Monday, July 29, 2013

ကဒရ်ညမြတ်

ကဒရ်ညမြတ်အကြောင်းသိကောင်းစရာအဖြာဖြာ
==========================
>>>>>စူရာကဒရ် - မြင့်မြတ်ခြင်း ကဏ္ဍ<<<<<


ဤကဏ္ဍသည် စူရတွလ် ကဒရ်၊ ကဒရ်ဆိုသည်မှာ မြင့်မြတ်ခြင်း ကဏ္ဍမည်၏။ မက္ကဟ်မြို့တော်၌ ကျရောက်ခဲ့၏။ ဤကဏ္ဍတွင် အာယသ်တော်ပေါင်း (၅)ပါးရှိ၏။


(၁) ဧကန်မလွဲ ငါအရှင်မြတ်သည်ပင် ယင်း ကုရ်အာန် ကျမ်းတော်မြတ်ကို လိုင်းလသုလ် ကဒ်ရ် မြင့်မြတ်သော ည၌ ချပေးသနားတော်မူခဲ့၏။
(၂) စင်စစ် လိုင်းလသုလ် ကဒ်ရ် မြင့်မြတ်သော ညဥ့်သည် အဘယ်နည်းဟု အသင် သိပါသလော။
(၃) လိုင်းလသုလ်ကဒ်ရ် မြင့်မြတ်သော ညကား လပေါင်းတစ်ထောင်ထက်ပင် ပိုမို၍ ကောင်းမြတ်လှ၏။
(၄) ထိုညဥ့်၌ ကောင်းကင်တမန်များသည် လည်းကောင်း၊ ဂျစ်ဗ်ရိလ် သည်လည်းကောင်း၊ မိမိတို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ် အမိန့်တော်ဖြင့် ကောင်းမြတ်သော အရေးကိစ္စ အသီးသီးကို ယူဆောင်၍ ဆင်းသက် လာကြကုန်၏။
(၅) ထိုညဥ့်ကား နံနက်မိုးသောက်ချိန်တိုင် ငြိမ်းချမ်းသော ညပင် ဖြစ်ချေသတည်း။ (ငြိမ်းချမ်းမှုချည်း သာတည်း)။


