Sunday, July 21, 2013

မေးခွန်းငါးခု အဖြေငါးခု

၁။ အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာကို ဖန်ဆင်းသည်ဟု ဆိုရာတွင် ဘယ်အကျိုးကို မျှော်ကိုးပြီး ဖန်ဆင်းပါသနည်း။

၁။ [ဖြေ]- အလ္လာဟ်အရှင်မြတ်သည် ပရမတ္တဖြစ်သည်။ လူသည် အနတ္တဖြစ်၏။ အနတ္တသဘောမှာ ပရမတ္တအလိုကို နာခံရခြင်း၊ ကိုယ့်အလိုအတိုင်းမဖြစ်ဘဲ သူ့အလိုအတိုင်းဖြစ်ရခြင်းကို ခေါ်သည်။ အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာအပါအဝင် စကြာဝဠာတစ်ခုလုံးကို လူသားအကျိုးအတွက်သာ ဖန်ဆင်းတော်မူ၏။ လူသားကို အလ္လာဟ်ရှင်မြတ်အား ကိုးကွယ်ဝတ်ပြုရန် ဖန်ဆင်းတော်မူခြင်း ဖြစ်၏။ တစ်နည်းအားဖြင့် ကမ္ဘာသည် လူ့လောက လူ့ဘုံဖြစ်၍ လူသားမွေးဖွား ရှင်သန် နေထိုင်ရန် ဝတ္ထုပစ္စည်း သယံဇာတ အပြည့်အစုံဖြင့် သဟဇာတဖြစ်စွာ အကျိုးပြုသော ဂုဏ်ဒြပ်ရှိသကဲ့သို့ ကမ္ဘာ၏ နမူနာကိုယူ၍ လူသားသည် လူသား အချင်းချင်းအပေါ် အကျိုးပြုတတ်ရန် မျှော်ကိုးပြီး ကမ္ဘာကို အလ္လာဟ်အရှင်မြတ်က ဖန်ဆင်းထားခြင်းဖြစ်ပါသည်။



၂။ မွေးဖွားလာစ ကပင် တဦးနှင့်တဦး မတူမညီ ဖြစ်ရသည့် အကြောင်းမှန်ကို ရှင်းပြပါ။

၂။ [ဖြေ]- လူ့လောကတွင် ရုပ်ဆင်းအင်္ဂါ လှပပြည့်စုံသူ၊ ရုပ်ဆင်းအင်္ဂါမပြည့်စုံ ချို့ယွင်း အကျည်းတန်သူ၊ ချမ်းသာသူ၊ ဆင်းရဲသူ၊ ဉာဏ်ပညာကြီးမားသူ၊ ဉာဏ်ပညာနည်းပါးသူ စသည်ဖြင့် ကွဲပြားခြားနားမနေဘဲ အားလုံးသည် တပြေးညီတည်း ချမ်းသာပြည့်စုံနေပါက ကိုယ်ချင်းစာတရား၊ မေတ္တာတရား၊ အကြင်နာတရား၊ ဥပေက္ခာတရား၊ မုဒိတာတရား၊ ဂါရဝတရား၊ အလှူဒါနတရား စသည်များ မကျင့်သုံးနိုင်တော့ပါ။ ထိုသို့ အနိမ့်အမြင့် ကွဲပြားခြားနားစွာ ဖန်တီး ထားမှသာလျှင် ထိုတရားမြတ်၊ တရားကောင်းများကို တစ်ဦးအပေါ်တစ်ဦး ကျင့်သုံးနိုင်ပြီး လူသားတို့အတွင်းမှ သူတော်သူမြတ်၊ သူတော်ကောင်းများ ဖြစ်ပေါ်လာနိုင်ပါမည်။ ထိုသို့ဖြစ်ပေါ်လာစေရန် တန်ခိုးတော် အနန္တ၊ ဉာဏ်တော် အနန္တဖြင့် ပြည့်စုံတော်မူသော ထာဝရအရှင် ဖန်ဆင်းရှင်က လူ့လောက၌ စမ်းသပ် စစ်ဆေးရန် မတူမညီ ကွဲပြားခြားနားစွာ ဖန်တီးထားရခြင်းဖြစ်ပါသည်။



