Saturday, July 27, 2013

အလ္လာဟ်အရှင်မြတ်ရှိတော်မူကြောင်း အထောက်အထား (ကုရ်အာန်ကျမ်းလာအာယသ်တော်)

အလ္လာဟ်အရှင်မြတ် (ရဗ်-ခိုဒါ-ထာဝရအရှင်-ဖန်ဆင်းရှင်-ပရမတ်အရှင်-အသင်္ခတအရှင်) ရှိတော်မူကြောင်း အထောက်အထား

ဒီတစ်ခါတော့ ကျမ်းတော်မြတ်ကုရ်အာန်လာ အထောက်အထား တစ်ရပ်ကို ဆွေးနွေးပါ့မယ်။ ဒါဟာလည်း မသိသူကျော်သွား သိသူဖော်စား ဆိုသလိုပဲ အတွေးအခေါ်ကောင်းတဲ့လူတွေ၊ ပညာတတ်တွေ၊ သိပ္ပံပညာရပ် နှံ့စပ်ကျွမ်းကျင်သူတွေ၊ မြေကမ္ဘာအကြောင်းနဲ့ အာကာသအကြောင်း လေ့လာသူတွေ၊ မိုးလေ၀သနဲ့ ရာသီဥတု လေ့လာလိုက်စားသူတွေ၊ အမှန်တရားမြတ်နိုးသူတွေနဲ့ သစ္စာဝါဒီတွေအတွက် တွေးခေါ်မြော်မြင်စရာ အထောက်အထားတစ်ခုလည်း ဖြစ်ပါတယ်။

ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် အမှတ် ၂ အာယသ်တော်အမှတ် ၁၆၄ မှာ အလ္လာဟ်အရှင်မြတ်က ဒီလို မိန့်တော်မူထားပါတယ်။

“........ မိုးကောင်းကင်များနဲ့ ပထ၀ီမြေကို ဖန်ဆင်းတော်မူခြင်း၌ လည်းကောင်း၊ နေ့နှင့် ည ပြောင်းလဲခြင်း၌လည်းကောင်း၊ လူသားတို့အား အကျိုးဖြစ်စေသော အရာများကို တင်ဆောင်၍ ပင်လယ် သမုဒ္ဒရာများတွင် စုံဆန် သွားလာနေသော ရေယာဉ်များ၌လည်းကောင်း၊ မြေသေ မြေဟောင်း မြေသရောင်းကို ပြန်လည်ရှင်သန်စေပြီး (မြေသြဇာဖြစ်စေ၍ သစ်ပင်ဝါးပင်အမျိုးမျိုး ပေါက်ရောက်စေရန်အလို့ငှာ) မိုးကောင်းကင်မှ အလ္လာဟ်အရှင်မြတ် ရွာသွန်းစေတော်မူသော မိုးရေ၌လည်းကောင်း၊ ထိုမြေပြင်၌ ပေါက်ပွား ပြန့်နှံ့စေတော်မူသော တိရစ္ဆာန်အမျိုးမျိုး၌လည်းကောင်း၊ လေများကို တိုက်ခတ်စေတော်မူခြင်း၌လည်းကောင်း၊ မိုးနှင့်မြေကြားဝယ် (အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို) နာခံလျက်ရှိသော မိုးတိမ်များ၌လည်းကောင်း နိသမ္မဉာဏ်အရင်းခံ၍ စဉ်းစားဆင်ခြင် သိမြင်နားလည်ကြကုန်သော လူများအဖို့ မုချဧကန် (တစ်ဆူတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော် ဉာဏ်တော် ကရုဏာတော်များကိုညွှန်ပြသော) သက်သေ လက္ခဏာများရှိပေသတည်း။...........”

စကြဝဠာအပေါင်းကို ဖန်ဆင်းသောအရှင်သည် တစ်ပါးတည်းသာရှိကြောင်း

ဆန်းကြယ်လှစွာသော ဤစကြဝဠာကြီးသည် အလိုအလျောက်ဖြစ်ပေါ်လာသလော။ သို့မဟုတ် ဖန်ဆင်းတော်မူသော အရှင်တစ်ပါးရှိပါသလော။ ဤကား အီမာန် (ယုံကြည်မှု) နှင့် ကွဖ်ရ်(ငြင်းဆန်မှု) အကြား ပြဿနာကြီးတစ်ရပ်ပင်။ ကျွန်ုပ်တို့သည် ဤပြဿနာကို နိသမ္မဉာဏ် အရင်းခံ၍ တွေးဆ ဆင်ခြင်အပ်ပေသည်။