>>>>>အထွေထွေ သိမှတ်ဖွယ်ရာ<<<<<


ကုရ်အာန် ကျမ်းတော်မြတ်၌ ကဒရ်ညမြတ်ကို လပေါင်း တစ်ထောင် (၈၃-နှစ်နှင့် ၄-လ)ထက် ထူးမြတ်ကြောင်း မိန့်ကြားထားတော်မူ၏။ ထိုညကို လက်လွတ်ခြင်း ခံရသောသူသည် အမှန်စင်စစ် ကောင်းကျိုး အလုံးစုံတို့မှ လက်လွတ်ခြင်းခံရသောသူ ပင်ဖြစ်သည်။ ယင်းည မြတ်တွင် ဗရ်ကသ် မင်္ဂလာများ မှာ ဖဂျရ်ချိန်တိုင် ကျရောက်လျက် ရှိသည်။ ထို့အတွက် လူတိုင်း သည် မိမိ အင်အားနှင့် အမျှ ကဒရ်ညမြတ်အား တစ်နှစ်ပတ် လုံးတွင် ကြိုးစား ရှာဖွေသင့်၏။ မတတ်နိုင်လျှင် ရမ်ဇာန် တစ်လလုံး၊ ဤသည်လည်း မတတ်နိုင်လျှင် ရမ်ဇာန်လ၏ နောက်ဆုံး(၁၀)ရက်၊ ထိုမျှလည်း မစွမ်းလျှင် ရမ်ဇာန်လ နောက်ဆုံး(၁၀)ရက်၏ မ'ညများ၊ နောက်ဆုံးအနေဖြင့် ရမ်ဇာန် ၂၇-ရက်ညကိုမူ ထူးခြားသော အခွင့်ရေးဟု မှတ်ယူကာ အိဗာဒသ်ပြု ရပေမည်။ ယင်းညမြတ်ကို မရလိုက်သည့်တိုင် အကျိုးစဝါးဗ်မှ လက်မဲ့ဖြစ်မည် မဟုတ်ပေ။ [၂]
လိုင်လသွလ် ကဒရ် ညမြတ်၌လည်း ရှဗ်ဗေ့ဗရာအသ် ကဲ့သို့ သီးသန့် အိဗာဒသ် ခ၀ပ်မှု သတ်မှတ်ထားခြင်း မရှိပါ။ မိမိတို့၏ စိတ်ထက်သန်ရာ မည်သည့် အိဗာဒသ် ခဝပ်မှုမျိုးကို မဆို ပြုလုပ်နိုင်သည်။ သို့ပေမယ့်လည်း ဟဇရသ် မော်လာနာ မုဖ်သီ အဗ်ဒုရှ်ရှကူးရ်၏ ရေးသားတင်ပြချက်အရ သိရှိရသည်မှာ ယင်းညတွင် ည၏ အချို့အစိတ်အပိုင်း၌ နဖလ် နမာဇ်များအား ၀တ်ပြုပြီး ကျန် အစိတ်အပိုင်းများ၌ ကုရ်အာန် ကျမ်းတော်မြတ်အား ရွတ်ဖတ် သရဇ္ဈယ်ခြင်းနှင့် ဇိကိရ် ဒိုအာများ၌ လုံပမ်း မွေ့လျော်နေရမည်။ [၃]
ရှဗေကဒရ်ဖြစ်စေ၊ ရှဗေဗရာသ်ဖြစ်စေ၊ နဖိလ် အေဗါဒသ်များကိုမူ မိမိတို့ အိမ်များတွင် ဆောက်တည်ထိုက်ပေသည်။ သို့မှသာ မိသားစု၊ ဇနီး၊ သားသမီးများပင် ကောင်းသော နမူနာကို ယူတတ်ကြမည်။ အေဗာဒသ်များ ဆောက်တည်လျက် အိပ်ငိုက်လာလျှင် အနားယူ အိပ်စက်လိုက်ပါ။ အိပ်ငိုက်လျက် ကုရ်အာန်ဖတ်နေပါက မှားယွင်းသွားနိုင်သည်။ တစ်ညလုံးမဟုတ်သော်လည်း တစ်နာရီမျှ အေဗာဒသ်ပြုခွင့် ရလျင်လည်း အကျိုးထူးပေမည်။ [၄]