၃။ ထာဝရဘုရားလို့ မြန်မာတွေသိနေတဲ့ God နှင့် ဟိန္ဒူဘုရား ဗြဟ္မာကြီးတို့ကလည်း ဒီကမ္ဘာကြီးကို သူတို့ ဖန်ဆင်းထားတယ်လို့ ပြောနေကြပါတယ် ။ သူတို့ကို ကမ္ဘာပေါ်မှာရှိတဲ့ လူအတော်များများကလည်း ထောက်ခံနေကြပါတယ် ။ ဒီကမ္ဘာကြီးကို အဲသည် ဖန်ဆင်းရှင် နှစ်ပါးနှင့် အလ္လာဟ်အရှင်မြတ်တို့ အတူတူပူးပေါင်းပြီး ဖန်ဆင်းကြတာလား ။ တစ်ပိုင်းစီခွဲပြီး ဖန်ဆင်းခဲ့တာလား၊ ကျမ်းစာ အထောက်အထားနှင့်တကွ ရှင်းပြပေးပါ ။



၃။ [ဖြေ]- ကျမ်းမြတ်ကုရ်အာန်သည် ၎င်းနှင့်ကိုက်ညီသော ရှေးကျမ်းများ၏ အဆိုကို လက်ခံပါသည်။ အကြောင်းမှာ ကုရ်အာန်ကျမ်းမြတ်သည် ရှေးကျမ်းများကို ထောက်ခံသောကျမ်းဖြစ်သည်။ "…ဤကျမ်းတော်သည် ရှေးကျမ်းတော်များကို ထောက်ခံအတည်ပြု၏။…" (ကျမ်းမြတ်ကုရ်အာန် -အခန်း ၅၊ အပိုဒ် ၄၈)။ "လူမျိုးတိုင်းအတွက် တရားဓမ္မ ဟောကြားသော တမန်တော် တစ်ပါးစီ ရှိ၏။" (ကျမ်းမြတ်ကုရ်အာန် - အခန်း ၁ဝ၊ အပိုဒ် ၄၇)။ လူမျိုးတိုင်းကို သူတို့နှင့်သက်ဆိုင်သော ဘာသာစကားအားဖြင့် တမန်တော်များ စေလွှတ်ခဲ့ခြင်းကြောင့် အသီးတစ်ရာ အညှာတစ်ခုပမာ အလ္လာဟ်ရှင်မြတ်ကိုပင် God ၊ Jehova ၊ Brahman (မဟာဗြဟ္မာ)၊ မိုးနတ်မင်း စသည်ဖြင့် သက်ဆိုင်ရာ ဘာသာစကားဖြင့် ဖော်ပြခြင်းဖြစ်သည်။ ထို့ကြောင့် ဤကမ္ဘာအပါအဝင် စကြာဝဠာခပ်သိမ်းကို အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းက ဖန်ဆင်းခဲ့ခြင်းဖြစ်ကြောင်း အထောက်အထား ခိုင်လုံပါသည်။


၎။ အလ္လာဟ်အရှင်မြတ်ကို မည်သူဖန်ဆင်း ခဲ့သနည်း။ အလ္လာဟ်အရှင်မြတ် အဖြစ်သို့ ရောက်ရှိလာသည့် အလ္လာဟ်အရှင်မြတ်၏ အတ္ထုပ္ပတ္တိကို ဖော်ပြပါ။