စကြဝဠာကြီးသည် တင့်တယ်ခမ်းနား နေထားကျစွာ မွမ်းမံ ခြယ်လှယ်ထားသော ဥယျာဉ်ကြီးနှင့် အလားတူပေသည်။ မိုးကောင်းကင်သည် ကျယ်ပြန့်လှ၏။ ဆန်းကြယ်လှ၏။ မိုးကောင်းကင်၌ နေ၊ လ၊ ကြယ်များကား အချိန်မှန်မှန် သွားလာလျက် ရှိ၏။ ထိုသို့ သွားလာနေသည်မှာလည်း ကမ္ဘာနှင့် လူသားကောင်းကျိုးအတွက်ဖြစ်၏။

ပထဝီမြေ၌လည်း မြေပေါ်မြေအောက် သဘာဝ သယံဇာတများကား ထူးထွေ ဆန်းပြားလှ၏။ မြေပေါ်တွင် ပေါက်ရောက်လျက်ရှိသော သစ်ပင်ကြီးငယ် အမျိုးမျိုး၊ ပန်းမာလ် အဖုံဖုံ၊ စားနပ်ရိက္ခာအဖြာဖြာနှင့် မြေမှထွက်သော ရွှေ၊ ငွေ၊ ကျောက်၊ သံ၊ ပုလဲ၊ သန္တာ၊ နီလာ၊ စိန်၊ ကြောင်၊ မြ၊ ဥဿဖရား၊ ပတ္တမြား စသော အလှဆင်ရတနာများနှင့် ရေနံ၊ ဓာတ်ငွေ့၊ ဓာတ်သတ္တု စသည့် လူ့အကျိုးပြု တွင်းထွက်တို့ကား အံဖွယ်မဆုံး ဖြစ်ပေသည်။

နေနှင့်လတို့သည် ကမ္ဘာအဝှန်းကို အလင်းရောင်ပေးလျက်ရှိ၏။ ခုနှစ်သက္ကရာဇ်နှင့် နေ့ည စသည့် အချိန်ပိုင်းခြားမှုတို့သည် နေနှင့် လတို့၏ အကျိုးကျေးဇူးပင်ဖြစ်သည်။ လူတို့သည် ယေဘုယျအားဖြင့် နေ့အချိန်တွင် လုပ်ငန်းခွင်ဝင်၍ ညအချိန်တွင် အေးချမ်းစွာ အိပ်စက်ကြ၏။ နေ့နှင့်ည ဖြစ်ပေါ်နေခြင်းတွင် အကျိုးကျေးဇူးများလှ၏။

သမုဒ္ဒရာ ပင်လယ်ကြီးငယ်တို့၌ ရေယာဉ်များသည် လူသားတို့အား အကျိုးဖြစ်ထွန်းစေသည့် ပစ္စည်းများကို တင်ဆောင်၍ နိုင်ငံတကာသို့ သွားလာလျက်ရှိကြ၏။ သမုဒ္ဒရာများတွင် ဖြစ်ပေါ်လေ့ရှိသော ရေတက် ရေကျ၊ မုတ်သုန်လေတို့မှာ အံ့သြဖွယ်ကောင်းလှ၏။ (စဉ်းစားမြော်မြင်တတ်သူတို့အဖို့ ထိုနိယာမတရားကို ဖြစ်ပေါ်စေသော အရှင်တစ်ပါး ရှိကြောင်းသိနိုင်၏။)

မိုးသည် အလ္လာဟ်အရှင်မြတ်အလိုတော်ရှိရာအချိန်တွင် အလိုတော်ရှိရာနေရာ၌ ရွာသွန်း၏။ ထိုမိုးရေကြောင့် သစ်ပင်ကြီးငယ်တို့သည် ရှင်သန်လျက်ရှိ၏။ ထိုအပင်တို့ကို အမှီပြု၍ သတ္တဝါတို့ရှင်သန်ရ၏။ အစာအာဟာရ၏ ရင်းမြစ်မှာ Plant (အစိမ်းရောင်ရှိအပင်) များသာဖြစ်ကြောင်း Biology ဘာသာရပ်က ပြသ၏။

လေသည် ရာသီအလိုက် လမ်းကြောင်းပြောင်း၍ တိုက်ခတ်၏။ လေသည် ရေထုမှဖြစ်ပေါ်သော အခိုးအငွေ့ (တိမ်တိုက်) များကို ကမ္ဘာအရပ်ရပ်သို့ ပို့ဆောင်လျက်ရှိ၏။  သက်ရှိဖြစ်သော အပင်နှင့် သတ္တဝါအပေါင်းတို့ ရက်စပီရေးရှင်း (Respiration) (စွမ်းအင်အသွင်ပြောင်းခြင်း) (အသက်ဆက်ခြင်း) ပြုလုပ်ရန် လေကို ရှူရှိုက်ရ၏။ ရေနှင့်လေသည် ကမ္ဘာတွင် အရေးအကြီးဆုံး ဖြစ်သည့်အလျောက် အပေါများဆုံးလည်း ဖြစ်၏။ ဤသည်လည်း အလ္လာဟ်အရှင်မြတ်၏ မဟာကျေးဇူးတော်တစ်ခုပင်။