ဆွလာသွသ် သောင်ဗဟ် ဖတ်၍ အရှင်မြတ်ထံ အမှားဝန်ခံ တောင်းပန်ပါ။ သေသူရှင်သူ အပေါင်း မဂ်ဖိရသ် ရရန် ဒုအာ တောင်းပါ။ အချိန်ရလျင် စူလာသွသ် သပ်စ်ဗီးဟ်လည်း ဖတ်နိုင်သည်။ ကွရ်အာန် သိလာဝသ်၊ တတိယ ကလေမဟ်၏ ဇိက်ရ်၊ ဒရူဒ် ရှရီးဖ်၊ သိဟဂ်ျဂျွဒ်၊ အေဗာဒသ် အားလုံး ပြုခွင့်ရှိသည်။ သို့သော် ဤနဖိလ် အေဗာဒသ်များကြောင့် ဖရပ်ဇ် ဂျမာအသ်များ မလွှတ်သင့်ကြောင်း မှတ်သားပါလေ။ [၄]
ကဒရ် ညဥ့်မြတ်၏ အိရှာအ် နမာဇ်နှင့် ဖဂျရ် နမာဇ်အား ဂျမာအသ်နှင့် ၀တ်ပြုသူသည်လည်း ထိုညဥ့်မြတ်၏ အကျိုး ကုသိုလ်များကို ရရှိပေလိမ့်မည်။ ထို့ထက်ပို၍ အိဗာဒ် ဆောက်တည်မှု ပြုသောသူမှာကား ၄င်းပြုသမျှနှင့် အညီ ကုသိုလ် အကျိုး စ၀ါးဗ်လည်း ပိုမို ရရှိမည်သာ ဖြစ်သည်။ ဆွဟီးဟ် မုစ်လင်မ်ကျမ်း၌ ဟဇ်ရသ် အုဆ်မားန်ဂနီ သခင်ဆင်ပြန့်သည့် "အကြင်သူသည် အိရှာအ် နမာဇ်အား ဂျမာအသ်နှင့် တကွ ဝတ်ပြုလျှင် ညဥ့်တစ်ဝက် အိဗာဒသ် ပြုလုပ်သည့် ဆဝါးဗ် ကုသိုလ် ရရှိလိုက်သူ ဖြစ်ပြီး (ထပ်မံ၍) ဖဂျရ် နမာဇ်ကိုလည်း ဂျမာအသ်နှင့် ၀တ်ပြုလိုက်သူ ဖြစ်လျှင်ကား တစ်ညတာလုံး နိုးကြားပြီး အိဗာဒသ်ပြုသော အကျိုးဆ၀ါးဗ်ကို ရရှိသူပင် ဖြစ်သည်" ဟူသော ကိုယ်တော်မြတ်၏ မိန့်ကြားချက်အား ဖော်ပြထားသည်။ (မအာရိဖုလ် ကုရ်အာန်ကျမ်း၊ တွဲ-၈၊ စာ-၇၉၃) [၅]
ဟဇ်ရသ် အာအိရှဟ် သခင်မ ကိုယ်တော်မြတ်အား ယားရစူလလ္လာဟ် အကယ်၍ ကျွန်မသည် ကဒရ်ညဥ့်မြတ်အား သိရှိခဲ့ပါလျှင် ယင်းညဥ့်၌ ကျွန်မသည် မည့်သည့် ဆုဒိုအာကို တောင်းဆိုရပါမည်နည်းဟု မေးလျှောက်ရာ ကိုယ်တော်မြတ်က


