Thursday, July 4, 2013

ဂျပန်မွတ်စလင်မ် ရှီမိုရာမ ရှီဂျိရု


ရှီမိုရာမ ရှီဂျိရု (Shimoyama Shigeru) ဟာ မိမိဌာနေ ဂျပန်ပြည် (Japan) ကနေ မိုင်ထောင်များစွာ ဝေးကွာတဲ့နေရာအရောက်မှာ အစ္စလာမ်ကို ရှာဖွေတွေ့ရှိခဲ့သူတစ်ဦးဖြစ်ပြီး သူ့ဘဝတစ်ခုလုံးကို စစ်မှန်တဲ့ အစ္စလာမ်ရဲ့ သင်ကြားမှုတွေကို မိမိလူမျိုး၊ နိုင်ငံသားတွေ သိရှိနားလည်လာအောင် ကြိုးပမ်းနေသူတစ်ဦး ဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်းသားလူရွယ်ဘဝမှာ လေ့လာရေးခရီးအဖြစ် အာဖရိတိုက် (Africa) ရှိ အထင်ကရ နိုင်းမြစ် (Nile) သို့ သွားရောက်လည်ပတ်စဉ် ဆူဒန်နိုင်ငံ (Sudan) အရောက် အစ္စလာမ်သာသနာကို စတင်သိရှိခဲ့တာပါ။ အဲဒီမှာ သူနဲ့ အသားအရောင်၊ ဘာသာစကား ဘာတစ်ခုမှ မတူညီတဲ့သူတွေရဲ့ ယဉ်ကျေးပျူငှါ နွေးထွေးကြိုဆိုမှုကို အံ့မခန်းတွေ့ရှိခဲ့ပါတယ်။
ကျနော်တွေ့ခဲ့တဲ့ အာဖရိကန်တွေက မွတ်စလင်တွေဗျ။ သူတို့ရဲ့ ယဉ်ကျေးပျူငှါမှုဟာ ကျနော့ကို အလွန်နက်ရှိုင်းစွာ ခံစားသွားစေခဲ့တယ်။ ပြီးတော့ သူတို့ ဒီလို ယဉ်ကျေးပျူငှါ နွေးထွေးကြိုဆိုမှုဟာ အစ္စလာမ်ရဲ့ သင်ကြားမှုတွေကြောင့်ဆိုတာကို အံ့ဩကြီးစွာ သိရှိခဲ့ရတယ်ဗျလို့ ရှီမိုရာမ ရှီဂျိရုက ပြန်ပြောင်းပြောပြပါတယ်။ နေရပ်ဂျပန် ပြန်ရောက်ပြီး တိုကျိုတက္ကသိုလ် (University of Tokyo) မှာ အီရတ်နိုင်ငံ (Iraq) က ကျောင်းသားတစ်ဦးနဲ့ ဆုံစည်းတဲ့အခါမှာတော့ အစ္စလာမ်အကြောင်း ပိုမိုသိရှိလာပြီး သာသနာ့ဘောင်ထဲ ဝင်ရောက်ခဲ့ပါတယ်။

သူရဲ့ မေတ္တာတရားကြီးမားမှုနဲ့ညီရင်းအစ်ကိုသဖွယ် နွေးထွေးမှုတွေဟာ မွတ်စလင်အဖြစ်နဲ့ မွတ်စလင်အသိုင်းအဝိုင်းမှာ မွေးဖွားကြီးပြင်းခဲ့လို့ဆိုတာ ကျနော် သိလာရတယ်။အဲဒီ တွေ့ကြုံမှုဟာ ဒီနေ့ ကျနော့ကို ပုံသွင်းပေးလိုက်တာပဲ။ ရိုးသားစွာ ဝန်ခံရရင် မွတ်စလင်မဖြစ်ခင်အထိ ဘုရားသခင်ဆိုတာကို သိပ်အယုံအကြည် မရှိခဲ့ဘူး။ မွတ်စလင် ဖြစ်လာပြီး မွတ်စလင်အသိုင်းအဝိုင်းနဲ့ ထိတွေ့၊ လူမျိုးပေါင်းစုံ မွတ်စလင်တွေနဲ့ ညီရင်းအစ်ကိုလို အတူတကွ ဝတ်ပြုရင်း ဒါဟာ အလွန်တရာ အံ့ဖွယ်ပဲဆိုတာကို သိနားလည်လာတယ်ဗျာလို့ ရှီမိုရာမ ရှီဂျိရုက သူ့အတွေ့အကြုံကို ရှင်းပြပါတယ်။

လက်ရှိမှာ ရှီမိုရာမ ရှီဂျိရုဟာ တိုကျိုမြို့ (Tokyo) ရှိ ကာမီး (Camii)ဗလီဝတ်ကျောင်းတော်နဲ့ တူရကီ ယဉ်ကျေးမှုစင်တာ (Turkish Culture Center) မှာ ဆရာအဖြစ် အစ္စလာမ်သာသနာကို သင်ကြားပြသလျက် ရှိနေပါတယ်။ ဂျပန်နိုင်ငံ အစ္စလာမ္မစ်ဌာန (Islamic Center of Japan) စတင်တည်ထောင်ရာမှာလည်း ပါဝင်ခဲ့ပါတယ်။

အနောက်တိုင်းလွှမ်းမိုးတဲ့ သတင်းမီဒီယာတွေရဲ့ အာဃာတနဲ မဟုတ်မမှန် တင်ပြနေတာတွေကို ဂျပန်ပြည်သူပြည်သားတွေ အယူမမှားဖို့နဲ့ စစ်မှန်တဲ့ အစ္စလာမ်ရဲ့ သင်ကြားမှုတွေကို နားလည်လာအောင် ရှီမိုရာမ ရှီဂျိရုဟာ အစ္စလာမ် စာပေအမြောက်အများ ရေးသားခြင်း၊ တည်းဖြတ်ခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်းများ ပြုလုပ်ပြီး ကြိုးပမ်းအားထုတ်လျက် ရှိနေပါတယ်။
Ref; Nippon
myanmarmuslimvoice