မိုး၊ မြေ၊ ရေ၊ လေ၊ နေ၊ လ၊ ဂြိုဟ်၊ ကြယ်၊ ပင်လယ်၊ သမုဒ္ဒရာ အစရှိသည်တို့သည် အချင်းချင်း ဆက်သွယ်လျက်ရှိကြ၏။ တစ်ခုကိုတစ်ခု ကျေးဇူးပြုလျက်ရှိကြ၏။ အားအင်ဖြည့်တင်းလျက်ရှိကြ၏။ ဤကမ္ဘာ့စက်ယန္တရားကြီးတွင် လိုလေသေးမရှိပြည့်စုံ ကုံလုံနေ၏။ ထိုမျှ ကြီးကျယ်ခမ်းနားသော ကမ္ဘာနှင့် စကြဝဠာကြီးသည် အလိုအလျောက်ပေါ်ပေါက်လာပါသလော။ သာမန် အိုးအိမ် တိုက်တာ ဂေဟာတို့သည်ပင်လျှင် ဆောက်လုပ်သူမရှိဘဲ မဖြစ်ပေါ်နိုင်လျှင် ဤကမ္ဘာနှင့် လူသားအပါအဝင် စကြဝဠာကြီးသည် ပြုလုပ်စီရင်သူမရှိပဲ မည်သို့ ဖြစ်ပေါ်လာမည်နည်း။

(သစ်ဗယာနုလ်ကုရ်အာန် (ကုရ်အာန်ကျမ်းမြတ်၏ အလင်းပြကျမ်း) အတွဲ ၂ စာမျက်နှာ ၃၈၊ ၃၉ ကိုမှီငြမ်းပါသည်။)

ဖန်ဆင်းတော်မူသောအရှင်သည် မုချမသွေ ရှိကိုရှိရပေမည်။ ထိုအရှင်၏ နာမတော်သည် အလ္လာဟ် ဖြစ်သည်။ ထိုအရှင့်ကို ကျွန်ုပ်တို့ လောကီမျက်စေ့ဖြင့် မမြင်နိုင်ပေ။ အသိဉာဏ် အတွေးအခေါ်ဖြင့်သာ သိနားလည်နိုင်ပေသည်။ တစ်နည်း ထိုအရှင်သည် ကျွန်ုပ်တို့၏ မမြင်ကွယ်ရာတွင် ရှိ၏။ တစ်နည်း ထိုအရှင်သည် Time and Space တို့၏ ဘောင်ကန့်သတ်မှုများမှ လွတ်ကင်း၏။ ထိုအရှင်သည် အချိန်နှင့် နေရာတို့ကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်၏။ Time and Space ၏ ကန့်သတ်မှုထဲတွင်ရှိသော ကျွန်ုပ်တို့လူသားများသည် ကန့်သတ်မှုရှိသည့်အရာ အချင်းချင်းသာ မြင်ရ၊ ကြားရ၊ သိရှိရ၏။ ကန့်သတ်မှုအပြင်ဘက်ရှိ အလ္လာဟ်အရှင်မြတ်ကို မတွေ့နိုင်ပေ။ တစ်နည်း ကွန်ပျူတာ သို့ စမတ်ဖုန်းအတွင်းရှိ ဤစာသားများကို ကျွန်ုပ်တို့ မြင်ရသော်လည်း စာသားများက ကျွန်ုပ်တို့ကို မမြင်ရသကဲ့သို့ဖြစ်၏။ ဒီထက်ပို၍လည်း ကျွန်ုပ် မရှင်းပြတတ်တော့ပေ။ အရှင်မြတ်ကို သိရှိခြင်းဖြစ်ပေါ်လာရန်မှာ အရှင့်သဘောတူ နှစ်မြို့မှု ရှိရန်လည်း လိုအပ်သည်။ ဝလ္လားဟုအအ်လမ်။

အို ....... အလ္လာဟ်အရှင်မြတ် ..... ရေးသားသူ၊ ဖတ်ရှုသူ တစ်ဆင့်ပြန်လည်မျှဝေသူ အားလုံးကို အီမာန်၏အရည်အချင်း တိုးတက်မြင့်မားစေတော်မူပါ။ မယုံကြည်သူများကို ယုံကြည်သူများအဖြစ် ဟိဒါယသ်ပေးသနားတော်မူပါ။ အာမီးန်။


အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။