Monday, July 1, 2013

စံနမူနာယူဖွယ် ကမ္ဘာ့အသက်အငယ်ဆုံး ဆရာဝန် ပါလစ္စတိုင်း အမျိုးသမီးငယ် (အိက်ဗားလ် အလ်-အဆဒ်)

အသက် (၂၀) အရွယ်သာ ရှိသေးသူ အမျိုးသမီးငယ်လေး အိက်ဗားလ် အလ်-အဆဒ် (Iqbal El-Assaad) ဟာ အာရပ်ကမ္ဘာလို့ တင်စားခေါ်ဝေါ်တဲ့ အရှေ့အလယ်ပိုင်းဒေသ (Middle East) ရဲ့ အသက်အငယ်ဆုံး ဆရာဝန်တစ်ဦးအဖြစ် မှတ်တမ်းတင် ခံလိုက်ရပါတယ်။

လက်ဘနွန်နိုင်ငံ (Lebanon) မှာ ကြီးပြင်းခဲ့တဲ့ သူမဟာ အစ္စရေး (Israel) တို့ မတရားကြူးကျော် သိမ်းပိုက်ထားတဲ့ ပါလစ္စတိုင်းနိုင်ငံ (Palestine) ရဲ့ ဒုက္ခသည် မိသားစုကနေ မွေးဖွားခဲ့သူတစ်ဦး ဖြစ်ပါတယ်။

အသက် (၁၆) နှစ်ခန့် ကတည်းက အာရပ်ကမ္ဘာရဲ့ ထိပ်တန်း ဆေးတက္ကသိုလ်ကြီး တစ်ခုဖြစ်တဲ့ ကာတာနိုင်ငံ (Qatar) က Weill Cornell Medical College မှာ ဆေးပညာသင်ယူဖို့ ဝင်ခွင့်ရရှိခဲ့တဲ့ သူမရဲ့ ဉာဏ်ရည်ဟာ အံ့မခန်း ဖြစ်တယ်လို့ အာရပ်သတင်းစာတွေက ရေးဖွဲ့ခဲ့ကြပါတယ်။ သူမရဲ့ ဝါသနာဟာ စာဖတ်ခြင်းနဲ့ ခက်ခဲတဲ့ သင်္ချာပုစ္ဆာတွေကို တွက်ချက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ယခုလို ဆရာဝန်တစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းဖို့ ဆုံးဖြတ်လိုက်တာကတော့ ကျန်းမာရေးအကူအညီ လိုအပ်တဲ့ ပါလစ္စတိုင်း ဒုက္ခသည်ကလေးငယ်တွေရဲ့ ဘဝအခြေအနေနဲ့ လူသားတွေကို ရောဂါတွေကနေ ကူညီကယ်တင်လိုတဲ့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

ထူးချွန်တဲ့ ဉာဏ်စွမ်းပိုင်ရှင်လေး အိက်ဗားလ် အလ်-အဆဒ် ဟာ အသက် (၂) နှစ်ခွဲ အရွယ်လောက်မှာ အာရဗီ၊ အင်္ဂလိပ်ဘာသာနဲ့ ကိန်းဂဏန်းတွေကို တစ်ကနေတစ်ဆယ်ထိ ရေတွက်နိုင်နေပြီလို့ သူမရဲ့ ဖခင်က ပြန်ပြောင်းပြောဆိုပါတယ်။ အသက် (၅) နှစ် အရွယ်မှာတော့ သူမဟာ အခြားသူတွေ အသက် (၇) နှစ်လောက်မှသာ သင်ယူနိုင်တဲ့ အခြေခံပညာ ဒုတိယတန်းကို တက်ရောက်နိုင်ခဲ့ပြီး အသက် (၉) နှစ် အရွယ်ကတည်းက အခြားသူတွေ အသက် (၁၄) နှစ်လောက်မှသာ အောင်မြောက်နိုင်တဲ့ နဝမတန်းကို ရမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့သူလည်း ဖြစ်ပါတယ်။ အသက် (၁၆) နှစ် အရွယ်မှာတော့ ကာတာနိုင်ငံရဲ့ ထိပ်တန်း ဆေးတက္ကသိုလ်ကြီးမှာ ပညာသင်ယူခွင့် ရရှိခဲ့ပါတယ်။