၎။ [ဖြေ] - ဖန်ဆင်းခြင်းသည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ စကြဝဠာခပ်သိမ်း၌ မည်သူထံတွင်မှ မရှိသော အရာဖြစ်သည်။ လူသည် တီထွင်မှု (invent) လုပ်သည်။ သို့သော် သူတီထွင် လုပ်ကိုင်သမျှ အရာအားလုံးသည် နိယာမဥပဒေသအားဖြင့် ရှိပြီးသားဖြစ်သည်။ လူသည်ဖော်ထုတ် တွေ့ရှိရုံမျှ ဖြစ်သည်။ ဥပမာအားဖြင့် လျှပ်စစ်မီးသီး ပြုလုပ်သော နည်းပညာသည် ရှိပြီးသားဖြစ်၏။ အက်ဒီဆင် (Edison) သည် ၎င်းနည်းပညာကို ရှာဖွေတွေ့ရှိသူသာ ဖြစ်သည်။ ဖန်ဆင်းသူမဟုတ်။ ဗုဒ္ဓသည် သစ္စာတရားကို တွေ့ရှိသူသာဖြစ်သည်။ ဖန်ဆင်းသူမဟုတ်။ ဆိုလိုသည်မှာ ဖန်ဆင်းခြင်း သဘောသည် ဖန်ဆင်းခံတို့နှင့် လုံးဝ ကွဲပြားခြားနားမှု ရှိသည်။ ဖန်ဆင်းရှင် ဟူသည် အကြောင်း အရာအားလုံး၏ အစကနဦး အကြောင်းကို ပြုလုပ်သူ (Creator) ပင်ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းသူကို ထပ်မံ ဖန်ဆင်းခြင်းရှိခဲ့ရမည် ဟူသော အတွေးမှာ အဓိပ္ပာယ်မရှိချေ။ ဖန်ဆင်းခြင်း မခံရသူအဖို့ အတ္ထုပ္ပတ္တိ လည်းမလိုချေ။
Allah cannot be created. Allah Created everything.

၁။ ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းခင်က အလ္လာဟ်အရှင်မြတ်သည် ဘယ်နေရာမှာ နေပါသနည်း?

၁။ [ဖြေ] - လူသားသည် ပင်ကိုယ်သဘာဝအရ မိမိဘာသာ လွတ်လပ်စွာ ရပ်တည်နိုင်သော
သဘောမရှိချေ။ သူ၏ ရပ်တည်မှုအတွက် ပတ်ဝန်းကျင်ဖြစ်သော နေ၊ လေ၊ ရေ၊ မြေကြီး၊ အာကာသ စသောအရာများကို မှီခိုရသည်။ နေ၊ လေ၊ ရေ၊ မြေကြီး၊ အာကာသ စသော အရာများသည် မြဲသော သဘောမရှိ။ မမြဲသော အရာများအပေါ် မှီခိုရသော လူသားသည်လည်း မမြဲ။ ထို့ကြောင့် ထာဝရ တည်မြဲသော အလ္လာဟ်အရှင်မြတ်သည် မမြဲသောနေရပ်တစ်ခု၌ ရှိရမည်ဟု မှတ်ထင်ခြင်းမှာ အကျိုးအကြောင်း မဆီလျော်ချေ။ အချိန်၊ နေရာ (သို့) အာကာသ၊ ကောင်းကင်၊ မြေကြီး စသည်တို့သည် အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းခံများသာ ဖြစ်သည်။ သို့ဖြစ်ရာ ဖြစ်တည်စေသူ အလ္လာဟ်အရှင်မြတ် သည် အဖန်ဆင်းခံ တစ်ခုခုအတွင်း၌ ရှိရမည် ဆိုသည်မှာ ယုတ္တိမရှိချေ။ တစ်နည်းအားဖြင့် ကျွန်ုပ်တို့ တွေးခေါ်သော နေရာဌာန၌မရှိ။ ထို့ကြောင့် အလုံးစုံကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်သည် မမြဲသော ကောင်းကင်နှင့်မြေကြီးအပေါ် မှီခိုမနေဘဲ ယင်းတို့ကို မဖန်ဆင်းခင်ကပင် တည်ရှိနေ၏။

Allah escapes from time and space. Allah created time and space. Allah cannot be limited with time and space.

အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။