Monday, February 24, 2014

အရှုံးထက်သာမြတ်သော အစားချီးမြှင့်ခံရမှု

ဟဇရသ်အွမ်မေစလ်မဟ်က အနှစ်ကာရ ချစ်ခင်မြတ်နိုးခဲ့တဲ့ခင်ပွန်းဖြစ်သူ ဟဇရသ်အဗူစလ်မဟ် ကွယ်လွန်သွားတဲ့အခါ သူမမှာ ပရိဒေဝမီးတောက်လောင်ပြီး ပူဆွေးသောက ရောက်ရှိခဲ့တယ်။ ဒီလို အလွန်အမင်းခံစားနေရတာကို ကိုယ်တော်မြတ်(ဆွ)က သူမအားဒုအာတစ်ခုကို (ကြိမ်ဖန်များစွာ) ရွတ်ဖတ်ဖို့ သင်ကြားပေးတော်မူခဲ့တယ်။
ဒီအပြင် တစ်ဆက်တည်း မိန့်ကြားတော်မူတယ်။ "ဘယ်သူမဆို မိမိ၌ ဆုံးရှုံးမှုတစ်စုံတစ်ရာေ ပ်ါပေါက်ခဲ့ရင် အဆိုပါဒုအာကို (များမြောင်စွာ) ရွတ်ဖတ်သင့်တယ်။ ဒီနည်းနဲ့ အလ္လာဟ်အရှင်မြတ်က အဲဒီလူကို သူ့ရဲ့ဆုံးရှုံးမှုထက် အဆပေါင်းများစွာ သာပို၍ကောင်းမြတ်တဲ့အရာတွေ အစားပေးချီးမြှောက်တော်မူလိမ့်မည်။"
တကယ်တော့ ဟဇရသ်အွမ်မေစလ်မဟ်သခင်မက ကိုယ်တော်မြတ်(ဆွ) အား စစ်မှန်တဲ့နဗီအဖြစ် ရာနှုန်းပြည့် ယုံကြည်လက်ခံထားတဲ့အလျှောက် ကိုယ်တော်မြတ်(ဆွ) မိန့်မြွက်ချက်တိုင်းဟာ မြေကြီးလက်ခတ်မလွဲမှန်ကန်ကြောင်းကိုလည်း ရာနှုန်းပြည့် ယုံကြည်ထားတယ်။
တစ်ဖက်က ပြန်ကြည့်တော့လည်း မိမိရဲ့ခင်ပွန်းဖြစ်သူ ဟဇရသ်အဗူစလ်မဟ်ဟာ မိမိအပေါ်မှာ အတိုင်းထက်အလွန်ကောင်းခဲ့တယ်။ ဒါကြောင့် သူမရဲ့ဘဝမှာ သူ့ထက်သာပိုပြီးကောင်းမည့်သူကို မဆိုထားနှင့် သူ့လောက်ကောင်းမည့်သူကိုပင် မမြင်မိဘူး။ ဒီတော့ကား မိမိရဲ့ခင်ပွန်းဖြစ်ခဲ့တဲ့ ဟဇရသ်အဗူစလ်မဟ်ထက် သာ၍ကောင်းမြတ်တဲ့ ခင်ပွန်းရယ်လို့ ဘယ်လိုနည်းနဲ့အစား ရနိုင်ပါမလဲလို့ စိတ်ထဲက တွေးတောနေမိတယ်။
တကယ်တော့ ကိုယ်တော်မြတ်(ဆွ)က မိမိရဲ့ခင်ပွန်းထက် အဆပေါင်းများစွာ သာပို၍ မြင့်မြတ်သူဖြစ်တယ်ဆိုသာကို မကြံကောင်းမစည်ရာ မတွေးတောအပ်တဲ့အတွက် မမျှော်လင့်မိခြင်းဖြစ်တယ်။
မည်သို့ပင်ဖြစ်စေကာမူ စိတ်တွင်း၌ ပေါ်ပေါက်လာသမျှသော ဝပ်(စ်)ဝစွာများကို အကုန်အစင် မေ့ပျောက်သွားစေပြီး ယုံကြည်မှုအပြည့်အဝနဲ့ကိုယ်တော်မြတ်(ဆွ)ရဲ့ မိန့်မြွက်ချက်ကို ဦးထိပ်ပန်ဆင်ခဲ့တယ်။
ဒီလိုနဲ့ရက်ပိုင်းကလေးဘဲ လွန်မြောက်ရုံ ရှိသေးတယ်။ ကိုယ်တော်မြတ်(ဆွ)က ဟဇရသ်အွမ်မေစလ်မဟ်သခင်မကို နိကာဟ်ပြုတော်မူလိုက်တယ်။
ဒီတော့မှဘဲ ဟဇရသ်အွမ်မေစလ်မဟ်သခင်မက ဒီအခွင့်အရေးဟာ အဆိုပါ ဒုအာ ရဲ့ဗရ်ကသ်တော်ကြောင့် ဖြစ်ကြောင်း နားလည်သဘောပေါက်သွားရှာတယ်။

မှတ်သားဖွယ်

အထက်ဖော်ပြပါအကြောင်းအရာကို သွဗ်ဗေနဗဝီကျမ်းမှ ကောက်နုတ်တင်ပြထားခြင်း ဖြစ်သည်။ ဟဒီးစ်တော်များ၌ ဆုံးရှုံးမှုဟူသမျှတို့အတွက် အဆိုပါ ဒုအာအား ရွတ်ဖတ်ရန် တိုက်တွန်းထားသည်။ ထိုသို့ရွတ်ဖတ်ခြင်းအားဖြင့် မိမိခံစားရလိုက်သည့် ဆုံးရှုံးမှုထက် အဆပေါင်းများစွာသာပို၍ ကောင်းမြတ်သောအရာများကို အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူကြောင်း မလွဲမသွေ ကိုယ်တွေ့မျက်မြင် တွေ့ရှိသိမြင်လိမ့်မည်။
တစ်ဦးတစ်ယောက် ကွယ်လွန်သေဆုံးသွားကြောင်း သတင်းရလျှင် ဖတ်ရရုံမက ဥစ္စာပစ္စည်းတစ်စုံတစ်ရာ ပျောက်ဆုံးသွားလျှင်လည်း ရွတ်ဖတ်ရသည်။ မလွဲမသွေ ပြန်တွေ့လိမ့်မည်။ ဤသည်မှာ အနိမ့်ဆုံးအဆင့် ဖြစ်သည်။ သို့မဟုတ်ပါက ထိုထက်သာမြတ်သောအရာကို စင်ကြယ် မှန်ကန်သောနည်းတစ်နည်းနည်းဖြင့် အစားပြန်လည် ရရှိလိမ့်မည်။
ကျွနု်ပ်ကိုယ်တိုင် အကြိမ်ကြိမ်၊ အဖန်ဖန် ကြုံဆုံခဲ့ပြီဖြစ်သည်ကို ကစမ်ကျိန်ဆို၍ ပြောလျှင် ကျွန်ုပ်အပေါ် ကဖါရဟ်ပင်ထိုက်မည်မဟုတ်ပေ။ ထိုဒုအာသည် အင်န္နာလစ်လ္လာဟေ၊ ဝအင်န္နာအေလိုက်ဟေရာဂျေအူးန် ဟူ၍ဖြစ်ပါသည်။

အထက်ပါဒုအာကိုလည်း ဖတ်ရွတ်နိုင်ပါသည်။

(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။