္စလာမုအလိုင်ကွန်မ်) “အသင်တို့အပေါ်၌ ငြိမ်းချမ်းသာယာမှု အစုစုသက်ရောက်ပါစေ”ဟု မေတ္တာပို့သကြသည်။ မေတ္တာပို့သခြင်း ခံရသူများကလည်း (ဝအလိုင်ကု မုစ္စလာမ် ဝ-ရဟ်မတုလ္လာဟ်၊ ဝ-ဗုရကာတူဟူ)၊ “အသင်တို့အပေါ်၌လည်းငြိမ်းချမ်းသာယာမှုအစုစု သက်ရောက်ပါစေ။ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်နှင့် မင်္ဂလာတော်များ လည်းသက်ရောက်ပါစေ”ဟု မေတ္တာတုံ့ပြန်ကြပေသည်။ ဤသို့ဖြင့် မွတ်စလင်တို့စုဝေးရာဌာနများတွင်မေတ္တာသံများသည်ပဲ့တင်ထပ်မျှဖြစ်ရှိနေပေသည်။ “ကျွန်ုပ်သည် မိမိ၏အရှင်အား တိုင်တည်ပြောအံ့။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားမယုံကြည်သမျှကာလပတ်လုံး အလ္လာဟ်အရှင်မြတ်အား ယုံကြည်နိုင်ကြမည်မဟုတ်။ ကျွန်ုပ်သည် အသင်တို့အား အသင်တို့အချင်းချင်း ချစ်ခင်ရန်လမ်းစဉ် ညွှန်ပြမည်။ ထိုလမ်းစဉ်ကား အခြားမဟုတ်။ အသင်တို့ အချင်းချင်း ဖြူစင်ပွင့်လင်းစွာ စလာမ်မေတ္တာကို ပို့သကြကုန်”

မွတ်စလင်ဂုဏ်ရည်
========

အစ္စလာမ်အယူဝါဒကို လက်ခံနာယူကျင့်သုံးသူတစ်ဦးသည် -

(၁) ယုံကြည်ချက် မှန်ကန်ရမည်။

(၂) ပတ်ဝန်းကျင်နှင့် ဆက်ဆံမှုပြေပြစ်ရမည်။

(၃) သူတစ်ပါးအကျိုးဆောင်ရမည်။

(၄) သီလကောင်းရမည်။

(၅) ဇွဲသတ္တိရှိရမည်။

ဤအကြောင်းနှင့်စပ်လျဉ်း၍ ကုရ်အာန်ကျမ်းမြတ်တွင် အောက်ပါအတိုင်း မိန့်ဆိုထားတော်မူသည်။ “အရှေ့ဘက်၊ အနောက်ဘက်သို့ မျက်နှာမူခြင်းသည် ကောင်းမြတ်သည်မဟုတ်။ ကောင်းမြတ်သောသူမွန်သူမြတ်တို့ကား အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ ကောင်းကင်တမန်များကိုလည်းကောင်း၊ ကျမ်းဂန်များကိုလည်းကောင်း၊ တမန်တော်အပေါင်းကိုလည်းကောင်း ယုံကြည်ကြသည်။ ထို့ပြင် ၄င်းတို့သည် မိမိတို့ဥစ္စာ ပစ္စည်းများကို ခုံမင်ကြပါလျက် ဆွေဆင်းရဲ မျိုးဆင်းရဲများကို လည်းကောင်း၊ မိတဆိုး ဖတဆိုးများကိုလည်းကောင်း၊ ဆင်းရဲသားများကိုလည်းကောင်း၊ ဒုက္ခသည် ဧည့်သည်များကိုလည်းကောင်း၊ လက်ဖြန့်တောင်းခံစားနေကြရှာသော သူတောင်းစားများကိုလည်းကောင်း၊ ကျေးကျွန်များကို ကျွန်ဘဝမှ လွတ်မြောက်စေရာတွင်လည်းကောင်း လှူဒါန်းပေးကမ်း ကြသည်။ ထို့ပြင် ၄င်းတို့သည် ဆွလာသ်ဝတ်ပြုကြသည်။ ဇကားသ်ပေးလှူကြသည်။ ကတိတည်ကြသည်။ ထို့ပြင်တဝ ၄င်းတို့သည် ဆင်းရဲနွမ်းပါးသည့်အခါတွင်လည်းကောင်း၊ ရောဂါဖိစီးသည့်အခါတွင်လည်းကောင်း၊ စစ်မက်ဖြစ်ပွားနေကြသည့် အခါတွင်လည်းကောင်း ကြံ့ခိုင်စွာရပ်တည်နေကြသည်။ ဤဂုဏ်ရည်များနှင့်ပြည့်စုံသူများသည် သစ္စာဝါဒီများဖြစ်ကြပေသည်။ ဤပုဂ္ဂိုလ်များသာလျှင် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေခန့်ညားသော သူမွန်သူမြတ်အားဖြစ်ကြပေသည်။ ”(ကုရ်အာန် ၂း၁၇၇)

အစရှိသဖြင့်တို့ဖြစ်ကြပါသည်။

Aung Michel

အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။