(အလ္လာဟွမ္မ အင်န္နက အဖုဝ်၀ွန်း သုဟစ်ဗ်ဗွလ် အဖ်ဝ ဖာအ်ဖု အန်းနီ)
၎င်းဒိုအာကို သင်ပေးတော်မူသည်။
၎င်းဒိုအာ၏ အဓိပ္ပာယ်မှာ . . ."အို အလ္လာဟ် အရှင်မြတ်၊ အရှင်မြတ်သည် ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူသော အရှင် ဖြစ်တော်မူပါသည်။အရှင်မြတ်သည် ခွင့်လွှတ်ချမ်းသာပေးခြင်းကို နှစ်သက်တော်မူပါသည်။ သို့ရှိရာ ကျွန်တော်မျိုး/ကျွန်တော်မျိုးမအား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပါ"ဟူ၏။ (သိရ်မိဇီကျမ်း၊ မစ်ရှ်ကားသ်ကျမ်း) [၆]


>>>>>နဖိလ်ကျင့်စဉ် အချို့<<<<<


အောင်ဝါဗီးန် ဆွလားသ် မဂ်ရိဗ်နမာဇ်၏ စွန္နသ်ပြီးနောက် (၂)ရကအသ်စီ (၆) ရကအသ် ဖတ်ရ၏။ (၆)ရကအသ် ဖတ်လျှင် ၁၂-နှစ် တရားအားထုတ်သည့် စဝါးဗ်၊ (၁၂)ရကအသ် ဖတ်လျှင် ဂျန္နသ်၌ အိမ်တစ်လုံး ဆောက်လုပ်ပေးခြင်း ခံရမည် ဖြစ်ကြောင်း ဟဒီးဆ်တော်များတွင် လာရှိ၏။
သောင်ဝ်ဗဟ် ဆွလားသ် အကြင်သူသည် အပြစ်ဂုနာဟ် တစ်စုံတစ်ရာ ကျူးလွန်မိသွားပါက ဝုဇူနှင့်တကွ သောင်ဗဟ်နီယသ်ဖြင့် နမာဇ် (၂)ရကအသ် ဝတ်ပြုပြီး၊ အလ္လာဟ် အရှင်မြတ်ထံ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံမည်ဆိုလျှင် အရှင်မြတ်သည် ၄င်း၏ အပြစ်ဂုနာဟ်များအား လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူမည်။
ဟာဂျသ် ဆွလားသ် ရှရီအသ်က ခွင့်ပြုသော လိုအပ်ချက် တစ်စုံတစ်ရာ ဖြစ်ပေါ်လာ ပါက ဝုဇူနှင့်တကွ နဖိလ် နမာဇ်(၂)ရကအသ် ဝတ်ပြုပြီး၊ ဟဒီးဆ်တော်လာ ဆုမွန်ဒိုအာကို တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်သည် ၄င်း၏ လို အပ်ချက်ကို ဖြည့်ဆည်းပေးတော်မူမည်။
သဟဂ်ျဂျွဒ် ဆွလားသ် အိရှာနမာဇ်ဝတ်ပြုပြီးချိန်မှ စ၍ စဟ်ရီ နောက်ဆုံးချိန်အထိ အနည်းဆုံး (၂)ရကအသ်မှ အများဆုံး(၁၂) ရကအသ်အထိ ဝတ်ပြုနိုင်သည်။ အမြတ် ဆုံးမှာ ညထက်ဝက် သန်းခေါင်ယံ အချိန်ဖြစ်သည်။ အလ္လာဟ်အရှင် မြတ်နှင့် နီးစပ်ရန် အကြောင်းဖြစ်၏။ သူတော်စင်များ၏ လမ်းစဉ်ဖြစ်သည်။ ဂုနာဟ်များမှ တားဆီး၍ ဂုနာဟ်များကို ခွင့်လွှတ်ခြင်းလည်းခံရ၏။ ခန္ဓာ ကိုယ်ကို ကျန်းမာစေ၏။ ကဗရ်တွင် လင်းဝင်းစေ၏။


