Thursday, February 27, 2014

စာမေးပွဲဖြေဆိုကြမည့်သူအပေါင်းအတွက် လက်ဆောင်အနေနဲ့တင်ဆက်လိုက်ပါတယ်။

စာမေးပွဲအနားနီးမှ ပြင်ဆင်နေခြင်းထက် စတင် သင်ကြားတဲ့အချိန်ကတည်းက ပြင်ဆင်ရင် ပိုပြီးကောင်းမွန်ပါတယ်။ နမားဇ်ကိုလည်း မပေါ့ဆကြပါနဲ့။
စာမေးပွဲအတွက်ပြင်ဆင်တဲ့အခါမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုလည်း မေ့မထားဖို့လိုအပ်ပါတယ်။ ညကို အိပ်ရေးဝအောင် အိပ်ခြင်းကလည်း မှတ်ဥာဏ်ကောင်းမွန်လန်းဆန်းစေဖို့ အရေးကြီးတဲ့ အချက်တခုပါ။ ဒီ့အပြင် ဗိုက်ဝအောင်စားရပါမယ်။ ထမင်းစားချင်စိတ်မရှိရင်တောင်မှ နွားနို့၊ ကြက်ဥ စသဖြင့် စားပေးပါ။ ပါးစပ်အရသာခံ အစားတွေထက် ကြက်ဥတစ်လုံးက ပိုတန်ဖိုးရှိပါတယ်။ မနက်စာမေးပွဲဖြေမယ်ဆိုရင် ညကို စောစောအိပ်ဖို့ ပြင်ပါ။ တစ်ညလုံးစာတွေ ကြည့်ပြီး မနက်ကြတော့ မူးလဲကြ၊ မေ့ကြ ဒါမျိုးတွေ တွေ့ရတတ်ပါတယ်။ အုပ်ထိန်းသူများကလည်း ဖိအားပေးခြင်းတွေ မလုပ်ရင် ပိုကောင်းပါတယ်။ ဒီလို ဖိအားပေးခြင်းတွေက ကျောင်းသားတစ်ယောက်အတွက် အရမ်းထိခိုက်ပါတယ်။ လူကြီးတိုင်းကတော့ အကောင်းဆုံးဖြစ်စေချင်သူ တွေပါပဲ။ ဒါပေမဲ့ အဲဒီဖြစ်စေချင်တဲ့ဆန္ဒကို အများကြီး မထုတ်ပြပါနဲ့။
စာမေးပွဲဖြေတဲ့အခါမှာ စိတ်ကို အတတ်နိုင်ဆုံး လျှော့ချထားပါ။ စာကြည့်တဲ့အခါတွေမှာ စိတ်ငြိမ်တဲ့နေရာမှာ ကြည့်နိုင်ရင် ပိုကောင်းပါတယ်။ မနက်စာမေးပွဲဖြေရမယ့်ညမှာ စာအုပ်နဲ့ မျက်နှာနဲ့ ကပ်နေမဲ့အစား ကျက်မှတ်ခဲ့တာတွေကို မျက်စိမှိတ်ပြီး အေးအေးလေး စဉ်းစားနေခြင်းက စာတွေပြန်မှတ်မိဖို့ တော်တော်လေးကို လွယ်ကူပါတယ်။ ဒီလိုစဉ်းစားတဲ့အချိန် ပတ်ဝန်းကျင်က တိတ်ဆိနေရင် ပိုကောင်းပါတယ်။ စာမေးပွဲခန်းကလည်း တိတ်ဆိတ်ငြိမ်သက်နေတဲ့နေရာဖြစ်လို့ တိတ်ဆိတ်တဲ့နေရာမှာ စဉ်းစားခြင်းကို အကျင့်လုပ်ထားနိုင်ရင် ပိုကောင်းပါတယ်။
စာမေးပွဲကို ဖြေဆိုကြမည့် မည်သည့်ကျောင်းသားမဆို အကောင်းဆုံးဖြေဆိုနိုင်ကြပါစေလို့ အလ်မုဖီးဒ်မှ ဆုတောင်းပါတယ်။