ပါလစ္စတိုင်း ဒုက္ခသည် မိသားစုမှာ ကြီးပြင်းခဲ့တဲ့ သူမရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဆရာဝန်တစ်ဦး ဖြစ်မြောက်ရေး အိပ်မက်ဟာ အမှန်တကယ်ကို ခက်ခဲပါတယ်။ ငွေကြေးအကုန်အကျ အလွန်များတဲ့ ဆေးပညာရပ်တွေ သင်ယူနိုင်ဖို့ အကူအညီအဖြစ် သူမရဲ့ မိသားစုကို ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ပေးထားတဲ့ လက်ဘနွန်အစိုးရဟာ ကာတာအစိုးရ တည်ထောင်ထားတဲ့ လူသားချင်းကူညီမှု ဖောင်ဒေးရှင်း တစ်ခုဖြစ်တဲ့ ကာတာဖောင်ဒေးရှင်း (Qatar Foundation) ကို ဆက်သွယ်အကူအညီ တောင်းခံခဲ့ပါတယ်။

ကာတာဖောင်ဒေးရှင်းကို တည်ထောင်သူတစ်ဦးဖြစ်သူ အမျိုးသမီးကြီး ရှိတ်ခါမိုဇာ (Sheikha Mozah bin Nasser al Missned) ရဲ့ ပညာရေးအထောက်အပံ့ (Full Scholarship) ကူညီမှုကြောင့် သူမဟာ အသက် (၁၂) နှစ်အရွယ်မှာ မိခင်ဖြစ်သူနဲ့အတူ ကာတာနိုင်ငံကို သွားရောက် ပညာသင်ယူခွင့် ရရှိခဲ့ပါတယ်။

ဆေးပညာတက္ကသိုလ်မှာ ပညာသင်ယူစဉ်အတွင်း ပါမောက္ခ ဆရာဝန်ကြီးတွေက သူမဟာ အခြားသူတွေထက် ငယ်ရွယ်သူဖြစ်သော်လည်း အတန်းထဲမှာ ခေါင်းဆောင် တစ်ဦးအနေနဲ့ ကျောင်းသားရေးရာ ကိစ္စတွေကို စီမံခန့်ခွဲနိုင်သူ ဖြစ်တယ်လို့ မှတ်ချက်ပြုကြပါတယ်။

ဒါ့အပြင် သုတေသနနဲ့ စူးစမ်းလေ့လာမှုပိုင်းမှာလည်း သူမဟာ အလွန်ထူးချွန်သူဖြစ်ပြီး လာမဲ့အနာဂတ်ဆေးပညာ လောကမှာ ထင်ပေါ်ကျော်ကြားလာနိုင်သူ ဖြစ်တယ်လို့လည်း ဆရာဝန်ကြီးတွေက ဆိုပါတယ်။ သူမရဲ့ ဝါသနာကတော့ ခွဲစိတ်ကုသရေး (ဦးနှောက်နှင့်အာရုံကြော အထူးပြု) ဆရာဝန်ကြီး တစ်ဦးဖြစ်လိုပေမဲ့ ယခုအခါမှာတော့ ကလေးရောဂါ အထူးပြု (နှလုံးရောဂါ) ဘာသာရပ်တွေကို ဆက်လက်သင်ကြားဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ သူမဟာ မကြာမီ အမေရိကန်နိုင်ငံ၊ Ohio ပြည်နယ်၊ Cleveland မှာရှိတဲ့ ကလေးဆေးရုံမှာ (၃) နှစ်ကြာ ပညာသင်ယူ တာဝန်ထမ်းဆောင်တော့မှာ ဖြစ်တယ်လို့ အရှေ့အလယ်ပိုင်း သိပ္ပံနဲ့ ဆေးပညာသတင်းဌာန “Nature Middle East” နဲ့ တွေ့ဆုံစဉ် အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