>>>>>အခြားဖတ်ရန်<<<<<


၁။ အာယသွလ်ကုရ်စီ (၄)ကြိမ် ဖတ်ပါက ကုရ်အာန် (၁)ကြိမ် ဖတ်သည့် (အကျိုး) စ၀ါးဗ် ရရှိမည်။ (သဖ်စိရိ မုဝါဟိဒွရ် ရဟ်မာန်)
၂။ စူရဟ်ဖာသိဟဟ် (၃)ကြိမ် ဖတ်ပါက ကုရ်အာန် (၂)ကြိမ် ဖတ်သည့် (အကျိုး) စ၀ါးဗ် ရရှိမည်။ (သဖ်စိရိ မုဝါဟိဒွရ် ရဟ်မာန်)
၃။ စူရဟ်သကာစွတ်ရ် (၁)ကြိမ် ဖတ်ပါက (ကုရ်အာန်) အာယသ်ပေါင်း (၁၀၀၀) ဖတ်သည့် (အကျိုး) စ၀ါးဗ် ရရှိမည်။ (မစ်ရှ်ကာသ်ကျမ်း) (ဟာကင်မ်ကျမ်း)
၎။ စူရဟ်ကဒရ် (၄)ကြိမ် ဖတ်ပါက ကုရ်အာန် (၁)ကြိမ် ဖတ်သည့် (အကျိုး) စ၀ါးဗ် ရရှိမည်။ (မွတ်စ်နဒေအဟ်မဒ်)
၅။ စူရဟ်အာဒိယဟ် (၂)ကြိမ် ဖတ်ပါက ကုရ်အာန် (၁)ကြိမ် ဖတ်သည့် (အကျိုး) စ၀ါးဗ် ရရှိမည်။ (သဖ်စိရိ မုဝါဟိဒွရ် ရဟ်မာန်)
၆။ စူရဟ်ဇိလ်ဇာလ် (၂)ကြိမ် ဖတ်ပါက ကုရ်အာန် (၁)ကြိမ် ဖတ်သည့် (အကျိုး) စ၀ါးဗ် ရရှိမည်။ (သဖ်စိရိ မုဝါဟိဒွရ် ရဟ်မာန်) (သစ်ရ်မေဇီကျမ်း)
၇။ စူရဟ်နဆ်ွရ် (၄)ကြိမ် ဖတ်ပါက ကုရ်အာန် (၁)ကြိမ် ဖတ်သည့် (အကျိုး) စ၀ါးဗ် ရရှိမည်။ (သဖ်စိရိ မုဝါဟိဒွရ် ရဟ်မာန်) (သစ်ရ်မေဇီကျမ်း)
၈။ စူရဟ်ကာဖိရူးန် (၄)ကြိမ် ဖတ်ပါက ကုရ်အာန် (၁)ကြိမ် ဖတ်သည့် (အကျိုး) စ၀ါးဗ် ရရှိမည်။ (သဖ်စိရိ မုဝါဟိဒွရ် ရဟ်မာန်) (သစ်ရ်မေဇီကျမ်း)
၉။ စူရဟ်အစ်ခ်လားဆွ် (၃)ကြိမ် ဖတ်ပါက ကုရ်အာန် (၁)ကြိမ် ဖတ်သည့် (အကျိုး) စ၀ါးဗ် ရရှိမည်။(ဗုခါရီကျမ်း)






ကျမ်းကိုး။ ။
[၁] ဖဟ်ဒ်ဘုရင် ကုရ်အာန် ကျမ်းတော်မြတ် ပုံနှိပ်တိုက်မှ ထုတ်ဝေသော ကုရ်အာန် ကျမ်းမြတ် မြန်မာဘာသာပြန်။
[၂] လမြတ်ရမဒွါန် (လက်ကမ်း စာစောင်)၊ အလ်ဟာဂ်ျမော်လာနာ ယအ်ကူးဗ် နူးရ်မုဟမ္မဒ် ဟဘီးဘ်။
[၃] ထူးကဲမြင့်မြတ်သော ညများနှင့် နဖိလ် နမာဇ်များ၊ မော်လာနာ ကာရီ ယူနွတ်စ်(မအူပင်)။
[၄] ရဂျဗ်၊ ရှအ်ဗာန်နှင့် ရှဗေဗရာသ် (လက်ကမ်းစာစောင်)။ မော်လာနာ ဟာဖိဇ် အဗ်ဒွလ်ကာဒိရ် (မဟ်မူဒီ)။
[၅] အလ်မီဇားန် အတွဲ(၄)၊ စာမျက်နှာ (၈၉)။
[၆] အလ်မီဇားန် အတွဲ(၄)၊ စာမျက်နှာ (၉၀)ပေးသနားခြင်း။
[၇] ဆွလာသ် အမျိုးအစားများ (လက်ကမ်း စာစောင်)၊ အလ်ဟာဂ်ျမော်လာနာ ယအ်ကူးဗ် နူးရ်မုဟမ္မဒ် ဟဘီးဘ်။
[၈] ဆွလာဝသ် စလာမ်၏ ဟဒီးဆ်တော်(၄၀)နှင့် (၉)မိနစ် (၉)ခသမ် စ၀ါးဗ် ရယူခြင်း။ မွဖ်သီ ကာရီ ယူစွဖ် (အဆ်အဒီ)

Aung Michel