“Nature Middle East” သတင်းဌာနက သူမအနေနဲ့ အနာဂတ်လူငယ်တွေရဲ့ ပညာသင်ကြားရေးနဲ့ စပ်လျဉ်းပြီး ဘာတွေမှာကြားလိုလဲလို့ မေးမြန်းခဲ့ရာမှာတော့ သူမက “လူငယ်တွေအနေနဲ့ ကာတာနိုင်ငံရဲ့ အဆင့်မြင့် တက္ကသိုလ်တွေကနေ ပညာသင်ကြားနိုင်ဖို့ ကြိုးစားရမှာဖြစ်တယ်၊ ဒီလိုကမ္ဘာ့အဆင့်မှီ တက္ကသိုလ်ကြီးတွေ ဒီမှာရှိနေတာ တကယ့်ကို အခွင့်အရေးကြီးတစ်ရပ်ပါပဲ၊ ဒါကို လူငယ်တွေ ကောင်းစွာ အသုံးချနိုင်စေချင်ပါတယ်”လို့ ပြောဆိုလိုက်ပါတယ်။

အနာဂတ်ရည်မှန်းချက်အဖြစ် သူမအပေါ် ကျေးဇူးရှိတဲ့ ကာတာနိုင်ငံနဲ့ လက်ဘနွန်နိုင်ငံမှာ ပြန်လည် တာဝန် ထမ်းဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ သူမတို့မိသားစုကို ခိုလှုံခွင့် ပေးခဲ့တဲ့ လက်ဘနွန်နိုင်ငံမှာရှိတဲ့ ပါလစ္စတိုင်း ဒုက္ခသည်တွေအတွက် တာဝန်ထမ်းဆောင်မှာ ဖြစ်သလို ပညာရေး အကူအညီတွေ အပြည့်အဝထောက်ပံ့ပေးခဲ့တဲ့ ကာတာနိုင်ငံကိုလည်း ပြန်လည် အလုပ်အကျွေး ပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ သူမကို ယခုလို ဆရာဝန်တစ်ယောက် ဖြစ်မြောက်ဖို့ ပါလစ္စတိုင်း ဒုက္ခသည်တွေဟာ အဓိက တွန်းအားပေးခဲ့တာဖြစ်တဲ့အတွက် သူတို့ကို ကျေးဇူးဆပ်ဖို့လိုအပ်တယ်လို့လည်း အိက်ဗားလ် အလ်-အဆဒ်က ဆိုပါတယ်။

ဒုက္ခသည်တစ်ဦးအဖြစ် လက်ဘနွန်နိုင်ငံမှာ ဘဝကို စတင်ခဲ့ရသော်လည်း ရရှိထားတဲ့ အထောက်အပံ့ အကူအညီနဲ့ ဉာဏ်ရည်စွမ်းပကားကို အထိရောက်ဆုံး အသုံးပြုပြီး လူသားတွေအကျိုးကို သယ်ပိုးဖို့ စိတ်ပိုင်းဖြတ်ထားသူ အသက် (၂၀) နှစ်အရွယ် ပါလစ္စတိုင်း အမျိုးသမီးငယ်လေး အိက်ဗားလ် အလ်-အဆဒ် ရဲ့ ဘဝပုံရိပ်ဟာ လူငယ်တွေအတွက်တော့ အတုယူဖွယ်ရာ စံနမူနာတစ်ခုအဖြစ် ကျန်ရှိနေခဲ့ပြီဖြစ်ကြောင်း တင်ပြရင်း။

မောင်သာကျူး | ကိုးကား – The National, Gulf News, Nature Middle East

myanmarmuslimsvoice

(အလင်းမျက်ဝန်း)

အလ်မုဖီးဒ်ကို ဖတ်ရှုအားပေးသော အစ္စလာမ့် ညီအစ်ကို မောင်နှမများလည်း  အိက်ဗားလ် အလ်-အဆဒ် လိုကြိုးစားပြီး အောင်မြင်သောသူများဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

အလ်မုဖီးဒ် (Al-mufeed)
ဆက်သွယ်ရန်
ဖုန်းထဲတွင် ထည့်သွင်းရန် Simple Islam.apk ဖိုင်ကို ကူးယူ Install လုပ်ထားပါ။